ရှားစောင်းလက်ပပ်သည် နှင်းပန်းမျိုးရင်း (Liliaceae) ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Aloe vera Linn ဖြစ်သည်။ အခေါ်အဝေါ်များမှာ မြန်မာ အမည်- ရှားစောင်း လက်ပပ်၊ အင်္ဂလိပ် အမည်- Barbodos Aloes၊ မွန်အမည်- Men-Khareek-leck-Chuck တို့ ဖြစ်သည်။
ပေါက်ရောက်သည့်ဒေသမှာ အပူပိုင်းဒေသများတွင်ပေါက်ရောက်သည်။ ပေါက်ရောက်ပုံမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်သည်။ ဆေးဘက်ဝင် အပင်အဖြစ်လည်း ပန်းအိုးများဖြင့်သော် လည်းကောင်း၊မြေတွင်ချ၍သော် လည်းကောင်း ပြုစု စိုက်ပျိုးထားနိုင်သည်။
အသုံးပြုသည့်အစိတ်အပိုင်းမှာ အရွက် ဖြစ်သည်။
အာနိသင်မှာ မြန်မာဆေးကျမ်းများအလိုအရ ရှားစောင်းလပပ်သည်အေးခါးသော အရသာရှိပြီးလေကို နိုင်၏။ အားကိုဖြစ်စေသော အစွမ်းသတ္တိ ရှိသည်။
အသုံးပြုပုံမှာ အရွက်
၁။ ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန် ထင်ရှား၏။ ရှားစောင်းလက်ပပ် အတွင်းသားကိုပေါက်ပင် ပဥ္စငါးပါး မီးရှို့၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ်ဖြူးစားသော် မီးယပ်သွေးစင်ကြယ်စွာ ဆင်း၏။
၂။ ရှားစောင်းလက်ပပ်သည် အနာစိမ်း ဖျဉ်းစွဲရောဂါ၊ အသည်းရောဂါ၊ အရေပြားရောဂါ၊ အဖျားရောဂါ၊ ပန်းနာ နူနာကိုယ်ရေဝါရောဂါ၊ ဆီး၌ကျောက်တည်သောရောဂါများကို အလွန် နိုင်နင်းသောဆေးပင် ဖြစ်သည်။
၃။ ၎င်းသည် လိမ်းဆေးအဖြစ်နှင့်လည်း အလွန် စွမ်းရည်ရှိသောဆေးပင်ဖြစ်၍ ၎င်း၏ အတွင်းသားကို ဝမ်းဗိုက်၌ ကပ်၍ အုံပေးပါက သွေးလုံးလေလုံးများကို ပြင်ပသို့ ထုတ်ဆောင်နိုင်၏။
၄။ ၎င်း၏ အတွင်းသားဖြင့် မျက်စိကို အုံပေးပါက မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်းပျောက်၏။
၅။ ရှားစောင်းလက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေးပြု၍ နားတွင်းသို့ ခပ်ပေးက နားကိုက် နားနာ လျင်စွာပျောက်ကင်း၏။
၆။ ခြေလက်တို့တွင်ပေါက်သော အကျိတ်နာ၊ သွေးစုနာများပေါ်တွင် ရှားစောင်းလက်ပပ်ကို စည်းပေးထားပါက အကြိတ်ကြေ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
၇။ ကိုယ်ရေဝါ(Jaundice) ရောဂါရှိသူများ အရွက်အတွင်းသားကို စားပါက ဆီး ဝမ်းသက်ပြီးရောဂါလည်းပျောက်၏။
၈။ အရွက်အတွင်းသားကို အပေါ်မှ နနွင်းမှုန့်ဖြူး၍ မျက်စိတွင် အုံပေးလျှင် မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်းများ ပျောက်ကင်း၏။
၉။ အတွင်းသားကို လက်ချား မီးဖောက် အမှုန့်အနည်းငယ်ဖြူး၍ စားလျှင်ရေဖျဉ်းရောဂါပျောက်ကင်း၏။
၁၀။ ရှားစောင်းလက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီးလျှင် သကြား ထည့်သောက်ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးခြင်းပျောက်ကင်းသည်။
ကိုးကား- မြန်မာ့ ဆေးဝါးပင်များ