တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (စက်တင်ဘာလ)

30/08/2018 16:25 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့်ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် စက်တင်ဘာလအတွင်း သတိမူ လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်လိုပါသည်။

၁။ မိုးနှောင်းယာသီးနှံများအတွက်

အရေးကြီးဆုံးအချက်မှာ မည်သည့်မိုးနှောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အောက်ပါအရည် အချင်းများနှင့်ပြည့်စုံသော မျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ 

(၁) သက်လျင်အထွက်ကောင်းမျိုး ဖြစ်ရမည်။

(၂) အပင်ပေါက် (၈၀) ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရမည်။ 

(၃) စိုစွတ်မှုဒဏ် (Excess Water) ကို ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigour) ရှိသည့်မျိုးဖြစ်သင့်သည်။ 

(၄) ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုး ဖြစ်သင့်ပါသည်။

သတိမူသင့်သည်မှာ မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန် ဖြစ် သည်။ ပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ပြုစုဂရုစိုက်ဆောင်ရွက်ရန် လိုပါ သည်။

ပဲမျိုးစုံသီးနှံအတွက်  ပဲမြစ်ဖုမြေသြဇာ

မြေပဲနှင့် ပဲမျိုးစုံစိုက်ခင်းတွေအတွက် လိုအပ်သည့် အာဟာရနိုင်ထရိုဂျင်ရဖို့ ပဲမြစ်ဖုဇီဝမြေသြဇာကို အသုံးပြုစိုက်ပျိုးသင့် သည်။ နိုင်ထရိုဂျင်က အပင်ဖြစ်ထွန်းကြီးထွားရေးကို အကျိုးပြုသည်။ ပဲမြစ်ဖုဇီဝမြေသြဇာမှာ မြစ်ဖုဘက်တီးရီးယားများ ပါ ဝင်သည်။ မျိုးစေ့နှင့်လူးနယ်စိုက်ပျိုးလိုက်လျှင် သို့မဟုတ် မြေကြီးထဲထည့်လိုက်လျှင် ဘက်တီးရီးယားကလေးများသည် ပဲပင်၏မြစ်ဖုထဲတွင် နေထိုင်ပြီး လေထဲမှနိုက်ထရိုဂျင်ကို ပဲပင်အတွက် ရယူပေးသည်။

ပဲမျိုးအလိုက် လေထဲမှနိုက်ထရိုဂျင်ကို တစ်ဧကပေါင် ၄၀ မှ ပေါင် ၁၅၀ အထိ ဖမ်းယူပေးသဖြင့် ၂၀ မှ ၅၀ ရာခိုင်နှုန်း ပဲ သီးနှံအထွက်ကို တိုးစေသည်ဟု သိရသည်။

ပဲမြစ်ဖုဇီဝမြေသြဇာကိုသုံးပါက ယူရီးယားဓါတ်မြေသြဇာ သုံးဖို့မလိုသဖြင့် ကုန်ကျစရိတ် သက်သာသည်။ Organic Farming အတွက် အထောက်အကူပြုသည်။ 

ထို့ပြင် လက်ရှိပဲစိုက်ခင်းအတွက်သာမက သီးထပ်စိုက်မည့် နောက်သီးနှံအထွက်တိုးရေး အတွက်လည်း သွယ်ဝိုက် အကျိုး ပြုသေးကြောင်း သိရပါသည်။

၂။ မိုးစပါးသီးနှံအတွက် 

စိုက်ချိန်မှန်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ မိုးစပါးအားလုံးနီးပါး နိုင်ငံတစ်ဝှမ်းစိုက်ပျိုးပြီးစီး လောက်ပြီးဖြစ်သည်။ မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်းမြင့်မားဖို့ နံပါတ်တစ်ဖြစ်သည်။ တနည်းအားဖြင့် မိုးစပါး အောင်မြင်ဖို့ ဖြစ်ပါသည်။ လယ်မြေအားလုံးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက် ချင်းအတွင်း အောင်ရေထိန်းသိမ်း ရေးဖြစ်ပါသည်။

အချို့လယ်ကွင်းများမှာ ရေကြီးရေလွှမ်းခဲ့လို့ဖြစ်စေ၊ သီးနှံပုံစံအရ ရှေ့သီးနှံ မလွတ်လို့ဖြစ်စေ အကြောင်းကြောင်းကြောင့် ဖြစ်စေ သက်တမ်းအားဖြင့် စိုက်ပြီးကာစဖြစ်မည်။ အချို့မှာ တစ်လခန့် ရှိလောက်ပေပြီ။ သည်ထက် နှစ်လခန့် စပါးခင်း များလည်းရှိမည်။ နိုင်ငံအနှံ့အပြား မိုးရေရရှိမှုပမာဏ မတူ၊ ပုံစံမတူ၊ စိုက်ပျိုးသည့်သီးနှံပုံစံတွေလည်း မတူကြ၍ မိုးစပါး စိုက်ခင်း အသက်အရွယ်အမျိုးမျိုးဖြစ် ပေါ်နေခြင်းဖြစ်နိုင်ပါသည်။ 

မည်သို့ဖြစ်စေ စပါးခင်းများ၏ အသက်အရွယ်ကိုခြုံကြည့်လိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။ ၎င်းတို့မှာ 

၁။ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)အတွင်းရောက်ရှိနေသည့်စပါးခင်းများနှင့် 

၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Reproductive Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါသည်။

(က) ပင်ပိုင်းကြီးထွားကာလစပါးခင်းများအတွက်

ပင်ပိုင်းကြီးထွားသည့် ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် - 

(၁) ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေ ကောက်ပင်ဖာသင့်သည်။ 

(၂) ကောက်စိုက်ပြီး ၁၄ရက်အတွင်း နိုက်တရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်စီယံဓါတ်မြေသြဇာများကို ကျွေးပေးသင့် ပါ သည်။

(၃) ကောက်စိုက်ပြီး ၂၃ ရက်မှ ၂၇ ရက်သားတွင်မူ ယူရီးယားဓါတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။ အကြောင်းမှာ စပါး အပင်ပွားလှိုင်လှိုင်ပွားသည့်အချိန်ဖြစ်၍ ဖြစ်ပါသည်။ 

ပင်ပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖေါ်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။

(ခ) မျိုးပွားပိုင်းကာလ စပါးခင်းများအတွက်

မျိုးပွားပိုင်းကြီးထွားသည့် ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများအတွက်

သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃ရ ရက်၊ သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၄၀ ရက်မှ ၄၄ ရက်တို့သည် အနှံသန္ဓေတည်စအချိန်(တနည်း) မှို့ကပ်စအချိန် ဖြစ်သည်။ ယူရီးယားဓါတ်မြေသြဇာကို ပိုတက်စီယံ မြေသြဇာနှင့်အတူ ကျွေးပေးသင့်ပါသည်။ 

မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက် (Grains per panicle) များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင် ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်း များကိုပါ ဆက်လက်ဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။

(ဂ) မျိုးစေ့ထုတ်စပါးစိုက်ခင်းများအတွက်

သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) မျိုးစေ့ထုတ် စိုက်ခင်းနှင့် ကိုယ့်အားကို ကိုယ်ကိုး မျိုးသန့် (Good Seed) မျိုးစေ့ထုတ် စိုက်ခင်းများစသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field) အားလုံးအတွက် သီးသန့်အသိပေး နှိုးဆော်လိုသည်များရှိပါသည်။ 

(၁) ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နှုတ်ပယ်မှုစတင်သင့်ပါသည်။ 

(၂) စိုက်ပျိုးထားသော စပါးမျိုးနှင့်အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည် စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှအရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသော အပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ နှုတ်ပယ်ရန် ဖြစ်ပါသည်။

ထို့အပြင်စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါ စစ်ဆေးနှုတ်ပယ်သင့်ပါသည်။ 

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်