ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သင်္ဘောသီးနှံအကြောင်း

26/02/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (113)  Fruit Science - Papaya  (Part - 2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၃) သစ်သီးဝလံသိပ္ပံပညာ - သင်္ဘောသီး (အပိုင်း-၂)

သစ်သီးဝလံ တစ်မျိုးချင်းအလိုက် လေ့လာရာတွင် ပထမဆုံး သင်္ဘောသီးအကြောင်း လေ့လာကြည့်ရအောင်ပါ။ ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Flowering Physiology) အရ သင်္ဘောသီး၊ သရက်သီး၊ ငှက်ပျောသီး၊ မာလကာသီး၊ ဇီးသီးများ၏ ပန်းပွင့်မှုပုံစံနှင့် အသီးတင်မှု (Flowering Pattern and Fruit Setting) ကို ပြောပြပါမည်။ ဤသစ်သီးများသည် လူတိုင်း အိမ်ခြံဝန်းထဲတွင်လည်း အိမ်တွင်း ဥယျာဉ် (Home Garden) အနေနှင့် စိုက်ပျိုးနိုင်ပါသည်။

တစ်ကမ္ဘာလုံး သင်္ဘောသီး ထုတ်လုပ်မှုမှာ ၂၀၂၂ ခုနှစ်၌ တန်ချိန် သန်းပေါင်း ၁၃.၈ အထိရှိပါသည်။ အိန္ဒိယတစ်နိုင်ငံလုံးသည် သင်္ဘောသီးအတွက် အသင့်တော်ဆုံးရာသီဥတုရှိ၍ ကမ္ဘာ့ထုတ်လုပ်မှု အများဆုံးဖြစ်ပါသည်။ နောက်မှ ဘရာဇီး၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဂွာတီမာလာ၊ ဒီမီနီကန်သမ္မတနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့နှင့် အာရှတိုက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံ ရေမြေရာသီဥတု အခြေအနေအရ အလားအလာ ကောင်းပါသည်။

ကျန်းမာရေးရှုထောင့်အရကြည့်လျှင် သင်္ဘောသီးတွင် အခြားအသီးများထက် ဗီတာမင်အေ အများဆုံးပါဝင်သည်ကိုတွေ့ရှိရပြီး အခြား ကျန်းမာရေးကောင်းစေသော အာဟာရဓာတ်များကို ဇယားများနှင့် ကြည့်ရအောင်ပါ။

ဇယား - ၁ သင်္ဘောသီးတစ်လုံးတွင် ပါဝင်သောအဟာရဓာတ်များ

Source - ဒေါက်တာခင်မောင်လွင် (၂၀၂၃)

ဇယား - ၂ သင်္ဘောသီးတစ်လုံးတွင်ပါဝင်သော အဟာရဓာတ်များ Nutritional Facts per 100 g

Source – S.P. Singh (India)

ဇယား - ၃ သင်္ဘောသီးတစ်လုံးတွင်ပါဝင်သော အာဟာရဓာတ်များ Food Value per 100 g of Edible Portion of Papaya

Source – Saran et. al. 2016

သင်္ဘောပင်တွင် ပက်ပိန်း (Papain) အပါအဝင် အမိုင်နိုအက်ဆစ် (Amino Acid) နှင့် အင်ဇိုင်းများစွာ (Several Enzymes) ၂၁၂-မျိုးခန့် ပါရှိပါသည်။ ပက်ပိန်းနှင့် ပရိုတီယိုလိုက် တစ်အင်ဇိုင်း (Proteolytic Enzyme) မှာ အစာအိမ်ရောင်ရမ်းတာ (Anti-Inflammatory Effect) ကိုလျော့ပါးစေပြီး ဖျားနာမှုမှလည်း လျင်မြန်စွာ (Post-surgery Effect) ပျောက်ကင်းစေနိုင်ပါသည်။ အသားနုတက်လွယ်ပြီး အနာကျက်မြန်စေပါသည်။

ပက်ပိန်းသည် သင်္ဘောသီး အစိမ်းတွင် အများဆုံးတွေ့ရပြီး ရင့်မှည့်လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားပါသည်။  ၎င်းသည် ပရိုတီရေ့ (Protease) အင်ဇိုင်းတစ်မျိုးဖြစ်ပြီး အသားနူးအောင်ချက်ပြုတ်သည့်အခါ အလျင်အမြန် နူးသွားလွယ်ပါသည်။ ပက်ပိန်းကို  ပေါင်ဒါမှုန့် (Papain Powder) အနေနှင့်ပြုပြင်မွန်းမံပြီး ထုတ်လုပ်ရောင်းချ နိုင်ပါသည်။

 

ပုံ - ၁ သင်္ဘောသီးမှထုတ်သောပက်ပိန်းဆေးတောင့်နှင့်ဆေးမှုန့်

သင်္ဘောစေ့၌လည်း အယ်ကာလွှိုက် (Alkaloid) တစ်မျိုးဖြစ်သည့် ပိုက်ပါရာဇင်း (Piperazine) ကို အသုံးပြုပြီး သန်ချဆေး အဖြစ်အသုံးပြုနိုင်ပါသည်၊

သင်္ဘောရွက်နု (Young Papaya Leaves) ကလေးများကို ရေနွေးဖျောပြီး စားသုံးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ကင်ဆာရောဂါများအတွက် အသုံးဝင်သော သဘာဝ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါသည်။ (ဒေါက်တာခင်မောင်လွင်, ၂၀၂၃)၊

သင်္ဘောပင်၏ရုက္ခဗေဒ (Botany of Papaya)

သင်္ဘောပင်သည် အပူပိုင်းဒေသသစ်သီး (Tropical Fruit) ဖြစ်ပြီး ရုက္ခဗေဒအမည် (Botanical name – Carica papaya L.) ဖြစ်ပါသည်။ အပင်၏ပုံစံက ပင်စည်အနည်းငယ် မာသော သစ်ပင် (Semi-Woody)၊ အစေးထွက် (Latex-Producing)၊ ပင်စည်တစ်ခုတည်း (Single-Stemmed)၊ သက်တမ်းတိုနှစ်ရှည်ပင် (Short-Lived Perennial Herb) မျိုးဖြစ်ပါသည်။ ပျိုးပင်မှစိုက်ပျိုးသော အပင်သည် အစေ့တိုက်ရိုက်စိုက်သောအပင်ထက် ၁၅ ရက် တစ်လစော၍ ပန်းပွင့်နိုင်ပါသည် (ကြည်ကြည်ဝင်း, ၂၀၂၄)။

ပန်းပွင့်ပြီး ဆွတ်ခူး၊ ရင့်မှည့်ချိန် အထိ ၁၂၀-ရက်မှ ၁၅၀-ရက် အထိ ကြာနိုင်ပါသည်။

ပုံ - ၂ သင်္ဘောပင်

အပင်အမြင့်မှာ ၂-၁၀ မီတာ (၆-၃၀ ပေခန့်) ရှိနိုင်ပါသည်။ ပင်စည်သည် လုံးဝိုင်းကာ (Cylindrical)၊ အတည့်သွားပြီး အလယ်မှာ အခေါင်း (Loose and Hollow) ပုံရှိပါသည်။

ပန်းပွင့် (Flower) သည် လိမ်မစုံပင် (Dioecious/) အမျိုးအစားဖြစ်ပြီး အဖိုပင် (Male Flower/Plant) နှင့် အမပင် (Female Flower/Plant) သီးခြားရှိပါသည်။ သို့သော် လည်း တပွင့်တည်းလိမ်စုံပွင့် (Hermaphroditic pattern) လည်းတွေ့ရတတ်၍ ပန်းပွင့် နည်းပုံစံက အနည်းငယ်ရှုပ်ထွေးပါသည်။

ပုံ - ၃ သင်္ဘောအဖိုပွင့်၊ အမပွင့်များ

လိုအပ်သောရာသီဥတု (Climatic Requirement)

သင်္ဘောပင်သည် အပူပိုင်းသီးနှံဖြစ်၍ နေရောင်ခြည်ရရှိမှုကို အလွန်ကြိုက်နှစ်သက်သည်။ နှင်းခါးရိုက်မှုဒဏ် (Frost) လုံးဝခံနိုင်ရည် မရှိပါ။ ထို့ကြောင့် အီကွေတာ၏ တောင်ဖက်၊ မြောက်ဖက် ၃၂-ဒီကရီ လက်တီတွတ် အတွင်းမှာဘဲ စိုက်ပျိုးလေ့ရှိပါသည်။ ထိုဒေသများတွင် တောင်မှ ပင်လယ်ပြင်အမြင့်ပေ ၁၂၀၀-မီတာ (ပေ ၃၀၀၀-ခန့်) အတွင်း သာစိုက်ပျိုးလေ့ရှိပါသည်။ အစိုဓာတ်များပြားစွာ လိုအပ်သော်လည်း အပင်ခြေတွင် ရေဝပ်တာတော့ မကြိုက်ပါ။ အပင်ခြေ ၂-ရက် (၄၈-နာရီ) အထိရေဝပ်သွားပါက အပင်သေသွားနိုင်ပါသည်။ အလွန်အေးလျှင် အထူးသဖြင့် (၁၂-ဒီကရီ ဆဲလ်စီယတ်) ထက်နည်းသွားပါက ပန်းပွင့်မှုကိုပါထိခိုက်စေပါသည်။ အပင်ကြီးထွား ဖွံ့ဖြိုးရန် အကောင်းဆုံးအပူချိန်က (၂၅ံ C - ၃၀* C) ဖြစ်ပါသည်။ သို့သော် (၃၆* C) ထက်ကျော်သွားပြန်လျှင်လည်း အပင်ကြီးထွားမှု ထိခိုက်သွားနိုင်ပါသည်။ 

သင်္ဘောသီးရင့်မှည့်မှု၊ ဆွတ်ခူးခြင်း (Maturity, Ripening and Harvesting)

သင်္ဘောသီးကို နိုင်ငံခြားတင်ပို့သည်အထိ ရောင်းဝယ်ရေး (Papaya Fruit Marketing) မှာ သင့်တော်သော အချိန်ဆွတ်ခူးရန် ဆုံးဖြတ်ချက်ချရန် (Identification of Optimum Harvest Maturity) ကျွမ်းကျင်မှု လိုပါသည်။ ရင့်မှည့်မှုမရှိဘဲ ဆွတ်ခူးမိသော သင်္ဘောသီးများ (Immature Fruits) သည် ရှုံ့တွသွားခြင်း (Shrivelling)၊ ပြင်ပထိခိုက်လွယ်ခြင်း (Mechanical damage) တို့ကြောင့် အရည်အသွေးကောင်း အသီးများ မရရှိနိုင်တော့ပါ၊ 

ပုံ - ၄ သင်္ဘောသီးရင့်မှည့်ပုံ အဆင့်ဆင့် 

သင်္ဘောသီး ပန်းပွင့်ချိန်မှ ရင့်မှည့်ချိန်အထိ ၁၂၅-၁၄၀ ရက်ခန့် လိုအပ်ပါသည်။ ပျှမ်းမျှအားဖြင့် အသီးခွံအရောင် အစိမ်းရင့်ရောင် (Dark Green) မှ အစိမ်းနုရောင် (Light Green) ၎င်းမှ အဝါစင်း (Yellow Streak from the Base upwards) အသီးအခြေမှ ပြောင်းလည်းသွားသည်ကို မြင်တွေ့ရပါလိမ့်မည်။ သင်္ဘောသီး အသားအရသာ အကောင်းဆုံး (Papaya Peak Flavour) အခြေအနေမှာ အဝါရောင် ၈၀-ရာခိုင်နှုန်း ရှိပြီးဖြစ်ရပါမည်။ နိုင်ငံခြားသို့ တင်ပို့မည်ဆိုလျှင် အသီးသည် အစိမ်းမှ အဝါရောင်သို့ ၁/၄ မှ ၁/၂ ပြောင်းလဲသွားပါက ဆွတ်ခူးရပါမည်။ ဆွတ်ခူးချိန်မှာ အတွေ့အကြုံအပေါ် အများဆုံး မူတည်ပါသည်။ သီးနှံများကို အသီးအရွယ်အစားအလိုက် အုပ်စုခွဲ ( Grading) ပြီး သီးထိုး ယင်ရန်က ကာကွယ်ရန် အီသလင်းဘရိုမိုက် (Ethylene Bromide) ဖျန်းပေးရန် လိုပါသည်။ ပြီးလျှင် သတင်းစာများနှင့်ထုတ်ပိုးကာ (Wrapped in newpapers)  သေတ္တာများ (Packed in Boxes) ထည့်သွင်းပြီး တင်ပို့ရန် အဆင်သင့်ဖြစ်နေပါပြီ။ 

ပုံ - ၅ သင်္ဘောသီး ထုတ်ပိုးတင်ပို့ပုံ 

ဆက်ပါဦးမည်..

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Bleasdale, J.K.A. (1979) Plant Physiology in Relation to Horticulture. MacMillan Press. 144p.

Childers, N.F. (1966) Modern Fruit Science. 3rd Ed. Rutger University. 893p.

Paull, R.E. and Duarte, O. (2012) Tropical Fruits: Volume 2. 2nd Ed. CABI. 371p. 

Samson, J.A. (1982) Tropical Fruits. Longman. 250p. 

Singh, S.P. (2024) Papaya. PowerPoints Presentation.

ကြည်ကြည်ဝင်း, ဒေါ် (၂၀၂၄) သင်္ဘောပင်စိုက်ပျိုးပြုစုနည်း၊ စိုက်ပျိုးရေးဦးစီးဌာန

ခင်မောင်လွင်, ဒေါက်တာ (၂၀၁၆) သစ်သီးများနှင့်ကျန်းမာရေး၊

(ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခဒေါက်တာ စောထိုလွီထူး၊ ပါမောက္ခ၊ ၊ ဒေါက်တာချောစုစုထွေး၊ တွဲဖက်ပါမောက္ခဌာန၊ ဥယျာဉ်ခြံသီးနှံဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်