ပဲစဉ်းငုံရဲ့ ဇီဝကမ္မဗေဒ (၂)

22/07/2024 16:08 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (132)  Food Legumes – Pigeon Pea -2 (Part-5)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၂) 

ပဲစဉ်းငုံ၏ အသုံးပြုမှုများမှာ မျိုးစေ့အခြောက်ကို ဟင်းချက်ရာတွင် ဟင်း၊ ဟင်းချိုအဖြစ်လည်းကောင်း၊ မျိုးစေ့အစိုနှင့် အစိမ်းတောင့် (Green Pods) များကို ဟင်းသီးဟင်းရွက် (Vegetables) အဖြစ် လည်းကောင်း၊ ပင်စည်အခြောက်ကို ထင်းအဖြစ် (Fuel woods) လည်းကောင်း၊ အစိမ်းရွက်များ (Foliages) ကို တိရစ္ဆာန်အစာ (Forage)၊ သစ်စိမ်းမြေဩဇာများ (Green Manure) အဖြစ်လည်းကောင်း အမျိုးမျိုး အသုံးပြုနိုင်ပါသည်။ 

ဇယား - ၁ ကမ္ဘာ့ပဲစဉ်းငုံ စိုက်ဧရိယာ၊ ထုတ်လုပ်မှု၊ အထွက်နှုန်း (World Pigeonpea Area, Production and Yield (kg ha-1)

Source – FAO STAT, 2017

ပဲစဉ်းငုံအညှောက်ပေါက်မှု (Germination of Pigeonpea)

ပဲစဉ်းငုံသည် အခြားပဲအချို့နှင့်မတူဘဲ မြေကြီးအတွင်းမှ အညှောက်ပေါက်ပါသည် (Hypogeal Germination)။ ပဲကြီး၊ ပဲလွန်း၊ ပဲတီစိမ်း၊ ပဲပုပ်စသည်တို့မှာ မျိုးစေ့မြေပေါ်သို့ ထွက်၍ အညှောက်ပေါက်ပါသည် (Epigeal Germination)။ ဤစနစ်ကြောင့် ပဲစဉ်းငုံစေ့များ အညှောက်ပေါက်မှုမှာ မြေကြီး အနက် ၅-စင်တီ (၂.၅ လက်မ) မှ ၃၀-စင်တီ (တစ်ပေခန့်) အနက်ထိ ရောက်သွားသော်လည်း အညှောက်ပေါက်နိုင်ပါသည်။ မျိုးစေ့ကြီးလေ အစာအာဟာရ များများ သိုလှောင်ထားနိုင်၍ အညှောက်ပေါက်နိုင်မှု အခွင့်အရေး ပိုများနိုင်ပါသည်။

ပဲစဉ်းငုံမျိုးစေ့ အညှောက်ပေါက်မှုက နှေးကွေး၍ နှံစား၊ နှမ်း၊ ဝါစသည့် သီးနှံများနှင့် အတန်းလိုက် သီးညှပ်စိုက်ပျိုးခြင်းက ပေါင်းပေါက်ရောက်မှုလျှော့ပါးစေကာ ပဲစဉ်းငုံချည်းသီးသန့် စိုက်သည်ထက် အညှောက်ပေါက်မှု ပိုကောင်းမွန်စေပါသည်။ ပဲစဉ်းငုံ ကြီးထွားမှုနှေးကွေး ရခြင်း (Slow Growth Rate) မှာ အရွက်ဧရိယာအရွယ်သေးမှု (smaller seedling leaf area) ကြောင့် အသားတင်အစာချက်နှုန်း (NAR – Net Assimilation Rate) နည်းသွားခြင်းကြောင့် ဖြစ်ပါသည်။

Source – FAO STAT, 2017

 

ပုံ - ၁ ပဲစဉ်းငုံကြီးထွားမှုနှင့်အထွက်ဆိုင်ရာ အချက်များ

စိုက်ပြီး ၁၀ ရက်အတွင်းမှာ ပဲစဉ်းငုံအပင်ငယ်ကလေး (Pigeonpea Seedling) ၏အရွက် ဧရိယာသည် ပဲပုပ် အရွက်ဧရိယာ၏ ၁/၃ ပုံ၊ ပဲလွမ်း အရွက်ဧရိယာ၏ ၁/၅ ပုံ ပဲရှိသော်လည်း တစ်ပင်ခြင်းစုစုပေါင်းအလေးချိန် (Biomass) နှင့် အရွက်ဧရိယာ (Leaf Area) ကြိမ်နှုန်း ကြီးထွားမှုနှုန်း (Relative Growth Rate - RGR) သည် မနည်းပါ။ 

အရွက်ဧရိယာဖြန့်ကျက်မှု၊ အလင်းရောင်ထိုးဖောက်မှုနှင့် ကြီးထွားမှု (Canopy Development, Light Interception and Growth)

ပဲစဉ်းငုံ ဗီဇရုပ်/မျိုးပြားအမျိုးမျိုး (Pigeon Genotypes/Germplasm) အရွက်သေး၊ အရွက်ကြီး မှနေ၍ ခြုံပုပ် ပုံသဏ္ဌာန်အထိ အမျိုးမျိုးရှိပါသည်။

ပုံ - ၂ ပဲစဉ်းငုံအရွက်မျိုးစိတ် (Species) မျိုးရိုင်းများအလိုက် အပူခံနိုင်မှု ကွဲလွဲချက်များ

မျိုးပြား အမျိုးမျိုးအလိုက် ပထမကိုင်း (Primary Branches) ကို ပျှမ်းမျှ ၂.၃ ကိုင်းမှ ၆၆-ကိုင်း အထိ၎င်း၊ ဒုတိယကိုင်း (Secondary Branches ) ၀.၃ မှ ၁၄၅.၃ ကိုင်း အထိ၎င်း၊ အပင် အမြင့် ၃၉-စင်တီ (တစ်ပေကျော်ကျော်) မှ ၃.၈၅ မီတာ (၁၂-ပေ ခန့်အထိ) ရှိပါသည်။

အရွက်ဧရိယာကြီးထွားမှု (Leaf Area Development) ပုံစံမှာ ကျန်ပဲမျိုးစုံ အရွက်ဧရိယာပုံစံကဲ့သို့ပင်ဖြစ်ပါသည်။ အရွက်ဧရိယာညွှန်းကိန်း (LAI – Leaf Area Index) သည် တန်းကြား၊ ပင်ကြားအရွက်များ အလင်းရောင်ပိတ်သွားချိန် (Canopy Closure) ဆက်တိုက်များလာပြီး နောက်ပိုင်းတန့်(Stagnant) သွားပါသည်၊

ပုံ - ၃ စိုက်ချိန်အလိုက် ပဲစဉ်းငုံအရွက်ဧရိယာညွှန်းကိန်း အတက်အကျ

ပဲစဉ်းငုံအပင်ငယ်စဉ် ကြီးထွားမှုနှေးသော ဓလေ့ကြောင့် အပင်မှအလင်းရောင်စုပ်ယူမှု (Light Interception) မှာ အခြားပဲပင်များထက်စာလျှင် အလွန်နှေးနေပါသည်။ သုတေသနပြုချက်များအရ တစ်ဟက်တာ တန်းကြား ၂၅-စင်တီမီတာ (25-cm rows) နှင့် အပင်ဦးရေ ၃၅၀,၀၀၀ စိုက်ပျိုးရာတွင် အပင်အုပ် (Full canopy) ၉၅-ရာခိုင်နှုန်း အစာချက်ရန် အလင်းရောင် (PAR – Photosynthetically Active Radiation) ရရှိရန် ပဲစဉ်းငုံပင်က ၉ ပတ်ခန့် ကြာရှိပြီး ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း၊ ပဲကြီးစသည့် ပဲများက ၆ ပတ် (တစ်လခွဲ) ခန့်သာ ကြာမြင့်ပါသည်။

ပဲစဉ်းငုံပင်၏ အများဆုံး အရွက်ဧရိယာညွှန်းကိန်း (၄-၆) ရရှိရန် ပဲစဉ်းငုံဗီဇရုပ် (Genotypes)၊ နေရာ (Location)၊ စိုက်ပျိုးချိန် (Sowing date)၊ အပင်ဦးရေ  (Plant density)  နှင့် ပတ်ဝန်း ကျင် ဆိုင်ရာအချက်များ (Environmental factors) အပေါ်တွင် မူတည်ပါသည်။

အမြစ်ကြီးထွားမှု (Root Growth)

ပဲစဉ်းငုံအပါအဝင် သီးနှံများအားလုံး၏ အမြစ်ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကိုလေ့လာရာ တွင် နမူနာကောက်ယူရန်ခက်ခဲနေမှု (The Difficulty of Sampling) ကြောင့် သုတေသန စာတမ်းများ နည်းပါးပါသည်။ အိုးနှင့်သုတေသန ပြုလုပ်ချက်များ (Pot Experiments) အရ အမြစ်နှင့် အပင်အပေါ်ပိုင်း အချိုးက ၀.၁ - ၀.၃ အကြား ရှိပါသည်။

ပုံ - ၄ ပဲစဉ်းငုံ အမြစ်လေ့လာမှုပုံ 

ပဲစဉ်းငုံက အမြစ်နက်နက်ထိုးဆင်းသည့်အပင် (Deep-rooted Crop) ဖြစ်၍ ထောင်မတ်သော ပဲစဉ်းငုံ အမျိုးအစားများက ခြုံပုတ်ပင် (Bushy Genotypes) များထက် အမြစ်နက်နက်ထိုးဆင်းသည်။ သုတေသနစာတမ်းအချို့အရ အမြစ်အလေးချိန်စုစုပေါင်း (Root Biomass) ၏ ၇၀ ရာခိုင်နှုန်း နှင့် အမြစ်အရှည် ၅၀ ရာခိုင်နှုန်းသည် ပဲစဉ်းငုံ အမြစ်အပေါ် တစ်ပေ အတွင်းမှာရှိပါသည်။

ပဲစဉ်းငုံရိတ်သိမ်းချိန်အညွန်းကိန်းနှင့် အစာအဟာရများခွဲဝေမှု (Partitioning and harvest Index (HI) of Pigeonpea)

ပဲစဉ်းငုံ၏ရိတ်သိမ်းချိန်အညွှန်းကိန်း (Harvest Index - HI) သည် မျိုးဗီဇ (Genotypes)၊ ပတ်ဝန်းကျင် (Environment) နှင့် စိုက်ပျိုးနည်းစနစ် (Agronomic Management) အပေါ်မှာမူတည်၍ ၁၀-၅၂ ရာခိုင်နှုန်းအထိ ရှိပါသည်။ သို့သော် အရွက်ကြွေတတ်သော ပဲစဉ်းငုံအပင်များ ၏ ကြီးထွားမှုနောက်ပိုင်း စုစုပေါင်း အပင်အခြောက်အလေးချိန် (Total Biomass) ကိုတိုင်းထွာရာတွင် ကြွေသောအရွက်များ (Fallen Leaves)၊ ပန်းပွင့်များ (Fallen Flowers) ၏ အခြောက်အလေးချိန်သည် ၂၃-၃၆ ရာခိုင်နှုန်း၊ မြေကြီးအတွင်း တိုင်းထွာရာတွင် မပါဝင်သော အမြစ်များ၏ အခြောက်အလေးချိန် ၁၅-ရာခိုင်နှုန်း ခန့်ရှိနိုင်သည်ဟု ခန့်မှန်းတွက်ချက်ကြပါသည်။ 

ထိုသို့သော ဖြစ်စဉ်များကြောင့် ပဲစဉ်းငုံ၏ရိတ်သိမ်းချိန်အညွှန်းကိန်း (H.I.) သည် ပဲပုပ်စသော အခြားပဲများထက်စာလျှင် အလွန်နဲပါးလျက်ရှိပါသည်။

ဇယား - ၂ သီးနှံများ၏ ရိတ်သိမ်းချိန်ညွှန်းကိန်း အမျိုးမျိုး

ပဲမျိုးစုံ ရိတ်သိမ်းချိန် အညွှန်းကိန်း တက်လာစေရန် -

(က) ပင်ပိုင်းဆိုင်ရာကြီးထွားမှု ပိုကောင်းလာစေရန် (More Vegetative Growth) 

(ခ) ပန်းပွင့်ကြွေကြမှုလျော့နည်းအောင် (Reduced Flower Dropping)၊ တနည်းအားဖြင့် အသီးတင်မှု များလာစေရန် (More Fruit Setting)

(ဂ) ကြီးထွားမှု မရပ်တံ့သောမျိုးများစွာရရှိစေရန် (Producing Indeterminate Growth) ဆောင်ရွက်ပေးခြင်းဖြင့် အညွှန်းကိန်းတက်ကာ အထွက်လည်းတိုးလာနိုင်ပါသည်။

ဇယား - ၃ ပဲစဉ်းငုံအစေ့တွင် ပါဝင်သောအာဟာရဓါတ်များ (Composition of Pigeonpea Seed)

Source – Lawn and Troedson, 1990 In ‘Pigeonpea by Nene et. al.’ pp - 179-208

ဆက်ပါဦးမည်..

(မှီငြမ်းစာအုပ်များ) References

Biddle, A.J. (2017) Peas and Beans. CABI. 179p.

Nene, Y.L.; Hall, S.D. and Sheila, V.K. (1990) The Pigeonpea. CAB International. 490p.

Saxena, K.B. (2006) Seed Production Systems in Pigeonpea. ICRISAT. 70p.

Sinha, S.K. (1977) Food Legumes: Distribution, Adaptability and Biology of Yield. FAO. 124p.

Smartt, J. (1976) Tropical Pulses. Longman. 348p. 

Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.

စိုက်ပျိုးရေးဦးစီးဌာန (၂၀၂၁) ပဲစဉ်းငုံ စိုက်ပျိုးနည်းလက်စွဲစာစောင် Mekong_Lancang Cooperation Special Fund ၂၂-မျက်နှာ

မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ

(ဦးစိုးဝင်းမောင်၊ အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းဇယားများ အတွက်လည်းကောင်း၊ ဒေါက်တာကြည်မိုး၊ တွဲဖက်ပါမောက္ခနှင့် ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိကစိုက်ပျိုးရေးတက္ကသိုလ်တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား ကျေးဇူးတင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်