သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (အပိုင်း-၃)

09/09/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (139)  Agroforestry (Part-3) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၉) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (အပိုင်း-၃)

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းပညာဆောင်းပါး (အမှတ်စဉ် - ၁) နှင့် (၂) ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၁၃) နှင့် (၆၄) တွင် ရေးသားခဲ့ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေအများစုသည် အပူပိုင်းဒေသများတွင်ကျရောက်သဖြင့် အပူပိုင်းသီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ် (Tropical Agroforestry Systems) ကိုဦးစားပေးလေ့လာသင့်ပါသည်။

ပုံ - ၁ အပူပိုင်းဒေသသီးနှံသစ်တောစနစ်၏ အားသာချက်များ

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲလာသည့်အကြောင်းအရင်းများ (Paradigm Shifts in Agricultural Development)

(က) သမားရိုးကျစိုက်ပျိုး၊ မွေးမြူရေးနည်းစနစ်များမှ ခွဲထွက်လာခြင်း (Changed Traditional Farming Systems)

အပူပိုင်းဒေသနိုင်ငံများ၏ တောင်သူအများစုမှာ သမားရိုးကျ စိုက်နည်းစနစ်ဘဲစိုက်နေကျပြီး ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံအထွက်များ ထိခိုက်ဆုံးရှုံးရခြင်း၊ သီးနှံပင်များ အထွက်ကောင်းပါကလည်း လိုအပ်သော ဈေးကွက်မရရှိခြင်းတို့ကို တီထွင်ဖန်တီးပြောင်းလည်းပေးလာပါသည်။

(ခ) အစိမ်းရောင်တော်လှန်ရေးဖြစ်ပေါ်လာခြင်း (Green Revolution)

၁၉၆၀-ခုနှစ်လောက်က ဂျုံမွေးမြူရေးပညာရှင် နော်မန်ဘော့လော့ တီထွင်စိုက်ပျိုးခဲ့သော အထွက်ကောင်း၊ ရောဂါဒါဏ်ခံဂျုံမျိုးသစ်ကြောင့် ကမ္ဘာ့စိုက်ပျိုးရေးလောက ပြောင်းလဲလာခဲ့ပါသည်။

(ဂ) သဘာဝပေါက်ပင်ကြီးများ လျော့ပါးဆုံးရှုံးလာခြင်း (Loss of Natural Vegetation)

အစိမ်းရောင်တော်လှန်ရေးက ကံမကောင်းစွာဖြင့် အပူပိုင်းဒေသ တပိုင်တနိုင် လုပ်ကွက်ငယ် တောင်သူငယ်များအဖို့ အသုံးဝင်မှုနည်းပါးသဖြင့် သဘာဝပေါက်ပင်များစွာကို ထင်းအဖြစ် (Fire Woods) လည်းကောင်း၊ တောင်ယာခုတ်ထွင်ရှင်းလင်းစိုက်ပျိုးခြင်း (Shifting Cultivation) ဖြင့်လည်းကောင်း များစွာဆုံးရှုံးခဲ့ရပါသည်။

(ဃ) မြေအသုံးချမှုစနစ်ကြောင့် မြေဆီဩဇာလျော့ပါးလာခြင်း (Deterioration of Land Use System)

မြေ၊ လေ၊ ရေ ဖျက်ဆီးဆုံးရှုံးမှု (Soil, Wind and Water Erosion) ကြောင့် စိုက်ပျိုးပင်များအတွက်ကောင်းမွန်သောအပေါ်ယံမြေ (Top Soil) နည်းပါးလာသဖြင့် သဘာဝမြေဩဇာများ (Natural Fertilizers) ပြန်လည်ဖြည့်တင်းရန်လိုအပ်ပါမည်။ 

(င)  သီးနှံစိုက်ပျိုးရေးတွင် သစ်ပင်ကြီးများလိုအပ်မှု (Needs for Trees in Agricultural Development)

သစ်ပင်များပါဝင်စိုက်ပျိုးလာခြင်းက သစ်ပင်များမှဝင်ငွေရရှိနိုင်သလို ရာသီဥတုဖေါက်ပြန်မှုကိုလည်း နည်းပါးအောင် ထိန်းထားနိုင်ပါသည်၊ 

(စ) သီးနှံသစ်တောသိပ္ပံဘာသာရပ်မွေးဖွားလာခြင်း (Birth of Agroforestry Science)

၁၉၇၀ ခုနှစ်အလွန်က စတင်သင်ကြား၊ သုတေသနပြုလာသော ဤဘာသာရပ်သည် အပူပိုင်းဒေသကတောင်သူကြီးများ အတွက်အသုံးဝင်သော ပညာရပ်ဖြစ်လာပါသည်။

(ဆ) သီးညှပ်စိုက်ပျိုးရေးတွင် သီးနှံသစ်ပင်ကြီးများ ပိုမို စိုက်ပျိုးရန်လိုအပ်ခြင်း (Preference for Agroforestry over Mixed Farming)

၁၉ ရာစုနှစ်စကတည်းက သီးညှပ်စိုက်ပျိုးခြင်းကို စတင်လာခဲ့ရာ နှစ်ရှည်ပင်ကြီးများ (Perennial Trees/Crops) ပါထည့်သွင်းလာခြင်းဖြင့် ပိုမိုကောင်းမွန်သောစနစ်များ ဖြစ်ပေါ်လာပါသည်။ 

သီးနှံသစ်တောစနစ်၏အစိတ်အပိုင်းများ (Components of Agroforestry)

(၁) မြေယာ (LAND)

ပြန်လည်ပြည့်ဖြိုးရန် (Non-renewable resource) အလွန်ခက်ခဲသော သဘာဝအရင်းအမြစ် (Natural Resource) ဖြစ်ပါသည်။ ၎င်းသည်အစဉ်အမြဲပြောင်းလဲနေပြီး ဘူမိဗေဒ (Geology)၊ ပထဝီ (Geography)၊ မြေဆီလွှာသိပ္ပံ (Soil Science)၊ မြေမျက်နှာအသွင်အပြင် (Topography)၊ ဇလဗေဒ (Hydrology)၊ ဒေသမူရင်း အပင်နှင့်သတ္တဝါများ (Flora and Fauna) နှင့်ရောနှောကာ လူသားတို့၏ ဆောင်ရွက်မှုနှင့် ရှုပ်ထွေးနေပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး (Agriculture)၊ သတ္တုတူးဖော်ရေး (Mining)၊ စက်ရုံ၊ အလုပ်ရုံများ (Industries)၊ အဆောက်အဦနှင့် လမ်းများ (Buildings and Road) စသည်ဖြင့် စုပေါင်းအသုံးပြုနေပါသည်။ လယ်ယာသီးနှံသစ်တောစနစ်သည် ဤမြေယာများကို ‌ရေရှည်တည်တံ့ခိုင်မြဲအောင်  ပြုလုပ်ပေးသော စနစ်ဖြစ်ပါသည်။

ပုံ - ၂ မြေယာကိုသီးနှံသစ်တောစနစ်ဖြင့်အသုံးချပုံ

(၂) သစ်ပင်များ (TREES)

ဤစနစ်တွင် ဘက်စုံသုံးအပင်များ (Multipurpose Trees) နှင့် နှစ်ရှည်ခြုံပင်များ (Perennial Shrubs) ကို ဦးစားပေးအသုံးပြုပါသည်၊ အထူးသဖြင့် လေထဲမှ နိုက်ထရိုဂျင်ကိုဖန်းယူပေးနိုင်သော သစ်ပင်များ (Nitrogen Fixing Trees) နှင့်ရောနှောပြီး စိုက်ပျိုးရပါမည်။ သစ်ပင်ကြီးများ၏ အရိပ်ဖုံးလွှမ်းမှု ပုံအမျိုးမျိုး (Size and Form of Canopy)၊ အမြစ်ဆင်းမှုစနစ် (Root Systems)၊ ရာသီဥတုဆိုးဝါးမှုကို ခံနိုင်ရည်ရှိသောသီးနှံများ (Climatic Adaptation of the species)၊ မြေဆီလွှာ အမျိုးမျိုးခံနိုင်ရည်ရှိမှု (Adaptation to various soils) စသည်တို့ပါဝင်ပါသည်။

သစ်ပင်ကြီးရွေးချယ်ရာတွင် လိုအပ်ချက်များမှာ - 

  • သစ်သီး၊ အခွံမာသီး၊ စားသုံးနိုင်သောအရွက်များပါဝင်မှု (Source of Fruits, Nuts and Edible Leaves)
  • မစားသုံးနိုင်သော်လည်း ဝင်ငွေရနိုင်သော ရယ်စင်၊ တယ်နင်၊ သဘာဝပိုးသတ် ဆေးနှင့် ဆေးဘက်ဝင် အစိတ်အပိုင်းများ ပါဝင်မှု (Sources of non-edible materials including resin, tannin, insecticides and medicinal products)
  • ဆောက်လုပ်ရေးသုံးပစ္စည်းများ - ဥပမာ သစ်၊ ဝါး၊ အမိုးသက်ကယ် စသည်တို့ ပါဝင်မှု (Source of Construction materials, posts, lumbers and thatching)
  • ထင်း၊ မီးသွေး စသည်တို့ရရှိနိုင်မှု (Source of Fuels and fire-woods)
  • အရိပ်ရမှုနှင့် အပန်းဖြေရာ အလှအပပေးမှု (Beautification and Shade)
  • မြေဆီလွှာတိုက်စားခြင်းကိုကာကွယ်ပေးမှုနှင့် မြေဆီလွှာအဟာရဓါတ် ဖွံ့ဖြိုး တိုးတက်မှု (Soil Conservation and Improvement of Soil Fertility) နိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သောအပင်ကြီးများ - ဥပမာ - ဘောစကိုင်း မျိုးနွယ်ပင် (Leucaena leucocephala)၊ ကုက္ကိုမျိုးနွယ်ပင်တစ်မျိုး (Albizia saman)၊ မြေနိမ့်ချယ်ရီ တစ်မျိုး (Glricidia sepium)၊ မြေအောက်ရေ အပါအဝင် ရေ၏ အရည်အသွေးတိုးတက်မှု (Water Quality Improvement)
  • ကာဗွန်ဓာတ်ပြန်လည်ရရှိမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကြံ့ကြံ့ခံနိုင်မှု (Carbon Sequestration and Climate Change Mitigation) စသည်တို့ တစ်ခုခုပါဝင်စေရပါမည်။

ပုံ - ၃ နိုက်ထရိုဂျင်ဖမ်းယူပေးသောသစ်ပင်ကြီးများ

(၃) သစ်ပင်မဟုတ်သော သီးနှံများ (NON-TREE CROPS)

ဤစနစ်တွင် သစ်ပင်ကြီးများနှင့်အတူ ဒေသအလိုက် သင့်တော်သော လယ်ယာသီးနှံ (Agronomic Crops)၊ ဥယျာဉ်ခြံသီးနှံ (Horticultural Crops) မျိုးစုံ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ သီးနှံသစ်ပင်အတွဲများ ရွေးချယ်ရာတွင် သက်ဆိုင်ရာဒေသ (Particular Regions) အလိုက် မိမိအိမ်တွင် အသုံးပြုနိုင်မှု (Home Consumption)၊ ဈေးရလွယ်မှု (Marketing, Income)၊ တိရစ္ဆာန်အစာကျွေးနိုင်မှု (Feeding Animals) စသည်တို့အပေါ်တွင် မူတည်ပါသည်။

(၄) မွေးမြူရေးတိရစ္ဆာန်များ (ANIMALS)

သီးနှံ၊ သစ်တောရောနှောစနစ်တွင် နွားမ (Cow)၊ နွားထီး (Bull, Cattle)၊ ကျွဲ (Buffalo)၊ ဆိတ် (Goat)၊ သိုး (Sheep)၊ ကြက် (Poultry)၊ ဘဲ (Duck)၊ ဝက် (Swine, Pig) နှင့် ငါး၊ ပုဇွန်များ (Fish and Prawns) ထည့်သွင်း ဒီဇိုင်းရေးဆွဲနိုင်ပါသည်။

ပုံ - ၄ တိရစ္ဆာန်များမွေးမြူရေးနှင့်သစ်ပင်ကြီးများရောနှောထားခြင်း

သီးနှံသစ်တောစနစ်၏အားနည်းချက်များ (Constraints of Agroforestry)

သီးနှံသစ်တောရောနှောစနစ်က အောက်ဖော်ပြပါ အားနည်းချက်များရှိသော်လည်း စိုက်ပျိုးသူတောင်သူကြီးများ အကျိုးရှိစေမည့် နည်းလမ်းများ ဖြင့်ဖြည့်စည်းပေးနိုင်ပါသည်။

(၁) သီးနှံစိုက်ခင်းထဲ သစ်ပင်ကြီးတွေရှိမှုကြောင့် ပုံမှန်အခင်းထက်အထွက်လျော့နိုင်ပါသည် (The interference of trees decreases the crop yield which is lower than mono cropping)၊ ၎င်းကို လိုအပ်သည့် ပမာဏထက် အပင်ကြီးများ မများစေရန် စီမံစိုက်ပျိုးနိုင်ပါသည်၊

(၂) အပင်ကြီး၏အရွက်ဖြာမှုကြောင့် သီးနှံခင်းများ အရိပ်ကျကာ အလင်းရောင်စုတ်ယူမှု အပြိုင်အဆိုင်ဖြစ်နိုင်ပါသည်။ (The tree canopy absorps maximum light and causes competition for light) ၎င်းကို ကြားသီးနှံပန်းပွင့်ပြီးနောက်ပိုင်းမှ အရိပ်ဖျာ‌စေခြင်းဖြင့် ရှောင်လွဲနိုင်ပါသည်။

(၃) သစ်ပင်ကြီးများလဲကျမှုသည် တစ်နှစ်ခံ သီးနှံများကို ထိခိုက်နိုင်ပါသည်။ (Felling of Trees cause damage to the arable crops)၊ ၎င်းကို စနစ်တကျ ခုတ်ယူသယ်ဆောင် နိုင်ပါသည်၊

(၄) သစ်ပင်ကြီးစိုက်ပျိုးခါစတွင် အာဟာရဓာတ်နှင့်မြေဆီလွှာ အစိုဓာတ်တို့ကို သီးနှံပင်နှင့် လုယူစားသုံးနိုင်ပါသည် (Competition for moisture between trees and arable crops are maximum when the trees have not deep tap root system)၊ အမြစ်ထိုးဆင်းချိန် မတူအောင် ချိန်ဆစိုက်ပျိုးနိုင်ပါသည်။

(၅) တစ်ချို့သစ်ပင်ကြီးများမှာ ကြားတွင်စိုက်ပျိုးမည့် သီးနှံဖျက်ပိုးများအတွက် လက်ခံပင်ဖြစ်သွားနိုင်၍ ဖျက်ပိုးများ ပိုမိုကြရောက်နိုင်ပါသည် (Some trees serve as host to pests that harm main crop)။ ၎င်းကို ဖျက်ပိုးလက်ခံပင်မဟုတ်သော အပင်ကြီးများ လဲလှယ် ပေးခြင်း၊ ပိုးမွှားမကျရောက်နိုင်သော သီးနှံများပြောင်းလဲ စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်ပါသည်၊

(၆) သစ်တောအပင်များ၏ သက်တမ်းကြာမြင့်မှုကြောင့် ဝင်ငွေချက်ခြင်း မရနိုင်ပါ (Longer Gestation Period for Tree delay the returns to the farmer)၊ သို့သော် နှစ်ကြာလာသည်နှင့်အမျှ ဝင်ငွေရရှိနိုင်သည်။

(၇) တစ်ချို့သစ်ပင်ကြီးများက တွဲဖက်စိုက်ပျိုးမည့် သီးနှံများအတွက် အဆိပ်ဖြစ်စေသော ဓာတုဓာတ်ပေါင်းများ ထုတ်လွှတ်နိုင်ပါသည်။ (Certain Tree Species produce exudation which affects the growth of agriculture crops)၊ ၎င်းကိုလည်း အဆိပ်မဖြစ်စေနိုင်သော သစ်ပင်ကြီးများ ပြောင်းလဲစိုက်နိုင်ပါသည်။

အောင်မြင်စွာ စိုက်ပျိုးလျက်ရှိသော သီးနှံသစ်တောရောနှောစိုက်ခင်းများ

(က) အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ် (Kerala, India) အုန်းပင် (Coconut) နှင့် ပီလောပီနန် (Cassava)၊ ကန်ဇွန်းဥ (Sweet Potato)၊ မြောက်ဥ (Purple Yam)၊ ဂျင်း (Ginger)၊ နနွင်းပင် (Tumeric) တို့ကို စိုက်ဧရိယာအားလုံး၏ ၇၀-၇၅ ရာခိုင်နှုန်းကို အောင်မြင်စွာ စိုက်ပျိုးလျက်ရှိပါသည်။

ပုံ - ၅ အုန်းပင်များနှင့် သီးနှံရောနှောစိုက်ခင်း

(ခ) အိန္ဒိယနိုင်ငံ၊ ရာဂျက်စတန်ပြည်နယ် (Rajasthan, India)  အကေးရှားပင် (Acacia)နှင့် ဘတ်ဖယ်နွားစားမြက် (Buffel Grass) တွဲဖက်စိုက်ပျိုးမွေးမြူရေး တွဲဖက်လုပ်ဆောင်သောစနစ် အောင်မြင်နေပါသည်။

ပုံ - ၆ အကေးရှားပင်များနှင့် ဘတ်ဖယ်မြက်ရောနှောစိုက်ခင်း

(ဂ) အိန္ဒိယ အလယ်ပိုင်းဒေသ (Central India) ပြောင်းဖူး (Maize/Corn)၊  နှံစားပြောင်း (Sorghum) နှင့် သီးပင်များ ဥပမာ - သရက် (သို့မဟုတ်) နိုက်ထရိုဂျင်ဖမ်းယူပေးသော သစ်ပင်ကြီးများ (Nitrogen Fixing Trees) နှင့်ရောနှောစိုက်သည်မှာ အောင်မြင်နေပါသည်။

ပုံ - ၇ ပြောင်းဖူးနှင့် သစ်ပင်ကြီးများရောနှောစိုက်ခင်း

(ဃ) ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသ (Mindanao, Philippines) တောင်ယာစပါး (Upland Rice) နှင့် မြေနိမ့်ချယ်ရီတစ်မျိုး (Glricidia sepium )၊ ဆန်နာအပင်/ သင်္ဘောငုစပ်/ယိုးဒယားပြည်ပန်းညို ချုံပင်တစ်မျိုး (Senna spectiblis) ရောနှော စိုက်ပျိုးမှု အောင်မြင်နေပါသည်။

ပုံ - ၈ တောင်စောင်းတွင်တောင်ယာစပါးနှင့် သစ်ပင်ကြီးများရောနှောစိုက်ခင်း

ဆက်ပါဦးမည်..

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Buck, L.E.; Lassoie, J.P. and Fernandes, E.C.M. (1999) Agroforestry in Sustainable Agricultural Systems. CRC Press. 416p.

Parthiban, K.T.; Sushagar, R. J.; Fernandaz, C.C. and Suresh, K.K. (2018)  Agroforestry Strategies for Climate Change. Jaya Publishing House, New Delhi. 395p.

CIFOR-ICRAF (2022) Trees, People, Planet: Interconnected. Annual Report. 20p.

Raj, A.J. and Lal, S.B. (2020) Agroforestry: Theory and Practices. Scientific Publishers. 775p.

(ဒေါက်တာ ကြည်မိုး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်