တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇူလိုင်လ၊ ၂၀၂၀)

01/07/2020 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဇူလိုင်လသည် မိုးခေါင်လေ့ရှိသည့်လဖြစ်သည်။ ဒါ့ကြောင့် ဇူလိုင်မိုးခေါင်(July Drought) ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဖြစ်လေ့ဖြစ်ထရှိခြင်းကို ပြောလိုရင်းဖြစ်ပါသည်။ ယာသီးနှံများ စိုက်ပျိုးအောင်မြင်ရန် လိုအပ်သည့် ပုံမှန်မိုးရေချိန်ကို ပြည့်မီအောင် မိုးမရွာမှာ၊ ပုံမှန်ထက် လျော့နည်းမိုးရွာမှာ စိုးပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွက်ဖြစ်ပါသည်။

ယာသီးနှံများ

    ဇွန်လကုန်ထိ မစိုက်ပျိုးရသေးသော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံ စသည့်ယာသီးနှံများကို ဇူလိုင်လဆန်းတွင် အမြန်စိုက်ပျိုးပါ။ စိုက်ပျိုးနိုင်လျှင် ဆက်လက်ပြီး အပင်နှစ်ပတ်သားခန့်မှစတင်၍ ယာသီးနှံအလိုက် သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ပါလို့ ပြောလိုပါသည်။

    သေချာရေရာနိုင်လောက်သည့် မိုးရွာသွန်းမှုအခြေအနေ မရှိသေးပါက မိုးရာသီ ယာသီးနှံများစိုက်ပျိုးခြင်းကို စောင့်ဆိုင်းသင့်ပါသည်။ ဇူလိုင်မိုးခေါင် (July Drought)အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးသင့်ပါသည်။ မိုးဦးယာသီးနှံများကို မိုးလယ်ယာသီးနှံများအဖြစ် ပြောင်းလဲစိုက်ပျိုးခြင်း ဖြစ်ပါသည်။

    မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပြန့်နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလို သွန်ချ၊ ရွာသွန်းသည့်သဘာဝမှာ ယနေ့ကာလ မုတ်သုန်မိုး၏အလေ့အထလို့ပင် ဆိုရပါမည်။ ထို့ကြောင့် မိုးကြီးခြင်း၊ မိုးအလွန်အကျွံရွာခြင်းများလည်း ရှိနိုင်သည်။ ထို့ကြောင့် မိုးများ၍ အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ထားရန်လည်း လိုပါသည်။ 

 မိုးစပါးသီးနှံ

    အထွက်ကောင်းစပါးမျိုးများကို မိုးရွာသွန်းမှုမမှန် ပျိုးထောင်ရေမရလို့ ပျိုးမထောင် ရသေးပါက ဇူလိုင်လကုန် နောက်ဆုံးထား၍ ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုသည်။

    ရာသီစပါးမျိုးက အလင်းရောင်တုန့်ပြန်မှုရှိ (Potoperiod Sensitive) သဖြင့် ပန်းပွင့် သည့်ရက် ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သည်။ စိုက်ချိန်မှန်ဖို့ လိုသည်။ သို့မှသာ ပုံမှန်စပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ 

    စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့်မျိုးစေ့သည် သန့်ရှင်းရမည်။ မျိုးစစ်မျိုးမှန်ဖြစ်ရမည်။ ပိုးမွှားရောဂါ အပြစ်အနာအဆာကင်းရမည်။ အဆင့်အတန်းရှိ ကြံအင်လက္ခဏာနှင့်ပြည့်စုံသော မျိုးစေ့ကို အသုံးပြုပါလို့ တိုက်တွန်းလိုပါသည်။

    မျိုးစေ့ထုတ်စိုက်ပျိုးမည့် စိုက်ခင်းများအတွက် ပြောလိုပါသည်။ အသုံးပြုမည့်လယ်ကွက် ရွေးချယ်မှု မှန်ကန်စေလိုသည်။ လွယ်လွယ်ကူကူ သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်သော လယ်မြေဖြစ်ရမည်။ မြေဆီသြဇာကောင်းမွန်ပြီး မိုးရေဖြင့် မလုံလောက်ပါက သွင်းရေအလွယ်တကူ ဖြည့်ဆည်းပေးနိုင်သော လယ်မြေဖြစ်သင့်သည်။ လယ်ကွက်အတွင်းရှိရေကို ကောင်းစွာထိန်းသိမ်းနိုင်ရန် အမြင့်၊ အကျယ် ခိုင်ခံ့စွာ စနစ်တကျပြုလုပ်ထားသော ကန်သင်းများရှိရမည်။ လယ်ကွက်၏ မြေမျက်နှာပြင်သည် ညီညာနေရပါမည်။

    မိုးရေကိုသာ အားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းသင့်သည်။ အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ ၄င်းမှာ ယာသီးနှံ (နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်မျိုးစေ့ချစိုက်ရန် ဖြစ်ပါသည်။ 

    သို့သော် ဤစနစ်ဖြင့်  စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင်များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့် ရရှိထားသဖြင့်- (၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန်လိုသည်။ (၂) လယ်ကန်သင်းများ ကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာသောမိုးရေကို စုဆောင်းသိုလှောင်ထားသင့်ပါသည်။

    မိုးရေသေချာသောဒေသနှင့် ဆည်ရေသောက်ဒေသတို့တွင် အစိုတမန်းပြင် တိုက်ရိုက် မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ စိုက်ခင်းတမန်းကောင်းအောင် ပြုပြင်ရန်လိုသည်။  တမန်းမျက်နှာပြင် ညီညာအောင် ကြမ်းရိုက် မြေညှိရန်လိုသည်။  ရေပြောင်စင်အောင်ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရန်လိုပါသည်။ 

    တမန်းပြင်ပေါ်သို့ မျိုးစေ့ချရာတွင် ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ် ရရှိသော စာပါးစပ်ပြူမျိုးစေ့များကို အသုံးပြုရန်ဖြစ်သည်။ ကြဲပက်စနစ်ဖြစ်ပါက ကြဲပက်စိုက်ပျိုးနိုင် သည်။ သို့မဟုတ် အစိုတမန်းပြင်တွင် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ မျိုးစေ့ချကရိယာဖြင့်ဖြစ်စေ၊ ကြိုးတန်းဆွဲ လက်ဖြူးချ၍ဖြစ်စေ၊ လက်စုချ၍ဖြစ်စေ အတန်းလိုက်လည်း စိုက်ပျိုးနိုင်ပါသည်။

    စပါးကို မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာ အာဟာရမချို့ယွင်းစေရေး၊ ပိုးမွှားရောဂါမကျရောက်စေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် ဖြစ်ပါသည်။

နွေစပါးသီးနှံ

    မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ မိုးစပါးတောင် စိုက်နေလောက်ပြီ။ အလယ်ပိုင်း အချို့ဒေသများတွင် ဧပြီလဝန်းကျင်မှာမှ စပါးကိုစိုက်တော့ ဇူလိုင်မှာမှ အများစုက စပါးရိတ်ရသည်။ ရိတ်သိမ်းချွေလှေ့စက်ကြီးများနှင့် ရိတ်ချွေနိုင်ရေး ကြိုးစားစေလိုသည်။ အလေအလွင့်လျော့နည်းပြီး မြန်မြန်ဆန်ဆန်ပြီးကာ မိုးစပါးနောက်မကျစေရေးဖြစ်ပါသည်။

    နွေရာသီတွင် စပါးမျိုးသန့်အဆင့်-၂(Certified Seed) (ယခုအခေါ် အဝေါ်မှာ စီးပွားဖြစ်မျိုးသန့်) မျိုးစေ့ထုတ်စိုက်ခင်းများ၊ လယ်သမားကိုယ်တိုင် မိမိအစီအစဉ်ဖြင့် မျိုးသန့်မျိုးကောင်း(Good Seed)ထုတ်သည့်သူများအတွက် အကြံပြုလိုသည်။ မျိုးရောနှောမှုမဖြစ်စေရန် စနစ်တကျရိတ်သိမ်းပြီး သီးသန့်ချွေလှေ့နေလှမ်းကာ သိုလှောင်သိမ်းဆည်းပါလို့ ပြောလိုပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်