အပင်နဲ့ မြေဆီလွှာအတွက် အကောင်းဆုံး တိရစ္ဆာန်အညစ်အကြေး (၆) မျိုး

09/01/2024 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သီးနှံပင်တွေစိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာနဲ့ အပင်တွေအတွက် လိုအပ်တဲ့သွင်းအားစုတွေကို ထည့်သွင်းပေးရပါတယ်။ အဲဒီလိုထည့်သွင်းရာမှာ ဓာတုမြေဩဇာတွေ ထည့်ပေးနိုင်သလို၊ သဘာဝမြေဩဇာတွေကိုလည်း ထည့်ပေးနိုင်ပါတယ်။ ဓာတုမြေဩဇာတွေအသုံးပြုခြင်းဟာ အာနိသင်ချက်ချင်းပြနိုင်ပြီး ခဏတာအတွက် အဆင်ပြေနိုင်ပေမဲ့ ရေရှည်မှာတော့ ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်ပါတယ်။

ဆိုတော့ မိတ်ဆွေက ဓာတုကိုမသုံးချင်တော့ဘူး။ သဘာဝမြေဩဇာကိုပဲ ရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသလို အာဟာရဓာတ်တွေလည်း ပြည့်ဝစွာပါဝင်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို အခြေခံတဲ့ သဘာဝမြေဩဇာတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ရှေးအကျဆုံး သဘာဝမြေဩဇာတွေထဲက တစ်မျိုးလည်း ဖြစ်ပါတယ်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို ဓာတုမြေဩဇာတွေ တွင်တွင်ကျယ်ကျယ် အသုံးမပြုခင် ရှေးရာစုနှစ်ပေါင်းများစွာကတည်းက မြေဆီလွှာကို ပြန်လည်အားဖြည့်ဖို့နဲ့ သီးနှံပင်တွေကြီးထွားသန်မာဖို့အတွက် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဟာ မြေဆီလွှာကို ပြန်လည်အားဖြည့်နိုင်ဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတွေအနေနဲ့ ရှိနေတာကြောင့်  ယနေ့အချိန်အထိလည်း ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ 

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာဆိုရင် အဏုဇီဝသက်ရှိမျိုးစုံပါဝင်ပါတယ်။ မြေဆီလွှာအတွက် အာဟာရပြည့်ဝရုံသာမက အင်ဇိုင်းနဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်နေတာဖြစ်ပြီး အများစုဟာ မြေဆီလွှာရဲ့ ကြံ့ခိုင်တဲ့ဖွဲ့စည်းတည်ဆောက်မှု ဖြစ်ပေါ်ဖို့အတွက် များစွာအထောက်အကူပြုစေနိုင်တာ ဖြစ်ပါတယ်။ စိုက်ခင်းတွေမှာအသုံးပြုနိုင်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေရဲ့ အကြောင်းကိုမပြောခင်မှာ သိထားသင့်တဲ့အချက်လေးတွေကို အရင်ဆုံးမျှဝေပေးပါရစေ။  

လတ်ဆတ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း (အညစ်အကြေး) မှာဆိုရင် များစွာသော သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ သို့ပေမယ့် အဲ့ဒီလို လတ်ဆတ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဟာ အပူဓာတ်ရှိနေတဲ့အတွက် တိုက်ရိုက်ချက်ချင်း အသုံးပြုမယ်ဆိုရင် အပင်တွေကို အလွယ်တကူ လောင်ကျွမ်းစေနိုင်ပါတယ်။

ထို့ကြောင့် မည်သည့်အပင်မဆို လတ်လတ်ဆတ်ဆတ်ရှိနေတဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို မြေဆီလွှာနဲ့ အပင်အတွက် အသုံးပြုမယ်ဆိုရင် မြေဆွေးပြုလုပ်ပြီး အသုံးပြုတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လတ်ဆတ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ၎င်းမှာပါဝင်သော ပူတဲ့ ဂုဏ်သတ္တိကနေ ပါဝင်ပစ္စည်းတွေကို လျင်မြန်စွာ ပြိုကွဲစေနိုင်မှာ ဖြစ်ပါတယ်။ မြေဆွေးပုံမှာထည့်သွင်းပြီးတဲ့နောက် ကောင်းစွာဆွေးမြည့်ပြီဆိုရင်တော့ စိုက်ခင်းတွေမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ စိုက်ခင်းတွေမှာ အသုံးပြုနိုင်တဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်း ၆ မျိုးအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ကြက်ချေး 

မြေဆီလွှာနဲ့ အပင်တွေကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေထဲမှာ ကြက်ချေးဟာ ဦးစားပေးစာရင်းမှာ ပါဝင်ပါတယ်။ ကြက်ချေးမှာဆိုရင် အာဟာရဓာတ်များနဲ့ သတ္တုဓာတ်များစွာ ပါဝင်နေတာပါ။ ကြက်ချေးရဲ့ ၃ ပုံ ၁ ပုံခန့်ဟာ သဘာဝအော်ဂဲနစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ကြက်ချေးမှာဆိုရင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေပါဝင်နေပြီး အပင်တွေကြီးထွားဖွံ့ဖြိုးဖို့အတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ကြက်ချေးဟာ အလွန်ပူတဲ့ သဘာဝမြေဩဇာဖြစ်တာကြောင့် ကောင်းစွာဆွေးမြည့်ပြီး (သို့မဟုတ်) မြေဆွေးပြုလုပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ထို့အပြင် ကြက်ချေးဟာ အယ်ကာလီဆန်တဲ့ သဘာဝရှိတာကြောင့် အက်စစ်ဓာတ်ကိုကြိုက်နှစ်သက်တဲ့ အပင်တွေမှာတော့ အသုံးမပြုမိဖို့ သတိပြုသင့်ပါတယ်။

ဆိတ်ချေး

ဆိတ်ချေးဟာလည်း မြေဆီလွှာနဲ့ အပင်တွေကို အချိန်တိုအတွင်း အာဟာရဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့  သဘာဝစွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဆိတ်ချေးမှာ အလွန်မြင့်မားတဲ့ အော်ဂဲနစ်ဓာတ်တွေနဲ့ အစိုဓာတ်တွေပါဝင်ပါတယ်။ မြေဆွေးပြုလုပ်တဲ့အခါ ဆိတ်ချေးထည့်သွင်းပေးမယ်ဆိုရင် လျင်မြန်စွာပြိုကွဲနိုင်မှာ ဖြစ်ပါတယ်။ 

ယုန်ချေး 

ယုန်ချေးဟာဆိုရင်လည်း ကြက်ချေးမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ နီးစပ်မှုရှိတာတွေ့ရပါတယ်။ ယုန်ချေးရဲ့ ၄ ပုံ ၁ ပုံနီးပါးဟာ အော်ဂဲနစ်ဒြပ်စင်တွေပါဝင်တာကြောင့် မြေဆီလွှာအတွက် အကျိုးရှိစေပါတယ်။ ယုန်ချေးမှာဆိုရင်လည်း နိုက်ထရိုဂျင်ပါဝင်မှု မြင့်မားတာတွေ့ရပါတယ်။ အခြားသော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေလိုပဲ ယုန်ချေးကိုလည်း ကောင်းစွာဆွေးမြည့်တော့မှ အသုံးပြုတာပိုသင့်တော်ပါတယ်။ ရာသီဥတုအရမ်းအေးမယ်ဆိုရင်တော့ အနည်းဆုံး ၃ - ၄ လ လောက်ထားပြီးမှ အသုံးပြုတာက အသင့်တော်ဆုံးဖြစ်ပါတယ်။ 

မြင်းချေး 

မြင်းချေးရဲ့ ၂၅ ရာခိုင်နှုန်းဟာ အော်ဂဲနစ်ဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ မြေဆီလွှာနဲ့ အပင်တွေအတွက် ရွေးချယ်သင့်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ မြင်းချေးမှာတော့ နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝစွာ မပါဝင်ပေမယ့် အခြားသော အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ မြင်းချေးဟာ ဆောင်းရာသီကုန်ပြီဆိုရင် လျင်မြန်စွာပြိုကွဲနိုင်ပြီး မြေဆီလွှာထဲထည့်တဲ့အခါ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှု၊ အာဟာရဓာတ်နဲ့ အော်ဂဲနစ်ဓာတ်များကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ မြင်းချေးကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ၎င်းမှာ အစိုဓာတ် ၇၅ ရာခိုင်နှုန်းနီးပါးပါဝင်နေတာကြောင့် မြေဆွေးပုံကို အစိုဓာတ်နဲ့ အောက်စီဂျင်ထောက်ပံ့ပေးနိုင်ပြီး ဆွေးမြည့်မှုလည်း မြန်ဆန်စေမှာ ဖြစ်ပါတယ်။ 

တီကျစ်စာ 

စိုက်ခင်းမြေဆီလွှာထဲမှာ တီကောင်လေးတွေရှိနေခြင်းဟာ လေဝင်လေထွက်ကောင်းစေသလို ၎င်းတို့ကနေထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်း တီကျစ်စာကနေတစ်ဆင့် အဖိုးတန်တဲ့ အာဟာရဓာတ်တွေကို မြေဆီလွှာထဲသို့ ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ တီကျစ်စာမှာဆိုရင် အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေတာပါ။ တီကောင်လေးတွေဟာ တစ်ရက်လျှင် ၎င်းတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ်ဝက်လောက်ရှိတဲ့ သဘာဝအော်ဂဲနစ်ပစ္စည်းတွေကို စားသုံးကြပါတယ်။ သစ်ရွက်တွေ၊ မြေဆွေးတွေ၊ မြက်ပင်တွေနဲ့ သေဆုံးပျက်စီးနေတဲ့ အမြစ်တွေကို စားသောက်ကြတာဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့ဆီကနေ စွန့်ပစ်ပစ္စည်းအဖြစ် တီကျစ်စာထွက်ရှိပါတယ်။ တီကျစ်စာမှာဆိုရင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာဖြစ်ပြီး ၎င်းတီကျစ်စာတွေကို အပင်ရဲ့ အမြစ်တွေကနေ အလွယ်တကူ ရယူစားသုံးနိုင်ပါတယ်။ တီကောင်လေးတွေရှိတဲ့ မြေဆီလွှာမှာဆိုရင် ၎င်းတို့လှုပ်ရှားသွားလာနေတဲ့ လမ်းကြောင်းလေးတွေကတစ်ဆင့် လေဝင်ပေါက်လေးတွေ ဖြစ်စေပြီး မြေဆီလွှာထဲမှာ လေဝင်လေထွက်ကောင်းစေပါတယ်။ လေဝင်ပေါက်လေးတွေ ရှိနေခြင်းဖြင့် ရေနဲ့ အာဟာရဓာတ်တွေကို အပင်ဆီသို့ လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

နွားချေး

နွားချေးကတော့ အရင်ကဆိုရင်အလွယ်တကူရနိုင်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတစ်မျိုးပါ။ ယနေ့အချိန်မှာတော့ အချို့သောနေရာတွေမှာ ရှားပါးတဲ့ သဘာဝအရင်းအမြစ်တစ်ခု ဖြစ်နေပါပြီ။ နွားချေးဟာ အော်ဂဲနစ်ဒြပ်စင်တွေနဲ့ နိုက်ထရိုဂျင်ပါဝင်မှု နည်းပေမယ့်လည်း မြေဆီလွှာနဲ့ အပင်တွေအတွက် အကျိုးရှိစေတဲ့ သဘာဝစွန့်ပစ်ပစ္စည်း ဖြစ်ပါတယ်။ နွားချေးကို ဓာတ်မြေဩဇာတွေ အသုံးပြုတဲ့အခါမှာလည်း ရောစပ်အသုံးပြုနိုင်ပြီး လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆက်တဲ့နွားချေးကို မြေဆွေးပြုလုပ်ရာမှာထည့်သွင်းမယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ အစိုဓာတ်နဲ့ အပူကြောင့် မြေဆွေးပုံအပူတက်လာစေနိုင်ပြီး လျင်မြန်စွာပြိုကွဲနိုင်ပါတယ်။ 

ကိုးကားချက်

https://thisismygarden.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်