ဆေးဖက်ဝင်အပင်များ (အပိုင်း - ၂)

04/11/2024 15:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (147)  Medicinal Plants (Part-2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၇) ဆေးဖက်ဝင်အပင်များ (အပိုင်း - ၂)

ဆေးဘက်ဝင်အပင်များအကြောင်း အပိုင်း (၁) ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၆၆) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဤအပင်များသည် လူသားအားလုံးကျန်းမာရေး (Human Health) နှင့် တိရစ္ဆာန်များ၏ ကျန်းမာရေး (Animal Health) အတွက် ရှေးပဝေသနီကတည်းက အသုံးပြုလာသော ဆေးဝါး (Traditional Drugs) တစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၂၅၀၀၀၀-ကျော် ဆေးဘက်ဝင်အပင်များ အဖြစ်မှတ်တမ်းတင်ထားပါသည်။ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က သမားတော်ဇီဝက၏ ဆိုလိုချက်နှင့်အတူ ရှေးသမားတော်ကြီးများက ‘ကတိသစ္စာ တည်သောအခါဝယ်၊ ဩဇာလေးနက် ပေါ်ဆီတက်၍၊ နွယ်မြက်၊ သစ်ပင် ဆေးဘက်ဝင်’ ဆိုသည့် စကားပုံလို မည်သည့် အပင်ကြီး၊ အပင်ငယ်၊ နွယ်၊ မြက်၊ ကိုင်းပင်များကအစ အပင်အားလုံး ဆေးဘက်ဝင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO – World Health Organization) ကတော့ ဆေးဘက်ဝင်အပင်ပေါင်း ၂၁၀၀၀ကို စာရင်းပြုစုမှတ်တမ်းတင်ထားပါသည်။ ကမ္ဘာ့တိုင်းရင်းဆေးဝါးကုန်သွယ်ရောင်းဝယ်မှု (Global Herbal Market) မှာ စာရင်း ဇယားများအရ တစ်နှစ် အမေရိကန်ဒေါ်လာ ၆၂-ဘီလီယမ် (US $62 Billion per annum) အရောင်းအဝယ်ဖြစ်နေပါသည်။ 

ဆေးဖက်ဝင်အပင်များကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြရာ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ - အပင်အစိတ်အပိုင်းတစ်ခုခုမှ လူ (သို့မဟုတ်) တိရစ္ဆာန်တို့၏ ရောဂါတစ်ခုခုကို ကုသပေးနိုင်သော စွမ်းရည် ရှိပါက ဆေးဘက်ဝင်အပင်ဟူ၍ သတ်မှတ်နိုင်သည်။ (A medicinal plant is any plants which, in one or more of its organs, contains substances that can be used for therapeutic purpose, or which are precursors for chemo-pharmaceutical semi-synthesis) 

ဆရာကြီး ဒေါက်တာဉာဏ်ထွန်း၏ အမှာစာအရ မြန်မာနိုင်ငံရှိရှေးဘုရင်များ အဆက်ဆက်က တိုင်းရင်းဆေးဆရာ၊ သမားတော်ကြီးများ၏ တိုင်းရင်းဆေးဖော်စပ်ရာတွင် မြန်မာနိုင်ငံတွင်ပေါက်ရောက်သော ဇီဝမျိုးစုံ၊ မျိုးကွဲ၊ အပင်ပေါင်းစုံ၊ မြက်၊ ပေါင်း၊ ချုံ၊ နွယ် စသည်တို့၏ အစိတ်အပိုင်းအားလုံး (ပဉ္စငါးပါး - အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်၊ အသီး) အားလုံးပေါင်းဖော်စပ်ရသောဆေး၊ အစိတ်အပိုင်းတစ်ခု၊ နှစ်ခု သာအသုံးပြုရသောအပင်၊ အမျိုးမတူသော အပင် ၂-၃ ပင်ပေါင်းပြီး အာနိသင်အစွမ်းထက်သော တိုင်းရင်းဆေးများ နည်းမျိုးစုံထုတ်လုပ်ခြင်း ဖြစ်ပါသည်။ 

ကျွန်တော်တို့ကျောင်းသားဘဝနှင့် ဆရာပေါက်စဘဝက ဆေးဘက်ဝင်အပင်များ (Medicinal Plants) ကို လယ်ယာသီးနှံဌာန (Agronomy Department) မှ ဆရာမ ဒေါ်ကျော့တင်က သင်ကြားပေးပါသည်၊ ကျွန်တော် ဆရာဘဝရောက်မှပင် ဌာနတွင် ဇီယာ၊ ဖာလာ၊ လေးညှင်း စသည်ဖြင့် အပင်များကို အိုးများဖြင့်စိုက်ထားပြီး လယ်ယာ သီးနှံလက်တွေ့လုပ်ငန်းများ (Agronomy Practicals) တွင် လက်တွေ့ပြ၊ စာမေးပွဲစစ် ဆေးခဲ့ရသည်ကို အမှတ်ရနေပါသည်။ ယခုတော့ ဤဘာသာရပ်၊ ဤအပင်များ ဌာနမှာ သင်ကြားနေသေးလား၊ ရှိသေးလား မသိတော့ပါ။

ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းရင်းဆေးပညာတက္ကသိုလ် (University of Traditional Medicine) ကြီးဖွင့်လှစ်ပေးသည်နှင့် အညီ ဆရာတော်ဘုန်းကြီးများ (Monks, Reverends)၊ ကျန်းမာရေးဌာနမှ ဆရာဝန်၊ သူနာပြုများ(Medical Doctors, Nurses)၊ ရုက္ခဗေဒပညာရှင်များ (Botanists)၊ စိုက်ပျိုးရေးပညာရှင်များ (Agriculturists)၊ သစ် တောပညာရှင်များ (Forest Scientists)၊ ပုဂ္ဂလိကတိုင်းရင်းဆေးဆရာများတို့ စုပေါင်း၍ သင်ကြား၊ သုတေသနပြု၊ နှစ်စဉ် အဖြေရှာကြမည်ဆိုလျှင် ယခုထက်ပိုမို ကောင်းမွန်နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ ပြဿနာက တစ်ဦးလုပ်နေသည်ကို နောက်တစ်ဦးက မသိခြင်း၊ ဝန်ကြီးဌာနတစ်ခုကလုပ်တာကို နောင်ဝန်ကြီးဌာန တစ်ခုကမသိခြင်း ဖြစ်နေပါသည်။ ယနေ့ Digital Era နည်းပညာခေတ်မှာ Learning Platform   လုပ်ပေးသည်နှင့်အမျှ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပါသည်။ ယခုဘဲ FAME  ဆေးဝါးလုပ်ငန်းဌာနမှ ဒေါက်တာခင်မောင်လွင်နှင့် သုတေသနပညာရှင်များ ရေးသားပြုစုသော မြန်မာ့ဆေးဝါး အပင်များ စွယ်စုံကျမ်း (Myanmar Medicinal Plant Encyclopedia) ကို ဝယ်ယူရရှိပါသည်။ ဆေးဘက်ဝင်အပင်ပေါင်း (၁၅၂၈) ပင်ကို သုတေသနပြုစု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ပထမဆုံးရေးသားဆွေးနွေးချင်သောအပင်များမှာ မိမိအိမ်ဝန်းအတွင်းလွယ်ကူစွာ စိုက်ပျိုးနိုင်သော အပင်များ၊ လွယ်ကူစွာရရှိနိုင်သော အပင်များ စိုက်ပျိုးနည်း၊ သုံးစွဲနည်း၊ ဆေးဖက်ဝင်မှုအကြောင်းတို့ကို ဆွေးနွေးပါမည်။  

(၁) ဒန့်သလွန် (အင်္ဂလိပ်အမည် - Moringa, Drumstick Tree)

ရုက္ခဗေဒအမည် - Moringa oleifera Lam.

Moringa ဆိုသည်က သီရိလင်္ကာနိုင်ငံသားတို့ ဒန့်သလွန်ပင်ကို ခေါ်သော  morunga ဆိုသည့်စကားမှ တိုက်ရိုက်ယူထားခြင်းဖြစ်ပါသည်၊ တစ်ချို့က တမီလ်စကား morungai ဖြစ်ပြီး တွန့်လိန်နေသော အသီးဟူ၍ အဓိပ္ပါယ်ကောက်ယူပါသည်၊ အိန္ဒိယနိုင်ငံတွင် မျိုးပြား (Varieties) ပေါင်း ၁၃-မျိုးထက်မနည်းရှိပါသည်။

ပုံ - ၁ ဒန့်သလွန်ပင်၊ အပွင့်နှင့် အသီး

အလွန်အကြီးမြန်ပြီး ကိုင်းဖြတ်စိုက်လျှင် ၆လ နှင့် ပွင့်သီးပါသည်။ အလွန်အကြမ်းခံသော အပင်ဖြစ်ပါသည်။ ‘အိမ်နောက်ဖေး၊ ဈေးဆိုင်တည်’ အိမ်တွင်းဥယျာဉ်ခြံ (Home Garden) အဖြစ် အိမ်တိုင်း စိုက်ပျိုးထားသင့်သော အပင်ဖြစ်ပါသည်။ မြေဆီလွှာအမျိုးမျိုးမှာ စိုက်ပျိုးနိုင်သော်လည်း ရေဝပ်သည့်နေရာကိုတော့ မကြိုက်ပါ။ မြေအချဉ်အငံဓာတ် (Soil pH) အနည်းငယ်ချဉ် ၆.၅-၇.၀ အတွင်းတော့အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူနေရောင်ခြည် ကောင်းကောင်းနှင့် ပူနွေးမှုကို ကြိုက်သောအပင် (Sun- and heat-Loving Plants) ဖြစ်ပါသည်။ မိမိအိမ်တိုင်း တစ်ပင်စီတော့ စိုက်ပျိုးသင့်ပါသည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ပန်းမပွင့်ဘဲ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ပန်းပွင့် အသီးသီးပြီး အသီးမရင့်ခင် ခူးဆွတ်၍ ဟင်းချက်စားလေ့ရှိပါသည်။ ရန်ကုန်မြို့တွင် ဈေးကြီးပေး ဝယ်စားရလေ့ရှိသဖြင့် ဒန့်သလွန်သီးပေါ်ချိန် နယ်များမှ ရန်ကုန်မြို့နေသူများထံသို့ လက်ဆောင်ပေးလေ့ရှိပါသည်။ ကျွန်တော်၏စိုက်ပျိုးရေးတက္ကသိုလ် အတန်းဖော် (B.Ag. 1979 Same Batch - Classmate) သူငယ်ချင်း မင်းဝင်းထိန်ကလည်း - သန်းကြွယ်သူဌေးဖြစ်ချင်သလား၊ ဒန့်သလွန် စိုက်ပါ  ဆိုသော စာအုပ်ကို စတုတ္ထအကြိမ် ရေးသားထုတ်ဝေပြီး ဖြစ်ပါသည်။ ဒန့်သလွန်ရွက်၊ ဒန့်သလွန်သီးတို့မှာ နာမည်ကျော်သွေးတိုးကျဆေးများ ဖြစ်ပါသည်။ 

သူ၏ဆေးဖက်ဝင်မှုမှာ ပူ၊ ချို၊ ခါး၍ ဝမ်းမီးကိုတောက်စေကာ လေကိုပျော့စေပါ၏၊ 

အစေ့ - အဆိပ်သင့်ခြင်း၊ ခေါင်းကိုက်ရောဂါ၊ နားကိုက်၊ နားပြည်ယို၊ ယားနာအမျိုးမျိုး ပျောက်ကင်းရန်သုံးပါသည်။

အပွင့် - ဖောရောင်ခြင်း၊ ဖျဉ်းစွဲခြင်း၊ အကြောရောဂါ၊ သက်တန့်ရောဂါ၊ သလိပ်ရောဂါ၊ လေရောဂါများ ပျောက်ကင်းစေရန် အသုံးပြုပါသည်၊

အသီး - သန်ကောင်၊ တုတ်ကောင် ကျရောက်စေရန်၊ ဆီးများခြင်းကိုကုသရန် အသုံးပြုပါသည်။ (ဒန့်သလွန်သီးကို ကြက်သား၊ ငါးရံ့၊ အခြားငါးများနှင့် ချက်ပြုတ်စားခြင်းဖြင့် အထက်ပါရောဂါများကိုကာကွယ်နိုင်ပါသည်။ အသီးခြောက်များကို အမှုန့်ပြု သကြားနှင့် ရောသောက်နိုင်ပါသည်)

အရွက် - သွေးတိုးရောဂါနှင့်ရာသီထိန်ခြင်းကို ကုသရန် အသုံးပြုပါသည်။ (ကျွန်တော်တို့ကတော့ အရွက်နုများကို ဟင်းချိုချက်၊ ရေနွေးဖျော အတို့၊ အမြုပ်ပြုလုပ်စားပါသည်။ သုံးခွက်တစ်ခွက်တင် ဟင်းချိုအဖြစ် ချက်ပြုတ်လေ့လည်း ရှိပါသည်။)

အခေါက် - နားနာကျင်ကိုက်ခဲခြင်းကို ကုသရန် အသုံးပြုပါသည်။

အမြစ် - အသံဝင်၊ အသံကပ်၊ လည်ချောင်းနာ၊ အစာမကြေ၊ ဝမ်းဖော၊ ဝမ်းရောင်၊ ပန်းနာ ရောဂါများ ကုသရန် အသုံးပြုပါသည်။

အစေး - သွားပုပ်ခြင်းရောဂါများ ကိုပျောက်ကင်းနိုင်ပါသည်။

(တစ်ချို့ ကုမ္ပဏီများက ဈေးကွက်တွင် ဒန့်သလွန် အမှုန့် ပြုလုပ်ရောင်းချကြပါသည်။ စိုက်ပျိုးရေးသုတေသနဌာနတွင် ဒေါက်တာမောင်မောင်တာနှင့်အဖွဲ့ ပြုလုပ်ရောင်းချခဲ့ဖူးပါသည်၊ ယခုတော့ ပုဂ္ဂလိက ဆေးကုမ္ပဏီအချို့က ဆက်လက်ထုတ်လုပ်ရောင်းချ နေပါသည်)

လူတို့လိုအပ်ချက် အမိုင်နိုအက်စစ် ၁၉-မျိုး (19 Essential Amino Acids) လုံးပါဝင် သဖြင့်လည်း အိန္ဒိယနိုင်ငံတွင် တိုင်းရင်းဆေး၊ အားဆေးအဖြစ် ထုတ်လုပ်ရောင်းချနေပါသည်။

ပုံ - ၂ ဒန့်သလွန်ပင်၊ အရွက်၊ အပွင့်နှင့် အသီးမှ ဆေးထုတ်လုပ်မှု

ပါဝင်သော ဆေးဝါးဆိုင်ရာဒြပ်ပေါင်းများ (Active Compounds) မှာ  Morigin, Niazinin A&B, Apigenin, Quercetin, Luteolin, Kaempferol, Arginine, Myrecitin, Medioresinol, Feruloylquinic Acid စသည်တို့ဖြစ်ပါသည်။ 

ပုံ - ၃ မြန်မာနိုင်ငံ ဒန့်သလွန် အရွက်မှ ဆေးထုတ်လုပ်မှု

ဦးမင်းဝင်းထိန်မှလည်း ဒန့်သလွန်ပင်အကြောင်း စာအုပ်နှင့်အတူ အောက်ပါဒန့်သလွန်ထွက်ပစ္စည်းများစွာ ထုတ်ဝေရောင်းချနေသဖြင့် ဝယ်ယူ စားသုံးနိုင်ပါသည်။

ပုံ - ၄ မြန်မာနိုင်ငံ ဒန့်သလွန်ထုတ်ကုန်များ

ဒန့်သလွန်ရွက်များက

  • လိမ္မော်သီး၏ ဗိုက်တာမင်စီ (Vitamin-C) ပါဝင်မှုထက် ၇-ဆ
  • ခါကြက်ဥ၏ ဗိုက်တာမင်အေ (Vitamin-A) ပါဝင်မှုထက် ၄-ဆ
  • နွားနို့၏ ကယ်လ်ဆီယမ် (Calcium)  ပါဝင်မှုထက် ၄-ဆ
  • ငှက်ပျောသီး၏ ပိုတက်ဆီယမ် (Potassium) ပါဝင်မှုထက် ၃-ဆ
  • ဒိန်ချဉ်၏ ပရိုတိန်း (Protein) ပါဝင်မှုထက် ၂-ဆ ပါဝင်ကြောင်း မှတ်တမ်းတင်ထားပါသည်။

အိုမင်းရင့်ရော်မှု (Anti-aging) ကိုကာကွယ်သည်။ မျက်စိကျန်းမာရေး (Eye Health)၊ အသားအရေလှပမှု (Skin Health)၊ စိတ်ကျန်းမာမှု (Mental Health)၊ အစာကြေညက်မှု (Digestive Health)၊ အရိုးသံမာမှု (Bone Health) စသည်တို့နှင့် ပြည့်စုံစေပါသည်။ အန်တီအောက်ဆီဒန့် (Antioxidant) ဓာတ်ပေါင်းများ ပါဝင်မှုကလည်း လူ၏ ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးခြင်း (Reducing Cellular Damage)၊ ကိုယ်ခံစွမ်းအားကောင်းစေခြင်း (Supporting Immune Function)၊ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကာကွယ်ပေးခြင်း (Promoting Skin Health)၊ နှလုံး၊ ဆီးချို၊ သွေးတိုး စသည့် နာတာရှည်ရောဂါများ (Chronic Diseases) လျော့ပါးသက်သာ (Lowering Risk) စေပါသည်။ ခန္ဓာကိုယ်၏ ခုခံအားကိုမြှင့်တင်ပေးနိုင်သော အစားအသောက် (Immune Booster) လည်းဖြစ်ပါသည်။

တိုင်းရင်းဆေး၏ သဘာဝအရ အနောက်တိုင်းဆေးကဲ့သို့ တုန့်ပြန်မှု (Response) မမြန်ပါ။ ရေရှည်စားရလေ့ရှိပြီး ဘေးထွက်ဆိုးကျိုး (Side Effects) မဖြစ်စေပါ၊ ဖြစ်ပွားမှုလည်း နည်းပါးပါသည်။

(၂) ကြက်သွန်နီ (အင်္ဂလိပ်အမည် - Onion)

ရုက္ခဗေဒအမည် - Allium cepa Linn.

‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုသလို နေ့စဉ်သုံး အစားအစာ - ဟင်းသီးဟင်းရွက်၊ ဟင်းချက်စရာများ မှ ဆေးဖက်ဝင်မှုများ အကြောင်းကို ဦးစားပေး ထပ်မံဆွေးနွေးပါမည်။ ကျွန်တော် အဖေနှင့်အမေသည် နေ့စဉ် မနက်အစောစာ (Breakfast) ပဲအမျိုးမျိုး ပြုတ်ပြီး ကြက်သွန်နီဥ အစိမ်း အမြဲတန်းစားပါသည်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည်တို့သည် Allium ဆိုသော လက်တင်ဘာသာစကားမှ ဆင်းသက်လာပါသည်။ Cepa ဆိုသည်က အပင်ကျသွားလျှင် အမြိတ်ကိုဖြတ်ယူလိုက်သဖြင့် ကျန်သောအပင်ငုတ်၊ သို့မဟုတ် ဥနှင့်အပင်ကို ဆိုလိုပါသည်။ အပင်ကပင်ပျော့၊ အပင်ငယ်မျိုးဖြစ်ပါသည်၊ ပင်စည်မှာ ကြက်သွန်နီဥ၏ အောက်ခြေတွင်ရှိပြီး အနည်းငယ် မာကျော၍ အဝိုင်းငယ် ပုံသဏ္ဌာန်ရှိပါသည်။ ၎င်းမှ အမြစ်များဖြာထွက်ပါသည်။

ပုံ - ၄ ကြက်သွန်နီဥနှင့် ကြက်သွန်မြိတ်

ကြက်သွန်နီမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့၏ ဟင်းခတ်အမွေးအကြိုင် (Spices) အဖြစ် ဟင်းချက်ရာတွင် နေ့စဉ်အသုံးပြုလျက်ရှိပါသည်။

ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားဘဝက ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ခြင်း (Onion Agronomy and Production) ကို လယ်ယာသီးနှံဌာနမှ ဟင်းခတ်အမွေးအကြိုင်အပင်များ (Spices and Condiments Crops) အနေနှင့် သင်ယူခဲ့ရပြီး ယခုလက်ရှိတွင်တော့ ဥယျာဉ်ခြံသီးနှံဌာနမှ ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ် ခြင်း (Vegetable Crop Production)၊ မီးဖိုချောင်သုံး အချက်အပြုတ် ဆိုင်ရာ သီးနှံများ (Culinary Crops) အနေနှင့်လည်း သင်ကြားသုတေသနပြုနေပါသည်။

ဆက်ပါဦးမည်..                                                                            

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Khan, N.A. and Iqbal, S.A. (2011) Importance of Medicinal Plants. DPH, New Delhi. 274p.

Khin Mg Lwin, Dr. (2024) Myanmar Medicinal Plant Encyclopedia. FAME Publishing. 440p.

Kyaw Soe and Tin Myo Ngwe (2004) Medicinal Plants of Myanmar. FREDA. 255p.

Morelli, E.; Bonari, E. Pagni, A.M. and Tomei, P.E. (1984) Selected Medicinal Plants. FAO. 94p.

ခင်မောင်လွင်, ဒေါက်တာ (၂၀၁၉) သစ်သီးများနှင့်ကျန်းမာရေး၊   စာပေတိုက်၊ ၃၂၆-မျက်နှာ

စိုက်ပျိုးရေးဦးစီးဌာန (  ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊

စိုးမြင့်ဒွဏ်း (၂၀၁၀) ကြက်သွန်နီအကြောင်းသိကောင်းစုံလင်၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ၁၈၄-မျက်နှာ

ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဘက်ဝင်အပင်များ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ ၁၂၀-မျက်နှာ

မင်းဝင်းထိန် (၂၀၁၃) သန်းကြွယ်သူဌေးဖြစ်ချင် သလား၊ ဒန့်သလွန် စိုက်ပါ၊ ဘုရင်မစာပေ၊ ၁၄၃-မျက်နှာ

(ဆေးပညာဝေါဟာရများကို ဘာသာပြန်ပေးပါသော ကျန်းမာရေးဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသန်းညွန့်အား ကျေးဇူးတင်ရှိပါသည်)

အလွန် အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါးပါသည်။ ထို့ကြောင့်ကျွန်တော်၏ ဆောင်းပါးလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါကြောင်း..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်