စိုက်ပျိုးသုတ စက်တင်ဘာလ

02/09/2024 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စက်တင်ဘာလတွင် မိုးစပါးသီးနှံအထွက်နှုန်းမြင့်မားရေးနှင့် စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါသီးနှံဆိုင်ရာ သိရှိဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။

၁။ မိုးစပါးစိုက်တောင်သူများ အထွက်ကောင်းစပါးစိုက်ခင်းများ ရရှိရေး

နိုင်ငံတဝန်းမိုးစပါးစိုက်ချိန်တွေက အမျိုးမျိုးဖြစ်သည်။ အောက်ပိုင်းဒေသများရှိ သက်လျင်စပါးမျိုးအချို့က အနှံထွက်၊ ရင့်မှည့်တော့မည်။ အထက်ပိုင်းဒေသရှိ မိုးစပါးတွေက စိုက်ပြီးကာစဖြစ်သည့်အတွက် မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်းမြင့်မားဖို့က နံပတ်တစ်ဖြစ်ရာ စဥ်ဆက်မပြတ်စောင့်ကြည့်ပြီး လယ်ကွက်အတွင်း အောင်ရေထိန်းသိမ်းရန်၊ ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ရန်နှင့် ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကို ဦးစွာနှိုးဆော်လိုပါသည်။  

စပါးခင်းများ၏အသက်အရွယ်ကိုခြုံကြည့်လိုက်လျင် နှစ်မျိုးသာဖြစ်ပါမည်။ ၄င်းတို့မှာ- ၁။ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)အတွင်းရောက်ရှိနေသည့် စပါးခင်းများနှင့် ၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase)အတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါမည်။

  • ပင်ပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေ အတွက် (Panicles per unit area)များစေရေးကို အဆုံးအဖြတ်ပြုပါသည်။ 
  • မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက်(Grains per panicle)များရေးကို အဆုံးအဖြတ်ပြုပါသည်။

ယခုအချိန်တွင် စပါးစိုက်ခင်းများသည် နိုက်ထရိုဂျင်အာဟာရလုံလောက်စွာ ရရှိနေရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်အာဟာရဓာတ်ပါသော ယူရီးယားကဲ့သို့ဓာတ်မြေသြဇာကို- 

ပျိုးထောင်ကောက်စိုက်စပါးခင်းများမှာ စပါးပင် အပင်ပွားစအချိန်(စိုက်ပြီး ၁၄ မှ ၂၀ ရက်သား)မှာ ကျွေးပေးရန်နှင့် နောက်တစ်ကြိမ် စပါးပင်မှို့ကပ်ချိန်(စိုက်ပြီး ၄၀ မှ ၅၀ ရက်သား)မှာ ကျွေးပေးရန် ဖြစ်ပါသည်။

အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချစပါးခင်းများမှာ မျိုးစေ့ချပြီး(ကြဲပက်ပြီး) ၁၀ မှ ၂၀ ရက်သားမှာ ကျွေးပေးရန်နှင့် နောက်တစ်ကြိမ်အဖြစ် ပင်ပွားနေသောအချိန်(မျိုးစေ့ချပြီး ၂၅ မှ ၃၅ ရက်သား)မှာ ကျွေးပေးရန် ဖြစ်ပါသည်။

မျိုးစေ့ထုတ်စပါးစိုက်ခင်းများသည် သာမန်စိုက်ခင်းများမဟုတ်သည့်အပြင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ် စိုက်ခင်းနှင့် ကိုယ့်အားကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)အားလုံးအတွက်

(၁)ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နှုတ်ပယ်မှုစတင်ရန်၊ (၂)စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှု ပုံစံမတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကိုမျိုးကွဲအပင်များဟု မှတ်ယူကာ နှုတ်ပယ်ရန်နှင့် 

(၃)စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါ စစ်ဆေးနှုတ်ပယ်ရန် ဖြစ်ပါသည်။ 

၂။ ယာသီးနှံစိုက်တောင်သူများ ချည်မျှင်ရှည်ဝါသီးနှံအထွက်နှုန်းတိုးရေး

စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါပင်သက်တမ်းတစ်လျောက်လုံး ပေါင်းမြက်ကင်းစင်ရန် အထူးလိုအပ်သည်ဖြစ်ရာ ဝါပင်အတန်းပိတ်သည်အထိ ပေါင်းမြက်များကို လက်ပေါင်းလိုက်ရှင်းလင်းခြင်းနှင့် စိုက်တန်းကြားလိုက်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

ထို့ပြင် ဝါပင်သက်တမ်း ရက် ၅၀ သားအထိ စုပ်ပိုးများကို ကာကွယ်နှိမ်နင်းရန်လို သည်။ ဝါပင်သက်တမ်းအလယ်နှင့် နောက်ပိုင်းတွင် ရွက်လိပ်/ ရွက်စားပိုးနှင့် ဝါဂွမ်းပိုးနီ ကောင်များ ကျရောက်လေ့ရှိသည်။ ဝါပင်အပိန့်စတင်သည်နှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။ ဝါပင်သက်တမ်းတစ်လျှောက်လုံး ပိုးမွှားကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးကာ ဆေးဖြန်း၍ ပိုးမွှားကာကွယ်နှိမ်နင်းမှုလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်ရန်လိုပါသည်။

စက်တင်ဘာလတွင် မိုးစပါးသီးနှံ အထွက်နှုန်းမြင့်မားရန် စပါးပင်၏ ရောက်ရှိ နေသည့် ကြီးထွားကာလအလိုက်နိုက်ထရိုဂျင်အာဟာရကျွေးခြင်း၊ ချည်မျှင်ရှည်ဝါသီးနှံ ပြုစုစောင့်‌ရှောက်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်းဖြင့် သီးနှံထုတ်လုပ်မှု တိုးတက်ကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်