Basic Agricultural Science – (148) Medicinal Plants (Part-3)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၈) ဆေးဖက်ဝင်အပင်များ (အပိုင်း - ၃ )
(၂) ကြက်သွန်နီ (အင်္ဂလိပ်အမည် - Onion)
ရုက္ခဗေဒအမည် - Allium cepa Linn.
ကြက်သွန်နီ သည် ဟင်းလျာချက်ပြုတ်ရာတွင် မြန်မာအိမ်ရှင်မများအတွက် မရှိမဖြစ် လက်စွဲဖြစ်ပြီး ကြက်သွန်နီ အစိမ်းအတိုင်းလှီးကာ သုံးစွဲရုံသာမက ဟင်းအနှစ်များ၊ အခြောက်မှုန့်များ၊ အချဉ်သနပ်များ၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ အသုပ်စုံမျိုးစုံမှာ များစွာ သုံးစွဲလျက်ရှိပါသည်၊ ကျွန်တော်၏ အဖေနှင့်အမေ ကြက်သွန်နီ အစိမ်းနေ့စဉ်စားပြီး ကျန်းမာ၍ အသက် ၁၀၀-နှစ်ကျော် နေသွားခဲ့ရသည်ကို ယခုမှသိရပါပြီ။
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးရန် ရာသီဥတု အခြေအနေပေး၍ ပြည်တွင်းစားသုံးမှု အတွက်ပိုလျှံနေသေး၍ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဆီသို့ပါ ပေးပို့ ရောင်းချနိုင်ပါသေးသည်။ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုနှင့် ဇီဝကမ္မဗေဒ (Onion Physiology) အကြောင်းကိုတော့ ဟင်းခတ်အမွှေးအကြိုင်ပင်များ (Spices and Condiments) အကြောင်း အနေနှင့် သီးသန့်ရေးပါဦးမည်။
ကြက်သွန်နီ၏ရုက္ခဗေဒ (Botany of Onion)
ကြက်သွန်နီသည် အပင်ပျော့မျိုးဖြစ်ပြီး ၄၅-၆၀ စင်တီမီတာ မြင့်ကာ အစိမ်းရောင်၊ အလယ်တွင်အခေါင်းပါ အလုံးပုံဖြစ်ပြီး ပင်စည်အရင်းမှ စုပြုံ၍ထွက်ပါသည်။ အရွက်ဖျား ဖက်သို့သေးသွယ်၍ချွန်ထွက်သွားပါသည်။ ကြက်သွန်နီပင်အပွင့်က ပန်းခိုင်ပုံဖြစ်ကာ သေးငယ်သော ကြယ်ပုံ အဖြူရောင်ပန်းကလေးများပွင့်ပါသည်။ ကြက်သွန်ဥမှာ နီညိုရောင်ရှိသည်။ မျိုးကိုလိုက်၍ အချင်းတစ်လက်မမှငါးလက်မခန့်အထိရှိနိုင်ပါသည်။ အပြင်ခွံကို အခွံလွှာပါးဖြင့် အထပ်ထပ်ဖုံးအုပ်နေပြီး အတွင်း၌ အရည်ရွမ်းကာ အနံ့သင်းသည့် အသားဖတ်များ တစ်ထပ်ပြီးတစ်ထပ်ဖုံးအုပ်နေပါသည်။
ကြက်သွန်နီဥ မှာ မြန်မာနိုင်ငံ အိမ်ရှင်မတိုင်း၏ မီးဖိုချောင်တိုင်းတွင်ရှိသဖြင့် အထူးတစ်လည် စိုက်ပျိုးစရာမလိုပါ။
ကြက်သွန်နီ၏ကောင်းမွန်သော အာဟာရဓာတ်ပါဝင်မှုများ(Nutritional Benefits of onion)
ကျွန်တော်တို့ အစားအစာများ စားသောက်ရာတွင်ကျန်းမာရေးအတွက် ဘေးဖြစ်စေတတ် သော၊ ကင်ဆာ (Cancer) စသည့် ရောဂါများ ဖြစ်စေတတ်သော အစားအစာများကို ရှောင်ရှား၍ ကျန်းမာရေးကောင်းစေသော အစားအစာများကိုရွေးချယ်စားတတ်ရပါမည်။
ကြက်သွန်နီသည် ဗီတာမင်-စီ (High Vitamin-C) လည်းရ၊ အမျှင်ဓာတ်များ (Good Source of Fibre)၊ အစားအစာမျိုးစုံကို အနံ့အရသာ ပေး (Add abundant Flavor to a wide Variety of Food)၊ ကိုလက်စထရော၊ ဆားဓာတ်၊ အဆီဓာတ်ကင်း၍ (Cholesterol, Sodium and Fats Free) အလွန်ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိပါသည်။
ဇယား - ၁ တစ်ရက် (အစားအစာ ကယ်လိုရီ ၂၀၀၀) အပေါ်မူတည်တွက်ချက်ထားမှု
ကြက်သွန်နီ၏ဆေးဖက်ဝင်မှု (Medicinal Uses of Onion)
(က) ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့်ဆီးချုပ်ရောဂါကို ပျောက်ကင်းစေနိုင်၏၊ ဆီးရွင်စေ၏။
(ခ) မီးဖုတ်ထားသော ကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်ကင်းစေနိုင်၏။
(ဂ) ကြက်သွန်နီရည် အနည်းငယ်ကိုတိုက်လျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏၊
(ဃ) သကြားနှင့် ကြက်သွန်နီရည်ရော၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ၊ ဝမ်းရောဂါပြောက်၏။
(င) ကြက်သွန်နီလတ်လတ်ဆပ်ဆပ်အရည်ညစ်၍ ကြွေဇွန်းတစ်ဝက်ခန့် သကြားနှင့် ရောသောက်သော် သွေးပါသော လိပ်ခေါင်းရောဂါသက်သာ၏၊
(စ) ညအခါမျက်စိမမြင်ရသည့် ကြက်မျက်သင့်ရောဂါအတွက် ကြက်သွန်နီအရည်ကို ဆားအနဲငယ်ခတ်၍ မျက်စဉ်းခတ်ပေးသော် ပျောက်၏။
(ဆ) ကြက်သွန်နီမီးဖုတ် အရည်ကို နားထဲထည့်သော် နားပြည်ယို၊ နားကိုက်ရောဂါ ပျောက်နိုင်ပါသည်။
(ဇ) ကြက်သွန်နီထိပ်ဝကို ဒါးနှင့်လှီး၍ အစေးထွက်လာလျှင် ကွမ်းစားထုံးဖြင့်ရောပြီး ကင်းမြီးကောက်အစရှိ အဆိပ်ရှိသတ္တဝါများ ကိုက်သောနေရာ၌ သုပ်လိမ်းပြီးပါက အဆိပ်မတက်နိုင်တော့ပါ။
ကြက်သွန်နီ မွှန်ထူနေသောအနံ့၊ ပူစပ်ပြင်းထန်နေသောအရာများက ကောင်းမွန်အောင် ချက်ပြုတ်ရမည့် ဟင်းလျာများ၏ အသက်ဖြစ်နေပါသည်။ ဟင်းခတ်အမွေးအကြိုင်များက လူတို့၏ ဟင်းလျာများ အတွက် အရောင်အဆင်း၊ အနံ့၊ အရသာသာမက အနာ၊ ရောဂါ များကို ကာကွယ်၊ ကုသပေးမှုအတွက် ဓာတ်စာလည်းဖြစ်၊ ဆေးလည်းဖြစ်ပါသည်။
ပုံ - ၁ ကြက်သွန်နီပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ကြက်သွန်နီမျိုးများတွင် အနံ့ပြင်း (Pungency) ရခြင်းမှာ ဆာလဖာပါဝင်သောဒြပ်ပေါင်းများ၊ n-propyl disulfide နှင့် အခြားဒိုင်ဆာလဖိုက် (Disulfide) များကြောင့် ဖြစ်ရသည်။ ကြက်သွန်နီကို ဓားနှင့်လှီးလိုက်ပါက ဥအတွင်းရှိဆဲလ် (Cell) များပြိုကွဲသွားပြီး အလီနေ့စ် (Alliinase) ဆိုသော အင်ဇိုင်း (Enzyme) ထွက်လာပါသည်။ ထိုအင်ဇိုင်းသည် ကြက်သွန်နီတွင်း ဆာလဖာဒြပ်ပေါင်းများနှင့် ဒြပ်ပြုပြီး ဆာလ်ဖီနစ်အက်ဆစ် (Sulfenic Acid) ထုတ် ပါသည်။ ထိုအက်ဆစ်မှ အငွေ့ပြန်လွယ်သော ဆင်ပရိုပီနယ်ဒြပ်ပေါင်း (Syn-Propanethial-S-Oxide) ပြန်ထုပ်ကာ အနံ့နှင့်မျက်စိကို တိုက်ရိုက်ထိကာ မျက်ရည်ကျ ပါတော့သည်။ ထိုအနံ့ပြင်းကြောင့် အကျိုးပြု စေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ (Beneficial Antioxidanr Properties) ရရှိပြီး လူသားများကျန်းမာရေးကို အထောက် အကူပြုစေပါသည်၊
ကြက်သွန်နီတွင်ပါဝင်သော ဖလေဗာနိုက် - ကွာစီတင်ဓါတ် (Flavonoid - Quercetin) က ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဓါတ်များကို ဟန့်တားပေးပါသည်။ အခြားဓါတ် ဖီနော (Phenol) ကလည်း နှလုံးရောဂါမဖြစ်စေရန်ကာကွယ်ပေးပါသည်။
ဒေါက်တာခင်မောင်လွင်၏ စွယ်စုံကျမ်းစာအုပ်မှ ကြက်သွန်နီ၏ အဓိကဆေးဘက်ဝင် ဓါတ်ပေါင်း (Active Compounds) များမှာ - Allin, Ceposide A&B, Onionin A, Rutin, Quercetin, Cyanidins, Morin, Ferulic Acid, Malic Acid နှင့် Succinic Acid တို့ဖြစ်ကြပါသည်။
(၃) ကြက်သွန်ဖြူ (အင်္ဂလိပ်အမည် - Garlic)
ရုက္ခဗေဒအမည် - Allium sativum L.
ကြက်သွန်ဖြူသည်လည်း ကြက်သွန်နီနှင့် အတူတူ မပါမဖြစ် စားဖိုချောင်သုံး သီးနှံ ဖြစ်ပါသည်။ Sativum ဆိုသည်က သဘာဝအပင်မဟုတ်၊ လူတို့စားသုံးရန် အပင် ဖြစ်ပါသည်။ ကြက်သွန်ဖြူ၏ အဓိကအကျိုးကျေးဇူးက ဘက်တီးရီးယား ပိုးမွားများအတွက် သေစေနိုင်ပါသည်။ သွေးတိုးရောဂါနှင့် သွေးအဆီတက်ခြင်းကို ကာကွယ်နိုင်သည့်အချက်များကြောင့် ကြက်သွန်ဖြူစား၍ အနံ့ထွက်သော်လည်း ကျန်းမာရေးအတွက် အသုံးပြု သင့်ပါသည်။ ကျွန်တော်၏ အဖေနှင့်အမေက ကြက်သွန်ဖြူကိုတော့ နေ့လည်ပိုင်း လက်ဖက် စားသုံးရာတွင် ထည့်သွင်းစားသုံးလေ့ရှိပါသည်။
ပုံ - ၂ ကြက်သွန်ဖြူဥနှင့်ကြက်သွန်ဖြူအပင်
ကြက်သွန်ဖြူပင်၏ရုက္ခဗေဒ (Botany of Garlic Plant)
အပင်မှာ ပင်ပျော့ပင်ငယ်မျိုးဖြစ်ပြီး ၁-ပေခန့်အထိရှည်သည်၊ ပင်စည်မှာ မြေအောက် ဥမွှာများ၏အောက် တွင်ရှိပြီး မာကျော၍ အဝိုင်းပုံသဏ္ဌာန်ရှိသည်။ ၎င်းပင်စည်မှ အမြစ်မွှာများဖြာ၍ထွက်ပါသည်။ အရွက်မှာ သေးသွယ်ရှည်လျား၍ ပြားချပ်ကာ စိမ်းပြာရောင် ရှိသော အကြောပြိုင်အရွက်များဖြစ်ပါသည်။ ပန်းခိုင်မှာ လုံးဝိုင်း၍ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အဖြူရောင် သေးငယ်သော ပန်းပွင့်များ စုပေါင်း ပွင့်ပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့သည် ၂ နှစ်မှတစ်ကြိမ် ပန်းပွင့် ဘဝစက်ဝန်းလည်သော အပင်မျိုး (Biennial Plants) ဖြစ်သော်လည်း နှစ်စဉ် ဥများကိုတူးယူသဖြင့် တစ်နှစ်ခံဟုထင်ကြသည်။ မျိုးစေ့ ရယူလိုသူများက ပထမနှစ်တွင် အမိတ်ဖြတ်၍ နောင်နှစ် ပန်းပွင့်မှ အစေ့ကို ယူကြသည်။
ဦးစိုးမြင့်ဒွဏ်း၏ ကြက်သွန်ဖြူစာအုပ်တွင် ဖေါ်ပြထားသော ကြက်သွန်ဖြူ၏ အာနိသင် များမှာ - ကြက်သွန်ဖြူအစိမ်းစားခြင်းဖြင့်
(က) သွေးလွှတ်ကြောကျဉ်းမြောင်းလာခြင်းနှင့် သွေးပျစ်ခဲလာခြင်းကို ကာကွယ်၊ ကုသနိုင်သည်။
(ခ) သွေးတွင်းကိုယ်လက်စထရော (Blood Cholesterol) မြင့်တက်ခြင်း၊ သွေးတိုးခြင်း၊ ဆီး ချိုခြင်း၊ နှလုံး ရောဂါ၊ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပါးစေပါသည်။
(ဂ) လူတို့အတွက်အန္နရယ်ဖြစ်စေနိုင်သော လယ်ဒီလယ်အဆီ (LDL – Low-density Lipo Protein) အနဲငယ်ကျဆင်းသွားစေနိုင်ပါသည်။ (ခန္ဓာကိုယ်မှ သဘာဝ အလျောက် ထုတ်ပေး သောအဆီတစ်မျိုးဖြစ်သည်။ LDL ကိုလက်စထရောက သွေးကြောများထဲသို့ဝင်ရောက်ပိတ်ဆို့ပြီး နှလုံးရောဂါကိုဖြစ်စေနိုင်သည်။ HDL ကပိတ်နေသောသွေးကြောများကို ပြန်ပွင့်စေနိုင်သည်)
(ဃ) အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ လယ် ချောင်းကင်ဆာစသည့် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို ဟန့်တားနိုင်ပါသည်။
(င) အအေးမိရောဂါ၊ အဆုတ်နာရောဂါပိုး (Mycobeacterium tuberculosis) အခြားရော ဂါဖြစ်စေနိုင်သော ဘက်တီးရီး ယားပိုး (Pathogenic Bacteria) ပွားများလာမှုကို ဟန့် တားစေနိုင်ပါသည်။
အဓိကအချက်မှာ ကြက်သွန်ဖြူကလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာ (Beneficial Antioxidanr Properties) ရရှိပြီး လူသားများကျန်းမာရေးကို အထောက် အကူပြုစေပါ သည်၊ အနံ့ပြင်းစေသည့် မြန်မာကြက်သွန်ဖြူ၊ မြန်မာကြက်သွန်နီမျိုးများက ပိုမိုထိရောက် စေပြီး အနံ့မထွက်သည့် နိုင်ငံခြားကြက်သွန်နီ၊ ကြက်သွန်ဖြူမျိုးများမှာ ထိရောက်မှုနည်း ပါသည်။
ကြက်သွန်ဖြူ၏ အဓိကဆေးဘက်ဝင် ဓာတ်ပေါင်း (Active Compounds) များမှာ - Alliin, Quercetin, Ajoene, Myricetin, β-resorcylic acid, Protocatechuic Acid နှင့် Sativoside တို့ဖြစ်ကြပါသည်။
ကြက်သွန်ဖြူစားခြင်း၏ဘေးထွက်ဆိုးကျိုးများ (Side Effects of Garlic)
ကြက်သွန်ဖြူကို ဟင်းချက်ရာတွင် အနံ့၊ အရသာကောင်းမွန်စေရန် အသုံးပြုခြင်းက ပုံမှန်ဖြစ်ပါသည်၊ အစိမ်းစားသုံးရာတွင်တော့ ‘တန်ဆေး၊ လွန်ဘေး’ ဟူသောဆောင်ပုဒ် အရ မိမိ၏အစာအိမ်ချေဖျက်နိုင်မှု ဝမ်းမီးအရ သင့်တော်သလောက်သာ စားသုံးသင့် ပါသည်။ အချို့ကလည်း အခွံနွာ၊ ကြိုတင်လေသလပ်ခံပြီးမှ စားသုံးသင့်ကြောင်း အကြံပြု ထားပါသည်။
(၄) လက်ဖက် (အင်္ဂလိပ်အမည် - Tea)
ရုက္ခဗေဒအမည် - Camellia sinensis Kuntze
ဆေးဘက်ဝင်အပင်အဖြစ် တင်ပြလိုသော နောက်တစ်ပင်မှာ ကျွန်တော်တို့နေ့စဉ် သောက်သုံး၊ စားသုံးနေသော လဘက်စို၊ လဘက်ခြောက် ရရှိသော လဖက်ပင် ဖြစ်ပါ သည်။
Camellia ဆိုသည်မှာ (၁၇) ရာစုနှစ်နှောင်းပိုင်း ချက်နိုင်ငံ မော်ရေးဗီးယားမှ ခရစ်ယာန် ဘာသာကို ဖိလစ်ပိုင်နိုင်ငံကိုပြန့်နှံ့စေပြီးဖိလစ်ပိုင်နှင့်အာရှမှ မူလရှိအပင်များကိုအနောက် တိုင်းသို့ မိတ်ဆက်ပေးခဲ့သူ ကက်သလစ်ဘုန်းကြီး Georg Josef Kamel ၏ အ မည်ကို အမှတ်တရပေးခဲ့ခြင်းဖြစ်သည်၊ sinensis မှာ တရုတ်နိုင်ငံတွင် စတင်ပေါက် ရောက်ခဲ့ ခြင်းဖြစ်သည်။ ကော်ဖီ၊ လဘက် စသည်တို့ကို ကျွန်တော်တို့ ကျောင်းသား ဘဝ က အဖျော်ယမကာအပင်များ (Beverage Crops) အကြောင်းအနေဖြင့် ဆရာကြီး ဦးမြ သောင်းက သင်ပေးခဲ့ပါသည်။
တစ်ကမ္ဘာလုံး လူတစ်ဦး တစ်နေ့ လက်ဖက်သုံးစွဲမှုမှာ ၁၂၀-မီလီလီတာ (120 mL per Capita per day for the whole world population) ရှိပါသည်။
ပုံ - ၂ လက်ဖက်အပင်နှင့် လက်ဖက်ရွက်ခူးခြင်း
လက်ဖက်ကို အမျိုးအစားအမျိုးမျိုးခွဲခြားထားပါသည်၊
(က) နိုင်ငံတကာအခေါ် လက်ဖက်စိမ်း အဖန်ခြောက် (Green Tea) – လူအားလက်ဖြင့် ထိပ်ရွက်များကို ခူးပြီး ၎င်းလဘက်ရွက် အစိမ်း များကို ဂျပန်တွင် ရေနွေးငွေ့ပေါင်း (Streamed)/ တရုတ်နိုင်ငံတွင် မီးဖိုပေါ်တင်ပြီး (Pan-fired) ညိုးနွမ်းစေကာ (Withered) သောက်သုံး ကြ ခြင်း ဖြစ်ပါသည်။ သဘာဝ အတိုင်း အစိမ်းရောင်မပျက်စေရန် Green Tea အစစ်က လေပူဖြင့် (Hot-Air)/မီးပူဖုတ် (Baking) အခြောက်ခံပါသည်၊ အများစုက နေမလှမ်းပါ။ ဒါကြောင့် နိုင်ငံတကာမှာဈေးကြီး ပါသည်။ ကမ္ဘာ့ Green Tea စားသုံးမှုမှာ ၂၀-၂၂ ရာခိုင်နှုန်း ရှိပါသည်။
ပုံ - ၃ လက်ဖက်အစိမ်းရောင်ခြောက်
(ခ) လက်ဖက် အချိုခြောက် (Black Tea) – လက်ဖက်ရွက်များ ပထမညိုးနွမ်းစေပြီးမှ နေပူလှမ်း (Sun-dried) ကာ အမှုန့်ပြုလုပ်ထားခြင်း (Crushed) ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အပါအဝင် အာရှနိုင်ငံများမှာ လက်ဖက်အချိုခြောက်ကို ရေနွေးအိုးနှင့်နှပ်ပြီး သကြား၊ နို့ဆီ၊ နွားနို့ များနှင့် ရောစပ်ကာ သောက်သုံးခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ Black Tea စားသုံး မှုမှာ ၇၆-၇၈ ရာခိုင်နှုန်းရှိပါသည်။
ပုံ - ၃ လက်ဖက်အမဲရောင်ခြောက်နှင့် နာမည်ကြီးလစ်ပတန်
(ဂ) အူလုံလဖက်ခြောက် (Oolong Tea) အရွက်များကိုညှိုးအောင် ပထမပြုလုပ်ပြီး စက်ကိရိယာဖြင့် အရွက်ဖျားများ ပွန်းပဲ့အောင်ပြုလုပ်ပြီး အနည်းငယ်အချဉ်ဖောက် (Partially Fermentation Process) ထားပြီးသုံးသော လက်ဖက်ခြောက်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မရှိသေးပါဟု ထင်ပါသည်။ ကမ္ဘာ့သုံးစွဲမှုက ၂-ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲရှိပါသည်။
ပုံ - ၄ အူလုံလက်ဖက်ခြောက်
တဖန် ကျွန်တော်တို့ မြန်မာလူမျိုးများက လက်ဖက်အစို (Pickled Tea Leaf) စသည်ဖြင့် အမျိုးမျိုး အသုံးပြုကြပါသည်။
(လက်ဖက်ဆေးဘက်ဝင်မှုနှင့် ကျန်းမာရေးကောင်းကျိုးများကို ဆက်ရေးပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Khan, N.A. and Iqbal, S.A. (2011) Importance of Medicinal Plants. DPH, New Delhi. 274p.
Khin Mg Lwin, Dr. (2024) Myanmar Medicinal Plant Encyclopedia. FAME Publishing. 440p.
Kyaw Soe and Tin Myo Ngwe (2004) Medicinal Plants of Myanmar. FREDA. 255p.
Morelli, E.; Bonari, E. Pagni, A.M. and Tomei, P.E. (1984) Selected Medicinal Plants. FAO. 94p.
စိုက်ပျိုးရေးဦးစီးဌာန ( ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊
စိုးမြင့်ဒွဏ်း (၂၀၁၀) ကြက်သွန်နီအကြောင်းသိကောင်းစုံလင်၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ၁၈၄-မျက်နှာ
စိုးမြင့်ဒွဏ်း (၂၀၀၈) ကြက်သွန်ဖြူ (သို့မဟုတ်) စားဖိုဆောင်သုံးဂမုန်း ၊ မြန်မာ့စိုက်ပျိုး ရေး လုပ်ငန်း ၁၅၃-မျက်နှာ
စိုးမြင့်ဒွဏ်း (၂၀၁၈) ကြက်သွန်ဖြူအကြောင်း သိကောင်းစုံလင်၊ ဖြူသဇင်စာပေ၊ ၁၅၅-မျက်နှာ
စိုက်ပျိုးရေးဦးစီးဌာန (၂၀၁၈) Myanmar GAP Protocol နှင့် ကြက်သွန်နီသီးနှံ၊ ၂၂-မျက်နှာ
ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဘက်ဝင်အပင်များ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ ၁၂၀-မျက်နှာ
ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓာန်၊ မြန်မာ့အပင်များ၊ နေဝင်းနီစာပေ၊ ၅၅၆-မျက်နှာ
(ဆေးပညာဝေါဟာရများကို ဘာသာပြန်ပေးပါသော ကျန်းမာရေးဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသန်းညွန့် နှင့် ဒေါက်တာစိုင်းခေးလှိုင်တို့အား ကျေးဇူးတင်ရှိပါသည်)
အလွန် အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါး ပါသည်။ ကျွန်တော်၏ ဆောင်းပါး ကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ဖြစ်စေပါက ကြည်နူးပီတိဖြစ်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။