၁၉၈၆ ခုနှစ်တွင် ကျွန်တော် မဟာစိုက်ပျိုးရေးသိပ္ပံ သင်တန်းတက်သည့်အချိန်သည် အသက် ၂၈နှစ်ဖြစ်သည်။ ၁၉၈၈ အရေးအခင်းပြီး ၃ နှစ်ကြာပြီးနောက် အသက် ၃၁ နှစ်မှ မြန်မာပြည်ပြန်ရောက်ပါသည်။ ထိုစဉ်က တစ်ချို့မှာ ပါရဂူဘွဲ့အတွက် ဆက်တက်ရင်း မြန်မာနိုင်ငံသို့ ပြန်မလာကြတော့ပါ။ ကျွန်တော်ကတော့ နိုင်ငံတော်နဲ့တက္ကသိုလ်က လွှတ်လိုက်သည်ကတစ်ကြောင်း ကျွန်တော် တော်လို့ပညာတော်သင်ရွေးတာမဟုတ်သည်ကတစ်ကြောင်းအပြင် ထိုစဉ်ကအသက်ငယ်သေးသည့်အတွက်ကြောင့် တက္ကသိုလ်ပြန်ပြီး အတွေ့အကြုံများကို ပြန်လည်ဝေငှလို၍ ပြန်လာခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော့်၏ ပါရဂူဘွဲ့ ကံကြမ္မာကလည်း အတော်ဆန်းကြယ်ပါသည်။ ရေဆင်းတက္ကသိုလ်ပြန်ရောက်ပြီး ဒေါက်တာဦးသက်လင်းတို့ အသုတ် ၁၉၈၉-ခုနှစ်ခန့် ဆရာ၊ ဆရာမ အသစ်များကို ကျွန်တော်ရရှိခဲ့သည့် (EAP – English for Academic Purposes) အတွေ့အကြုံများကို မျှဝေပေးရင်း ၁၉၉၁ခုနှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်သည့် အခါ လယ်ယာသီးနှံဌာနတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သင်ကြားခဲ့ပါသည်။ ပါရဂူဘွဲ့ကံက ၁၉၉၂ ခုနှစ်တွင် ဂျပန်ပညာတော်သင်ဆု ဖြင့်စခဲ့ပါသည်။ သို့သော် ကျွန်တော်တို့ တက္ကသိုလ်သည် ထိုစဉ်ကပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနကြီးကြပ်မှု၏ အောက်တွင်ရှိခဲ့ပါသည်။ ဘာကြောင့်မှန်းမသိ ထိုပညာတော်သင်ဆုမှာ ရန်ကုန်ပညာရေး တက္ကသိုလ်မှ ရရှိသွားခဲ့ပါသည်။
၁၉၉၃ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့တက္ကသိုလ်သည် ထိုစဉ်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ပြောင်းရွေ့ ရောက်ရှိခဲ့ပြီး ပညာတော်သင်ဆုက ၃၂နှစ်အောက်ဖြစ်လိုက် ကျွန်တော်က အသက် ၃၂နှစ်ကျော်သွားနေပြီး ပညာတော်သင်ဆုက အသက် ၃၅ နှစ်အောက်ခေါ်ချိန်တွင် ကျွန်တော်က ၃၅ နှစ်ကျော်သွားလိုက် ဖြစ်ဖြစ်နေပါ သည်။ ထိုစဉ်က ကွန်ပျူတာ အခက်အခဲရှိ၍ လက်နှိပ်စက်ကလေးနဲ့ရိုက်ပြီး ကမ္ဘာ့တက္ကသိုလ်ပေါင်းစုံက ပါမောက္ခများထံ ပါရဂူဘွဲ့ကြီးကြပ်သူ (PhD Supervision) ရရှိရေး စာ တိုက်မှပင် ဆက်သွယ်ခဲ့ရပါသည်။ ၁၉၉၈-ခုနှစ်လောက်တွင် ကျွန်တော့်၏ကြီးကြပ်ဆရာဖြစ်လာမည့် ပါမောက္ခဒေါက်တာအင်ဒရီယာစ်ဘူးကပ် (Professor Dr. Andreas Buerkert) က ကျွန်တော့်စာကိုလက်ခံခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ် လောက်ထင်ပါသည် ဒေါက်တာ စိုးစိုးသိန်း၊ ဒေါက်တာ တင်အေးအေးနိုင်တို့က အရင် ပညာသင်ဆုရသွားခဲ့သည့် ဒေါက်တာစိုးစိုးသိန်း ဆရာက ဒေါက်တာ ဘူးကပ်ပဲဖြစ်ပြီး သူတို့ သုတေသနအတွက် စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်းကို ပထမဦးဆုံး အချိန်ရောက်ရှိစဉ် ကျွန်တော့်အားခေါ်တွေ့ပါသည်။ (ဒေါက်တာစိုးစိုးသိန်းနှင့် ဒေါက်တာ တင်အေး အေးနိုင်တို့အား ကျေးဇူးတင်လျက်)။
ဤဆရာသည် အလွန်မတန်အလုပ်များတဲ့သူဖြစ်ရာ ရေဆင်းစိုက်တက္ကသိုလ်၊ ဧည့်ရိပ်သာ တွင် ခေတ္တတည်းခိုရင်း ကျွန်တော့်ကို တွေ့တဲ့ အချိန်က ည ၁၀-နာရီ လောက်မှပါ။ ပထမအကြိမ် ဂျာမဏီနိုင်ငံသို့ သုတေသနလေ့လာရေးအစီအစဉ် (Research Visit) ၄-လ အတွက် သုတေသနပြုလုပ်ရန် သုတေသနလုပ်ငန်း အဆို ပြုချက်/စီမံချက် (Research Proposal) ကိုရေးရပါသည်။ ကျွန်တော်က မော်တော်ဆိုင်ကယ်လေးနဲ့ ရေးပြီး လာပြလိုက်၊ ဆရာက ပြင်လိုက်၊ အိမ်ပြန်ပြီး လက်နှိပ်စက်ကလေးနဲ့ ပြန်ရိုက်ပြီး ပြလိုက်နဲ့ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ပါ။ နောက်ဆုံး အချောပြီးတော့ ည ၁-နာရီထိုးနေပါပြီ။ အဲဒီကျမှ ဆရာလည်း အိပ်၊ ကျွန် တော်လည်း အပြီးပြန်ရပါသည်။
တကယ်သွားတဲ့အခါ ၂၀၀၁-ခုနှစ် အောက်တိုဘာလ ၁-ရက် (အမေရိကန်နိုင်ငံမှာ စက်တင်ဘာ (၉/၁၁) အဖြစ်အပျက်ကြီး ပြီးကာစဖြစ်ပါသည်)။ ဤအချိန်တွင် အင်တာနက်ကပေါ်နေပါပြီ။ ကျွန်တော့် အဒေါ်အိမ်နဲ့ စိုက်ပျိုးရေးစီမံကိန်းရုံးက ရန်ကင်းမှာ နီးနေ၍ လမ်းလျှောက်သွားပြီး ဆရာဦးဘွန်သိန်းအကူအညီနဲ့ ထိုစဉ် ရှိသော (Email address – Coolpets.net) နဲ့ ဆရာကို ဆက်သွယ်ရပါသည်။ ဒေါက်တာခင်မာချို က ယခင်ကတပည့် ဖြစ်သော်လည်း ထိုအချိန်တွင် ကျွန်တော်က ဆရာ ပြန်တင်ရပါသည်။ သူမက ပါရဂူဘွဲ့ အတွက် ဖရမ့်ဖို့မြို့ (Frankfurt) နားက ဂီဆင်းတက္ကသိုလ် (Gissen University) တွင် ပါရဂူဘွဲ့အတွက်ကြိုရောက်နေရာ ကျွန်တော့်ကို လေဆိပ်လာ ကြိုဖို့၊ နောက်ဆုံး ဂျာမာန်လို မပြောတတ်တော့ လေဆိပ်ကနေ ကျွန်တော်နေမည့် ကတ်ဆယ် တက္ကသိုလ် (University of Kassel)၊ ဗစ်ဆင်ဟောက်ဆင်နယ်မြေ (Witzenhausen Campus) အထိလိုက်ပို့ခိုင်းရပါသည်။ ကျွန်တော့် ဆရာက ကျွန်တော့်ကို လာကြိုတော့ ဘူတာရုံကို စက်ဘီးနဲ့လာကြိုတာပါ။
ပုံ - ၁ ကျွန်တော်တို့တောမြို့ကလေးကဘူတာရုံ
နောက်အင်တာနက်မှာ Google, Gmail အသုံးပြုပုံ၊ ဂျာမန်ဈေးဝယ်နေရာ အာလ်ဒီ (ALDI – Shopping Center) မှာဈေးဝယ်ပုံကအစ ဒေါက်တာခင်မာချိုက သင်ကြားပြသပြီးမှ သူမမြို့ကို ပြန်သွားပါသည်။ အလွန်မတန် ကျေးဇူးတင်ခဲ့ရပါသည်။ ဆရာက သူ့ငွေကို ကျွန်တော်ကြိုသုံးရန်ထုတ်ပေးပါသည်၊။ ထိုစဉ်က ဂျာမန် မတ်ငွေ (Deutsche Mark) သုံးရဆဲပါ။ ၂၀၀၂-ခုနှစ်ရောက်မှ ဥရောပတစ်ခုလုံး ယူရိုငွေ (Euro Money) ပြောင်းသုံးကြပါသည်။ ကျွန်တော့်ဌာနက ဝတ်ဆင်းဟောင်ဆင်မြို့၊ စတိန်းလမ်း နယ်မြေ (Steinstraße Campus, Witzenhausen) တွင်ရှိပါသည်။
သုတေသနအတွက် ကျွန်တော့်တက္ကသိုလ်က ဂျာမဏီနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အပူပိုင်းသီးနှံမှန်ခြံ (Tropical Glass House) တွင် မြန်မာနိုင်ငံက ကျွန်တော်ယူလာသော ပဲတီစိမ်းမျိုးစေ့များကို အပင်ကြီးထွားမှု သုတေသနပြုလုပ်ရန်အတွက် စီစဉ်ထားသော ကိရိယာ (Special Growth Chamber) ထဲတွင် အပူချိန် (Temperature)၊ အလင်းရောင် (Light Intensity) ကိုချိန်ညှိပြီး စိုက်ပျိုးခဲ့ရပါသည်။
သုတေနစိုက်ပြီးမှ မျိုး ၄-မျိုး၏ အရွက်နှင့်အစေ့တွင် နိုက်တြိုဂျင်နှင့် ဖော့စဖောရပ် စုပ်ယူနိုင်မှုကို ဓာတ်ခွဲခန်းတွင် ကိုယ်တိုင်ပြုလုပ်ရပါသည်။ ထုံးစံအတိုင်း မြေဆီလွှာနှင့်ဆိုင်သောဓာတ်ခွဲခန်း (Soil Laboratory) မှာ ဓာတ်ခွဲခန်းမှူးမစ္စတာဟိုက်လီတတ်ရှ် (Mr. Burkhard Heilitasch) နှင့် အပင်ဓာတ်ခွဲခန်း (Plant Laboratory) မှာ ဒေါ်ကလော်ဒီယာ (Ms. Claudia Thieme-Fricke) နှင့် ဒေါ်အီဗာ (Ms. Eva Wiegard) တို့နှစ်ဦးပဲရှိပါသည်။
ကျွန်တော်က ချစ်မွေးပါလို့လားမသိ ကျွန်တော်ကို အတော်ကူညီကြပါသည်။ ကျွန်တော်တို့ဌာန၏ အတွင်းရေးမှူး အဒေါ်ကြီး ဒေါ်ဆစ်ဂရစ်ဟာဘာ (Mrs./Frau Sigrid Haber) အပါအဝင်ပါ။ အတွင်းရေးမှူးအဒေါ်ကြီးက ကျွန်တော်တို့နိုင်ငံရှိ လူ ၅-ယောက် လုပ်သည့်အလုပ်ကို သူမတစ်ဦးတည်းလုပ်ပါသည်။ ပစ္စည်းထုတ်ပေးသည့် စတိုမှူး၊ စာဝင် စာထွက်စီစဉ်ကိုယ်တိုင်လုပ်၊ ကွန်ပျူတာရိုက်၊ ပါမောက္ခ လုပ်ငန်းအစီအစဉ်တွေ စီမံ၊ ပါမောက္ခ ကိုယ်စား ဝင်လာသမျှတယ်လီဖုန်းတွေ ဒိုင်ခံဖြေဆိုစသည့် အပြင်ဌာန မနက်ပိုင်း ကော်ဖီချိန် (Morning Coffee Break) ပါစီစဉ်လိုက်ပါသေးသည်။
ပုံ - ၃ ကျွန်တော့်ဌာနရှိရာ စတိန်းလမ်းနယ်မြေ Steinstraße Campus
ကျွန်တော်ယူလာသောပဲတီစိမ်းမျိုးစေ့များ၏ အမိုင်နိုအက်စစ်ပါဝင်မှု (Amino Acid Content) ကိုမူ ဒေါက်တာ တင်အေးအေးနိုင်တို့ ဌာနရှိရာ ဘူတာရုံ မြောက်ပိုင်းနယ်မြေ (Nord Bahnhof Campus) တွင်ရှိ ဇီဝဓာတုဗေဒဌာန (Department of Biochemistry) ကဆရာ ဓာတ်ခွဲခန်းတွင် တိုင်းထွာရပါသည်။
ပုံ - ၄ ကတ်ဆယ်တက္ကသိုလ်၊ ဘူတာရုံလမ်းနယ်မြေ
သုတေသနပြီး၍ ပါရဂူဘွဲ့အတွက်ပြန်ခေါ်တော့ သူတို့သတ်မှတ်ထားသော အသက်ထက်ကျော်နေသော်လည်း ဂျာမာန်စကော်လာရှစ်အဖွဲ့ (DAAD – German Academic Exchange Service) ခေါင်းဆောင် ဒေါ်ခရစ်စတာကလော့စ် (Dr. Christa Klaus) နဲ့ ကျွန်တော့်ဆရာကျေးဇူးကြောင့် ချွင်းချက်ထားပြီး ပါရဂူဘွဲ့စကော်လာရှစ်ပေးခဲ့ပါသည်။
(ကျွန်တော်ကတက္ကသိုလ်ဆရာကိုး ဆရာ၊ ဆရာမများကို ပညာသင်ပေးပါက ဘွဲ့ရပြီး မိမိနိုင်ငံ ပြန်ရောက်ပညာဖြန့်ဝေရမည်မှာ ကျွန်တော်တို့တာဝန်ပဲ မဟုတ်ပါလား၊ ဒါကြောင့်စကော်လာရှစ်ပေးခြင်းပါ)။
အသက်ကြီးမှကျောင်းတက်ရတော့ ဂိုတင်ဂန်ရှိ ဂျာမာန်ဘာသာ သင်တန်းကျောင်း (Gothe Institute, Goettingen) တက်တော့လည်း ကျွန်တော့် သား၊ သမီးအရွယ် ကလေးများနဲ့ အတူတူ တက်ခဲ့ရပါသည်။ ဂူတင်ဂန်မှာ ဂျာမန်စာသင်နေစဉ် ကျွန်တော့်တပည့်ဟောင်း များ ဒေါက်တာမီမီအောင်၊ ဒေါက်တာနန်းဆိုင်ဟွမ် (လက်ရှိပါမောက္ခချုပ်) နဲ့ ဒေါက်တာကြည်မြင့်တို့က တစ်ပတ်လျှင် တစ်ရက် ညစာကျွေးပါသည်။ ကျွန်တော်နဲ့ ဒေါက်တာ ညီညီကျော် (အငြိမ်းစား သစ်တောညွန်ချုပ်) တို့က ဝိုင်စက္ကူဘူး ကလေးဝယ်သွားပြီး အပတ်တိုင်း ညစာစားသွားခဲ့ရသည်ကို ကျေးဇူးတင် မဆုံးရှိလှပါသည်၊ (ဒေါက်တာမီမီအောင်နဲ့ ဒေါက်တာကြည်မြင့်တို့ ကွယ်လွန်သွားပါပြီ)
ကျွန်တော့် ဆရာဆီတက္ကသိုလ် ပြန်ရောက်တော့ ကျွန်တော့် ပါရဂူသုတေသနက မြန်မာနိုင်ငံပြန်ပြီး ပြောင်းဖူးနဲ့ ပဲတီစိမ်း ပြန်စိုက်ရမည့် အစီအစဉ် ဖြစ်နေပါသည်။ ဥရောပ နွေဦး ဧပြီလဆန်းလောက်ဆိုလျှင် မြန်မာပြည်ပြန် ပဲတီစိမ်းနဲ့ပြောင်းဖူးစိုက် နမူနာကောက် ရိတ်သိမ်းပြီး ဥရောပဆောင်းရာသီဆိုလျှင် ကျွန်တော်က ဂျာမဏီပြန် ဓာတ်ခွဲခန်းလုပ်ငန်းလုပ် ရရှိသောစာရင်း ဇယားများ တွက်ချက်မှု ကို ၂၀၀၂-မှ ၂၀၀၅-ခုနှစ်အထိ အကြိမ်ကြိမ် သွားချည်၊ ပြန်တလှည့် လုပ်ခဲ့ရပါသည်။
ဂျာမန် ပါရဂူဘွဲ့အစီအစဉ်မှာ သုတေသနကိုပဲ ဇောင်းပေးလုပ်၊ ကျမ်းပြုပုံနှိပ် ထုတ်ဝေခြင်း (Publication) ရရှိအောင်လုပ် စသည်တို့ဖြစ်ပါသည်။ ဩစတေလျ၊ အမေရိကန်၊ ဖိလစ်ပိုင်နိုင်ငံများကဲ့ သို့ သင်ခန်းစာ (PhD Course Work) မယူမနေရ မဟုတ်ပါ။ ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းဆရာလည်းဖြစ်၍ သူတို့သင်ပုံသင်နည်း အတုခိုးလို၍ အင်္ဂလိပ်လို သင်သည့် ပို့ချချက် (Lecture) များကို လိုက်တက်ပါသည်။
ဗုဒ္ဓဟူးနေ့တိုင်း အင်္ဂလိပ်လို ဆွေးနွေးပွဲ (Weekly Seminar in English) ရှိပါသည်။ တစ်ခါက ဒေါက်တာရစ်ချ်တာ၏ စာသင်မှုတွင် ဂျာမန်ကျောင်းသားများ နောက်ကျနေရာ ကျွန်တော်နဲ့ ဂျာမန် ကျောင်းသူတစ်ဦးသာ ရှိနေပါသေးသည်။ ဆရာက မနက် ၉-နာရီထိုးပြီ စတော့မယ်ဆိုကာ စသင်ပါတော့သည်။ မိနစ်အနည်းငယ်ကြာမှ ကျန်ကျောင်းသား၊ ကျောင်းသူများ ကုတ်ချောင်းချောင်းနဲ့ ရောက်လာပါတော့သည်။
ပုံ - ၅ ကတ်ဆယ်တက္ကသိုလ်၊ မှန်ခြံဆွေးနွေးပွဲအခန်းလေး (Seminar Room, Tropical Glass House, University of Kassel)
ဂျာမန်များ အချိန်တိကျမှုကိုပြောလျှင် သူတို့ရထား အကြောင်းကမပါမပြီးပါ။ သူတို့ရထားက အချိန်ဇယား (Train Time-Table) အတိုင်း အတိအကျဆိုက်ရောက် ထွက်ခွာပါသည်။ ဥပမာ - ကျွန်တော်တို့ ဝတ်ဆင်းဟောက်ဆင်မြောက်ပိုင်း ဘူတာရုံ (Witzenhausen Nord Bahnhof ) မှ ဂူတင်ဂန် (Goettingen) သို့ တစ်နာရီထိုးပြီးတိုင်း မိနစ် ၂၀ (12:20; 1:20; 2:20, 3:20, etc.) အမြဲတန်းရထားရှိပါသည်။ ကျွန်တော့်ဆရာက အားလုံးပြီး၍ ကျွန်တော့်ကိုပြန်လိုက်ပို့တော့ (၉နာရီ၂၀-မိနစ်ရထားမှာ) ၉-နာရီ ၁၀-မိနစ်အထိ ကျွန်တော့်အဆောင်ကို ဆရာရောက်မလာသေးပါ။ ကျွန်တော် အလွန်စိတ်ပူနေပါပြီ။ ဆရာရောက်လာပြီး ကျွန်တော့်ကိုပို့တော့ ဘူတာရုံလည်းရောက် ရထားလည်း ဝင်လာတော့တာပါပဲ။ သူကအချိန်တိကျမှု ကိုဂုဏ်ယူပြီး ဖက်ပြီးနှုတ်ဆက်ပါတော့သည် (အဲဒီလောက်အထိ အချိန်အတိအကျလုပ်တဲ့ ဆရာပါပဲ)။ စနေနေ့တိုင်း ဤရထားက လေးကိုစီးပြီး ဂူတင်ဂန်က မြန်မာကျောင်းသားများဆီသွား သူတို့ရဲ့ စာကြည့်တိုက်မှာ စာကြည့်ညအိပ်ပြီးမှ နောက်တနေ့ အိမ်ပြန်ပါသည်။ ကျွန်တော်တို့ နှစ်ဝက်ကျောင်းသား လက်မှတ် (Student Semester Ticket) က ကတ်ဆယ်နှင့် ဂူတင်ဂန်ကို ကျောင်းသားများ စာကြည့်တိုက်သွား၊ တက္ကသိုလ်နှစ်ခုက သင်ခန်းစာစာများသွား သင်ယူနိုင်အောင် အလကားလက်မှတ် (Free Ticket) ပုံစံ စီစဉ်ပေးထားခြင်းဖြစ်ပါသည်။ လက်မှတ်စစ်က ကျွန်တော်တို့ ကျောင်းသားကဒ်ကို ရထားပေါ်တွင်စစ်ပါသည်၊
(ရထားကို ကြိုက် သည့် အချိန်တွင် အလကားစီးနင်း သွားရောက်ရန် စီစဉ်ပေးထားသော အလွန်ကောင်းမွန်သော အစီအစဉ်ပါ)။
ပုံ - ၆ ကျွန်တော်တို့ အပတ်စဉ်စီးခဲ့ရသော ရထားလေး
မြန်မာပြည်ရှိ ကျွန်တော့်ပါရဂူ သုတေသနမှာ စိုက်ပျိုးရေးသုတေသနဌာန အောက်ရှိ ညောင်ဦး သုတေသနခြံတွင် ပဲတီစိမ်း အမျိုးမျိုး၏ ဖော့စဖောရပ်ဓာတ်တုံ့ပြန်မှု၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်စိုက်ကွင်းအတွင်း ပြောင်းဖူးနှင့်ပဲတီစိမ်းသီးလှည့် သုတေသနများကို (၂၀၀၂-၂၀၀၃-၂၀၀၄) ၃ နှစ်ဆက်တိုက်စိုက်ပျိုးခဲ့ရပါသည်၊
ကျွန်တော့် ပါရဂူဘွဲ့ကျမ်း ကြီးကြပ်ဆရာရဲ့ အမူအကျင့်အချို့ကို မဟာသိပ္ပံ ဆရာနဲ့ နှိုင်းယှဉ်ပြောပါရစေ။ ကျွန်တော့်က ညဆိုစောစောအိပ်ပြီး မနက်စောစောထ ရုံးသွားသည့် အလေ့အကျင့် ရှိပါသည်။ ဂျာမန်ဆောင်းတွင်းက မနက် ၉ နာရီလောက်မှ အလင်းရောင်လာပါသည်။ ညနေ ၃၊ ၄ နာရီလောက်ဆို မှောင်သွားပါပြီ။ နွေကျတော့လည်း မနက် ၃ နာရီကတည်းက အလင်းရောင်ရနေပါပြီ။ ည ၉-နာရီမှ နေဝင်ပါသည်။ ကျွန်တော်က မနက် ၇ နာရီလောက်ဆို ရုံးရောက်နေပါပြီ။ သန့်ရှင်းရေး လာလုပ်သော အဖွားကြီးတွေနဲ့ အချိန် အတူတူပေါ့။ ဆရာက လည်း မနက် ၈ နာရီ လောက်ဆို စက်ဘီးကလေးစီးပြီး ရောက်လာပါပြီ။ ကျွန်တော်က မြန်မာ့ထုံးစံအရ ဂျာမန်လိုကောင်းသောနံနက်ခင်းပါ (Guten Morgen) ဆိုပြီး မနက်တိုင်းအခန်းရှေ့ ကနှုတ်ဆက်ရာ အစ ၃-၄ ခါလောက်တော့ ဘာမှမပြောသေးဘဲ နောက်တော့ မျိုး (Myo) မင်းဘာလို့နှုတ်ဆက်တာလဲ အဲဒီလို နှုတ်ဆက်လိုက်ရင် ငါ့ခေါင်းထဲ မင်းအတွက် ဘာလုပ်ပေးဖို့ လိုနေသေးသလည်း တွေးမိသွားတယ် လိုမှလာတွေ့ပါလို့ အားမနာဘဲပြောပါသည်။ ဆရာက ကျွန်တော့်ထက် အသက် ၂ နှစ်ငယ်ပါသည်။ သူနဲ့ချိန်း (Appointment) လျှင်လည်း ည ၇-နာရီ နောက်ပိုင်းမှပဲ တွေ့တာများပါသည်။ (ဆရာ့ အလုပ်လုပ်ချိန်က မနက် ၈-နာရီလောက်ကနေ ည ၈-၉ နာရီအထိပါ၊
(သာမန် ဂျာမန်ပါမောက္ခတွေ အဲဒီလောက်ရုံးတက်တာ ကျွန်တော် သတိမထားမိပါ)
ကျွန်တော် ဘွဲ့ယူစာမေးပွဲ (PhD Defence Exam) တွင်တော့ ကျွန်တော့်ဆရာ (Professor Dr. Andreas Buerkert)၊ ဒေါက်တာတင်အေးအေးနိုင်၏ဆရာမဒေါက်တာ မာရီယာဖင့်စ်ရှ် (Professor Dr. Maria Finckh)၊ ဆရာမ ဒေါ်နီနီထွန်း သုတေသနဆရာ ပါမောက္ခ ဒေါက်တာခရစ်စီယန်ရှစ်တာ (Professor Dr. Christian Richter) နဲ့ သီးနှံဇီဝမျိုးကွဲဌာန (Agro-Biodiversity Department) မှ ပါမောက္ခ ဒေါက်တာ ကားလ်ဟဲမာ (Professor Dr. Karl Hammer) တို့က စာစစ်ဘုတ်အဖွဲ့အနေနှင့် စစ်ဆေးပါသည်၊
စာမေးပွဲ အပြီး စားကြသောက်ကြရန် ဂိုတင်ဂန်မှ ဒေါက်တာ အောင်အောင်နှင့် ဒေါက်တာ ခင်သိန်းညွန့်တို့ လာရောက်ကူညီကြပါသည်၊ ဤတွင် ကျွန်တော့ပါရဂူဘွဲ့ သင်တန်း၊ တစ်ခန်းရပ်ပါပြီ။
ပုံ - ၇ ကျွန်တော်ဘွဲ့ယူအပြီး စာစစ်အဖွဲ့နဲ့အမှတ်တရဓာတ်ပုံရိုက်
ကျွန်တော် ပါရဂူသုတေသနမှ ပုံနှိပ်ထုတ်ဝေခဲ့မှုများ -
Myo Kywe, Finckh, M.R. and Buerkert, A. (2007) Phosphorus response and amino acid composition of different green gram (/Vigna radiata/ L.) genotypes from Myanmar. Journal of Agricultural Research in the Tropics and Subtropics 108(2), 99-112.
Myo Kywe, Finckh, M. and Buerkert, A. (2008) Green Gram Rotation Effect on Maize Growth Parameters and Soil Quality in Myanmar. Journal of Agricultural Research in the Tropics and Subtropics 109(2), 123-137.
ဖတ်ရှု၊ အကြံပြု၊ ဝေဖန်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။
သီးနှံပင်များအကြောင်း ဆက်လက်ရေးပါဦးမည်...
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။