စိုက်ပျိုးရေး နည်းပညာကို ခြင်းကြားဖြင့် ခံယူခြင်း

22/02/2019 11:24 AM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကျွန်တော့် ဆွေမျိုးများစွာတို့မှာ ဧရာ၀တီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း နေထိုင်ပြီး စိုက်ပျိုးရေးဖြင့်အ သက်မွေး၀မ်းကျောင်း ပြုသူများ ဖြစ်ကြသည်။ ကျွန်တော့် တက္ကသိုလ်တွင် သရုပ်ပြဆရာအဖြစ် စတင်အမှုထမ်း ပြီး ကလေးသုံးယောက် ရသည်အထိ အဆင်မပြေသေးပါ။၁၉၇၀ ပြည့်နှစ်မှစ၍ ပျိုးဥယျာဥ် လုပ်ငန်းကို စတင် လုပ်ခဲ့သည်။၁၉၄၈ ခုနှစ်တွင် ဗိုလ်ချုပ်ဈေး၌ ဆိုင်ခန်းကြီး တစ်ခု၀ယ်ယူပြီး စိုက်ပျိုးရေး ပစ္စည်းများ ရောင်းချခဲ့ သည်။ ကျွန်တော်နှင့်  ကျွန်တော့် မိသားစု ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ သကဲ့သို့  ကျွန်တော့်ဆွေးမျိုးများကို လည်းဆင်းရဲတွင်းမှ လွတ်စေလိုသည် ။ ကျွန်တော့်ဆွေမျိုးများတွင် တက္ကသိုလ်၀င်တန်းအထိ ပညာသင်ကြားခဲ့ ဖူးသူ တူ ၊တူမမှအစ သားချင်းများစွာ ရှိခဲ့ပါသည်။ ကျွန်တော့်အိမ်တွင် စိုက်ပျိုးရေး ပညာနှင့် ပတ်သတ်သော စာအုပ်များစွာ ရှိပါသည်။ အဖိုးအခ မပေးရဘဲ ကြိုက်သလောက် လေ့လာနိုင်သည်။ ကျွန်တော် သင်ကြားပို့ချ သော စိုက်ပျိုးရေး နည်းပညာသင်တန်းများလည်း အခမဲ့ တက်ရောက် လေ့လာနိုင်သည်။ အကြိမ်ကြိမ် နား ထောင်ခွင့် ရှိသည်။ 

စိုက်ပျိုးသူအများ နိုင်ငံတော်အစိုးရထံမှ တောင်းခံနေသည်မှာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ဆောင်နိုင်ရန် အရင်းအနှီးနှင့် နည်းပညာဖြစ်သည်။ များစွာသောသူများနှင့် အနီးကပ်ဆက်ဆံ လေ့လာလိုက်သောအခါ မိမိတို့ တောင်းခံသောအရာကို ဘာမှန်းမသိဘဲ တောင်းခံနေကြောင်း သိလာရသည်။ နုံချာလှသော ဆင်းရဲခြင်း ခံစားနေ ရခြင်းကို သိနေသော်လည်း ထိုဆင်းရဲခြင်းမှ ရုန်းထွက်လိုသော အားထုတ်မှုမရှိ၊ အနည်းဆုံးလမ်းစကိုပင် မရှာ ကြပါ။ 

ကျွန်တော် ပျိုးဥယျာဥ် လုပ်ငန်း စတင်ပြုလုပ်စဥ်က အဖိုးတန် နှစ်ရှည်ပင်များ မရှိသလောက် ဖြစ်သည်။ ကီလိုမာလကာ တစ်မျိုးတည်းကို သာအသုံးပြုခဲ့ရသည်။ ပျိုးဥယျာဥ် လုပ်ငန်း နှစ်အတန်ကြာ လုပ်ခဲ့စဥ်ကပင် အပင်တစ်ပင်လျှင် ကျပ်ထောင်မက သောင်းချီတန်သော အပင်များစွာ ရှိနေခဲ့ ပြီးဖြစ်သည်။ သိန်းကျော်တန် အပင်တစ်ချို့ပင် ရှိနေသည်။ ကျွန်တော့်ဆွေမျိုးများကိုပင် အခမဲ့ပေးနိုင်ပါသည်။ ခေတ်ပေါ်အဖိုးတန် အပင်အ ချို့ကိုပင် ရောင်းချရုံမက ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ စစ်ဘေးရှောင်ကဲ့သို့သော လူမှုအဖွဲ့ အစည်းများသို့ ပေးလှူခဲ့ပါသည်။

အပင်သစ်တစ်ပင်ကို ကျပ်တစ်ထောင်နှင့် ၀ယ်ရသည့်တိုင်အောင် အမြစ်ပေါက်ဆေးဖြင့် ပျိုးထုပ်စည်း ခြင်း၊ ကိုင်းဖြတ် စိုက်ပျိုးခြင်းဖြင့် တစ်နှစ် ၊ နှစ်နှစ်အတွင်း၌ပင် မျိုးပေါ်လိုက်ပြီး အပင် ၂၀မှ ၃၀ ပင်မက ရာချီ၍  ပွားလာနိုင်ပါသည်။  ၀ယ်ဈေးတစ်ပင် တစ်သောင်းတန့်သည့် တိုင်အောင် ထို့သို့ပွားပြီးနောက် တစ်ပင်တစ် ထောင်နှင့် ရောင်းလျှင်ပင် အကျိုးများစွာ ရရှိနိုင်ပါသည်။  ကျွန်တေ့ာ်သမီးသည် နိုင်ငံခြားမှ အဖိုးတန်အပင် သစ်ပင်များ သွင်း၍ အွန်လိုင်းမှ ရောင်းချပါသည်။ ထိုအပင်မျိုး အပင်ပေါက်တစ်ပင်၏ တန်ဖိုး တစ်ထောင် ကျပ်ကို  အပင်ရာထောင်ချီ၍ ၀ယ်ယူသူများ ရှိပါသည်။ ဆွေမျိုးများကို အဖိုးတန်မျိုး သစ်အပင်ငယ်များ၊ မျိုး စေ့များ ပေးသည်သာမက စိုက်ပျိုးမျိုးပွားပုံပါ သင်ပေးပါသည်။ 

စပါးစိုက်ပျိုးခြင်းဖြင့် ဘိုးစဥ်ဘောင်ဆက် စိုက်ပျိုးရေးလုပ် လာသူများ၊ ယနေ့တိုင် အလွန်အမင်း ဆင်းရဲ နေခြင်းကို အံ့သြမိပါသည်။ ငှက်ပျောစိုက်ပြီး ငှက်ပျောအကြာင်းမသိ၊ လောပီနံစိုက်ပြီး ပီလောပီနံ ဘာစားသည် ကိုမသိ၊ ၀ါးစိုက်ပြီ ၀ါးခုတ်ရောင်းရန်သာ သိသောသူများမှာ ကျွန်တော့် ဆွေရင်းမျိုးချာများ ဖြစ်သည်။ စိုက်ပျိုး ရေးဖြင့် ဘ၀ကို အောင်မြင်အောင် ထူထောင်ရမည့် အစား အောက်တန်းနောက်တန်း ကျသော အလုပ်အချို့ နှင့် သာဘ၀ကို ရင်ဆိုင်လိုကြသည်။ 

အတန်းပညာ ကြီးကြီးမားမားမရှိ၊ စာရေးတတ်၊ ဖတ်တတ်ရုံသာ ရှိသော အညာသားတစ်ဦးသည် ရန်ကုန် မြို့သို့  ရောက်လာပြီး ကား၀ပ်ရှော့ တစ်ခုတွင် အလုပ်သင် ၀င်လုပ်ရသည်။ အလုပ်ကို ပင်ပန်းစွာ လုပ်ကိုင်ရရုံမ က ပိုင်ရှင်မိသားစု၏ ကြိမ်းမောင်းဆဲဆိုခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ ခိုင်းစေခြင်းကိုပါ ခံရသည်။ သို့သော် သုံးနှစ်ခန့်ကြာလာသည်။ အငှားကားမောင်းရာမှ အိုးပိုင်အိမ်ပိုင်အထိ ၁၀နှစ်ကျော် ကာလအတွင်း ရရှိသွားသည်။ ဖြစ်ပေါ်လာသည့် အခြေအနေကို ဇွဲရှိရှိဖြင့် သည်းခံကာ ၀ီရိယ ရှိခြင်းကြောင့် ရလာသော အကျိုးကျေးဇူး ဖြစ် သည်။ ကျွန်တော့် တူတစ်ယောက် တက္ကသိုလ်၀င်တန်း အထိ စာသင်ဖူးသည်။ အလုပ်ရေရေရာရာ မရမီကပင် အိမ်ထောင်ကျသွားသည်။ ရန်ကုန်မြို့ပေါ်တွင် အိမ်ငှားဘ၀နှင့် ဆက်လက်အသက်ရှင်သည်။ လွန်ခဲ့သောလ အနည်းငယ်က ရွာသို့ ပြန်သွားကြောင်း သိရသည်။  ရန်ကုန်မြို့ပေါ်တွင် ကျေးတောမှ တက်လာပြီး ကောင်းစွာ အခြေမချတတ်ဘဲ လူလုံးမလှ ဖြစ်နေသူ များစွာရှိသည်။ 

ကျွန်တော့် မိဘများ လက်ထက်က ဧရာ၀တီတိုင်းဒေသကြီး မြို့တစ်မြို့တွင် အထိုက်အလျောက် စားနိုင် သောက်နိုင်သော မိသားစု တစ်စုရှိခဲ့သည်။ ဖခင်ကြီး အသက်၆၀ မတိုင်မီ ကွယ်လွန်သွားသောအခါ သားနှစ်ဦးက ရန်ကုန်မြို့ ပေါ်တက်ပြီး အငှားကားမောင်းရန် အတွက် မိခင်မုဆိုးမကြီးအား စည်းရုံးခဲ့သည်။ ငါးနှစ်တာ ကာလ အတွင်း ရှိသမျှ အားလုံးဆုံးပါးပြီး ဘ၀ပျက်ကြရသည်။ သားစဥ်မြေးဆက် ဆင်းရဲရုံမက ကျန်းမာရေးပါ ထိခိုက် ကြရသည်။ တစ်ချိန်က ဂုဏ်သိက္ခာကြီးစွာဖြင့် နေခဲ့သော သားမြေးများမှာ ရန်ကုန်မြို့၏ အနိမ့်ဆုံး အခြေအနေ တွင် လူလုံးမလှ ဖြစ်သွားရ သည်မှာ အံ့ဖွယ်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်သော အခြေအ နေရှိလျက်နှင့် စိုက်ပျိုးရေးကို အထင်သေး၊ ကျောခိုင်းခြင်းကြောင့် ရရှိသော ကျိန်စာဖြစ်သည်။ 

မွေးရပ်မြေမှ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း အထင်မကြီး၊ စိုက်ပျိုးရေးပညာ ကိုလည်း အထင်သေး၊ ရန်ကုန်မြို့ပေါ်တွင် လူသားတစ်ယောက်၏ ဂုဏ်သိက္ခာ မရှိသော ဘ၀တွင် နေထိုင်ပြီး မြို့သားယောင်ယောင် ဟမ်းဖုန်းကိုင်၍ အူကြောင်ကြောင် နေရသောဘ၀နှင့် အချိန်ဖြုန်းနေသူများစွာကို တွေ့ရသည်။ ကျွန်တော့်အိမ် သည် စက်မှုလက်မှု ရပ်ကွက်နှင့် နီးနေ၍ နယ်မှ အလုပ်လာလုပ်သောသူများကို အခန်းငယ် ၂၀ကျော်ခန့် ငှားထား သည်။အသက်ငယ်ငယ် ဘ၀အတွက် မည့်သည့်ပြင်ဆင်မှုမျှ မရှိသေးဘဲ မိဘများ မျက်ကွယ်တွင် မိမိသဘော ဖြင့် လိုက်ပြေး၊ အိမ်ထောင်ထူပြီး အခန်းကျဥ်လေးကို စပေါ်မပေးနိုင်၍ တစ်လစာ အိမ်လခ ငါးသောင်းမှ ခုနှစ် သောင်းအထိ ပေး၍ ငှားနကြရသည်။ 

နယ်ရှိ မိဘလက်ငုတ် စိုက်ပျိုးရေးကို စွန့်ခဲ့ပြီး ရန်ကုန်မြို့တွင် လက်လုပ်လက်စား အလုပ်လုပ်ပြီး နေစား စရိတ် ကြီးမားသည့်ဒဏ်ကို ခါးစည်းခံ၍ မြို့သားကဲ့သို့ ၀တ်စား၊ နေထိုင်၊ သွားလာ၊ ပျော်ရွှင်နေကြသည့်ဘ၀ကို ကြည့်ရသည်မှာ အားရစရာမရှိ။ နောင် ၁၀နှစ်ကြာသော အချိန်၌ အသက်၅၀ -၆၀ ရောက်ကြသောအခါ ကိုယ် ပိုင်အိမ်နှင့် နေနိုင်မည့် လမ်းစပင် မမြင်ပါ။ ယင်းတို့ရရှိသော လစဥ်၀င်ငွေနှင့် ရန်ကုန်မြို့၏ အလွန်ကြီးလှသော မြေဈေးကို အိမ်မက်ရန်ပင်  မလွယ်ပါ။ ကျွန်တော်ငယ်စဥ်က ကြားဖူးသည့် စကားတစ်ခွန်းကို သတိရမိသည်။ “အနေရဲလှချည်လား”၊ “မျက်ကန်းတစ္ဆေမကြောက်”ဟူ၍ ဖြစ်သည်။ အကယ်၍ စိုက်ပျိုးရေးကို အမှန်တကယ် ဇောက်ချပြီး မိဘများ ရှိရာ ကျေးလက်၌ပင် အသက်ရှင်ရခြင်းက ဘ၀တစ်လျှာက်လုံး ဂုဏ်သိက္ခာ အပြည့်ဖြင့် အသက်ရှင်နိုင်ပါသည်။ ချောင်းကိုပစ်ပြီး မြစ်ကိုရှာသော လူငယ်များ၏ အနာဂတ်ကို စဥ်းစားရုံဖြင့် စိတ်လေးမိ သည်။ အကယ်၍ စိုက်ပျိုးရေးကို ယုံကြည်စိတ်ချစွာ အလုပ်လုပ်ပါက ဆယ်စုနှစ်တစ်ခုအတွင်း ဆင်းရဲတွင်းမှ လွတ်နိုင်ပါသည်။

ချစ်တီးများခေတ်က လယ်သမား အများစုမှာ ချစ်တီးများထံ လယ်ဆုံးပါး ကြသည်။ လယ်ပိုင်ရှင်ဘ၀မှ လယ်လုပ်သားဘ၀သို့ ကျဆင်းရသည်။ ထိုစဥ်ကာလမှပင် လယ်လုပ်သားဘ၀မှ လယ်ဧကများစွာ ပိုင်သော လယ်သမားများ ရှိခဲ့သည်။ ရေဆန်ကို ဆန်တက်ရသည်မှာ ခက်ခဲပါသည်။ ရေစုန်နှင့် မျောပါသကဲ့သို့ မလွယ်ကူ ပါ။ သို့သော် အောင်မြင်ခြင်း ဆုလာဒ်ကို ကြီးမားစွာ ရရှိရန်မှာ ရေဆန်ကို ဆန်တက်ရန်သာ ရှိသည်။ 

စိုက်ပျိုးရေးပညာသည် အလွန်မြတ်နိုးတန်ဖိုးထားထိုက်သော အလုပ်ဖြစ်သည်။ သို့သော် စိုက်ပျိုးရေး အသိပညာနှင့် အတတ်ပညာ မပါဘဲ ပြုလုပ်နေပါက တိုးတက်ရန် ခက်ခဲပါလိမ့်မည်။ စိုက်ပျိုးရေး ပညာသည် ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ အိုင်တီနည်းပညာများ ကဲ့သို့ မခဲယဥ်းသော်လည်း သိပ္ပံအမြင်ဖြင့် မှန်ကန်စွာလေ့ လာရန် လိုအပ်ပါသည်။ စာရေး စာဖတ်တတ်ရုံ သူများပင် ဆီလျော်သော ၊ ထိရောက်သော ၊ စိုက်ပျိုးရေးပညာနှင့် နည်းပညာများကို ဆည်းပူးနိုင်ပါသည်။ 

ခေတ်မီ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသိပညာများနှင့် နည်းပညာများသာမက သွင်းအားစုများနှင့် အံ့ ဖွယ်အပင်များ သာမက အံ့ဖွယ်ဆေး၀ါးများ၊ မြေဩဇာများ လက်တစ်ကမ်းမှာပင် ရှိနေပါသည်။ ယုတ်စွအဆုံး မြန်မာ့ သဘာ၀ ရေမြေတောတောင် အတွင်း၌ပင် အဖိုးတန်သော သယံဇာတများစွာ ရရှိနေပါသည်။ ရေနံတွင်း၊ ရွှေတွင်း၊ ကျောက်စိမ်းတွင်းကို ဆိုလိုခြင်း မဟုတ်ပါ။ အပင်များ၊ မြေဩဇာများ၊ ဇီ၀နှိုးဆွ ပစ္စည်းကဲ့သို့ အဖိုးတန် စိုက်ပျိုးရေးသွင်းအားစုများစွာ ရရှိနိုင်ပါသည်။ 

အနောက်နိုင်ငံများတွင် မှန်လုံအိမ်များ၊ အဆင့်မြှင့်နည်းပညာများ၊ ကွန်ပျုတာများဖြင့် လက်လှမ်းမမီသော နည်းပညာများထက် မိမိတို့ လက်တစ်ကမ်းမှ ရယူနိုင်သော ဆီလျော်သော နည်းပညာများနှင့် သယံဇာတများကို မမြင်နိုင်ခြင်းမှာ ကျိန်စာသင့်ခြင်းဟု ဆိုရမည် ဖြစ်သည်။ သာမာန်စိုက်ပျိုးသူများပင် လက်လှမ်းမီနိုင်သော နည်း ပညာများနှင့် စိုက်ပျိုးရေး သွင်းအားစု အသစ်များကို ရှာဖွေရာတွင် မသမာသောသူများ၏ စီးပွားရေး ထောင် ချောက်တွင် မကျဆင်းမိရန် ကိုလည်း သတိပြုရန် လိုအပ်သည်။ 

စိုက်ပျိုးရေးလုပ်ငန်းကို အရင်းအနှီးငွေ မည်မျှရနိုင်မည်။ အသိပညာ လုံလောက်မှ”စ” နိုင်မည်ဟု ဆိုနေ မည့်အစား မိမိတို့ ရှိသည့် အခြေအနေမှ “စ” ပါ။ “စ” သည့် အချိန်မှာ လေ့လာပါ။ စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဆင်းရဲ တွင်းမှ လွတ်မြောက်နိုင်မည်။ မြန်မာလူငယ်များ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြ ပါစေ။ 

 

  ဦးဖရက်သိန်းဖေ