အပြည်ပြည်ဆိုင်ရာ ဂျုံနှင့်ပြောင်းဖူးသုတေသနဌာန

26/08/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (137)  International Agricultural Research Centres (Part-3) CIMMYT 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၇) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာနများ (အပိုင်း-၃) 

အပြည်ပြည်ဆိုင်ရာ ဂျုံနှင့်ပြောင်းဖူးသုတေသနဌာန

မိတ်ဆက် (Introduction)

ပုံ - ၁ ကမ္ဘာ့စိုက်ပျိုးရေးသီးနှံနှင့်မွေးမြူရေးသုတေသနဌာနများ

ကမ္ဘာတဝှမ်း စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသုတေသနဌာန အုပ်စုများ (CGIAR – The Consortium of Agricultural Research Centers) ကို ဆက်ပြီး ဆွေးနွေးရလျှင် -

(ဂ) အပြည်ပြည်ဆိုင်ရာ ဂျုံနှင့်ပြောင်းဖူးသုတေသနဌာန (CIMMYT – International Wheat and Maize Improvement Center)

ဤသုတေသနဌာန၏ရုံးချုပ်မှာ မက္ကဆီကိုနိုင်ငံ၊ တက်စ်ကိုကိုမြို့မှာ (Texcoco, Mexico) ရှိပါသည်။ ကမ္ဘာ့ လူသားအားလုံး၏ တဝက်ကျော် စားသုံးရန် အတွက် ဂျုံ (Wheat) နှင့် ပြောင်းဖူး (Maize/Corn) သုတေသနများစွာ ပြုလုပ်နေပါသည်။ ဂျုံ၊ ပြောင်းဖူး အပြင် နှံစားပြောင်း (Sorghum)၊ ဘာလီ (Barley)၊ လူး၊ ဆပ် (Millets)၊ တရီတီကေးလ် (Triticale) စသည့် သီးနှံများပါ သုတေသန ပြုလုပ်လျက်ရှိပါသည်။

ပုံ - ၂ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူး၊ ဂျုံသုတေသနဌာန၏ရုံးချုပ် 

ဤသုတေသနဌာန၏ ဖွဲ့စည်းပုံ (CIMMYT’s Organizational Structure) အရ အောက်ပါအစုအဖွဲ့များ (Divisions/Departments/Units) အလိုက်ဖွဲ့စည်း တည်ထောင် ဆောင်ရွက်လျက်ရှိပါသည်။

(က) သုတေသနအစီအစဉ်/ညွှန်ကြားချက်များ (Research Programs)

(က-၁) ကမ္ဘာ့ဂျုံလုပ်ငန်းအစီအစဉ်များ (Global Wheat Program) အထွက်ကောင်း၊ ရောဂါဒါဏ်ခံနိုင်သော ဂျုံမျိုးများ မွေးမြူခြင်းနှင့် အခြားသုတေသနများ (Breeding and Research to develop high-yielding, disease-resistant wheat varieties) ဆောင်ရွက်ခြင်း၊

(က-၂) ကမ္ဘာ့ပြောင်းဖူးလုပ်ငန်းအစီအစဉ်များ (Global Maize Program) အထွက် ကောင်း၊ မိုးခေါင်ဒဏ်နှင့်ရောဂါဒဏ် ပြောင်းဖူးမျိုးများ မွေးမြူခြင်းနှင့် အခြားသုတေသနများ (Maize Breeding and Research to enhance Yeild, Stress Tolerance and Disease Resistance) ဆောင်ရွက်ခြင်း၊

(က-၃) ရေရှည်တည်တံ့အောင်ဆောင်ရွက်မှုများ (Sustainable Intensification Programs) အထူးသဖြင့် သီးနှံစိုက်ပျိုးနည်းစနစ်များ (Agronomy)၊ သီးနှံသက်တန်း တလျှောက် စီမံဆောင်ရွက်မှုများ (Crop Management)၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ (Sustainable Agricultural Practices) ဆောင်ရွက်လျက်ရှိနေခြင်း၊

(က-၄) ဗီဇအရင်းအမြစ်များအစီအစဉ် (Genetic Resources Program) ပြောင်းဖူးနှင့် ဂျုံတို့၏ ဗီဇမျိုးကွဲများ၊ ဗီဇဘဏ် နှင့် ကြိုတင် အပင်မျိုးမြူရေးလုပ်ငန်းများ (Genetic Diversity of Maize and Wheat through Gene bank and pre-breeding activities) ဆောင်ရွက်ခြင်း၊

(က-၅) လူမှုစီးပွားအစီအစဉ် (Socialeconomics Program) လူမှုစီးပွားရေးရာ သုတေသနများ ပြုလုပ်၍  မူဝါဒ၊ သုံးသပ်ချက်များ (Social-economic Research related to Agricultural Production including Policy and Impact Assessments) ဆောင်ရွက်ခြင်း၊

(ခ) အထောက်အပံ့ဌာနများ (Support Units)

(ခ-၁) မျိုးစေ့စနစ်နှင့်ဗီဇဘဏ် (Seed Systems and Gene Bank) အထွက်ကောင်း၊ အကျိုးရှိသောမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း (Dissemination of Improved Seed Varieties)၊ ဗီဇအရင်းအမြစ်များ ထိန်းသိမ်းပေးခြင်း (Conservation of Genetic Resources)

(ခ-၂) ဇီဝနည်းပညာနှင့် ဇီဝလုံခြုံမှု (Biotechnology and Biosafety) ဂျုံ၊ ပြောင်းဖူး ပင်များ မွေးမြူနည်းစနစ်ကို ခေတ်မီဇီဝနည်းပညာများ ဖြင့် ဆောင်ရွက်ခြင်း (Application of Biotechnology Tools in Breeding)

(ခ-၃) ဇီဝအချက်အလက်နည်းပညာများ စီမံခန့်ခွဲပေးခြင်း (Data Management and Bioinformatics) အချက်အလက်စီမံခန့်ခွဲမှု နည်းပညာများ အသုံးပြုလျက်ရှိနေခြင်း (Manage data and develop bioinformatics tools)

(ဂ) အုပ်ချုပ်ရေးနှင့် လက်တွေ့လုပ်ဆောင်မှု (Administrative and Operational Divisions)

(ဂ-၁) ဘဏ္ဍာရေးနှင့်အုပ်ချုပ်ရေး (Finance and Administration) လူ့စွမ်းအားအရင်း အမြစ်၊ ငွေကြေးစီမံခန့်ခွဲမှု ဆောင်ရွက်နေခြင်း (Human Resources and Administrative Support)

(ဂ-၂) ပြင်ပဆက်သွယ်ရေးဌာန (External Relations and Communications) လုပ်ငန်းအခြင်းခြင်း ပူးတွဲလုပ်ဆောင်မှု (Public Relations and Partnerships) ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း (Communications)

(ဂ-၃) စီမံကိန်းဆိုင်စီမံခန့်ခွဲမှုများ (Project Management) သုတေသနစီမံကိန်းများကို  လက်တွေ့အကောင်အထည်ဖေါ်လျှက်ရှိနေခြင်း (Monitoring of Research Projects)

(ဃ) ဒေသရုံးခွဲများ ပူးတွဲဆောင်ရွက်ခြင်း (Partnerships and Regional Hubs) 

ဤသုတေသနဌာနနှင့် တစ်ကမ္ဘာလုံးရှိ ဒေသရုံးခွဲများတွင် သုတေသနလုပ်ငန်းများကို တပြိုင်နက်ဆောင်ရွက်လျက်ရှိနေပါသည်။ ရုံးခွဲများမှာ - တောင်အမေရိကတိုက်မှ ကိုလံဘီယာနိုင်ငံ၊ ကာလီမြို့ (Cali, Colombia)၊ အာဖရိကတိုက်မှ ဆီနီဂဲနိုင်ငံ၊ သီးလ်မြို့ (Thies, Senegal)၊ ဇင်ဘာဘွေနိုင်ငံမှ ဟာရာရေးမြို့ (Harare, Zinbabwe)၊ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့ (Nairobi, Kenya) နှင့် အီသီရိုးပီးယားနိုင်ငံ၊ အဒစ်အာဘာဘာမြို့ (Addis Ababa, Ethiopia) တို့တွင်၎င်း၊ အာရှ/ဥရောပတိုက်မှ တူရကီနိုင်ငံ၊ အင်ကာရာ မြို့ (Ankara, Turkey) တွင်၎င်း၊ အာရှတိုက်မှ  ပါကစ္စတန်နိုင်ငံ၊ အစ္စလန်မာဘက်မြို့ (Islamabad, Pakistan)၊ အန္နိယနိုင်ငံ၊ နယူးဒေလီမြို့ (New Delhi, India)၊ နီပေါနိုင်ငံ၊ လာလီပါးမြို့ (Lalitpur, Nepal)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့ (Dhaka, Bangladesh) နှင့် တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့ (Bejing, China) တို့တွင် တည်ရှိကြပြီး ရုံးချုပ်နှင့် အတူ ဂျုံ၊ ပြောင်းဖူး သုတေသနလုပ်ငန်းများကို တပြိုင်လျှက်ပြုလုပ်လျက်ရှိပါသည်။

ပုံ - ၃ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူး၊ ဂျုံသုတေသနဌာန၏ဒေသရုံးခွဲများ

ဤသုတေသနဌာန၏ ၂၀၃၀-ခုနှစ်အထိ မဟာဗျူဟာမြောက်စီမံချက် (Science and Innovation for a Food and Nutrition Secure World: CIMMYT’s 2030 Strategy) မှာ အစား အသောက်နှင့် အဟာရလုံခြုံမှုရှိသော အဟာရကမ္ယာအတွက် သိပ္ပံနှင့်တည်ထွင် ကြံဆမှု ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ရန်ရှိပါသည်။

၂၀၂၃-ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ (Annual Report) အရ စတင်တည်ထောင်စဉ်မှ ၂၀၂၂-ခုနှစ်အထိ ပြောင်းဖူး မျိုးသစ်ပေါင်း ၆၉-မျိုး၊ ဂျုံအမျိုးသစ်ပေါင်း ၆၂မျိုး ထုတ်လုပ်ခဲ့ပါသည်။ နိုင်ငံ ၁၀၀-ကျော် သို့မျိုးစေ့ အထုတ်ပေါင်း ၄၂၆,၀၀၀-ကျော် ဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။  ပညာရှင်များ အသိအမှတ်ပြု သုတေသနစာတမ်း/စာစောင် စုစုပေါင်း (Peer-reviewed Journal articles published) ၄၀၄-စောင်၊ ရုံးချုပ်နှင့် ရုံးခွဲများတွင် ၅၂-နိုင်ငံမှ ဝန်ထမ်းပေါင်း ၁၁၈၅-ဦးက အလုပ်လုပ်လျှက်ရှိနေပါသည်။ 

အောင်မြင်သောသုတေသနတွေ့ရှိချက် (Discovery) များမှာ -

(က) မြေဆီလွှာ သန့်ရှင်း၊ ကြံ့ခိုင်ရေးအတွက် ကာဗွန်လျော့ပါးမှု ထိန်းချုပ်ပေးခြင်းကို နှစ်ရှည်စိုက်ပျိုးထားသော သီးနှံပင်သုတေသနများမှ တွေ့ရှိခဲ့ခြင်း (Long-term Experiments show that ecological intensification stores Carbon and restores soil health)

(ခ) ပူနွေးလာသော ကမ္ဘာကြီးကို ဤသုတေသနဌာန၏ ရာသီဥတုပြောင်းလည်းခြင်းဆိုင်ရာ သုတေသနများက အထောက်အကူပြုပေးခြင်း (Feeding a warmer world: A digital Review of CIMMYT’s Research and Climate Change)

(ဂ) တောင်အာရှဒေသအတွက် အပူဒဏ်ခံပြောင်းဖူးစပ်မျိုးများရရှိစေရန် ဆောင်ရွက်ပေးနေခြင်း (On target with heat-tolerant hybrid maize seed deployment in South Asia)

(ဃ) ပိုမိုကောင်းမွန်သော ဂျုံမှုန့်များရရှိစေရန် ဂျုံမျိုးကောင်းများ ထုတ်လုပ်ပေးခြင်း (Better Wheat, Better Flour)

(င) ကမ္ဘာ့ကွန်ယက်များနှင့် ချိတ်ဆက်၍ အကောင်းဆုံးဂျုံပင်များ ဖော်ထုတ်ပေးခြင်း (Plant Phenotyping: Wheat Trials via Global Network)

(စ) အပူပိုင်းပြောင်းဖူးပင်များ မွေးမြူပြီး ဗီဇအခွင့်အလန်းများ ရရှိခြင်း (Taking Stocks of Genetic gain in Tropical Maize Breeding Programs)

(ဆ) အဖရိက၏ အားထားရသော အခြောက်သီးနှံများ (Neglected no Longer: Africa’s Promising Dryland Crops)

(ဇ) စုစည်းထားသော ဗီဇဘဏ်၏ အကျိုးသက်ရောက်မှု (The Power of one Germplasm Bank)

(ဈ) လက်တင်အမေရိကတိုက် ပြောင်းဖူးကွန်ယက်အဖွဲ့များ တောင့်တင်းလာစေမှု (Strengthening Collaborative Maize Breeding Networks in Latin America)

(ည) ကြီးထွားလာသော ပြောင်းဖူးဈေးကွက်ကြောင့် နီပေါနိုင်ငံ လူမှုစီးပွားတိုးတက်လာစေခြင်း (An Emerging Maize Market improves livelihoods in Nepal)

(ဋ) ထိန်းသိမ်းထားသော စိုက်ပျိုးရေးကြောင့် ဈေးကွက်တည်ငြိမ်မှုဖြင့် တောင်သူများအား အကူအညီပေးခြင်း (Stable market help farmers adopt Conservation Agriculture) စသည်တို့ဖြစ်ပါသည်။

ဤသုတေသနဌာနကို ထောက်ပံ့ပေးသော အဖွဲ့အစည်းများမှာ (၂၀၂၂) -

ဤသီးနှံများ အထူးသဖြင့် ဂျုံသီးနှံသည် ကမ္ဘာ့လူဦးရေ၏ ၃၅-၄၀ ရာခိုင်နှုန်း ဥရောပ၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာရှတိုက် အစိတ်အပိုင်း (၂.၈-၃.၂ ဘီလီယမ်ခန့်) က ပေါင်မုန့် (Bread)၊ ခေါက်ဆွဲ (Noodle)၊ ပတ်စတာ (Pasta)၊ စပါဂတ်တီ (Sphaghetti)၊ နံပြား (Naan)၊ ပလာတာ (Paratha)၊ ဂျပါတီ (Chapati)၊ ပေါက်စီ (Bao)၊ ဘီစကွတ် (Biscuit) စသည်ဖြင့် စားသုံးကြသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အမျိုးသား သုတေ သန ဌာနများ (National Research Centers)၊ တက္ကသိုလ်များ (Universities) ကလည်း မိမိနိုင်ငံသားများ၏ အဓိက အစားအစာ (Staple Foods) ဖြစ်၍ အရေးကြီး သင်ကြားရေး၊ သုတေသန၊ တောင်သူပညာပေး လုပ်ငန်းများ ကို ဦးစားပေးလုပ်ဆောင်ပါသည်။

ကျွန်တော် ဂျာမဏီတွင် ပါရဂူဘွဲ့ယူစဉ်က ကျွန်တော်က တက္ကသိုလ်ကလာပြီး ကျောင်းဆရာလည်းဖြစ်သဖြင့် သူတို့ ဘွဲ့ကြိုကျောင်းသားများကို လယ်ဘာသီးနှံဘာသာ (Agronomy) သင်ကြားနေမှုကို စိတ်ဝင်စားခဲ့ပါသည်။ သင်ရိုးညွန်းတန်းတွေမှာ ဂျုံစိုက်ပျိုး ထုတ်လုပ်ပုံ (Wheat Agronomy and Production) အကြောင်းတွေချည်းပဲ သင်နေတာ တွေ့ခဲ့ရပါသည်။ ကျွန်တော်က လယ်ယာသီးနှံပါမောက္ခကို မေးကြည့်ရာ "သူက မင်းတို့နိုင်ငံမှ ဆန် (Rice) စား၍ စပါး (Paddy) အကြောင်း အသေအချာသင်သလို တို့နိုင်ငံမှာလည်း ပေါင်မုန့်စားလို့ ဂျုံက အရေးကြီးပါတယ်" လို့ ပြန်ဖြေပါသည်။ 

ပုံ - ၄ ဂျုံမှရရှိသောအစားအစာများ

အမေရိကန်နိုင်ငံ ကင်းဆတ်တက္ကသိုလ် (Kansas State University, USA) ဂျုံစိုက်ပျိုး ထုတ်လုပ်ခြင်း လက်စွဲစာအုပ် (Wheat Production Handbook) တွင် သင်ကြားသော ခေါင်းစဉ်များမှာ -

(၁) ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု (Growth and Development)

(၂) စိုက်ပျိုးသောမျိုးများ (Varieties)

(၃) စိုက်ပျိုးနည်းစနစ်များ (Planting Practices)

(၄) မြေဩဇာနှင့် အာဟာရဓာတ်စီမံခန့်ခွဲမှု (Fertilizer and Nutrient Management)

(၅) ပေါင်းနှိမ်နှင်းရေးနှင့်ဆောင်ရွက်ပုံစနစ်များ (Wheat Management)

(၆) ရောဂါနှိမ်နှင်းရေးနှင့်ဆောင်ရွက်ပုံစနစ်များ (Disease Management)

(၇) အင်းဆက်ဖျက်ပိုး နှိမ်နှင်းရေးနှင့်ဆောင်ရွက်ပုံစနစ်များ (Insect Pest Management)

(၈) ရေသွင်းခြင်းဆိုင်ရာစီမံခန့်ခွဲမှု (Irrigation Management)

(၉) ရိတ်သိမ်းခြင်းဆိုင်ရာ အကြံပြုမှုများ (Harvest Suggestions)

(၁၀) သိုလှောင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုများ (Storage Management)

(၁၁) အမြတ်ရရန် အလားအလာများ (profit Prospects) စသည့်ခေါင်းစဉ်များဖြင့် သင်ကြား၊ သုတေသနပြုနေပါသည်။ 

နောက်ဆောင်းပါးများတွင် နှံစားသီးနှံများစိုက်ပျိုးရေးအကြောင်း ဆက်ပါဦးမည်..

 

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

CIMMYT (2023) Annual Report: 2022. 29p.

CIMMYT (2023) Science and Innovation for a Food and Nutrition Secure World: CIMMYT’s 2030 Strategy. 64p.

Kansas State University (2023) Wheat Production Handbook. 42p.

(ဒေါက်တာ ကြည်မိုး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား ကျေးဇူးတင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်