ရေနက်ကွင်းစပါးစိုက်ပျိုးတာဟာ အထွက်နှုန်းနည်းပါးပြီး ဝင်ငွေနည်းတဲ့အတွက် လယ်ယာမြေများကို ငါးမွေးမြူရေး အတွက် လယ်ယာမြေပြောင်းလဲလုပ်ကိုင်ချင်နေတဲ့ ဖျာပုံမြို့က တောင်သူတွေရဲ့ အခြေအနေကို သွားရောက် မေးမြန်း ထားတဲ့ အင်တာဗျူး အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဤအစီအစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။
ဇင်ဝိုင်း (တင်ဆက်သူ)။ ။ ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ စပါးကို ကုန်းမြင့်ဒေသတွေ ဖြစ်တဲ့ ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာရော၊ မြေနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာပါ နိုင်ငံရဲ့ ဘယ်နေရာမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ရေလွှမ်းမိုးမှုနဲ့ ဆားငန်ရေ ဝင်ရောက်မှုရှိတဲ့ နေရာတွေမှာတော့ ဆားငန်ရေဒဏ်ခံနိုင်တဲ့ စပါးမျိုးတွေကို စိုက်ပျိုး ကြရပါတယ်။ ဒါ့ပေမယ့် လယ် သမားတွေအနေနဲ့ ရေနက်ကွင်းစပါးစိုက်ပျိုးတာဟာ အထွက်နှုန်းနည်းပါးပြီး၊ ဝင်ငွေနည်းလည်း နည်းပါးတဲ့အတွက် ၎င်းတို့ရဲ့ လယ်ယာမြေများကို ငါးမွေးမြူရေးအတွက် ပြောင်းလဲအသုံးပြုချင်နေကြကြောင်း ဖျာပုံမြို့က တောင်သူတွေ ရဲ့ အခြေအနေတွေကို မြန်မာ့အသံရဲ့ အကြီးတန်းအယ်ဒီတာ နွဲ့နွဲ့ခိုင် ကိုယ်တိုင်သွားရောက် မေးမြန်းခဲ့ပြီး အခုလို စုစည်းတင်ပြ ပေးထားပါတယ်။
နွဲ့နွဲ့ခိုင်။ ။ ရေနက်ကွင်းစပါးဆိုတာ ရေအနက် (၅၀) စင်တီမီတာ ဒါမှမဟုတ် (၂၀) လက်မကျော် ရေလွှမ်းနေတဲ့ လယ်မြေတွေမှာ စိုက်ပျိုးလို့ရတဲ့ စပါးမျိုး တစ်မျိုးဖြစ်ပါတယ်။ ရေနက်ကွင်းစပါးကို စိုက်ပျိုးနေရတဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသက လယ်သမားတွေဟာ စပါးအရည်အသွေးနဲ့ ထွက်နှုန်း နည်းပါတာကြောင့် ၎င်းတို့ရဲ့ လယ်မြေတွေ ကို ငါးမွေးမြူရေးကန်များအဖြစ် ပြောင်းလဲချင်ကြပါတယ်။
မွေးမြူရေးငါးတွေရဲ့ စျေးကွက်ရဲ့ တောင်းဆိုမှုတွေ မြင့်တတ်လာတဲ့အတွက် စပါးစိုက်ပျိုးရာမှ ငါးမွေးမြူရေးကို ပြောင်း လဲလုပ်ကိုင်ပါက လယ်သမားများရဲ့ ဝင်ငွေလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လယ်သမားတွေဟာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိထားရင်တောင်မှ မြေယာအသုံးချမှု ပြောင်းလဲတာကို အစိုးရ ရဲ့ခွင့်ပြုချက်မရှိဘဲ လုပ်လို့မရပါဘူး။
ဒါပေမယ့် ဖျာပုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မန်နေဂျာ ဦးမောင်မောင်သွင် ရှင်းပြတာက လယ်ယာလုပ်ပိုင် ခွင့် ပုံစံ (၇) ရှိတဲ့ တောင်သူတွေဟာ ၎င်းတို့ရဲ့ လယ်ယာတွေမှာ စိုက်ပျိုးရေးသာ လုပ်ရမှာဖြစ်ပြီး၊ မိသားစု စားသုံးဖို့အတွက် လယ်ထဲမှာ ငါးမွေးကန်အသေးစားမျိုးကိုတော့ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ စီးပွားဖြစ် ငါးမွေးမယ်ဆိုရင်တော့ လယ်ယာမြေကို ပြောင်းလဲပြစ်လို့ မရပါဘူး။ မိမိရဲ့ လယ်ယာမြေဟာ စိုက်ပျိုးရေးလုပ်လို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိနေတယ်ဆိုရင်တော့ လယ်ယာမြေအသုံးချမှုကို ပြောင်းလဲဖို့ အကြံပြုတယ် လို့ ဆိုပါတယ်။
ဦးမောင်မောင်လွင် (မန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန)။ ။ အဓိကက လယ်ယာမြေလုပ်ပိုင်ခွင့်ပေးတာ လယ်ယာစိုက် ပျိုးဖို့အတွက်ပေါ့။ အဲ့ဒီထဲကမှ တောင်သူက တစ်ပိုင်တစ်နိုင်လည်းဖြစ်မယ့် ရေမြေအနေအထားကလည်း စိုက်ရ ပျိုးရခက်တဲ့နေရာမှာဆိုရင်တော့ တစ်ပိုင်တစ်နိုင်တွေပေးတာရှိပါတယ်။ လယ်ယာမြေလုပ်ခွင့်အတွက်ဘဲ ပုံစံ(၇) အတွက်ပဲ ပေးတာပါ။ လယ်ယာမြေစီမံခန့်ခွဲရေးဆိုတာပါပေမယ့်လို့ အဓိကကတော့ မြေစာရင်းနဲ့ ထွေ/အုပ်ကဘဲ စီမံ ခန့်ခွဲမှုလုပ်တာပါ။ တစ်ချို့တစ်နေရာတွေ ရှိပါတယ်၊ မွေးမြူရေးလုပ်ငန်း လုပ်ချင်တယ်၊ လျောက်ကြတယ်။ အခုလည်း လျောက်တဲ့သူတွေ ရှိပါတယ်။ တကယ်လို့ သီးနှံစိုက်ပျိုးဖို့ အခြေအနေမပေးဘူးဆိုရင် ကျနော်တို့ဖက်က ဌာနတာဝန် အနေနဲ့ သီးနှံစိုက်ပျိုးတဲ့နေရာမှာ အောင်မြင်ရန်ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ မွေးမြူရေးနဲ့ပတ်သက်ပြီးတော့ ဆောင် ရွက်ခွင့်ပြုသင့်ပါတယ်လို့ ကျနော်တို့ထောက်ခံပေးတာတွေ ရှိပါတယ်။ လိုအပ်လို့ ဆက်သွယ်လာရင်တော့ ကျနော်တို့ လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ သီးနှံစိုက်ပျိုးတာ ခက်ခဲလို့ ထောက်ခံပေးခဲ့ဖူးတဲ့မြေတွေ ရှိပါတယ်။ ပြောင်း လုပ်ချင်ရင် လရ (၃၀) ပြောင်း လျောက်ရမယ်။ အမှန်တကယ် ခက်ခဲတဲ့နေရာတွေဆိုရင် ဌာနက ထောက်ခံ ပေးတယ်။ သီးနှံစိုက်ပျိုးရန် အမှန်ခက်ခဲလို့ဆိုပြီးတော့ ထောက်ခံပေးခဲ့တာတွေ ရှိပါတယ်။ လိုအပ်လို့ ဆက်သွယ် လာရင် ဌာနကလုပ်ပေးတယ်။ အခုအချိန် အထိ တော့မဆက်သွယ်သေးပါဘူး။
နွဲ့နွဲ့ခိုင်။ ။ လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုဖို့ နောက်ဆုံး ဆုံးဖြတ်ပေးသောဌာနက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန ဖြစ်ပါတယ်။ ထိုဌာနရဲ့ ဖျာပုံမြို့နယ် ဒုတိယဦးစီးမှု ဦးစိုးမိုး အောင် ပြောပြချက်အရ လယ်ယာမြေကို ပြောင်းလဲအသုံးပြုချင်တဲ့ လယ်သမားတွေဟာ ၎င်းတို့ဌာနကို ပုံစံ (၃၀) ဖြင့် တင်ပြရမည်ဟု ဆိုပါ တယ်။
ဦးစိုးမိုးအောင် (ဒုတိယဦးစီးမှူး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန)။ ။ လယ်ယာမြေ စီမံခန့် ခွဲရေးနဲ့ မြေစာရင်းဦးစီးဌာနက တိုက်ရိုက်အမိန့်ထုတ်ပေးတာမဟုတ်ဖူး။ ငါးမွေးတယ်ဆိုရင် ပုံစံ (၇) လည်းကြထား တယ်၊ လယ်မြေကို လရ (၃၀) ပြောင်းမလျောက်ဘဲနဲ့ အခြားနည်းနဲ့ အသုံးပြုမယ်၊ ငါးကန်တို့ဘာတို့အဖြစ် အသုံး ပြုမယ်ဆိုရင်တော့ စည်းကမ်းပျက်လယ်အဖြစ် တားမြစ်ရမယ်။ ခြင်းနဲ့ အရေးယူမှု အပိုင်းတွေလည်း ရှိရင် ရှိလာမယ်။ တကယ်လို့ သူက ငါးကန်းအဖြစ် စက်ရုံအဖြစ်လျှောက်ထားလို့ ပြောင်းလဲလုပ်ကိုင်ခွင့် ကျပြီးမှ လုပ်မယ်ဆိုရင် တရား ဝင်ပါတယ်၊ အရေးယူပိုင်ခွင့် မရှိဘူး။
နွဲ့နွဲ့ခိုင်။ ။မကြာသေးခင်အချိန်ကစပြီး စပါးအထွက်နှုန်းမကောင်းတဲ့ အတွက်ကြောင့် တောင်သူတွေအနေနဲ့ လယ်မြေ ပေါ်မှာ ဝင်ငွေပိုမိုရရှိနိုင်မယ့် အခြားသီးနှံကို စိုက်ပျိုးတာပဲဖြစ်စေ၊ ငါးမွေးမြူတာပဲဖြစ်စေ လုပ်ဆောင်လာတဲ့ အပေါ် စိုက်ပျိုးမွေးမြူရေးဌာနအနေနဲ့ အားပေးမှုရှိလာတာ တွေ့ရပါတယ်။ ဒါပေမယ့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာနကို ဆက်သွယ်ပြီး လယ်ယာမြေကို အခြားမြေအဖြစ်အသုံးချဖို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် သွားဖို့ လိုတယ်လို့ ဖျာပုံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောတယ်။
ဦးဝင်းကြိုင် (ခရိုင်ဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန) ။ ။ မြေစာရင်းခွင့်ပြုမိန့် ရပြီဆိုရင် မြေစာရင်းကခွင့်ပြုတဲ့ ပုံစံ (၁၀၅) လိုတယ်၊ သူတို့ရလျှောက်လွှာလိုတယ်၊ အိမ်ထောင်စုစာရင်း လိုပါတယ်။ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေ ပါရမယ်။ ဒါတွေ ပြည့်စုံပြီဆိုရင်တော့ ငါးလုပ်ငန်းဦးစီးဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ နောက်တစ်ခုက မွေးမြူရေးနည်းစနစ်နဲ့ အသိပညာတွေကို သင်တန်းပေးပါတယ်။ တစ်ဧကမှာ ငါးသားပေါက် ကောင်ရေ ဘယ်လောက် ထည့်ရတယ်၊ ငါးနေနိုင်တဲ့ ရေရဲ့အခြေအနေ၊ အစာကျွေးချိန်တို့ကအစ နည်းပညာပေး ပါတယ်။ ဖျာပုံမှာလည်း ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းရှိပါတယ်။ အဲ့ဒီသင်တန်းကျောင်း ကလည်း အခါအားလျှော်စွာ မွေးမြူ ရေးနဲ့ပတ်သက်တဲ့ ပညာတွေ ပေးပါတယ်။
နွဲ့နွဲ့ခိုင်။ ။ ခွင့်ပြုချက်ရရှိပြီဆိုရင်တော့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ယာယီလိုင်စင်ထုတ်ပေးထားမှာ ဖြစ်ပြီးတော့ အမြဲတမ်းလိုင်စင် ရရှိဖို့အတွက်ကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးဟာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးဖြစ်သလို လယ်ယာကဏ္ဍပြီးလျင် သားငါးကဏ္ဍဟာဆိုရင် ဒုတိယ အရေးပါဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ စီးပွားရေးအခွင့်အလမ်းတွေကို ဖော်ဆောင်နိုင်ဖို့အတွက်ဆိုရင်တော့ ငါးမွေးမြူရေးဟာ ဒေသရဲ့ ဒုတိယအကောင်းဆုံး လုပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ရေနက်ကွင်းစပါး စိုက်ပျိုးတဲ့ လယ်သမားတွေ အနေနဲ့ ငါးမွေးမြူရေးကို တစ်နိုင်တစ်ပိုင် တွဲဖက်လုပ်ကိုင်လာနိုင်အောင် တွန်းအားပေး လုပ်ဆောင်နေတယ်လို့ ဖျာပုံခရိုင် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FDA) မှ ခရိုင်စာရင်းကိုင် ဦးအောင်နိုင်ထွန်းက အခုလိုပြောပြပါတယ်။
ဦးအောင်နိုင်ထွန်း (ခရိုင်စာရင်းကိုင်၊ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း)။ ။ လယ်သမားဆိုတာက ငါးနဲ့ ကင်းကွာလို့ မရဘူး၊ ကျနော်တို့ ငါးကန် တစ်ကန် တူးချင်တယ်၊ သီးခြားလယ်ယာမြေဥပဒေအရ တိတိကျကျပြဌာန်း ထားတာရှိ တယ်၊ ကျနော်တို့ကို အဲ့လယ်ယာမြေ ဥပဒေကရော ခွင့်ပြုရဲ့လား။ ငါးဦးစီးတွေဘက်ကရော ဘယ်လို ကန့်ကွက်မှုတွေ ရှိနိုင်လဲ၊ ဒါမှမဟုတ် နည်းပညာ ပံ့ပိုးမှုတွေ ရှိမှာလား။ သူတို့ဘက်က ပံ့ပိုးပေးနိုင်တာမရှိဘူးဆိုရင် FDA က တောင်သူ တွေကို လယ်ယာမြေဥပဒေနဲ့ပတ်သက်လို့ သိရအောင် ပြန့်ပွားအောင် လုပ်ပေးနိုင်တယ်၊ လုပ်ပေး ခဲ့ရတယ်။ နောက် တစ်ခါ ရေချိုငါးလုပ်ငန်းဥပဒေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ကျေးရွာတွေအထိ ရောက်အောင် ပံ့ပိုးပေးတယ်။ လယ်ယာသားငါးကဏ္ဍက ဒုတိယအရေးအပါဆုံးကဏ္ဍ ဖြစ်နေတဲ့အတွက် လယ်သမားတွေအနေနဲ့က တစ်ပိုင်တစ်နိုင် မွေးမြူရေးဘဲလုပ်လုပ် အကြီးစားမွေးမြူရေးဘဲလုပ်လုပ် မြေနေရာက အရမ်းစကားပြောတယ်။ မြေနေရာကို ပိုင်ဆိုင် တာက ဘယ်သူတွေလဲဆိုတော့ တောင်သူတွေဖြစ်တယ်။ အထူးသဖြင့် ဒေသမှာရှိတဲ့ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဖော်ဆောင်နိုင်ဖို့ ဒေသရဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ ငါးသယံဇာတဟာ ဧရာဝတီတိုင်းအတွက် အဓိကအကောင်းဆုံး လုပ်ကွက် ဖြစ်တယ်။ အဲ့ဒီအတွက် FDA သည် လယ်သမားတွေကို တစ်ပိုင်တစ်နိုင် ငါးမွေးမြူလာနိုင်အောင် အထူးသဖြင့် စပါးငါးကို လုပ်ဆောင်နိုင်လာအောင် တွန်းအားပေးတာ တွေရှိတယ်။
နွဲ့နွဲ့ခိုင်။ ။ စိုက်ပျိုးမွေးမြူးရေးကို လုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေဟာ ရင်းနှီးလုပ်ကိုင် စားသောက်နိုင် ဖို့အတွက် ငွေကြေးအရင်းအနှီး လိုအပ်ပါတယ်။ တောင်သူတွေလိုအပ်တဲ့ ငွေကြေးအရင်းအနှီးကို စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ထုတ်ပေးကြောင်းနဲ့ ထုတ်ယူတဲ့အခါမှာ ပါရှိရမယ့် စာရွက်စာတမ်းများ သတ်မှတ်ပုံစံများ လိုက်နာရ မယ့် စည်းကမ်းချက်တွေနဲ့ သတ်မှတ်အတိုးနှုန်းပုံစံအကြောင်းတွေကို ဖျာပုံမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်ခင်စောဝတီမြင့် အခုလို ရှင်းပြထားပါတယ် -
ဒေါ်ခင်စောဝတီမြင့် (မန်နေဂျာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)။ ။ ငွေးချေးမယ်ဆိုလို့ရှိရင် ပုံစံ (၇) ရှိတဲ့ လယ်သမား ကိုပဲ အဓိကငွေချေးပေးတယ်။ ဘဏ်မှာတော့ စည်းကမ်းသတ်မှတ်ချက်ကလေးတွေ ရှိတာပေါ့၊ လယ်ယာဘဏ်က နေပြီးတော့ သီးသန့်သတ်မှတ်ထား တာပေါ့ ဒါက နိုင်ငံတော်က တရားဝင်ချမှတ်ထားတဲ့ ဥပဒေပါ။ အိမ်ထောင်စုဇယား ပုံစံ (၆၆) မှာ အိမ်ထောင်စုဇယားရဲ့ အပေါ်ဆုံးမှာရှိတဲ့ အိမ်ထောင်ဦးစီး ဖြစ်ရမယ်။ ကျမတို့ဆီမှာ ငွေချေးချင်တယ် ဆိုရင် သက်ဆိုင်ရာကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့ကို အရင်ဆုံးလျောက်ရမယ်။
နွဲ့နွဲ့ခိုင်။ ။ ဆားငန်ရေဝင်ရောက်တဲ့ ဒေသတွေမှာ စပါးစိုက်ပိျုးမှုဟာ အောင်မြင်ဖြစ်ထွန်းမှုမရှိတဲ့အပြင် လယ်သမား မိသားစုတွေရဲ့ စားဝတ်နေရေးပါခက်ခဲပြီး၊ စိုက်ပျိုးစရိတ်ချေးငွေကိုပါ လယ်သမားတွေအနေနဲ့ အကျေမပေးဆပ်နိုင် တာတွေ ရှိနေတာကြောင့် လယ်သမားအများစုဟာ မိသားစုအတွက် အစာအာဟာရ အထောက်အပံ့လည်းရပြီး ဝင်ငွေအဆင်ပြေနိုင်တဲ့ ငါးမွေးမြူရေးကို ပြောင်းလဲလုပ်ကိုင်လိုကြ ပါတယ်။ ဖျာပုံမြို့ နယ်တွင် လယ်သမားများသည် ငါးလုပ်ငန်းဖွဲ့ဖြိုးတိုးတတ်ရေးအသင်းကို ထူထောင်ထားပြီ ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးဘဟိန်းနဲ့ တွေ့ဆုံတဲ့အခါ နောက်ပိုင်းထွက်ရှိလာမယ့် ရေချိုငါးလုပ်ငန်ဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ဆွေးနွေးအကြံပြုခဲ့ပြီး၊ ငါးနဲ့စပါးကို တွဲဖက်လုပ်ကိုင်ခြင်းဖြင့် တိုင်းပြည်ရဲ့ စိုက်ပျိုးရေး လုပ်ငန်းအပေါ် ထိခိုက်မှုမရှိနိုင်ဘဲ၊ လယ်ယာ သားငါးထုတ်ကုန်ကဏ္ဍအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိ ကြောင်း ဖျာပုံခရိုင် ငါးလုပ်ငန်းဖွံ့ဖြိုးရေး အသင်းရဲ့ ခရိုင်ဥက္ကဋ္ဌ ဦးစိုးဝင်းက အကြံပြု ဆွေးနွေးချက်တွေ တင်ပြခဲ့တယ် လို့ အခုလို ပြောပြပါတယ်။
ဦးစိုးဝင်း (ဥက္ကဌ၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေး အသင်း)။ ။ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးဘဟိန်းနဲ့သွားပြီး ဆွေးနွေးခဲ့တယ်။ သွားဆွေးနွေးပြီးတဲ့အပြင်ကို ကျနော်တို့ တိုင်းကွန်ရက်အနေနဲ့ အကြံပြုတဲ့ သဘောမျိုးနဲ့ နောက်ထွက်လာမယ့် ရေချိုငါးလုပ်ငန်းဥပဒေ အပေါ်မှာ ဘယ်လိုအချက်တွေ ပြုပြင်သင့်တယ်၊ ဘယ်လို အချက်တွေ ဖြည့်ဆည်းသင့်တယ် ဆိုတဲ့အပိုင်းတွေ ပါးစပ်နဲ့ရော စာနဲ့ရော ရေးပြီး အကြံပြုထားတာတွေရှိသလို၊ ငါးနဲ့စပါးကဲ့သို့ လုပ်ငန်းမျိုးကိုလည်း ကျနော်တို့အဖွဲ့က သိသလောက်ပုံကြမ်း ဆွဲပြီးတော့ ငါးစပါကို လုပ်မယ်ဆိုရင် လယ်သမားတစ်ယောက်ရဲ့ အကျိုးခံစားခွင့်ဟာ တစ်ဧကမှာ ဘယ်လောက်ရှိတယ်။ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေက ဘာတွေဖြစ်တယ်၊ တိုင်းကွန်ရက်အနေနဲ့ အကြံပြုချင်တာတွေကို ဝန်ကြီးကို ကျနော်ကိုယ်တိုင် အဖွဲ့ဝင်နှစ်ယောက်နဲ့ အတူ သွားပြီး အကြံပြုစာအိတ်လည်း တင်ထားပါတယ်။ ကျနော်တို့ ဖြစ်ချင် တာက ငါးစပါးဆိုတာက တိုင်းပြည်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း မထိခိုက်ဘူး၊ တစ်ဖက်ကလည်း ငါးကုန်ထုတ် လုပ်မှုကဏ္ဍပေါ်မှာ အများကြီးတိုးတတ် လာဖို့ အခွင့်အလမ်းတွေကို လက်ရှိလုပ်နေတဲ့ My Culture စီမံကိန်းနဲ့ရော၊ ကျနော်တို့ FDA အနေနဲ့ရော လုပ်နေ တဲ့နေရာမှာ တွေ့ရှိလာတဲ့ အကျိုးရလာဒ်တွေပေါ်မှာ ကြည့်ပြီး၊ ငါးစပါးလုပ်ငန်းကို တင်ပြတာပေါ့နော်။ တကယ်လို့သာ ကျနော်တို့နိုင်ငံရဲ့ ရာသီဥတုရော တကမ္ဘာလုံး ရာသီဥတု ဆိုးရွားနေတဲ့အခြေအနေပေါ်မှာ လယ်သမားတွေရဲ့ အနာဂတ်ကာလဟာ လှပဖို့အခွင့်အလမ်းတွေဟာ နည်းပါးနေပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘယ်လောက်ပဲ စပါးစိုက်ချင်နေပါစေ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးနေတာတွေဟာလည်း မျက်မြင်ကိုယ်တွေ့ပါ။
ဒါ့ကြောင့် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် လယ်သမားတွေရဲ့ ဘဝက ဘယ်တော့မှဖွံ့ဖြိုးလာမှာမဟုတ်သလို နိုင်ငံတော်က စီမံကိန်းချမှတ်ပြီး ဆောင်ရွက်နေတဲ့ ကျေးလက်ဒေသဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းဟာလည်း မအောင်မြင်နိုင်ပါဘူး။ ဒါ့ကြောင့် တပိုင်တနိုင်လုပ်နိုင်တဲ့သူတွေရော၊ တကယ်ဆန္ဒရှိပြီးတော့ ငါးလည်း မွေးချင်တယ် စပါးလည်းစိုက်ချင် တယ်ဆိုတဲ့သူတွေရော တရားဝင်လုပ်နိုင်ကိုင်နိုင်အောင် ဝန်ကြီးထံကို အကြံပြုထားပါတယ်။ လာမယ့် ၂၀၁၇ ဇန်နဝါရီလမှာအပြီး တိုင်းလွှတ်တော်အနေနဲ့ ဧရာဝတီတိုင်းရဲ့ ငါးလုပ်ငန်းဥပဒေကို အသစ်ပြန် လည်ရေးဆွဲမယ်ဆိုတဲ့ ကတိတွေလည်း ရရှိနေပါပြီ။ အနာဂတ်အတွက် အခွင့်အလမ်းတွေ အများကြီး ရရှိလာမယ်လို့ ယုံကြည်ပါတယ်။
နွဲ့နွဲ့ခိုင်။ ။ ဧရာဝတီတိုင်းဟာ နိုင်ငံ့ရဲ့စပါးကျီဆိုတဲ့ အခန်းကဏ္ဍကို တစ်ဖက်မှာ ထိန်းသိမ်းထားနိုင်သလို အခြား တစ်ဘက်ကနေ ငါးမွေးမြူရေးကို တွဲဖက်စိုက်ပျိုးခြင်း အားဖြင့် ငါးသယံဇာတလည်း မြင့်တက်လာမှာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
ဇင်ဝိုင်း။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ရေနက်ကွင်းစပါး စိုက်ပျိုးရတဲ့ လယ်သမားတွေ ငါးမွေးမြူရေးကို ပြောင်းလဲ လုပ်ကိုင်လိုမှုနဲ့ ပတ်သက်ပြီး မြန်မာ့အသံရဲ့ အကြီးတန်းအယ်ဒီတာ နွဲ့နွဲ့ခိုင်က ဖျာပုံမြို့သို့ ကိုယ်တိုင် သွားရောက် မေးမြန် တင်ဆက်ထားတာ ဖြစ်ပါတယ်။ သောတရှင် မိဘပြည်သူတွေ ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ သောတရှင် လယ်သမားတွေအနေနဲ့ လယ်ယာမြေ ပြောင်းလဲလုပ်ကိုင်ခွင့်နဲ့ ပတ် သက်ပြီး သတင်းအချက်အလက်များပိုမို သိရှိချင်တယ်ဆိုရင် မိမိတို့နေထိုင်ရာ မြို့နယ်များရှိ သက်ဆိုင်ရာ စိုက် ပျိုးရေး၊ မွေးမြူရေးဌာနများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။