Basic Agricultural Science – (116) Crop Physiology (Part - 4)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၁၆) သီးနှံဇီဝကမ္မဗေဒ (အပိုင်း-၄)
သီးနှံဇီဝကမ္မဗေဒ အပိုင်း (၁၊ ၂၊ ၃) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၈၀၊ ၈၁၊ ၉၉) တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ယခု အပိုင်း (၄) အဖြစ် ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Physiology of Flowering) ကိုဆက်လက် ဆွေးနွေးပါမယ်။
ကျွန်တော်သစ်သီးများအကြောင်းရေးရာတွင် သရက်၊ သင်္ဘော၊ ငှက်ပျောသီးများဖြစ်ပေါ်ဖို့ ပန်းများစွာပွင့်သော်လည်း ဇီဝကမ္မဗေဒ သဘောတရားအရ ပန်းပွင့်များစွာ အသီးမဖြစ်ဘဲ ကြွေကျပြီး အသီးတင်မှုနည်းခြင်း၊ များခြင်းကို မြင်တွေ့နေရပါသည်။ ဇီးသီး၊ မာလကာသီး၊ စပျစ်သီး၊ ကော်ဖီစသည့် အပင်များ၏ ပန်းပွင့်ပုံအကြောင်းကို ဆွေးနွေးပါဦးမည်။ ကျွန်တော် ကွင်းစလန်တက္ကသိုလ် (University of Queensland - UQ) တွင် မဟာစိုက်ပျိုးရေးပညာ (Master of Agricultural Studies) သင်တန်းတက်ရောက်စဉ်က ဖီဂျီနိုင်ငံမှ ဘယ်ဒီယိုဆင်းဂျ် (Baldio Singh) ဆိုသူသူငယ်ချင်းက ကျွန်တော်၏ ကြီးကြပ်ဆရာ တစ်ဦးဖြစ်သူ ပါမောက္ခဒေါက်တာရှူဖူကိုင်း (Professor Dr. Shu Fukai) နှင့် ပဲစဉ်းငုံပင် ပန်းပွင့်ချင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Pigeon Flowering Physiology) ပါရဂူဘွဲ့ သုတေသနပြုလုပ်ရာ ပုံမှန်အခြေအနေတွင် ပဲစဉ်းငုံ ပန်းပွင့်အားလုံး၏ ၁၅% သာ အသီး တင်ရာ ၂၀% အထက် အသီးတင်အောင် ဇီဝကမ္မဗေဒ လျှို့ဝှက်ချက်များ ကို ရှာဖွေ ဖော်ထုတ်ခဲ့ပါသည်၊။အသီးတင်နှုန်း ၅% တိုးလျှင်ကိုပင် သီးနှံအထွက် (Pigeon Pea Yield) က အများကြီး တိုးတက်သွားပါပြီ။
အပင်ဇီဝကမ္မဗေဒ (Plant Physiology) အကြောင်းကို စိုက်ပျိုးရေးကို လေ့လာသူတိုင်းသိသင့်ပါသည်။ ကျွန်တော် ၁၉၈၆-ခုနှစ် မဟာစိုက်ပျိုးရေးသိပ္ပံ သင်တန်းတက်စဉ်အခါတုံးက အပင်ဇီဝကမ္မဗေဒ ၏ ဘာသာရပ်ခွဲ တစ်ခုဖြစ်သော အပင် ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (Plant Growth and Development) ဘာသာရပ်ကို သင်ကြားခဲ့စဉ်က ဆရာ ပါမောက္ခ (Professor Dr. J. Slater) က မင်းတို့ ကျောင်းမှာ စာသင်စဉ်ဘယ်စာအုပ်ကို ပြဌာန်းစာအုပ် (Text Book) လုပ်ခဲ့လည်းဟူ၍ မေးပါ သည်။ ကျွန်တော်က ဆရာမကြီးဒေါက်တာဒေါ်လှတင်ဦး သင်ကြားပေးခဲ့သည့် Bernard S. Meyer and Donal B. Anderson ၏ စာအုပ်ကို အသုံးပြုပါသည် ဟူ၍ ပြောလိုက်ရာ ရယ်မောပါတော့သည်။ ဒီစာအုသည် အလွန်ဟောင်းနွမ်းနေပြီး ခေတ်မီစာအုပ်တွေထွက်နေပြီဆို၍ ကျွန်တော့်မှာ အပင်ဇီဝကမ္မဗေဒ စာအုပ်အသစ် ရှာဖွေရပါတော့သည်။
မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဆရာမကြီး ဒေါက်တာဒေါ်ဝင်းကြည်နဲ့အတူတူ ပတ်ဝန်းကျင်ဆိုင်ရာဇီဝကမ္မဗေဒ (BT216 - Ecophysiology I and BT340 – Ecophysiology II) အပိုင်း-၁ နှင့် အပိုင်း-၂ ကို အတူတူသင်ကြားရပါသည်။ ဆရာ ဒေါက် တာ ဒေးဗစ်ဒိုလီ (Dr. David Doley) က သူရေးသော ပြဌာန်းစာအုပ် (Text Book) အပြင် မှီငြမ်းစာအုပ်များစာရင်း (Reference Book) စသင်သော ပထမနေ့မှာ ဝေငှပါသည်၊။ ထိုစဉ်က အပင်ဇီဝကမ္မဗေဒ နာမည်ကြီးစာအုပ်ဖြစ်သော (Salisbury, F.B. and Ross, C. W.) ၏စာအုပ်ကို တွေ့ရှိပါတော့သည်။ ကျွန်တော်က နားမလည်၍ တစ်ရက်လောက် ကြာမှ တက္ကသိုလ်ရှိ ဇီဝသိပ္ပံစာကြည့်တိုက် (Biological Science Library) ကို သွား၍ဌားရာ ကျွန်တော့်အရင် ၄-၅ ယောက်လောက်က ကြိုတင်ငှားရမ်းခွင့် စာရင်းသွင်း ားသဖြင့် တစ်လကျော်ကျော်ကြာမှ ငှားရမ်း ကြည့်ရှုခွင့်ရရှိပါတော့သည်။
ပန်းပွင့်ချင်းဆိုင်ရာ ဇီဝကမ္မဗေဒကိုလေ့လာမည်ဆိုလျှ၍် နာမည်ကြီး တိုက်နှင့် ဇိုက်ဂါ (Lincoln Taiz and Eduardo Zeiger) ၏ အပင်ဇီဝကမ္မဗေဒစာအုပ်တွင် ပန်းပွင်ုခြင်းကိုလွမ်းမိုးသည့် အချက်များ (The Control of Flowering) အခန်းအား စ၍ လေ့လာသင့်ပါသည်။
ပါဝင်သော အခန်းများမှာ ပန်းပွင့်မှုဆိုင်ရာ အစိတ်အပိုင်းများ (Floral Meristems and Floral Organ Development)၊ အညွန့်ထိပ်ပိုင်းနှင့် အဆင့်လိုက်ပြောင်းလဲမှုများ (The Shoot Apex and Phase Changes)၊ ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝနာရီ (Biological Clock for Flowering Mechanism)၊ နေ့တာတိုရှည်မှုအလိုက် ပန်းပွင့်ခြင်းကို ထိန်းချုပ်မှု (Photoperiodism: Monitoring Day Length)၊ အအေးပိုင်းဒေသရှိ အပင်များပန်းပွင့်မှု ကို အအေးဓာတ်က လွမ်းမိုးမှု (Vernalization: Promoting Flowering with Cold)၊ ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝဓာတု ဖြစ်ရပ်များ (Biochemical Signaling involved in Flowering)၊ ပန်းပွင့်ခြင်းကို လှုံ့ဆော်နေသော အပင်ဟော်မုန်းများ (Flowers Promoting Plant Hormones) အစရှိသည်ဖြင့် သိရှိစရာတွေများပြားလှပါသည်။
တစ်ကယ်တော့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတက္ကသိုလ်နှင့် သုတေသနဌာနများတွင် သီးနှံပင်တစ်မျိုးခြင်းအလိုက် ဇီဝကမ္မဖြစ်စဉ် လေ့လာသုတေသနပညာရှင်များသည် ရုက္ခဗေဒ (အပင်ဇီဝကမ္မဗေဒ) ပညာရှင်များဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်များနှင့် တွဲဖက်လုပ်ဆောင်လေ့ရှိပါသည်။ ဥပမာ - ကွန်းစလန်တက္ကသိုလ်တွင် ကျွန်တော်တို့ကို ရုက္ခဗေဒဌာနမှ ပညာသင်ကြားပေးခဲ့သော ဒေါက်တာဒိုလီ (Dr David Doley) သည် သစ်ပင်ကြီးများရုက္ခဗေဒ ပညာရှင် (Tree Physiologist) ဖြစ်ပါသည်။ သစ်တောသိပ္ပံ ပညာရှင်များ (Forest Scientists) နှင့် သုတေသနများစွာကို တွဲဖက်လုပ်ဆောင်လျက် ရှိနေပါသည်။ ၁၉၈၇-ခုနှစ်လောက်က ကျွန်တော်တို့ ဘွဲ့ကြိုကျောင်းသားများနှင့် လက်တွေ့လုပ်ဆောင်ရသည့် အပင်များအလင်းရောင်ဖြင့် အစာချက်လုပ်ခြင်းဖြစ်စဉ် (Photosynthesis Process) တွင် လုပ်ငန်းကိုတိုင်းထွာသောမီတာ (Portable Photosynthesis Meter) သည် ထိုစဉ်က ပေါ်ကာစဖြစ်ပြီး တန်ဖိုး ဒေါ်လာသောင်း ဂဏန်း မှ သိန်းဂဏန်း အထိရှိပါသည်။ အမေရိကန်နိုင်ငံ လီကော် ဇီဝသိပ္ပံကုမ္ပဏီ (LI-COR Biosciences, US) မှတည်ထွင် ထုတ်လုပ်ပြီး စက်အသုံးပြုနည်း သင်တန်းပေးမှု၊ စက်ပျက်လျှင် ပြင်ဆင်ပေးမည့် အာမခံချက် စသည်တို့ပါ အပါအဝင် ဖြစ်ပါလိမ့်မည်။ ဤကုမ္ပဏီသည် ၁၉၇၁-ခုနှစ်လောက်ကတဲက စတင်ခဲ့ပြီး ယခုတော့ နှစ် ၅၀-ကျော် အတွင်း လီကော် ပတ်ဝန်းကျင် ဆိုင်ရာ (LI-COR Environmental) ဟူ၍ခေါ်ဆိုပြီး အပင်သိပ္ပံ (Plant Science)၊ ပတ်ဝန်းကျင်သိပ္ပံ (Environmental Science)၊ မြေကြီးသိပ္ပံ (Soil and Land Science) ဆိုင်ရာ သုတေသနနှင့် သင်ကြားရေးဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အာမခံချက်ဖြင့် ဆောင်မြင်စွာ ထုတ်လုပ်ရောင်းချလျက် ရှိနေပါသည်။
ပုံ - ၁ လီကော်ကရိယာဖြင့် အပင်အစာချက်လုပ်မှုကို တိုင်းထွာနေပုံ
ကွင်းစလန်တက္ကသိုလ် (The University of Queensland - UQ) ကြီးထဲတွင် ရုက္ခဗေဒဌာန (Department of Botany) နှင့် ထိုစဉ်က ကျွန်တော်တို့ စိုက်ပျိုးရေးဌာန (Department of Agriculture) (ယခု စိုက်ပျိုးမွေးမြူရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော အစားအစာများ အဆင့်မြင့်ကျောင်း (School of Agriculture and Food Sustainability) တွင် တစ်လုံးစီပဲ တွေ့မိပြီး သင်ကြားရေး၊ သုတေသနများ ကို အတူ တွဲ၍ ပြုလုပ်နေကြပါသည်။ ဤသို့အတူတွဲ၍ သင်ကြားရေး၊ သုတေသနများ ပြုလုပ်နိုင်သည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဘာသာရပ်ပေါင်းစုံရှိသောတက္ကသိုလ် (Autonomous and Comprehensive University) များတွင်သာ အခွင့်အရေးရရှိ နိုင်ပါသည်။ ၁၉၆၂ ခုနှစ်မတိုင်မီက ရန်ကုန်တက္ကသိုလ်သည် ဤအမျိုးအစား တက္ကသိုလ်မျိုးဖြစ်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများ အတွင်းနာမည်ကြီး တက္ကသိုလ်တစ်ခု အပါအဝင်ဖြစ်ခဲ့ပါသည်။
သီးနှံများစိုက်ပျိုးရေးတွင် ပန်းပွင့်၊ သန္ဓေအောင်ပြီး မျိုးစေ့ထုတ်လုပ်ရရှိမှုသည် အဓိကဖြစ်ပါသည်။ (The Production of Seeds is often the primary objective in crop production) (ချွင်းချက်အနေဖြင့် အပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းဖြင့် ထုတ်လုပ်နေသော သီးနှံများလည်း ရှိပါသည်)
၁၉၂၀ ပတ်ဝန်းကျင်လောက်တွင် ပန်းပွင့်မှုသည် ပတ်ဝန်းကျင်ရှိ နေ့တာတိုရှည်မှု (photoperiod) လွမ်းမိုးလျက်ရှိသည်ဟူ၍ အယူအဆရှိခဲ့ပြီး နောက်ပိုင်း ညတာ၏ ကြာရှည်မှု (Length of Night - Nyctoperiod) သည် ပန်းပွင့်မှုကိုအဓိကကြသည် ဟူ၍တွေ့ရပါ သည်။ နောက်ပိုင်း အလင်းရောင်အတွင်းရှိ ရောင်ခြယ်ဆေး (Photoreceptor/Pigment) ဖိုက်တြိုကရုမ်း (Phytochrome) ပန်းပွင့်မှုကို ထိန်းချုပ်နေသည်ကို ရှာဖွေဖော်ထုတ် လာပြန်ပါသည်။ နောက်ပိုင်း အရွက်ရင့်မှည့်မှု (Mature Leaves) သည်လည်း ပန်းပွင့်ခြင်းအတွက် တွန်းအားတစ်ခု (Flowering Stimulus) သာမက ချက်လုပ်ပြီးသော အစားအစာများ ပို့ဆောင်မှု၊ လက်ခံနိုင်မှု ဆက်သွယ်ချက် (Source-Sink RElationships)၊ အပင်တွင်းရှိ ပန်းပွင့်ခြင်းကို အားပေးသော ဟော်မုန်းများ (Flowering Promoting Hormones) စသည်တို့ကို စိုက်ပျိုးရေးပညာရှင်များနှင့် ရုက္ခဗေဒ ပညာရှင်များ ပူးတွဲလုပ်ဆောင်သင့်ပါသည်။
ပုံ - ၂ ကမ္ဘာ့လတ္တီတွတ်အလိုက် နေ့/ည တာတိုရှည်ပုံ
နေ့တာတိုရှည်မှုနှင့် နေရောင်ခြည်မှ အပူချိန်တို့ အညွန့်ပိုင်းဆဲလ်ပွားဇုံ (Shoot meristem) မှနေ၍ အရွက်အစပိုင်း (သို့မဟုတ်) ပန်းခိုင်ဖြစ်ပေါ်ရန် အစပိုင်း (Leaf or Inflorence primodia) ဖြစ်ပေါ်ရန် အစပျိုးပါသည်။ ကြီးထွားမှုအဆုံးမရှိသော အပင်များ (Indeterminate Growth Plants) တွင် ပထမပိုင်း အရွက်နောက် ပန်းပွင့်မည့် အစိတ်အပိုင်းများ (Floral structures) ပြီးလျှင် အရွက်ပြန်ထွက်နိုင်ပါသည်။
ပန်းပွင့်ခြင်းကိုနေ့တာတိုရှည်မှုက လွှမ်းမိုးသည်ကို ဂျာမန်နှင့် ပြင်သစ်ပညာရှင်က ၂၀ ရာစုအစတွင် တွေ့ရှိခဲ့သော်လည်း အမေရိကန်သိပ္ပံပညာရှင် ဂါနာ (W.W.Garner) နှင့် ဂဲလတ် (H.A.Allard) တို့က ၁၉၂၀ ခုနှစ်တွင် မေရီလမ်မမ်မော့ ဆေးရွက်ကြီးမျိုး (Tobaco var. Maryland Mammoth) နှင့် ဘီလောက်ဆီ ပဲပုပ်မျိုး (Soybean var. Biloxi) နေ့တာတိုပင် ၂ မျိုးကို စနစ်တကျ စမ်းသပ်သုတေသနပြုခဲ့ပါသည်။
ပုံ - ၃ နေ့တာတိုပင်နှင့် နေ့တာရှည်ပင်
၁၉၆၂ ခုနှစ်တွင် ဟေးလ်မန်း (Hillman) ဆိုသူက နေ့တာတိုရှည်မှုကို မူတည်၍ အောက်ပါအတိုင်း အမျိုးအစားခွဲခြားခဲ့ပါသည်။
(က) နေ့တာတိုပင်များ (Short-Day Plants -SDPs) ဤအပင်များ၏ ပန်းပွင့်မှုသည် သတ်မှတ်ထားသော အလင်းရောင်ထက် နေ့တာလျှော့ရမှ (Shorter than Critical maximum Day-Length) တနည်းအားဖြင့် ညတာရှည်မှ ပန်းပွင့်ကြသော သီးနှံများဖြစ်ပါသည်။ ဥပမာ - ဒေသစပါးမျိုး၊ ဒေသနှမ်းကြီး၊ ကြံ
(ခ) နေ့တာရှည်ပင်များ (Long-Day Plants - LDPs) ဤအပင်များသည် သတ်မှတ်ထားသော အလင်းရောင်ထက် နေ့တာ ပိုရမှ (Longer than Critical maximum day leangth) တနည်းအားဖြင့် ညတာတိုမှ ပန်းပွင့်ကြသော သီးနှံများဖြစ်ပါသည်။ ဥပမာ - သကြားမုံလာ၊ ဒေသနှမ်းလျှင်၊ ဗျစ်ပွင့် (Hops)
(ဂ) နေ့တာတိုရှည်မှုကို မတုံ့ပြန်သောအပင်များ (Day-Neutral Plants - DNPs) ဤအပင်များ၏ ပန်းပွင့်မှုသည် နေ့တာတို၊ ရှည်မှုနှင့် မဆိုင်ဘဲ ပန်းပွင့်ချိန်ရောက်လျှင် သူ့သက်တမ်းအလိုက် ပန်းပွင့်ကြသော သီးနှံများဖြစ်ပါသည်၊ ဥပမာ - အထွက်တိုးစပါး၊ ဝါ။
တစ်ချို့အအေးပိုင်းနိုင်ငံများတွင် ပန်းပွင့်ရန် အအေးဓာတ်ပေးခြင်း (Thermoperiodism – Vernalization ) လိုအပ်ပါသည်။ တစ်ချို့ အပူချိန် ၁၀-ဒီဂရီဆဲလ်စီယပ် သို့မဟုတ် ၎င်းထက်နည်း၍ အထိ ၂ ပတ် မှ ၆ ပတ် အအေးခန်းမှာထားကာ ပန်းပွင့်မှုကို ရယူနိုင်ပါသည်။ မြန်မာပြည်မှာ စိုက်ပျိုးနေသော သီးနှံမျိုးများအတွက် ဤစနစ်က မလိုအပ်ပါ။
ပုံ - ၄ ပန်းပွင့်ရန်အအေးဓာတ်ပေးခြင်းဖြစ်စဉ်
ပန်းပွင့်မှုဖြစ်စဉ်ကို အောက်ပါအတိုင်း (၃) မျိုး ခွဲခြားနိုင်ပါသည်။
(၁) ပန်းပွင့်ရန် လှုံ့ဆော်မှု (Floral Induction) ဓာတုဟော်မုန်း (Flowering Stimulus e.g. Chemicals, Hormones) ထုတ်ကာ စတင်လှုံ့ဆော်ပါသည်။
(၂) ပန်းပွင့်မှုစတင်ခြင်း (Floral Initiation) ပန်းပွင့်ဆိုင်ရာအင်္ဂါများ (Vegetative Growing Points to Floral Primodia) လုပ်ငန်းတွေစတင်လာပါသည်။
(၃) ပန်းပွင့်ရန်လုပ်ငန်းစဉ်များ (Further Floral Development) ပန်းပွင့် (Flowers)၊ ပန်းခိုင်များ (Inflorencences) အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှု စသည်တို့ဖြစ်ပါသည်။
အပင်များပန်းပွင့်ရန်အတွက် သတ်မှတ် အပင်သက်တမ်းတော့ရှိရပါမည်။ အပင်ငယ်စဉ်အဆင့် (Juvenility) တွင် ပန်းပွင့်မှုဖြစ်စဉ် မဖြစ်ပါ။
ပန်းပွင့်ရန်အတွက် အလင်းရောင်၏ အရည်အသွေး (Light Quality) အထူးသဖြင့် အနီရောင် (Red) နှင့် အနီအောက်ရောင်ခြည် (Far-Red) အချိုး၊ ရောင်ခြယ်ပစ္စည်း (Pigments) တစ်မျိုးဖြစ်သည် ဖိုင်တိုခရုန်း (Phytochrome) ၏ ပါဝင်ပတ်သက်မှုလည်း လိုအပ်သည်။ ပန်းပွင့်မှုကိုရပ်တံ့၊ အားပေးသော အပင်ဟော်မုန်း (Antagonism and Flower Stimulating Hormones) အထူးသဖြင့် အိုင်အေအေ (IAA – Indole Acetic Acid)၊ ဂျစ်ဘရာလင် (Gibberellins -GA) တို့၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။
ပုံ - ၅ ပန်းပွင့်ရန် အလင်းရောင်ခြယ်ပြောင်းလဲခြင်းဖြစ်စဉ်
အသီးဖြစ်ပေါ်ခြင်း (Fruiting) အသီးသည် တနည်းအားဖြင့် ရင့်မှည့်စေသော မမျိုးဥအိမ် (Mature Fertilized Ovules) ဖြစ်သည်။ မျိုးစေ့ (Seed) က ၎င်းအထဲမှ မျိုးဥဖြစ်သည်။
အဖိုပွင့်၊ အမပွင့်ရှိစေပြီး ပထမဦးစွာ ဝတ်မှုံကူး (Pollination) ပြီးမှ သန္ဓေအောင်ခြင်း (Fertilization) ဖြစ်စဉ်ဖြစ်သည်။ အဖိုဝတ်မှုံ (Pollen) များသည် ဝတ်ဆံဖို (Anther) ပေါ်အထဲတွင် တည်ရှိသည်။ ၎င်းတို့က ဝတ်ဆံမ (Stigma) များပေါ်တွင် ကျရောက်ပြီး သန္ဓေအောင်ကာ အသီး(Fruit Set) မျိုးစေ့များ ဖြစ်ပေါ်လာပါသည်။
ပန်းပွင့်အများစုက ရာခိုင်နှုန်း အတော်များများက သန္ဓေမအောင်မြင်ကြပါ။ ဥပမာ - ပဲပုပ်တွင် ၅၀-၇၅ ရာခိုင်နှုန်းသာအောင်မြင်ပါသည်။ ပဲစဉ်းငုံတွင် ၄၀-၇၀ ရာခိုင်နှုန်းသာ အောင်မြင်ပါသည်။ ဤဖြစ်စဉ်ကို ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒပညာရှင် (Flowering Physiologist) တို့နှင့် သီးနှံသိပ္ပံပညာရှင် (Crop Scientist) တို့ ပူးတွဲသုတေသန ပြုသင့်ပါသည်။
ဆက်ပါဦးမည်..
အလွန်အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသောသီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါးပါသည်။ ကျွန်တော်၏ ဆောင်းပါးကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India) 327p.
Loomis, R.S. and Williams, W.A. (1963) Maximum Crop Productivity: An Estimate. Crop Science 3:67-72.
Salisbury, F.B. and Ross, Cleon (1991) Plant Physiology. 4th Ed.
Taiz, L. and Zeiger, E. (2006) Plant Physiology. 4th Ed. Sinauer Associates, Inc. 764p.
ကြည်တိုး, ဒေါက်တာ (၂၀၂၃) ပန်းများပွင့်ကြသည်ဆိုရာဝယ်နှင့် အပင်ဇီဝကမ္မဗေဒမှတ်စုများ၊ အောင်သုတစာပေ၊ ၁၅၈-မျက်နှာ
ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။