ကျွန်တော်နဲ့ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့

01/04/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 ကျွန်တော် ဩစတေလျကို ၁၉၈၆-ခုနှစ်တွင် မဟာစိုက်ပျိုးရေးသိပ္ပံ သင်တန်းပထမဆုံးအကြိမ်သွားရတော့ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန်တွေ ရှိနေသေးပါတယ်။ ကျွန်တော် နိုင်ငံခြားကို တစ်ခါမှ မသွားဘူးတော့ ကျွန်တော့်မိတ်ဆွေ ဦးသိန်းမြင့် (၁၉၇၄-စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်း) က လိုအပ်သည်များ အစအဆုံး အကူအညီပေးပါတယ်။ နောက်ဆုံး လေဆိပ်အထိ သူအလုပ်လုပ်နေသော အပင်ကာကွယ်ရေးဌာနက တီ-၂၀၀၀ ကားကလေးနှင့် လိုက်ပို့တဲ့အတွက် အခုချိန်ထိ အလွန်ကျေးဇူးတင်မဆုံး ရှိလှ ပါတယ်။ (ထိုခေတ်က အဌားယာဉ် (Taxi) ကအစစအရာရာဈေးကြီးပါတယ်။) ယခု ဦးသိန်းမြင့်၊ ဒေါ်မူမူဟန်တို့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်လျက်ရှိနေပါပြီ။

တဖန်လေဆိပ်မှာလည်း အဲဒီနေ့က အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်ရှိနေ၍ မိသားစုများ လေဆိပ်အတွင်းထဲသို့ ဝင်ခွင့်မရတဲ့အတွက် ကျွန်တော်လည်း မျက်စိသူငယ်၊ နားသူငယ်နဲ့သာ ထွက်ခဲ့ရပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အသစ်ကြီး (Suvarnabhumi International Airport) မဖွင့်သေးပါ။ ဒွန်မောင်းလေဆိပ် (Don Mueang Airport) ပဲ ရှိနေပါသေးတယ်။ ဒါ့ကြောင့် ဆည်မြောင်းကလူကြီးတစ်ယောက်က (နာမည် မမှတ်မိတော့ပါ) ကျွန်တော့်ကို (Transit) စီးရမယ့် လေယာဉ်ဂိတ်ပြပြီး သူ့လမ်းသူ ထွက်သွားပါတယ်။ ကျွန်တော်လည်း ကံတရားကို အားကိုးပြီးသာ ထွက်လာခဲ့ရပါတယ်။ ဆစ်ဒနီနိုင်ငံတကာလေဆိပ် (Sydney International Airport) ရောက်တော့ လာကြိုတဲ့ အမျိုးသမီးမလင်းမေးလ် (Ms. Lynn Mills) က ယာယီတည်းရမယ့် ဟော်တယ်ကို လိုက်ပို့ ပေးပါတယ်။ ကျွန်တော်က အမှတ် ၁၀၀၊ ရှပတ်လမ်း၊ ချစ်ပင်ဒေးရပ်ကွက် (100, Shepherd Street, Chippendale) ရှိ မြန်မာများနေထိုင်ရာ အိမ်ကိုလိုက်ပို့ပေးပါဟူ၍ မတောက်တခေါက် အင်္ဂလိပ်စာနဲ့ ပြောရာ လိုက်ပို့ပေးပါတယ်။ ထိုအိမ်မှာ အရင်ရောက်နေတဲ့ဆရာမကြီး ဒေါ်ခင်လှဝင်း၊ ဆရာဦးချစ်သန်းနှင့် ဆရာမဒေါ်ချိုချိုဝင်းတို့က ကျွန်တော်ယာယီတည်းရတဲ ဟော်တယ်က အထုတ်အပိုးများ သွားယူပြီး ပညာရေးကောလိပ်က ဆရာကြီးဦးစိန်လင်းတို့အဖွဲ့နေထိုင်ရာ ဆစ်ဒနီတက္ကသိုလ်နားက ၂၂၁၊ ဘုရားကျောင်းလမ်း၊ နယူးတောင်းရပ်ကွက် (221, Church Street, New Town) ကိုလိုက်ပို့ပါတယ်။ ဆစ်ဒနီမှာနေခဲ့စဉ်က ကျွန်တော့်အား ကူညီခဲ့သူများမှာ ဆရာမ ဒေါ်စုစုလွင်၊ ဒေါ်တင်အုန်းကြင်၊ ဦးဘွန်သိန်း၊ ဒေါက်တာချိုဝင်းမော်တို့ အပါအဝင်အများကြီးပါ (နာမည်များ ကျန်ရစ်ခဲ့ပါက ခွင့်လွှတ်ပေးပါရန်)။၊ 

ဆစ်ဒနီမြို့မှာ အဓိက သင်ကြားခဲ့ရတာက အဆင့်မြင့်ပညာသင်ကြားရန် လိုအပ်တဲ့အင်္ဂလိပ်စာ (EAP – English for Academic Purposes) ကို ၆ လခန့် သင်ကြားခဲ့ရပါတယ်။ အထူးသဖြင့် နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ရောက်လျှင် လက်တွေ့ပြုမူလုပ်ဆောင်ရမယ့် အခက်အခဲများပါ (အင်္ဂလိပ်ဘာသာစကား - သဒ္ဒါ (Grammar)၊ ကဗျာ (Poem) စသည်တို့ သင်ကြားပေးခြင်း မဟုတ်ပါ)၊ သင်ကြားပေးသောခေါင်းစဉ်များမှာ -

(က) နားထောင်နိုင်စွမ်းရည် (Listening Skills) ဩစတေလျရုပ်ရှင်များကို ကြည့်ခိုင်းပြီး နားလည်မှုကို မေးခွန်းများမေးပါတယ်။

(ခ) ပြင်ပကို ဆရာမနဲ့အတူတူသွားပြီး လေ့လာရတဲ့အစီအစဉ် (Out and About) ကျွန်တော် အကြိုက်ဆုံး အစီအစဉ်ပါ။ ဆရာမကကျွန်တော်တို့အဖွဲ့ကိုခေါ်သွားပြီး ဘဏ်မှာကဒ်နဲ့ ငွေထုတ် (ATM – Automated Teller Machine စက်ကို ပထမဦးဆုံး အကြိမ်မြင်ဖူးခြင်း ဖြစ်ပါတယ်)။ ပထမဆုံးငွေထုတ်တာ (PIN – Personal Identification Number) မေ့၍ သူပြောတဲ့ စကားနားမလည်၍ ပိုက်ဆံ ထုတ်မရပါ။ စက်ကကဒ်ကို သိမ်းသွားတာလည်း ကြုံရဖူးပါတယ်။ ဈေးဝယ်ကြည့်၊ ဘတ်စကားစီး (ဆစ်ဒနီတွင် ဇုံအလိုက် ဘတ်စကား များကို တပတ်စာဝယ်ယူပြီး သတ်မှတ်ဇုံအတွင်း ကြိုက်တဲ့အချိန်၊ ဘယ်ကားလာလာ လက်မှတ်ပြပြီး တက်စီးလို့ရပါတယ်) ရုပ်ရှင်ကြည့် စသည်နည်းလမ်းဖြင့် ဩစတေလျလူမျိုးများနှင့် သာမန်နေ့စဉ်စကားပြောမှု (Casual Talk) ကိုလက်တွေ့ကျင့်သုံးပေးခြင်းဖြစ်ပါတယ်။

(ဂ) တက္ကသိုလ်စာကြည့်တိုက်လေ့လာရေး အစီအစဉ် (University Library Tour)

ကျွန်တော်တို့သင်တန်းသား/သူ အားလုံး တက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက် ပညာသင်ကြားရမည်ဖြစ်၍ စာကြည့်တိုက် အသုံးပြုနည်း စနစ်ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ထိုစဉ်က စိုက်ပျိုးရေးကျောင်းသားများ လေ့လာဖတ်ရှုရာ ဆစ်ဒနီတက္ကသိုလ်၊ ဘက်ဟန်စာကြည့်တိုက် (Badham Library, The University of Sydney) နဲ့ ယခင်က ကမ္ဘာ့တောင်ဖက်ခြမ်းအကြီးဆုံး စာကြည့်တ်ုက် (အထပ် ၉-ထပ်ရှိသော ဖစ်ရှာစာကြည့် တိုက် - Fisher Libary သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ရပါတယ်။ ယခု အကြီးဆုံး စာကြည့်တိုက်က အခြားတစ်ခုဖြစ်သွားပါပြီ)။

(ဃ) စာတန်းဖတ်တင်ပြနိုင်မှုစွမ်းရည် (Presentation Skill)

တက္ကသိုလ်ရောက်လျှင် လူအများရှေ့ စနစ်တကျတင်ပြမှု (Formal Presentation/Talk) မိတ်ဆက်၊ တင်ပြရမယ့် အကြောင်းအချင်းအရာများစီစဉ်ထားပုံ၊ နိဂုံး၊ မေးခွန်းများကို ယဉ်ကျေးစွာ ဖြေဆိုနည်း (Polite Ways for Answering Questions) စသည်တို့ကို သင်ကြားပေးပါတယ်။

ဤသို့နှင့် မဟာစိုက်ပျိုးရေးပညာသင်ကြားပေးရာ ကွင်းစလန်တက္ကသိုလ်၊ ဘရစ်စဘိန်းမြို့ (The University of Queensland, Brisbane) သို့ ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါလဆန်းတွင် ရောက်ရှိခဲ့ပါတော့တယ်။ ကျွန်တော်က ကျွန်တော်၏အရင် ရောက်နှင့်နေသော ဆရာဦးသန်းအောင်၊ ဆရာဦးညွန့်ရွှေ၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်တို့နှင့်အတူ ဒါရမ်းလမ်းနှင့် ဆာဖရက်ရှိုနယ်လမ်းမကြီးထောင့်ရှိ လန်ဒန်အိမ်ကြီး (Landon House, Corner of Durham Street and Sir Fred Schonell Drive) တွင်နေထိုင်ပါတယ်။ ဆရာနဲ့ မိတ်ဆွေများက အစစအရာရာကူညီပေးကြပါတယ်။

ပုံ - ၁ စိန်ပန်းပြာများနှင့် ကွင်းစလန်တက္ကသိုလ်အလှ

ပုံ - ၂ ကျွန်တော့်ဆရာ Dr. Steve Adkins  နှင့် ကျွန်တော်နေထိုင်ခဲ့သော Landon House  အိမ်ရှေ့ (၂၀၁၇ ခုနှစ် ပြန်ရောက်ခဲ့စဉ်က)

ပထမနှစ်၊ နှစ်ဝက် (First Semester, First Year) တွင် ကျွန်တော်သင်ခဲ့ရသော ဘာသာရပ်များမှာ -

(က) အခြေခံဇီဝဆိုင်ရာစာရင်းအင်းပညာ အမှတ်-၁ (AG-203 Biometrics-1 2Lecture; 1 Practical 8-Credit; 1st Semester) တစ်ပတ် စာသင်ချိန် တစ်နာရီ ၂-ချိန်၊ လက်တွေ့ ၁-ချိန် (၂-နာရီ)

ကျွန်တော့် ဆရာ၊ မိတ်ဆွေများနှင့် အတူ သူတို့ဆီက ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား များနှင့် အတူတူတက်ခဲ့ရပါတယ်။ မစ္စတာ ဟော်တန် (Mr. I.F.Horton) နှင့် ဒေါက်တာ ကေးဘက်စ်ဖေါ့ (Professor K.E.Basford) တို့ကသင်ကြားပေးပါတယ်။ ပါမောက္ခကေးမှာ မြန်မာနိုင်ငံ ရေဆင်းတက္ကသိုလ်များကိုလည်း ရောက်ဘူးပြီး၊ ယခုထက်အထိ ကွင်းစလန်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ (Emeritus Professor) အဖြစ် စာသင်ကြား၊ ကျောင်းသားများ ကြီးကြပ်ကွပ်ကဲလျက် ရှိပါသေးတယ်။

(ဂုဏ်ထူးဆောင်ပါမောက္ခ/ဧည့်ပါမောက္ခများကို တရားဝင်ခန့်အပ်ပြီး သင်ကြား၊ အတွေ့ အကြုံမျှဝေမှုမှာ နိုင်ငံတကာ တက္ကသိုလ်တိုင်းတွင် လက်ရှိကျင့်သုံးလျက်ရှိသော စနစ်များဖြစ်ပြီး အတွေ့အကြုံရှိသော အငြိမ်းစား ပညာရှင်၊ သုတေသီ၊ ဆရာ၊ ဆရာမကြီး  များ၏ ပညာဒါနပါ၊။ အလွန်ကောင်းမွန်သော အစီအစဉ်ပါ၊ ကျွန်တော့်အထင်  မြန်မာနိုင်ငံတွင် ကျင့်သုံးမှုမရှိသေးပါ)

(ခ) အပင်များစိုက်ပျိုးထုတ်လုပ်ခြင်း (AG324 - Plant Production; 2 Lecture, 2 Practicals; 20-Credits, Year)

လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ စားကျက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းကို ဆရာများက တနှစ်ပတ်လုံး တစ်လှည့်စီ သင်ကြားပါတယ်။ ကျွန်တော် စိတ်ဝင်စားသည်က လက်တွေ့လုပ်ငန်း (Practical Works) ပါ။ ဒေါက်တာ လူးဝတ်စ်တန်းဘူး (Dr Lois Turnbull) ကကြီးကြပ်ပါတယ်။ ကွင်းစလန်တက္ကသိုလ်အတွင်း ကျွန်တော် မြေပဲသုတေသနလုပ်ခဲ့တဲ့ မြေနီပင်လယ်အော်စိုက်ကွင်း (Redland Bay Farm)၊ ဝါပင်တောင်ကုန်းစိုက်ကွင်း (Mt. Cotton Farm) အပါအဝင် သီးနှံ၊ စားကျက်၊ မြက် အပါအဝင် ၅-မျိုးစီ ကို ရှာဖွေ၍ မြန်မာအမည်၊ အင်္ဂလိပ် အမည်၊ ရုက္ခဗေဒ အမည်တို့နှင့်အတူ အပင်၊ မျိုးစေ့တို့ အခြောက်ခံ တင်ပြခဲ့ရပါတယ်။ နောက်တစ်ခုက အစေ့ငုတ်ချိန်ရှိသော မျိုးစေ့ ၊ ဤများအညောက်ပေါက်စမ်းသပ်ချက် (Germination Test for Dormancy Seeds) ပြုလုပ်ခဲ့ရပါသည်၊ 

(ဂ) သီးနှံဇီဝကမ္မဗေဒ (AG405 - Crop Physiology: 2 Lecture, 3 Practical; 10 Credit; First Semester) ကို ဒေါက်တာကက်နက်ဖစ်ရှာ (Dr. K.S.Fischer) နှင့် ပါမောက္ခ ဒေါက်တာရှူဖူကိုင်း Professor Dr. Shu Fukaiတို့က သင်ကြားပါတယ်။ ဒေါက်တာ ရှူဖူကိုင်းမှာ စိုက်ပျိုးရေးသုတေသနက ဒေါက်တာဥမ္မာမြင့် ပါရဂူသုတေသန ကို ကြီးကြပ် ခဲ့သူလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များက ကွင်းစလန်တက္ကသိုလ်သို့ တစ်ခေါက်ပြန်ရောက်ချိန် ဒေါက်တာဥမ္မာမြင့်နှင့် ဒေါက်တာနွေကြေးမုံတို့က များစွာ ကူညီခဲ့ကြပါတယ်။ ၁၉၈၇-ခုနှစ်လောက်က F.P.Gradner and other Scientists ၏ Physiology of Crop Plants စာအုပ်ပေါ်ကာစ ဤစာအုပ်ကို ပြဌာန်း စာအုပ်ပြုလုပ်၍ သင်ကြားပေးပါတယ်။ ထို့အတူ Milthorpe and Moorby ၏ An Introduction to Crop Physiology စာအုပ်ကိုမူ ဆစ်ဒနီ စာအုပ်ဆိုင်မှာ ၂၉ ဒေါ်လာ ပေး၍ ဝယ်ယူဖတ်ရှုခဲ့ပါတယ်။ ထိုစာအုပ်များမှာ ဒုတိယအကြိမ် တည်းဖြတ်ခြင်း (Second Edition) ဖြင့် ထပ်မံထုတ်ဝေပြီးပါပြီ။ လက်တွေ့သင်ခန်းစာများတွင် ပြောင်းဖူးသီးနှံပင်များ၏ ရေရရှိနိုင်မှုစွမ်းအင် (Leaf Water Potential of Maize) ကို လက်တွေ့ တိုင်းထွာခဲ့ရပါတယ်။

ပုံ - ၃ အရွက်ရေပါဝင်မှုတိုင်းထွာသော ကိရိယာ

(ယ) ပတ်ဝန်းကျင်ဆိုင်ရာဇီဝကမ္မဗေဒ - ၁ (BT216 Ecophysiology – 1; (2 Lecture, 3 Practicals; 10 Credits, First Semester) ရုက္ခဗေဒဌာနကိုသွား၍ မန္တလေးတက္ကသိုလ်မှ ဆရာမကြီးဒေါ်ဝင်းကြည်နှင့် အတူတူတက်ရောက်ရသောအတန်း ဖြစ်ပါတယ်။ ၃ ယောက်တစ်ဖွဲ့လက်တွေ့လုပ်တော့ ကျွန်တော်တို့ ၂ ယောက်နှင့် ဟောင်ကောင်က တရုတ်လေးတစ်ယောက်မှာ တဖွဲ့ကျပါသည်၊ သူတို့လက်တွေ့မှာ လက်တွေ့လက်စွဲ စာအုပ် (Practical Manual Books) ပေးထားပြီး တာဝန်ကျဆရာ (Tutor/ Demonstrator) က လာမေးတာကိုဖြေပေးရုံပဲ ဖြစ်ပါတယ်။

(လက်တွေ့မှာ သီအိုရီတွေ ပြောမနေပါ)၊ (ကျွန်တော် လယ်ယာသီးနှံဌာနမှာ လက်တွေ့ ကြီးကြပ်ရတော့ သရုပ်ပြဆရာများကို အမြဲတန်းညွှန်ကြားခဲ့ပါတယ်။ စာချည်းသင်မနေနဲ့ လက်တွေ့နဲ့တူအောင် လက်တွေ့လုပ်ခိုင်းပါ ဟူ၍မနည်း ပြောခဲ့ရပါတယ်။)

လက်တွေ့မှာ နေကြာပင်တစ်ပင်ကို ပန်းအိုးနဲ့စိုက်ပြီး အပတ်စဉ် တနင်္လာနေ့လည်တိုင်း အပင်အမြင့် (Plant Height)၊ အရွက်ဧရိယာ (Leaf Area)၊ အစာချက်လုပ်မှုနှုန်း (Photosynthetic Rate)၊ အရွက်ရေပါဝင်မှုပမာဏ (Leaf Water Potential) စသည်တို့ကို တိုင်းထွာပြီး နောက်ပိုင်း ကြီးထွားမှုနှုန်း (Sunflower Growth Rate) ကို တွက်ချက်ခဲ့ရပါတယ်။

(အပတ်စဉ် စုစုပေါင်း အပင်အခြောက်အလေးချိန် Total Dry Matter – TDM ကတော့ မိမိဌာနမှာပဲ အပင်များများစိုက်ပြီးတိုင်းထွာ လေ့ကျင့်ခဲ့ရပါတယ်) 

တလက်စတည်း ကျွန်တော့်ကြီးကြပ်ဆရာ ဒေါက်တာပက်ဘလင်းမီး (Dr. Pax Blamey) က ကျွန်တော်သုတေသနပြုရမယ့် မြေပဲ၏နေရောင်ခြည်စွမ်းအင်မှ အပင်အစာချက် လုပ်နိုင်မှုစွမ်းရည် (Solar Energy Conversion Efficiency  of Groundnut) ကို ယခင်လုပ်ခဲ့သော သုတေသနများစွာမှ ပြန်လည်သုံးသပ်ချက် (Literature Review) ကို အထူးခေါင်းစဉ် - က (Special Topic - A) အနေနှင့် ရေးသားတာဝန် (Assignment) ပြုလုပ်ရပါတယ်။ ကျွန်တော်ကံကောင်းသည်က ဆရာက ကျွန်တော့်ကိုချစ်တဲ့အတွက် သောကြာနေ့လယ်တိုင်း သူနဲ့တွေ့ပြီး ကျွန်တော့်ကျောင်းစာ တိုးတက်မှုနှုန်း၊ အခြားအခက်အခဲများကို မေးမြန်း ဖြေရှင်းပေးပါတယ်။

(ဂျာမနီရှိ ကျွန်တော် ပါရဂူကျမ်းကြီးကြပ်ဆရာ ပါမောက္ခ ဒေါက်တာဘူးကပ် (Professor Dr. Andreas Buerkert) အလှည့်ကြ ပုံစံတစ်မျိုး ဆိုတာကို နောက်ဆောင်းပါးမှာ တင်ပြပါမယ်)။ 

သင်ကြားရေးနှင့်အတူတူ ကျွန်တော့်မဟာသိပ္ပံသုတေသနကို မြေနီပင်လယ်အော် စိုက်ကွင်း (Redland Bay Farm) မှာ မြေပဲသွားစိုက်ရပါတယ်။ ကွင်းစလန်တက္ကသိုလ်သည် ဘရစ်စဘိန်း မြို့ထဲ စိန့်လူးရှားနယ်မြေ/ရပ်ကွက် (St.Lucia Campus) မှာရှိပြီး စိုက်ကွင်းမှာ မြို့ပြင် ၅၀ ကီလိုမီတာခန့်ဝေးပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သဘောသဘာဝအရ  ကျွန်တော်တို့ဌာနမှာ ကားတွေက ၄-၅ စီးအားနေသော် လည်း ယာဉ်မောင်း (Driver) မရှိပါ၊ ပထမဆုံးနေ့မှာ ဆရာက ကျွန်တော့်ကို ကားမောင်းပို့ပြီး မြေပဲပင် အမျိုးမျိုး၏ အမြစ်အလေးချိန် (Root Weight)  ကို တိုင်းတာဖို့ နမူနာယူတာပြသပြီး မြေနမူနာယူကိရိယာ (Soil Sampling Auger) ဖြင့် ဆရာ နဲ့ကျွန်တော် နှစ်ယောက်တည်း မြေကြီးနမူနာ ယူခဲ့ရပါတယ်။ စိုက်ကွင်းမန်နေဂျာ (Farm Manager) မှာ သုတေသနစိုက်ကွင်း အပင်ရေလောင်းတာ၊ ပိုးမွှား၊ ရောဂါကာကွယ်နှိမ်နှင်းခြင်း လုပ်ငန်းများတာဝန်ကိုသာ လုပ်ဆောင်ပါတယ်။

ပုံ - ၄ မြေပဲအမြစ်များမြေဆီလွှာ အလွှာလိုက်ပါဝင်မှုကို တိုင်းထွာရန် မြေနမူနာယူပုံ

နောက်ရက် မြေပဲပင်နမူနာများယူတော့ ထိုင်းနိုင်ငံမှ သူငယ်ချင်း ဆူချပ် (Suchart) ကို အကူအညီတောင်း ကားမောင်းခိုင်းရပါတယ်။ ကျွန်တော်က အဲဒီအချိန်တုံးက ကားမှမမောင်းတတ်ဘဲကိုး။ မြေပဲပင်များနှုတ်လာပြီးတော့လည်း ပလတ်စတစ်အိပ်အကြီးကြီးတွေနဲ့ လုံအောင်ထုတ်ပိုးပြီး အအေးခန်း (Cold Storage Room) ထဲမှာ သိမ်းထားရပါတယ်။ ပြီး မိမိအားတဲ့အချိန်ကျမှ အရွက်၊ ပင်စည်၊ အမြစ်၊ စွယ်၊ အတောင့် သီးခြားခွဲထုတ်ပြီး အခြောက်ခံ အလေးချိန်ရပါတယ်။ ဆရာမ ဒေါ်ဝင်းကြည်နဲ့ ဒေါ်ဝင်းဝင်းမြင့်တို့က အားတဲ့အခါ လာရောက် ကူညီကြပါတယ်။

ပုံ - ၅ ကျွန်တော့်ဆရာ ၂-ဦး (Dr Pax Blamey and Dr Max Shelton) နဲ့အတူ ၂၀၁၇-ခုနှစ် ကွင်းစလန်တက္ကသိုလ်ပြန်ရောက်ခဲ့စဉ်က

ဒုတိယနှစ်ဝက် (Second Semester) အရောက် မဟာသိပ္ပံသုတေသနနှင့် အတူတူ တွဲဖက်ပြုလုပ်ရသည်က ဩစတေလျတောင်သူပညာပေး (Australian Agricultural Extension Services) လေ့လာရေးအစီအစဉ် (Study Tour Program) ပါ၊ 

ကွင်းစလန်ရှိ တောင်သူပညာပေးရုံးရောက်တော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း (ရေသွင်း၊ ရေထုတ်)၊ စက်မှုလယ်ယာ လုပ်ငန်းများကို သူ့ကျေးရွာအုပ်စု/ ခရိုင်အလိုက် တစ်ရုံးထဲကပဲ ကြီးကြပ်ကွပ်ကဲသည့်စနစ် (One-Stop Service) ကိုတွေ့ ရှိခဲ့ရပါတယ်။ အလွန်အကျိုးရှိပြီး ထိရောက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ထိုစနစ်ကို ကျွန်တော်တို့အဖွဲ့ ၂၀၁၇-ခုနှစ် အိန္ဒိယတက္ကသိုလ်များ လေ့လာရေး အစီအစဉ် (Indian Agricultural Universities Tour Program) တုန်းကလည်း တောင်သူပညာပေးရုံးက တစ်ရုံးထဲပါပဲ။ သူတို့အခေါ်  လယ်ယာသိပ္ပံပညာရုံး (KVK – Krishi Vigyan Kendra – Farm Science Center) ဟုခေါ်ဆိုပြီး မြေဆီလွှာဓာတ်ခွဲမှု၊ မျိုးစေ့များ ရောင်းဝယ်ပေးမှု၊ ဆိတ်သားပေါက် ကလေးများ ရောင်းပေးမှု၊ ပျားမွေးမြူရေး၊ လက်တွန်းထွန်စက် ပြင်ဆင် ပြုပြင်ရေး၊ အမျိုးသမီးများ ရန်ပုံငွေရရန် မဆလာလုပ်နေမှုကို ကြီးကြပ်နေမှု စသည်တို့ကို ရုံးတစ်ရုံးတည်းကပဲ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ရှေ့တွင် တောင်သူများက ရုံးလာပြီး မြေဆီလွှာစစ်၊ မျိုးစေ့လာဝယ်၊ ဆိတ်သားပေါက်ကလေးတွေလာဝယ် လိုအပ်တာတွေဆွေးနွေးစသည်ဖြင့် တောင်သူပညာပေးလုပ်ငန်းက အလွန်ထိရောက်လှပါတယ်။

၁၉၈၇-၈၉ ခုနှစ်များက အင်တာနက်မရပါ။ Email Service မရှိပါ။ လေယာဉ်စာ (Aerogramme – Air Letter) နှင့်စာရေးပြီး စာရရန် ၂-ပတ်လောက်စောင့်ခဲ့ရပါတယ်။ လက်ကိုင်ဖုန်း၊ လက်တော့ကွန်ပျူတာ (Mobile Phone, Laptop) မရှိသေးပါ။ မြန်မာပြည်ကို ဖုန်းဆက်ချင်ရင်တောင်မှ အကြွေစေ့ (Coin) များလဲ ထားပြီး ဖုန်းဆက်ခဲ့ရပါတယ်။ ကွန်ပျူတာအကြီးကြီးကို ကွန်ပျူတာခန်းတွင် အလှည့်ကျသုံးရင်း အစက်ချပုံနှိပ်စက် (Dot Printer) နဲ့ စာရွက်ထုတ်ကာ တက္ကသိုလ်ပုံနှိပ်တိုက်မှာ ကျမ်း (Thesis) စာအုပ်အပ် ထုတ်ဝေခဲ့ရပါတယ်။ ဂရပ်ပုံ (Bar Graph) များကို ဒေါ်ဝင်းဝင်းမြင့်တို့ ကိမိလဗေဒဌာနမှ ထုတ်ခဲ့ရပါတယ်။ (ဒေါ်ဝင်းဝင်းမြင့်အား ကျေးဇူးတင်လျက်)

မိတ္တူစက် (Photocopier) ကတော့ စပေါ်နေ၍ စာရွက်စာတန်း တွေအများကြီး ကူးယူခဲ့ပါတယ်။ ကျွန်တော်ကျမ်းခေါင်းစဉ်မှာ “ကွင်းစလန်ပြည်နယ်ရှိမြေပဲမျိုးပြားများ၏ နေရောင်ခြည်စွမ်းးအင်ပြု အစာချက်လုပ်နှုန်းကို နှိုင်းယှဉ်လေ့လာခြင်း’  - ‘Effect of Solar Energy Conversion Efficiency on Queensland Peanut Cultivars ဖြစ်ပါတယ်။

ကျွန်တော့် စိုက်ပျိုးရေးပါရဂူဘွဲ့အကြောင်းဆက်လက်ရေးပါဦးမယ်...

ကွင်းစလန်တက္ကသိုလ်ရှေ့တွင် ဦးသန်းအောင်၊ ဦးထင် (ဩစတေးလျ)၊ ဒေါက်တာ အောင်ကြည်၊ ဦးရန်လင်းနှင့် ကျွန်တော် 

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India) 327p.

Milthorpe, F.L. and J.Moorby (2010) An Introduction to Crop Physiology. 2nd Ed. Cambridge University Press. 260p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်