မြေပဲကို အစာကျွေးနည်း အကျဉ်းချုပ်

Photo - မြေပဲ

မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် မြေပဲကို အောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်ခြင်း မပြုနိုင်ခြင်းကြောင့် မြေပဲ စျေးကြီးခြင်း၊ မြေပဲစျေး အဆမတန် မြှင့်တက်နေခြင်း ဖြစ်သည်။ အကယ်၍ အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်ပါက စိုက်ပျိုးသူများ အတွက်သာမက စားသုံးသူများ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။

မြေပဲပင်မှ အခြား သီးနှံများ၊ အခြား ဆီထွက် သီးနှံများ၊ အခြား ပဲများနှင့် ယေဘူယျ တူညီသော လက္ခဏာများ ရှိသော်လည်း ယင်း၌ ထူးခြားသော သီးသန့် လက္ခဏာများလဲ ရှိနေပါသည်။ စိုက်ပျိုးသူများ အနေနှင့် ထိုလက္ခဏာများကို သဘောပေါက်ပြီး ဖြည့်ဆည်းပေးနိုင်ပါက အကျိုးကျေးဇူးကို ကြီးမားစွာ ခံစား ရရှိုနိင်ပါသည်။

မြေပဲပင် အထွက်နှုန်း အကောင်းဆုံး ရရှိရန် စိုက်ပျိုးမြေကို ပြုပြင်ရန် လိုအပ်သည်။ စိုက်ပျိုးမြေသည် သက်ဝင် လှုပ်ရှားသည့် သက်ရှိမြေ ဖြစ်ရန် မြေဆီလွှာ အတွင်း သြဂဲနစ် ပစ္စည်းများ အလုံအလောက် ရှိရန် လိုအပ်သည်။ သြဂဲနစ် ပစ္စည်း ဆိုသည်မှာ သက်ရှိများ ဖြစ်သော အပင်နှင့် တိရစ္ဆာန်တို့၏ အညစ်အကြေးနှင့် ရုပ်ကြွင်းတို့ ဖြစ်သည်။ ထိုပစ္စည်းများကို တတ်နိုင်လျှင် တိုက်ရိုက် အသုံးပြုခြင်းထက် သစ်ဆွေးမြေ ပြုလုပ်ပြီးမှ အသုံးပြုသင့်သည်။ ထိုသစ်ဆွေးမြေမှာ စိုက်ပျိုးမြေ၏ အသက် ဖြစ်သည်။ အကယ်၍ မြေဆီလွှာ တစ်ခုသည် သြဂဲနစ် ပစ္စည်းများ ရှိနေမှသာ သက်ရှိများ ဖြစ်သော မှို၊ ဘက်တီးရီးယား၊ ရေညှိ၊ အင်းဆက်ပိုးများ၊ တီကောင်များ အသက်ရှင် နေနိုင်မည် ဖြစ်သည်။ ထိုသက်ရှိများ ရှင်သန်နိုင်ရေးမှာ မြေဆီလွှာအတွင်း သြဂဲနစ် ပစ္စည်းများ မရှိမဖြစ် ရှိနေရန် လိုအပ်သည်။ ပမာဏများစွာ လိုအပ်သည်။ တစ်ဧက စိုက်ခင်းအတွက် သစ်ဆွေးမြေ ပိဿချိန် ထောင် ချီ၍ လိုအပ်သည်။ သစ်ဆွေးမြေ နေရာတွင် မည်သည့် ဓာတ်မြေသြဇာနှင့်မျှ အစားထိုး မရနိုင်သည်ကို ခိုင်ခိုင်မာမာ ယုံကြည်ထားရန် လိုအပ်သည်။ သစ်ဆွေးမြေသည် စိုက်ပျိုးမြေ၏ ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း ဂုဏ်အဂါင်္ အားလုံးကို ကောင်းမွန်စေသည်။ သစ်ဆွေးမြေများ ရှိခြင်းကြောင့် အသုံးပြုသော ဓာတ်မြေသြဇာများ လေလွင့်ခြင်းမှ ကာကွယ်ပြီး ထိုဓာတ်မြေသြဇာများ၏ အာနိသင်ကို ပိုမို ထိရောက်မှု ရှိစေသည်။ မြေပဲ စိုက်ပျိုးရာတွင် သစ်ဆွေးမြေကို အဓိက မြေသြဇာအဖြစ် အသုံးပြုပြီး ဓာတ်မြေသြဇာများ၊ အရွက်ဖြန်းမြေသြဇာများ နှင့် ဇီဝမြေသြဇာများကိုလည်း ပူးတွဲ အသုံးပြုနိုင်ပါက အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။

ဓာတ်မြေသြဇာများကို အသုံးပြုရာတွင် ဝယ်ယူပြီး မြေသို့ ထည့်ပေးရုံဖြင့် တာဝန် ကျေပြီဟု မမှတ်ယူသင့်ပေ။ မြေပဲပင်၏ ကြီးထွားမှု အလိုက် မြေသြဇာ အမျိုးအစားနှင့် အသုံးပြုသော မြေသြဇာ ပမာဏ မှန်ကန်ရန် အရေးကြီးသည်။

ကြီးထွားမှု အဆင့်(၁)။ ဤအဆင့်မှာ မြေပဲစေ့ အညှောင့်ပေါက်ချိန်မှ ပင်ပိုင်း ကြီးထွားမှု တန့်လာပြီး၊ ပန်းဖူးများ စတင် ဖြစ်ပေါ်ချိန်အထိ ဖြစ်သည်။ ယနေ့ စျေးကွက်တွင် မြင်တွေ့နေရသော ယူရီးယား၊ တီစူပါ၊ ပိုတက် မြေသြဇာများအပြင် ကွန်ပေါင်း မြေသြဇာများကိုလည်း မြေခံအဖြစ် အသုံးပြုနိုင်သည်။ ယူရီးယားကို တစ်ဧက ပေါင် ၅၀(၁၄ပိဿ) မှ ပေါင် ၇၀(၂၀ပိဿ)ထိ အသုံးပြုနိုင်သည်။ တီစူပါကိုလည်း တစ်ဧကအတွက် ပေါင်၃၀ (၉ပိဿ)ခန့် အသုံးပြုနိုင်သည်။ ပိုတက်မြေသြဇာကိုက တစ်ဧကလျှင် ပေါင် ၆၀ (၁၇ပိဿ)ခန့် အသုံးပြုနိုင်သည်။ အကယ်၍ ကွန်ပေါင်း မြေသြဇာကို မြေခံ အသုံးပြုမည် ဆိုပါက ၁၅:၁၅:၁၅ (၁၅ ပတ်လည်) မြေသြဇာကို တစ်ဧက ပေါင် ၁၁၀ ( ၃၁ ပိဿ) အသုံးပြုနိုင်သည်။

မြေပဲစေ့များ အညှောင့်ပေါက်ပြီး အစေ့အတွင်း ပါလာသော အစာများ မကုန်မီနှင့် မြေမှ အစာများ လုံလောက်စွာ မရရှိနိုင်သေးချိန် ကာလတိုတွင်း စိုက်ပျိုးသူ အနေနှင့် အလေးထား ကျွေးရန် လိုအပ်သော မြေသြဇာကိုကား အစပျိုး မြေသြဇာ(starter fertilizer) ဟု ခေါ်သည်။ ဤမြေသြဇာကို အဓိကအားဖြင့် အာနိသင်ပြမြန်သော အရွက်ဖျန်း မြေသြဇာအဖြစ် အသုံးများသည်။ နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ်(စ်) (P) နှင့် ပိုတက် (K) အားလုံး ပါဝင်သော်လည်း အဓိကမှာ ရေပျော် ဖော့စဖောရပ်(စ်) သို့ ဖော့စဖိတ် ဖြစ်သည်။ ရေမပျော်သော အပင်များ လွယ်ကူစွာ စုပ်ယူ မစားနိုင်သော ဖော့စဖိတ် မြေသြဇာမျိုးကို ရှောင်ပြီး ရေပျော်ပြီး ချက်ချင်း စားသုံးနိုင်သော ဖော့ဖဖိတ်များကို အလေးထား အသုံးပြုရန် လိုအပ်သည်။

ကြီးထွားမှု အဆင့်(၂)။ ဤအပိုင်းမှာ ပင်ပိုင်းကြီးထွားမှု တန့်ပြီး၊ လိင်ပိုင်း ကြီးထွားမှု အတွက် သန္ဓေတည်ချိန် ဖြစ်သည်။ အဖူးချိန်မှ ပန်းပွင့်ပြီး ဝတ်မှုံကူး သန္ဓေအောင်သည့်အထိ ဖြစ်သည်။ ဤအဆင့်တွင် အလေးထား ကျွေးရမည့် မြေသြဇာများတွင် အင်ပီကေ (NPK) အားလုံး ပါဝင်သော်လည်း အဓိကမှာ ဖော့စဖိတ် ဖြစ်သည်။ ယောကျ်ားလေးများ၊ မိန်းခလေးများ အပျိုဖော်ဝင်စချိန်တွင် အသံ၊ ကိုယ်ခန္ဓာနှင့် စိတ်ထားများ ပြောင်းလဲ သကဲ့သို့ အပင်များလည်း လိင်သန္ဓေတည်စမှ စ၍ ပြောင်းလဲမှုများ ရှိသည်။ ထိုပြောင်းလဲလာသော အခြေအနေနှင့် ကိုက်ညီသော မြေသြဇာ အမျိုးအစားနှင့် ပမာဏကို သတိထား ကျွေးရန် လိုအပ်သည်။ ဤအခြေအနေမျိုးကို ပန်းပွင့် လှံုဆော်သော (Bloom Booster Fertilizer)ဟု ခေါ်သည်။ အာနိသင်ပြမြန်သော အရွက်ဖျန်း မြေသြဇာများကို အနည်းဆုံး (၂) ကြိမ် (၃)ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။

ကြီးထွားမှု အဆင့်(၃)။ ဤအဆင့်မှာ သန္ဓေအောင်ပြီး အစေ့များ စတင် ဖြစ်ပေါ်ချိန်မှ ရိတ်သိမ်း ခါနီး အချိန်ထိ ဖြစ်သည်။ အရွက်မှ ချက်လုပ်သော အစာများ၊ အစေ့များ ဆီသို့ ရွှေ့ပြောင်း သိုလှောင်သော အဆင့် ဖြစ်သည်။ ဤအဆင့်ကို အစာဖြည့်ကာလ (fill period)ဟုလည်း ခေါ်သည်။ အစာပြုလုပ်သော အရွက်များကို source ဟုခေါ်ပြီး အစာသိုလှောင်သော အစေ့ကိုကား (sink) ဟုခေါ်သည်။ ဤနေရာတွင် အရွက်နှင့် အစေ့အကြား ဆက်နွယ်မှု မှန်ကန်ရန် လိုအပ်သည်။ အရွက်မှ အစာများ အစေ့များဆီသို့ ရွှေ့ပြောင်းရာတွင် ပိုတက်စီယမ် (K)များ အရေးကြီးဆုံး ဖြစ်သည်။ ရေပျော်လွယ်ပြီး အရွက်ဖြန်း မြေသြဇာအဖြစ် အသုံးပြုနိုင်သော ပိုတက် ဓာတ်မြေသြဇာမှာ ပိုတက်စီယမ် နိုက်ထရိတ် (၁၃:၀:၄၆) ဖြစ်သည်။ ပိုတက်စီယမ် မြေသြဇာ တမျိုးဖြစ်သော မြူးရီးယိတ်အော့ ပိုတက် KCL( ၀:၀:၆၂) ကို အသုံးမပြုသင့်ပေ။ ဤမြေသြဇာတွင် ပါလာသော ကလိုရင်းမှာ မြေပဲပင်အား အဆိပ်သင့်နိုင်သော အတိုင်းအတာ အထိ များနေခြင်းကြောင့် ဖြစ်သည်။

နိုးဆွပစ္စည်းများ။​မြန်မာ့ စိုက်ပျိုးရေး စျေးကွက်တွင် လစ်တိုဇင်၊ အက်တောနစ် ပစ္စည်း စသည့် နှိုးဆွ ပစ္စည်းများ ရှိနေသည်။ ၎င်းတို့ကို အသုံးပြုခြင်းဖြင့် သီးနှံ အရည်အသွေးနှင့် အထွက်နှုန်းကို တိုးစေသည်။ ယခု ကာလ ကြုံတွေ့နေရသော ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကိုလည်း သက်သာစေနိုင်မည် ဖြစ်သည်။

ဟော်မုန်းများ။မြေပဲ အထွက်တိုးရန် ဂျစ်ဘရယ်လစ် ဟော်မုန်းကို အသုံးပြုနိုင်သည်။ အပင်၏ သက်တမ်းတွင် ဒုတိယ အဆင့်ဖြစ်သော လိင်ပိုင်း စတင် ကြီးထွားသည့် ကာလတွင် အသုံးပြုနိုင်သည်။ ဖိစီးဟော်မုန်းတစ်မျိုး အဖြစ် ပေါ်ပေါက်လာသော ဘရာစီနိုလိုက် (Brassinoldie) ဟော်မုန်းမှာလည်း အထူး ကောင်းမွန်သော ဟော်မုန်း ဖြစ်သည်။

သစ်စိမ်းစစ်ရည်(Vegetal Extract)။ ယနေ့ ကမ္ဘာ့ စိုက်ပျိုးရေးတွင် ဓာတု ပစ္စည်းများကို အလေးထား အသုံးပြုနေရသော်လည်း ဇီဝ ပစ္စည်းများဆီသို့ ဦးတည် ရွှေ့လျားနေသည်။ အဆင့်မြင့် ဇီဝ ပစ္စည်းများကို မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် လက်လှမ်းမမီနိုင်သော်လည်း ရုက္ခသယံဇာတ ကြွယ်ဝသော မြန်မာပြည်တွင် အပင် အမျိုးမျိုးမှ သစ်စိမ်းစစ်ရည်များ ပြုလုပ် အသုံးပြုနိုင်သည်။ အထူးသဖြင့် ဗီးစပ် သစ်စိမ်းစစ်ရည်၊ ကုက္ကိုလ်သီးမှည့် စစ်ရည်များကို အသုံးပြုလျက် ရှိသည်။ ဤစစ်ရည်များတွင် သဘာဝ အမ်ပီကေ (NPK) များသာမက အခြား အာဟာရဓာတ်အားလုံး ပါဝင်သည်။ အပင်များကို အာဟာရ ထောက်ပံ့ရုံမက ပိုးမွှား ရောဂါ ကာကွယ်ရန် အတွက်ပါ အလွန် ကောင်းသည်။

မြေပဲနှင့် ကယ်စီယမ်။ မြေပဲပင်၏ အာဟာရ စားသုံးမှုတွင် အခြားးသော သီးနှံများနှင့်တူသော အချက်များ ရှိသကဲ့သို့ ထူးခြားသော လက္ခဏာ တစ်ရပ်လည်း ရှိနေပါသည်။ ယင်းမှာ မြေပဲပင်များ၌ ကယ်စီယမ် ခေါ် ထုံး ဓာတ် စားသုံးမှုမှာ အခြား အပင်များထက် ပိုများ နေခြင်း ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုံးကို အထူးသဖြင့် မြေချဉ်များ၏ အချဉ်ဓာတ် လျော့ချရန် အသုံးပြုသည်။ ထုံး ဆိုရာ၌ စိုက်ပျိုးရေး လောကတွင် အသုံးပြုသော ထုံးမှာ စျေးသက်သာသော ထုံးကျောက်(CaCO3) ဖြစ်သည်။ ထုံးကျောက်ကို အမှုန့် ပြုလုပ်ပြီး စိုက်ပျိုးမြေတွင် ထည့်ပေးခြင်း ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး စျေးကွက်တွင် ထိုထုံးများ ရှာမရသောအခါ အချို့က စျေးကြီးသော ထုံးများဖြင့် အစားထိုး အသုံးပြုကြသည်။ တိုက်တာ အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုသော ထုံးမှာ မဖောက်ထုံး (CaO) ဖြစ်သည်။ နောက်ဆုံး တစ်မျိုးကား ကွမ်းစားထုံး အဖြစ် အသုံးများသော Ca (OH)2 ဖြစ်သည်။ ထိုထုံးများမှာ မြေပဲပင် အာဟာရ စားသုံးရန် အတွက် အသုံးပြုမှုနည်းပြီး မြေချဉ်များကို အချဉ်ဓာတ် လျော့စေရန်သာ အသုံးပြု သင့်သည်။ သဘာဝအတိုင်း အချဉ်ဓာတ် မရှိသော မြေငံမျိုးတွင်ကား လုံးဝ အသုံးမပြုသင့်ပေ။

ဂျစ်ပဆန်(CaSO4)။ ဤထုံးမျိုးမှာ မြေပဲ ကဲ့သို့ ကယ်စီယမ် လိုအပ်သော အပင်မျိုးအတွက် အသုံးပြုကြသည်။ မြန်မာ့ စိုက်ပျိုးသူများ မြေပဲ စိုက်ပျိုးရေး၌ အသုံးပြုရန် ကြေငြာများ ရှိလေသည်။

ရေပျော် ကယ်စီယမ်များ။ မြေပဲပင်သည် ကယ်စီယမ် အမြောက်အမြား စားသုံးသည်။ ရိတ်သိမ်းချိန်တွင် အပင်က စားသုံးထားသော ကယ်စီယမ် ၂၀ ရာခိုင်နှုန်းကို အစေ့တွင်းတွင် တွေ့ရှိရသည်။ အစေ့ဖြစ်ပေါ်ချိန်တွင် အရွက်မှ ကယ်စီယမ်များ မြေမှ စုပ်ယူရာ၊ အမြစ်မှ ကယ်စီယမ်များ အစေ့တွင်းသို့ ရောက်ရှိလာသည်။ တတိယ လမ်းကြောင်းမှာကား မြေဆီလွှာအတွင်းမှ ကယ်စီယမ်များ သီးခွံ့ကို ဖြတ်ပြီး အစေ့တွင်းသို့ တိုက်ရိုက် ရောက်ရှိခြင်းပင် ဖြစ်သည်။ အစေ့ ဖြစ်ပေါ်သော ရက်ကာလတိုတွင်း ကယ်စီယမ်များ အရှိန်အဟုန်ဖြင့် အစေ့တွင်းသို့ ရောက်ရှိရန်မှာ အာနိသင်ပြ မြန်သော ကယ်စီယမ်များကို ရွက်ဖြန်း မြေသြဇာ အဖြစ် အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်သည်။

ရေပျော် ကယ်စီယမ် မြေသြဇာများ ကယ်စီယမ် နိိုက်ထရိတ် Calcium Nitrate (CaNO3) ဖြစ်သည်။

သတိပြုရန် အချက်များ။ အရွက်ဖျန်း မြေသြဇာများ အသုံးပြုလျှင် ဆေးရည်၏ ပြင်းအားကို ယေဘူယျအားဖြင့် ၀.၅ ရာနှုန်း သုံးလေ့ ရှိသည်။ ရေတစ်လီတာတွင် မြေသြဇာ ၅.၈ ဂရမ် (ငါးပဲသား) အသုံးပြုခြင်း ဖြစ်သည်။ ရေဂါလန် ၅၀ တွင် ဓာတ်မြေသြဇာ တစ်ကီလို အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။

အခြား လိုအပ်ချက်များ ရှိပါက ဆက်လက် လေ့လာရန် လိုအပ်သည်။ ထုံးမှာ ရေမပျော်သည့်အခါ မြေထဲတွင် ကြာရှည်စွာ ရှိနေနိုင်သော်လည်း ရေပျော်ပြီး သောအခါ လျင်မြန်စွာ ပျောက်ဆုံး လွယ်သည်။ ထို့ကြောင့် ရေပျော် ထုံးများကို အသုံးပြုရခြင်း ဖြစ်သည်။ အောင်မြင်သော မြေပဲ စိုက်ပျိုးရေးကို လုပ်ဆောင်နိုင်ရန်မှာ မြေပဲပင်များ၏ အာဟာရ စားသုံးခြင်း၊ ပိုးမွှား ရောဂါ ကာကွယ်ခြင်း အပြင်၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော ပံ့ပိုးမှု ပြုလုပ်ပေးရန် လိုအပ်သည်။ ဤကဲ့သို့ လုပ်ဆောင်နိင်ရန်မှာ ပညာရေး လောကတွင် နာမည် ပျက်နေသော ဒါကျက်၊ ဒါဖြေ အဖြစ်မျိုးကို ရှောင်ပြီး ကျယ်ပြန့်သော လေ့လာမှုကို ပြုလုပ်ရန် လိုပါလိမ့်မည်။

ဦးဖရက်သိန်းဖေ

မှတ်ချက်။ ယခု ဖော်ပြပါ ဆောင်းပါးသည် မြေပဲ အစာကျွေးခြင်းနှင့် ပတ်သတ်ပြီး အကျဉ်းချုပ် ရေးသားထားခြင်း ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက ဆရာ ဦးဖရက်သိန်းဖေ၏ မြေပဲ အစာကျွေးနည်း စာအုပ်တွင် ဆက်လက် လေ့လာနိုင်ပါသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)