ဥပဒေတွေရှိပေမဲ့လည်း ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ်

Myanmar Now     19/01/2018 16:30 PM     Content Provider - Greenway
Photo - myanmar-now

ပုသိမ် (Myanmar Now)- စိုက်ပျိုးရေးဌာန ပညာပေးရေးလုပ်ငန်းအတွက် ဝန်ထမ်း အင်အား နည်းပါးနေပြီး ဓာတ်မြေသြဇာလိုမျိုး ဓာတုဆေးတွေ အသုံးပြုမှုနဲ့ ပတ်သက်လို့ အပြစ်ပေးအရေးယူမှုတွေ အားနည်းနေတယ်လို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးက လယ်လုပ်သား ရှားပါးမှု၊ ကောင်းမွန်သော မျိုးစပါး၊ စိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်ငန်းရှင်တချို့၏ လက်ဝါးကြီးအုပ်မှု၊ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး၊ အရည်အသွေးမီ ဓာတ်မြေသြဇာတို့အကြောင်း ပြောပြထားပါတယ်။

မေး- ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသခံတွေ အများအပြား ရွှေ့ပြောင်းလုပ်သားတွေ အဖြစ် တခြားဒေသကို ထွက်ခွာနေကြတာ ဘာကြောင့်လဲ။

ဖြေ- ကျွန်တော့်ရဲ့ ဧရာဝတီတိုင်းမှာနေတဲ့ အတွေ့အကြုံ အရပြောရမယ်ဆိုရင် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေသယံဇာတ၊ မြေသယံဇာတ၊ ငါးသယံဇာတတွေကို အသုံးပြုတဲ့အခါမှာ မျှမျှတတ ခွဲဝေ အသုံးမပြုနိုင်တဲ့ အကြောင်းဟာ အဓိက အကြောင်းအရင်းပဲ။ ကျေးရွာတစ်ရွာမှာ လယ်သမား မိသားစုတွေ၊   မြေမဲ့ ယာမဲ့ ရာသီချိန် လုပ်သားတွေ၊ ရေလုပ်သား မိသားစု အဖွဲ့အစည်း ရှိမယ်။ သုံးမျိုးရှိတာပေါ့ဗျာ။ ပန်းတနော် ဆိုရင် တချို့ရွာတွေက ရေလုပ်သားတွေ ချည်းပဲနေတာဗျ။ ပြီးတော့ ပန်းတနော်ဟာ ဧရာဝတီတိုင်းအတွင်းမှာ အင်းချောင်း အများဆုံးရှိတဲ့ မြို့နယ်ဗျ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရေလုပ်သားချည်းပဲရှိတဲ့ ရွာတစ်ရွာမှာ အိမ်ခြေ သုံးရာ ရှိတယ်ဆိုပါစို့ အိမ်ခြေ နှစ်ရာလောက်မှာ ရှိတဲ့လူငယ်၊ လူရွယ်တွေ က ရွာမှာမရှိတော့ဘူး။ ပြောင်းရွှေ့လုပ်သားတွေ အနေနဲ့ လှိုင်သာယာတို့လို၊ ယိုးဒယားတို့လို မလေးရှားတို့လို ဒီလိုတွေ သူတို့ထွက်ကုန်ကြရတယ်ဗျ။ ဒါဟာ ဘာလဲဆိုတော့ ရေလုပ်သားတွေရဲ့ ဘဝက  နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကို ငါးဖမ်း လုပ်ကွက်တွေနားကို မကပ်နိုင်တော့ဘူး။ ငါးလုပ်ငန်းက လက်ဝါကြီးအုပ်လေလံ စနစ် ဖြစ်သွားတယ်။ ပိုက်ဆံ ချမ်းသာတဲ့သူတွေက အကုန်လုံး အင်းတွေ လိုက်ဆွဲတယ်။   လေလံအောင်တဲ့ အင်းသားကြီးက ဒုတိယလူကိုရောင်းလိုက်တယ်။ ဒုတိယလူက တတိယလူဖြစ်တဲ့ ရေလုပ်သားငယ်တွေကို ရောင်းတယ်။ အဲဒီတော့ ရေလုပ်သားငယ်တွေက မတန်တဆနဲ့ အင်းလုပ်ငန်းတွေကိုပေးဝယ်ပြီးတော့မှ သူတို့ခဗျာမှာ ငါးဖမ်းခွင့်တွေ ရကြတယ်။ ဒီလိုမျိုးဖြစ်လာတာက နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ ဒီရေလုပ်သားစုတွေ ဘယ်လိုလုပ်ခံနိုင်မှာလည်းဗျ။ ဘဝကို ဘယ်လိုလုပ်မ ှမရပ်တည်နိုင်တော့ဘူး။ ဒါက ရေလုပ်သားနဲ့ ဥပမာ။

နောက် လယ်ယာလုပ်ငန်းနဲ့ ဥပမာ တစ်ခုပေးမယ်။ ဧရာဝတီတိုင်းမှာ လယ်သမား ၃ဝ ရာခိုင်နှုန်းလောက်က  သုံး ဧက လောက်ပဲလုပ်နိုင်တယ်။ လယ်သမား ၂ဝ ရာခိုင်နှုန်းကျော်လောက်က သုံး ဧက အောက်မှာပဲလုပ်နိုင်တယ်။ အဲဒီတော့ ၅ဝ ရာခိုင်နှုန်းသော လယ်သမားတွေက အသေးစားတွေဆိုတော့ စဉ်းစားကြည့် မြေသယံဇာတ ခွဲဝေအသုံးပြုမှုမှာ မျှတမှုမရှိဘူးလို့ပြောရမှာပေါ့။   ဆိုလိုတာက   ဆင်လည်း ဆင်စာ၊ ဆိတ်လည်း ဆိတ်စာ ဖန်တီးပေးရမှာကို။ အခုဟာက အဲဒီလို ဖန်တီးမပေးနိုင်ဘူးလေ။  

မေး - ဘယ်သူတွေက လက်ဝါးကြီးအုပ်နေတာလဲ ။

ဖြေ -  လက်ဝါးကြီးအုပ်တယ်ဆိုတာက ရနိုင်သမျှ ယူနိုင်တဲ့သူတွေက လက်ဝါးကြီးအုပ်တာပေါ့ဗျာ။ ဥပမာ- အင်းဆိုရင်လည်း   အင်းသားကြီးတွေက လက်ဝါးကြီး အုပ်တာပေါ့ဗျာ။ မြေဆိုရင်လည်း မြေကိုရောင်းကုန် ပစ္စည်းလို သဘောထားပြီးတော့ ဝယ်ယူနိုင်တဲ့သူတွေက လက်ဝါးကြီး အုပ်တာပေါ့ဗျာ။ ဆင်းရဲတဲ့သူက ပိုပိုပြီး ဆင်းရဲလာတာပေါ့ဗျာ။  သယံဇာတတွေကို  မျှမျှတတ အသုံးမပြုနိုင်တဲ့ အခါကျတော့ ဧရာဝတီတိုင်းမှာ ဆင်းရဲတဲ့သူက အရမ်းဆင်းရဲပြီးတော့၊ ချမ်းသာတဲ့သူက အရမ်းချမ်းသာတဲ့ အနေအထား ဖြစ်သွားတာ။ အဲဒီမှာ အင်မတန် သယံဇာတ ပေါကြွယ်တဲ့တိုင်းကြီးထဲမှာ  ရွှေ့ပြောင်း လုပ်သားအများဆုံးတွေ ပေါ်လာတော့တာ။

မေး - အလုပ်သမားရှားပါးမှုက လယ်ယာမြေအခန်း ကဏ္ဍမှာ   ဘယ်လောက် ထိခိုက်လဲ။

ဖြေ -  အလုပ်သမား ရှားသွားတဲ့အခါကျတော့ စပါး စိုက်ကျတဲ့အခါမှာ ပျိုးထောင်ကောက်စိုက်နဲ့ မစိုက်နိုင်ကျတော့ဘူး၊ ကြဲပက် ပြီးတော့ စိုက်ရတော့တာပေါ့။ ကြဲပက်ပြီး စိုက်ရတော့ မျိုးစေ့နှုန်းတွေက ပိုကုန်တာပေါ့ဗျာ။ တစ်ဧကကို တစ်တင်းလောက်ကုန်တယ်ဆိုရင် ဆယ်ဧက စိုက်တဲ့သူက ဆယ်တင်းလောက် ကုန်တာပေါ့ဗျာ။ မျိုးတစ်တင်းကို ၆,ဝဝဝ နှုန်းနဲ့တွက်ဦး အလဟသဖြစ်သွားတဲ့ငွေက ၆ဝ,ဝဝဝလောက် ဖြစ်သွားတာဗျ။ ၆ဝ,ဝဝဝ လောက်ဆိုတာက ဓာတ်မြေသြဇာ သုံးအိတ်ဖိုးလောက် ဖြစ်သွားတာ၊ အဲဒါက အရှင်းဆုံး ဥပမာ တစ်ခုပေါ့ဗျာ။ ရိတ်သိမ်းချိန်မှာလည်း ဒီလိုပဲ မိုးနဲ့ လေနဲ့ လုရိတ်ရတဲ့အခါမှာ လုပ်သားရှားတဲ့ အခါကျတော့ စပါးတွွေ မိုးမိသွားပြီဆိုရင် လယ်ယာလုပ်သားရှားပါးတဲ့ အခါကျတော့ စပါးတွေ ထိခိုက်တာမျိုး ကြုံရတာပေါ့ဗျာ။ ဒီနေရာမှာ စက်တွေက အစားဝင်တာပေါ့ဗျာ။ အစားဝင်လည်း ဒီစက်တွေကို ဝယ်ယူနိုင်တဲ့ လယ်သမားဆိုတာက သိပ်မရှိဘူးဗျ။  ပြီးတော့ ငှားရမ်းတဲ့ကုမ္ပဏီတွေက အင်မတန် နည်းနေတဲ့အခါကျတော့ လယ်သမားရဲ့ လိုအပ်ချက်နဲ့ စက်အရေအတွက်နဲ့က မမျှတဘူး။ အချိန်မီ မရိတ်နိုင်ဘူး။ စိုက်ရေးပျိုးရေး ဆိုတာက ရာသီဥတုနဲ့ အချိန်ကာလနဲ့ ဒီလိုလုပ်ရတာ။ စက်ရုံတွေလို နားလိုက်ဦးမယ်ဆိုပြီး နားလို့ရတာမဟုတ်ဘူးဗျ။   ဒါတွေက ထင်သာမြင်သာတဲ့ ဥပမာတွေပေါ့ဗျာ။

မေး - လုပ်သားရှားပါးလို့ ဒုက္ခရောက်တာတွေကို  ဌာနဆိုင်ရာတွေကရော ဘယ်လိုကူညီလဲ။  

ဖြေ -  လုပ်ကြပါတယ်။ ဥပမာ- Hire Purchase System ဆိုတာ ရှိတယ်။ အဲဒါက စက်ပစ္စည်းတစ်ခုကို သူ့ကို ငှားလိုက်တယ်၊  ငှားလိုက်ပြီးတော့   ဘယ်နှနှစ်ကို ဘယ်လောက်နှုန်းနဲ့ ငွေချေပေါ့ဗျာ။ နှစ်လည်း စေ့သွားရော အဲဒါကို သူပိုင်သွားတာပေါ့။ အရစ်ကျနဲ့ချေရတာပေါ့။ ငှားရောင်း စနစ်ပေါ့ဗျာ။ အဲဒါကို စက်မှုလယ်ယာတို့၊ သမ တို့က လုပ်ပေးပါတယ်။  

မေး - ဘယ်ဒေသတွေကရော အဲဒီ ဝန်ဆောင်မှုကိုရကြလဲဗျ။

ဖြေ - ရကြပါတယ်။ ကန့်သတ်ချက် မရှိပါဘူးဗျာ။ များများ လုပ်ပါစေလို့တောင် ဆုတောင်းနေရတာ။ လယ်သမားမတတ်နိုင်လို့ မဝယ်တာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ကတော့ ငှားဝယ်စနစ်တွေ များများလုပ်ပါစေလို့တောင် ဆုတောင်းနေရတာ။

မေး -   အစိုးရဘက်က ဝန်ဆောင်မှု တိုးမြှင့်ပေးတာရှိလား။

ဖြေ - တိုးမြှင့်ပေးဖို့ ဆိုတာက နိုင်ငံတော်ရဲ့ စွမ်းရည်အပေါ်မှာ အများကြီး မူတည်တယ်။ နိုင်ငံတော်မှာ ငွေကြေး ဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးတယ်။ ကျုပ်တို့ တိုင်းပြည်က မွဲတဲ့ တိုင်းပြည်ဗျ။ ကိုယ်မှ မပြည့်တာ မပြည့်တဲ့သူတွေကို ဖြည့်ပေးလို့ရမလားဗျ။

မေး- နောက် ဓာတ်မြေသြဇာ တွေက အခုတံဆိပ်တွေ မျိုးစုံနဲ့ ဝင်လာကျတယ်။ အခုက စျေးကွက် စီးပွားရေးစနစ်ဆိုတော့ ဒီဟာတွေက အရမ်းတွင်ကျယ်ကြတယ်။ မသမာ မှုတွေရောရှိလား။

ဖြေ- အနည်းနဲ့ အများတော့ ရှိတာပေါ့ဗျာ။ ဒီမှာကတော့ များများစစ်၊ စစ်ပြီးတွေ့ရင် အရေးယူဆိုပြီးတော့ စိုက်ပျိုးရေး (ဌာန) ကိုတော့ ကျွန်တော် လမ်းညွှန်ထားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်မြေသြဇာ ဥပဒေတွေ ရှိတယ်။ ပိုးသတ်ဆေး ဥပဒေတွေ ရှိတယ်။ မျိုးစေ့ ဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေနဲ့ တိတိကျကျ လိုက်နာပြီး ဆောင်ရွက်ကျဖို့်  ပြောထားပါတယ်။ ရှိပါတယ်။ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အိမ်နီးနားခြင်း နိုင်ငံတွေကလည်း ကျုပ်တို့နိုင်ငံကို အချဉ်လို့ သဘောထားတာဗျ။ ကျုပ်တို့ ဆီက ကုန်သည်၊ ပွဲစားတွေကလည်း လယ်သမားအပေါ် မတရားလုပ်ဖို့ စဉ်းစားတာဗျ။ အဲဒီလို ကုန်သည်ပွဲစားတွေကလည်း ရှိတယ်ဗျ။ လယ်သမား ဆိုတာကတော့ သိတဲ့ အတိုင်းပဲဗျာ။ လိမ်ရင်တော့ ခံကြရတာပဲဗျ။  အမှန်အကန်သမားတွေ ရှိသလို လိမ်တဲ့သူတွေလည်း ရှိတာကိုးဗျ။

မေး -  အဲ့ဒါကို မခံရအောင် မြေသြဇာကို ဓာတ်ခွဲတာတွေဘာတွေရော လုပ်လား။

ဖြေ - လုပ်တယ်ဗျ။ ကျွန်တော်ဝန်ထမ်းဘဝတုန်းက ဆိုရင်လည်း ဒီဟာကို လုပ်တယ်။ လုပ်ပေမဲ့ ခက်တာက ဆိုင်တွေမှာ နမူနာတင်ထားတဲ့ဟာတွေကို သွားပြီးတော့ စစ်တဲ့အခါမှာ သူတို့က ဘယ်လို သတင်းရလဲမသိဘူး အစစ်တွေကို တင်ထားရော။ အတုပေါ်ဖို့ ဆိုတာက တော်တော်လေး ခဲယဉ်းတဲ့ သဘော။  ကျွန်တော်တို့က တချို့ဟာတွေကို တားမြစ်ထားလို့ မသုံးရဘူးလို့ ပြောပေမဲ့လည်း ဒီဆေးတွေရဲ့ အာနိသင်တွေက ကောင်းတဲ့အခါကျတော့ လယ်သမားတွေက ပြောလည်း နားမထောင်တာတွေရှိတာပေါ့။ သူတို့က ဆေးဖြန်းလိုက်ပြီဆိုရင် ချက်ခြင်း (ပိုး) သေသွားတာကို သဘောကျတာကိုဗျ။   

မေး -  အဲ့ဒါနဲ့ပတ်သက်ပြီး  ပညာပေးတာတွေ လုပ်ပါသလား။

ဖြေ -  ဒါတွေက စိုက်ပျိုးရေးက လုပ်တာဗျ။ လုပ်ကြတယ် ဆိုပေမဲ့လည်း အချိုးချ ကြည့်လိုက်ရင် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းတစ်ယောက်က လယ်သမား ၃,ဝဝဝ ကျော်လောက် ကိုင်နေရတာဗျ။ လယ်သမားအချိုးနဲ့ စိုက်ပျိုးပညာပေးဝန်ထမ်းအချိုးက တော်တော့်ကို ကွာဟလွန်းနေတာပေါ့ဗျာ။

ခက်တယ်ဗျ။  ဥပဒေတွေရှိပေမဲ့လည်း  ပြစ်ဒဏ်တွေက နည်းနည်း လျော့နေတယ် ထင်တယ်ဗျ။ ဥပမာ- ဆေးဝါးအတု၊ နောက် အစားအသောက်တွေထဲမှာ ဆိုးဆေးတွေပေါ့ဗျာ။ ပြီးတော့ ဖော်မလင်လို ဓာတုပစ္စည်းတွေပေါ့ဗျာ။    ငပိရည်ထဲမှာ ယူရီးယား ထည့်တာမျိုးတွေ။ ဆိုးဆေးတွေထည့်တာမျိုးတွေပေါ့ဗျာ။ ဥပမာ- အစားအသောက်တွေထဲမှာ ဓာတုဆေးတွေ ဆိုးဆေးတွေ ဒါတွေက မိသားစုလိုက် အဆိပ်ကျွေးသတ်တဲ့ သဘောပဲဗျ။ လူသတ်မှုပဲဗျ။ ဒါပေမဲ့ ပြစ်ဒဏ်ကျတော့ ပေါ့လွန်းတယ်။   ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးကိုတော့ ဥပဒေ ပြဌာန်းသင့်တယ်လို့တော့ မြင်တာပေ့ါဗျာ။

လုပ်သားရှားပါးတဲ့ ကိစ္စကို အကြံပြုလို့ မရဘူးဗျ။ အကောင်းဆုံးဖြေရှင်းချက်က ကျေးရွာတွေမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရအောင် လုပ်ပေးတဲ့ နည်းလမ်းပဲဗျ။ ဒီနည်းလမ်းမှ ချမှတ်မပေးရင်တော့ ရွာတွေကနေပြီးတော့ ခွာနေကြဦးမှာပဲဗျ။ ဘယ်သူမှ ကိုယ့်ရွာကို ပစ်မသွားချင်ဘူးဗျ။  

မေး- နှစ်စဉ် နှစ်တိုင်း စပါးစျေးက ကျနေတယ်။ စပါး စျေးကောင်းရအောင် ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်လို့ လယ်သမားတွေကို အကြံပေးချင်ပါသလဲ။

ဖြေ- စျေးကောင်းရချင်ရင်တော့ နိုင်ငံခြားကို များများ တင်ပို့နိုင်အောင် လုပ်ရမှာပဲဗျ။ နိုင်ငံခြား တင်ပို့ဖို့ဆိုတာာက  ထုတ်လုပ်မှု စွမ်းအားအရ၊ အရည်အသွေးအရ၊ စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ်။ ယှဉ်ပြိုင်နိုင်စွမ်း သုံးခုပေါ့ဗျာ။ အခု ကျွန်တော်တို့ ဆီက လယ်သမားက အရင်းအနှီး မတတ်နိုင်တော့ ပါးပါးလေး ရင်းပြီးတော့ နည်းနည်းလေး ထုတ်လုပ်တဲ့ ထုတ်လုပ်မှု နည်းလမ်းကို သွားတာပေါ့ဗျာ။ အဲဒီတော့ ထုတ်လုပ်မှု စွမ်းအားလည်း မရှိဘူး။  အရည်အသွေးညံ့တဲ့ စပါးကို ကြိတ်ခွဲလိုက်တဲ့ အခါကျတော့ အရည်သွေးညံ့တဲ့ ဆန်ပဲ ထွက်လာမှာပေါ့။ အရည်အသွေးညံ့တဲ့ ဆန်ကို နိုင်ငံခြားပို့လို့ ဘယ်လိုလုပ်စျေးကွက်က ရတော့မလဲဗျ။

မေး - လယ်သမားတွေက မျိုးကောင်း မျိုးစေ့တွေ ဘာလို့မရတာလဲ။

ဖြေ- မျိုးကောင်း မျိုးသန့်ရှိလည်း လယ်သမားရဲ့ ထုတ်လုပ်မှု အပေါ်မှာ မူတည်တယ်လေ။ ထုတ်လုပ်မှုက အရင်းအနှီးလည်း သုံးရမယ်။ နည်းပညာလည်း သုံးရမယ်။ ဒါမှ စပါးကောင်းရတာကိုဗျ။ မျိုးကောင်း မျိုးသန့်ကို ကျွန်တော်တို့ ဝယ်လိုက်ပြီဆိုပါတော့ လယ်သမားက မျိုးကောင်းမျိုးသန့်ကို မတတ်နိုင်ဘူးဗျ။ ပြီးတော့ မျိုးကောင်းမျိုးသန့်လည်း များများစားစား မရှိဘူးဗျ။ လယ်သမားကို ကာဗာ ဖြစ်အောင် ထုတ်မပေးနိုင်ဘူးဗျ။ အရင်တုန်းက လယ်သမားက စပါးရိတ်တော့မယ်ဆိုရင်  စပါးတွေရင့်မှည့်နေပြီဆိုရင် လယ်သမားကြီးတွေက တခါတည်း ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေနဲ့ ခံတွင်းကိုသပြီးတော့ ခေါင်လံတွေရွေးနေတာဗျ။ ရိတ်တော့လည်း ခေါင်လံတွေရွေးရိတ်တာဗျ။ ခြွေလှေ့တော့ လည်း သီးခြားခြွေလှေ့တာဗျ။ သိမ်းတော့လည်း  သီးခြားသိမ်းတာဗျ။ နောက်နှစ်မှာမှ အဲဒီခေါင်လံရွေးထားတဲ့ မျိုးကိုစိုက်တာဗျ။ ဒါရှေးတုန်းက ကျုပ်တို့ မိဘဘိုးဘွားတွေ။ အခုဟာက လယ်သမားက စိုက်ချိန်ရောက်မှ ဆန်စက် ပိုင်ရှင်ဆီ၊ ဆန်ကုန်သည် ပွဲစားဆီ သွားဝယ်တာဗျ။ ဝယ်တော့ သူ့ဆန်တွေထဲမှာ ဂိုထောင်ထဲမှာ အရောရော အနှောအနှောတွေဗျ။ ထွက်လာတဲ့ စပါးက ဘယ်လိုလုပ် ကောင်းတော့မလဲဗျ။ ဒါတွေက လယ်သမားရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးပေးမှုနဲ့လည်း ဆိုင်တယ်။ နိုင်ငံတော်ကလည်း မျိုးကောင်းမျိုးသန့်တွေ အများကြီး ထုတ်လုပ်ပေးရမယ်။ ပြီးတော့ လယ်သမားတွေလည်း မျိုးကောင်းမျိုးသန့်တွေ သုံးချင်တဲ့ စိတ်မျိုးဖြစ်ပေါ်အောင် ပညာပေးရမှာပေါ့။ ရှေးတုန်းက ကျုပ်တို့ မိဘဘိုးဘွားတွေက မျိုးကောင်းမျိုးသန့် သုံးရမယ် ဆိုတာ သိတယ်ဗျ။ ဒီနေ့ လယ်သမားတွေက သိတော့သိတယ် မလိုက်နာနိုင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ မရင်းနှီးနိုင်ကြဘူးလေ။ စပါးစျေးက မကောင်းဘူး။  နဂိုတုန်းက စပါးစျေးကောင်းတယ် ဆိုတာက တရုတ်ကို မှောင်ခိုပို့ရတာကိုးဗျ။ အခု ပြည်ပထွက်မယ့် ဆန်တွေက ပုံနေရောဗျာ။ ဆန်တွေပုံနေရင် ဘယ်စက်ပိုင် ဘယ်ဆန်ကုန်သည်ပွဲစားက စပါးသွားဝယ်တော့မလဲဗျ။   အဲဒီမှာ စပါးစျေး ထိုးကျတာပဲဗျာ။  

မေး - မျိုးကောင်းမျိုးသန့်ရအောင်   ကူညီနေတာ မရှိဘူးလား။

ဖြေ- စိုက်ပျိုးရေးဌာနက လုပ်တာပေါ့ဗျာ။ ကျွန်တော်ဆိုရင် ဒီနှစ် နှစ်စမှာ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အကူအညီနဲ့ ကန်ထရိုက် လယ်ယာစနစ်တွေ လုပ်ဖို့ပေါ့။ မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့ဇုန် လုပ်မယ်။ ထွက်လာတဲ့ မျိုးသန့်စပါးတွေကို Export ဇုန်မှာ စိုက်မယ်။ ဇုန်နှစ်ဇုန်ခွဲပြီးတော့ အဲဒီလို လုပ်ဖို့ပဲ။ ဒါပေမဲ့ ခက်တာက မစွန့်စားချင်ကြဘူးဗျ။ ဆန်ကုန်သည်၊ ဆန်ပွဲစားတွေ၊ စက်ပိုင်တွေဗျ။ သူတို့စွန့်စားနိုင်အောင်ဆိုတာက Union Level (ဗဟိုအစိုးရအဆင့်) က ဥပဒေ အထောက်အပံ့တွေ၊ မူဝါဒတွေနဲ့ အထောက်အပံ့ လုပ်ထားမှ သူတို့ကလည်း စွန့်စားရဲမှာပေါ့ဗျ။ နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ ဆိုင်သွားတယ်။   နိုင်ငံတော်နဲ့ ချီပြီးတော့ ဖြေရှင်းမှရမယ့် အလုပ်ဗျ။ ပိုက်ဆံကလည်း မတတ်နိုင်ဘူး။ မျိုးကောင်း မျိုးသန့်တွေကို တစ်မြို့နယ်ကို  ဧက တစ်ရာလောက်ပေါ့၊ အဲဒီလောက်ပဲ တတ်နိုင်တယ်။ ထွက်လာတဲ့ မျိုးကောင်း မျိုးသန့်ကို ကျွန်တော်တို့ ခြောက်သိန်းစျေး နဲ့ပေးဝယ်တယ်။ အပြင်မှာ သုံးသိန်းစျေးလောက်ပေါက်နေတာ။ အဲဒီလိုမျိုး တစ်တိုင်းလုံးကို လုပ်နိုင်ရင် လယ်သမား သက်သာတာပေါ့ဗျ။ အခုက အဲဒီလိုမလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ နည်းတစ်ခု ရှိတယ်။ အပ်ကုန် အာမခံကြွေးစနစ် ဆိုတာရှိတယ်။ အဲဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်လည်း လယ်သမားတွေ ဒီလောက်အထိ အောက်စျေးမကျဘူးပေါ့ဗျာ။ စျေးကောင်းကိုစောင့်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။     ။

Myanmar Now

မှတ်ချက်။ Myanmar Now ၏ ခွင့်ပြုချက်ဖြင့် မျှဝေခြင်း ဖြစ်ပါသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)