ဆေးဖက်ဝင်အပင်များနှင့် အစားအသောက်များ (အပိုင်း - ၄)

18/11/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (149)  Medicinal Plants and Foods (Part-4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၉) ဆေးဖက်ဝင်အပင်များနှင့် အစားအသောက်များ (အပိုင်း - ၄)

ဤဆောင်းပါးများကို ဆေးဖက်ဝင်အပင်များနှင့် အစား၊ အ‌သောက်များဟူ၍ ပြောင်းလဲဆွေးနွေးပါမည်။ ယခုခေတ်သစ်ကြီးတွင် အနောက်တိုင်းဆေးဝါးများကို ပစ်ပယ်၍ ခေတ်နောက်ပြန်ဆွဲပြီး တိုင်းရင်းဆေးများ၊ ဘယဆေးများကို သုံးစွဲရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ မိမိစားနေကြ အစားအစာများမှ ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ဓာတ်စာသဘောမျိုးတွဲဖက်ကာ ဦးစားပေး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ 

(၄) လက်ဖက် (အင်္ဂလိပ်အမည် - Tea) အဆက်

ရုက္ခဗေဒအမည် - Camellia sinensis Kuntze (Family – Theaceae).

လဘက်၏ဆေးဘက်ဝင်မှု (Medicinal benefits of Tea)

(က) လက်ဖက်ရည်အဖန်သောက်ခြင်းက အင်ဆူလင် (Insulin) ဓာတ်ကိုလှုံ့ဆော်ပေးပါသဖြင့် သွေးတွင်းအချိုဓာတ်ကျကာ (Lower Blood Glucose Level) ဆေးချိုရောဂါ ဖြစ်နိုင်စွမ်း (Lower Disbetics Risk) လျော့နည်းစေပါသည်။

(ခ) လက်ဖက်ရည်အစိမ်းသောက်လျှင် နှလုံးရောဂါ (Prevent Heart Disease) ဖြစ်ထွန်းမှု ကာကွယ်ပေးပြီး ရောဂါရမှုနည်းပါးနိုင်ပါသည်။

(ဂ) ဓာတ်တိုးပစ္စည်း ဟန့်တားပေးသောအာနိသင် (Rich blends of Anti-oxidants) များစွာပေး၍ ကင်ဆာရောဂါ မျိုးစုံဖြစ်ပွားမှု ကာကွယ်ပေး (Cancer Protective) ပါသည်။

(ဃ) လက်ဖက်တွင်သင့်တော်သော ကက်ဖီအင်း (Correct Amount of Caffeine) ဓာတ်ပါဝင်၍ မှတ်ဉာဏ် (Memory) စိတ်နေစိတ်ထား (Mood) စသည့် ဦးနှောက်လုပ်ငန်းများ ဖွံ့ဖြိုး (Improve Brain Function) စေပါသည်။

အမေရိကန်နိုင်ငံတွင် ၉၀ ရာခိုင်နှုန်းက လက်ဖက်နက် (Black Tea) နှင့် ၁၀ ရာခိုင်နှုန်း လက်ဖက်စိမ်း (Green Tea) စားသုံးပါသည်။ စားသုံးမှုအားလုံး၏ ၈၀ ရာခိုင်နှုန်းက ရေခဲလက်ဖက်ရည်အေး (Iced Tea) ကို သောက်သုံးပါသည်။ ၁၉၉၀ခုနှစ်တွင် လက်ဖက်အတွက် အမေရိကန်ဒေါ်လာ  ၁.၈ ဘီလီယမ်ဖိုး ဝယ်ယူအသုံးပြုရာကနေ ၂၀၀၁ ခုနှစ်တွင် ၄.၉ ဘီလီယမ်ဖိုး ($ 4.9 Billion) အထိဝယ်ယူတင်သွင်းလာပါသည်။ 

လက်ဖက်နှင့်လက်ဖက်ရည်သောက်သုံးမှုကို ပြုလုပ်၊ ရေးသားခဲ့သော သုတေသနစာတမ်း (Scientific Research Papers) မှာ ဆယ်စုနှစ်များစွာက ၃ စောင်သာရှိရာမှ ၁၉၈၅ ခုနှစ် တွင် ၅၀ စောင်၊ ၂၀၀၂ ခုနှစ် တွင် ၂၇၀ ကျော် နှင့် ၂၀၂၃ ခုနှစ်တွင် ၄၉၀၀ ကျော် ရေးသား သုတေသနပြုခဲ့ပါသည်။  

လက်ဖက်တွင် ကျန်းမာရေးကောင်းစေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidents) ဖလေဗိုနွိုက် (Flavonoids) ပါဝင်သော ပိုလီဖီနော (Polyphenols) များပြားစွာ ပါဝင်သည်။ Green Tea တွင် Epicatechin, Epicatechin 3 Gallate တို့ပါဝင်ပြီး၊ Black Tea တွင် Theaflavin, Theaubigens တို့ပါဝင်ပါသည်။ လဘက်ရည်ချို/အကြမ်း တစ်ခွက် တွင် ဖလေဗိုနွိုက် ၁၅၀-၂၀၀ မီလီဂရမ်ခန့် ရရှိနိုင်ပါသည်။

လက်ဖက်ရည်သောက်ခြင်းက ကင်ဆာဖြစ်စေနိုင်သော တူမောရီဂျနက်ဆစ် (Tumorigenesis) ဓာတ်များကို တားဆီးပေးပါသည်။ သွားများ၊ ခိုင်ခန့် ကျန်းမာစေ (Reduced dental care) ပါသည်။ အရိုးသန်မာစေပါသည် (Improved Bone Mineral Density)။ ကျောက်ကပ်ကျောက်တည်မှုနည်းပါးစေပါသည်။ (Decreased Kidney Stone Formation) နှလုံးရောဂါဖြစ်မှုနည်းပါးစေပါသည်။ (Lower Risk of Cardiovascular Disease)

ဒေါက်တာခင်မောင်လွင်၏ စာအုပ်အရ လက်ဖက်၏ အကျိုးပြုဓာတ်ပေါင်းများ (Active Compounds) မှာလည်း Epigallocatechin-gallate (EGCG), Caffeine, Quercetin, Kaempferol, Theasaponin, Carvacrol, Astragalin တို့ဖြစ်ပါသည်။

(၅) ဂျင်း၊ ချင်း၊ ချင်းစိမ်းပင် (အင်္ဂလိပ်အမည် - Ginger) 

ရုက္ခဗေဒအမည် - Gingiber officinale Roscoe. (Family – Zingeberaceae)

Ginger ဟူသောစကားမှာ မူလပါလိ (သို့) သင်္သကရိုက်စကား Singivera က ဆင်းသက်လာပြီး ဦးချိုသဏ္ဌာန်ဟူ၍ အဓိပ္ပာယ်ရသည်။ ၎င်းမှ ဂရိ Zingeberis  လက်တင် Gingiber  စသည်တို့ အမည်ပေးလာပါသည်။ Officinale ဆိုသည်မှာ ဆေးဝါးဖက်တွင်အများ တရားဝင်သုံးစွဲသည်ဟူ၍ အဓိပ္ပာယ်ရပါသည်။ ချင်းပင်မှာ ၃-၄ ပေခန့်ရှိသည့် အာရှမျိုးရင်းဝင် ဖြစ်သည်။ အရွက်မှာ ဝါးရွက်၊ မိတ်သလင်ရွက်နှင့် တူညီပြီး ရွက်ယောင် ပင်စည်ရှိသည်၊ ၈-လက်မခန့်ရှည်၍ လှံစွပ်ပုံရှိသည်။ ဥအတက်မှာ အညိုနုရောင်ရှိသော မြေအောက်ပင်စည် ဖြစ်သည်။ အဆစ်များရှိ၍ အဆစ် နေရာလေးတွင် အမြှေးဖတ်ကလေးများရှိသည်။

ပုံ - ၁ ချင်းတက်နှင့်ချင်းပင်

‘ချင်းစိမ်းနှင့်မိတ်သလင်၊ သူကြင်မှကိုယ်ကြင်မယ်’ ဆိုသော မြန်မာဆိုရိုးစကားမှာ ချင်းစိုက်ရာမှာ မိတ်သလင်စိုက်က ချင်းသေပြီး၊ မိတ်သလင် စိုက်ရာမှ ချင်းစိုက်က မိတ်သလင် သေပါသည်။ 

ချင်းက မိမိအိမ်တွင် စိုက်လို့ရသော်လည်း မီးဖိုချောင်သုံး သီးနှံဖြစ်သဖြင့် ဈေးထဲတွင် အလွယ်ဝယ်ယူ ရရှိပါသည်။ ဟင်းချက်ရာတွင် သုံးရာတွင်သာမက ချင်းသုပ်အထိ စားသုံးနိုင်ပါသည်။ 

ချင်း၏ ကျန်းမာရေး၊ ဆေးဖက်ဝင်မှုမှာ -

(က) ကျေးလက်တွင် အပျင်းဖျားပါက ချင်းတက်နှင့် ထန်းလျက်ကို ကြို၍ တိုက်လေ့ရှိ ပါသည်။

(ခ) ချင်းစိမ်းရေနှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေး၊ ချောင်းဆိုး၊ ပန်းနာ ရင်ကြပ်ပျောက်ပါသည်။

(ဂ) ချင်းစိမ်း သတ္တုရေကို နှမ်းဆီနှင့် ကျို၍ အဆစ်အမြစ် ရောင်ရမ်းသော နေရာ၌ လိမ်းပေးသော် အဆစ်အမြစ်ကိုက်ခြင်း၊ ရောင်ရမ်းခြင်း ပျောက်၏၊

(ဃ) ချင်းခြောက်ကို အပူဆေးများတွင် ထည့်သွင်းအသုံးပြုသည်။ ချင်းသည် အအေးနာကိုနိုင်ခြင်း၊ အစာမြိန်စေခြင်း၊ သွေးပုပ်၊ လေပုပ်များကို ထုတ်စေခြင်း၊ သလိပ်ကို ရွှင်စေခြင်း သတ္တိရှိပါသည်။

(င) ချင်းစိမ်းကို  ဝါး၍ သွားကိုက်သော နေရာတွင်ငုံထားပါက သွားကိုက်ရောဂါပျောက်၏၊

(စ) အစာအိမ် အချဉ်ပေါက်နေသည်ကို ချင်းစားသုံးခြင်းဖြင့် အစာချေရည်တွင် အက်ဆစ်ဓါတ်လျော့နည်းစေကာ ဝေဒနာသက်သာနိုင်ပါသည်။ 

(ဆ) လီမွန်ဂျင်ဂျာလဘက်ရည် (Lemon Ginger Tea) ကို သောက်သုံးခြင်းဖြင့်အေးသော သမပိုင်းနိုင်ငံ များမှာ အအေးဒဏ် ခံနိုင်ရည်ရှိစေပါသည်။

ဒေါက်တာခင်မောင်လွင်၏ စာအုပ်အရ ချင်းတွင်ရှိ အသုံးဝင်ဒြပ်ပေါင်း (Active Compounds) များမှာ - Zingerones, Zingerine, Gingerdiol, Gingerenone, Geraniol, Gingerol, Boneol, Zingiberol စသည်တို့ဖြစ်ပါသည်။

(၆) နနွင်းပင် (အင်္ဂလိပ်အမည် - Tumeric) 

ရုက္ခဗေဒအမည် - Curcuma longa L. (Family – Zingeberaceae)

Curcuma ဆိုသည်မှာ အစားအစာကို ဆေးဆိုးသော အပွင့်ကို အာရပ်ဘာသာဖြင့်  Kurkum ဟုခေါ်သည်မှ လက်တင်က တိုက်ရိုက်အသံယူထားခြင်း ဖြစ်သည်၊ 

မူရင်းဇာတိမှာ အာရှတောင်ပိုင်းဖြစ်သည်။ နှစ်ရှည်ခံပင် (Perennial Plant) ဖြစ်ပြီး မြေအောက်ဥမှ ပင်ပွား များစွာထွက်လေ့ရှိသည်။ မိုးလည်လောက်တွင် နနွင်းရွက်နုများ ကြားမှ ဖြူဝါရောင် အဖူးအပွင့်များ ထွက်လာပြီး ရင့်လာက အရောင်စိမ်းလာပါသည်။

 

ပုံ - ၂ နနွင်းတက်နှင့်နနွင်းပင်

နနွင်း၏ကောင်းကျိုးအရဟင်းချက်ရာနှင့် အခြားကိစ္စများတွင် နနွင်းမှုန့်က မှိုတက်ခြင်း၏ ၅၀-၈၀ ရာခိုင်နှုန်းကို ကာကွယ်ပေးထားပါသည်၊ သုတေသနပြုလုပ်ချက်များအရ အထူး သဖြင့် မိုင်စီလီယမ် (Mycelia – P.aphanidermatum) နှင့် ကော်လက်တိုတြိုင်ဂမ်မှို (Collectotrichum spp.) ၏ ၂၀-ရာခိုင်နှုန်း လျော့နည်းနိုင်သော အာနိသင်ရှိပါသည်။ ဆီထမင်း၊ ထမင်းကြော်စားကြရာတွင် သဘာဝ နနွင်းအရောင်လေးနှင့် စားလေ့ရှိပါသည်။

နနွင်း၏ဆေးဘက်ဝင်ပုံ (Medicinal Purposes of Tumeric)

မြန်မာဆေးကျမ်းများ အလိုအရ နနွင်းသည်ပူ၏၊ စပ်ရှားရှား အရသာရှိ၏၊ လေကိုနိုင်၏၊ ဝမ်းမီးကိုတောက်စေ၍ အစာမကြေရောဂါကို ပျောက်ကင်းစေတတ်၏၊ 

(က) နနွင်းကို ငန်းဆေးအမျိုးမျိုး၊ မျက်စိဆေးအမျိုးမျိုး၊ ဒူလာဝမ်းရပ်ဆေးအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ ဖော်စပ်ရာတွင် အသုံးပြု၏၊

(ခ) ရှေးယခင်ကတည်းက ကိုယ်ဝန်ဆောင်ချိန်တွင်ဖျားခြင်း၊ သားဖွားပြီးသွေးတက်ခြင်း၊ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့်ခြင်း၊ မီးဖွားပြီးနောက်ချိနဲ့ခြင်း၊ မီးယပ်သွေးဖောဖြစ်ခြင်းတို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်လိမ်းပေးခြင်း၊ သောက်ပေးခြင်း၊ ရေနွေးနှင့်ပြုတ်၍ ရေချိုးပေးခြင်း၊ ကြပ်ထုတ်ထိုးပေးခြင်းတို့ဖြင့် ပျောက်ကင်းစေနိုင်၏၊

(ဂ) သွားဖုံးယောင်ခြင်း၊ သွားနာခြင်း၊ သွားကိုက်ခြင်းတို့အတွက် နနွင်းမှုံ့ကို ရေနွေးနှင့် ဖျော်၍ငုံပေးခြင်း၊ ဆားနိုင်နိုင်ထည့်သောက်ခြင်း၊ သွား၏အရင်းတွင် သိပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်၏၊

(ဃ) ဆားအနည်းခတ်၍ တစ်နေ့ (၃) ကြိမ် သောက်သော် လေထိုးလေအောင့်ရောဂါ ပျောက်၏၊

(င) သကြားနှင့်ရောစပ်၍ ဆန်ဆေးရေနှင့် ရောသောက်ပါက ဆီးအိမ်တွင် ကျောက်တည် ခြင်း ပျောက်၏၊

အိန္ဒိယဆေးကျမ်းများအရ ဂျင်း၊ နနွင်းမှုန့်တို့တွင်ပါဝင်သော ကာကူမင် (Curcumin) ဓာတ်က နာကျင်မှု (Pain) နှင့် အယ်ဇိုင်းမား (Alzheimer) ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်၊ 

(ရ) ငရုတ်ကောင်းပင် (အင်္ဂလိပ်အမည် - Black Pepper) 

ရုက္ခဗေဒအမည် - Piper nigrum L. (Family – Piperaceae)

ငရုတ်ကောင်း အမည်မှာ သင်္သကရိုက်ဘာသာစကား Pippali မှ ဆင်းသက်လာသည်၊ ရှေးဂရိနှင့် လက်တင် အဓိပ္ပါယ်မှာ စွမ်းအား၊ ခွန်အား ဆိုသည်ကို ဆိုလိုသည်၊ မူရင်းဒေသ (Origin) မှာ အန္နိယ အနောက်ပိုင်းဖြစ်ပြီး တစ်ခြား အပင်ကိုတွယ်တက်လေ့ရှိသော်လည်း ကပ်ပါး ပင် (Parasite Plant) မဟုတ်ပါ၊ ကွမ်းပင်နှင့် မျိုးရင်းတူသည့် နှစ်ရှည်ခံ နွယ်ပင် ဖြစ်သည်၊ အဖိုပင်၊ အမပင်နှင့် အဖိုအမပါသော အပင်ရှိပြီး ပင်စည်ပြောင်ချောနေပြီး အဆစ်နေရာမှ ကြားမြစ်များ ထွက်သည်။ အပွင့်က အောက်သို့ ငိုက်ကျနေသော ကြောင်မြီး သဏ္ဌာန် ပန်းခိုင်တွင် ပွင့်ညှာမဲ့ ပန်းပွင့် ကလေးများစွာရှိသည်၊ 

ပုံ - ၃ ငရုတ်ကောင်းပင်နှင့်ကျန်းမာရေးအကျိုးကျေးဇူးများ

ငရုတ်ကောင်းမှုန့်၏အာနိသင်က အစားအစာကိုပိုမို စားသောက်စေလိုပါသည်။ အနောက်နိုင်ငံ စားသောက်ဆိုင်တော်တော်များများတွင် ဆားနှင့်၍ရုတ်ကောင်းဗူးများ စားပွဲပေါ် တွင် ထားလေ့ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ငရုတ်ကောင်း ကုန်သွယ်မှုက အမေရိကန် ဒေါ်လာ ၃.၆၁ ဘီလီယမ်ကျော် ရှိပါသည်။ 

ငရုတ်ကောင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ (Health Benefits of Black Pepper)

(က) ဓာတ်တိုးခြင်းကို ဟန့်တားပေးသောအာနိသင် (High in Antioxidants) များစွာ ရှိပါသည်။

(ခ) ခန္ဓာကိုယ်အရောင်ကျစေသောအာနိသင်/ရောင်ရမ်းခြင်းကို လျော့ပါးစေသော အစွမ်းသတ္တိ (Anti-inflamatory Properties) ရှိပါသည်။

(ဂ) သွေးတွင်းအချိုဓာတ် (Improve Blood Sugar)  ညှိနှိုင်းပေးသဖြင့် ဆီးချိုရောဂါ သက်သာစေနိုင်ပါသည်။

(ဃ) သွေးတိုးရောဂါဖြစ်စေနိုင်သော ကိုလက်စထရော (Lower Cholesterol) နည်းပါးစေပါသည်။ 

(င) ကင်ဆာရောဂါဖြစ်ပွားမှု (Preven Cancer) ကာကွယ်ပေးနိုင်ပါသည်၊

(စ) အအေးမိ၊ ချောင်းဆိုးခြင်း (Releive Cold and Cough) ကို သက်သာစေပါသည်၊ 

မြန်မာ့ဆေးကျမ်းများ အဆိုအရ -

(၁) ငရုတ်ကောင်းမှုန့်နှင့်ပျားရည်ရောလျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါများကို ပျောက်ကင်းနိုင်ပါသည်။ 

(၂) ငရုတ်ကောင်း စားခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ ဝမ်းဖေါဝမ်းရောင်ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းနိုင်သည်၊

အကျိုးပြုဓာတ်ပေါင်း (Active Compounds) များမှာ - Piperine, Piperlonguminine, Piperanine, Pipperettine, Piperylin A&B, Piperolein A&B, Piperolactam စသည်တို့ဖြစ်ပါသည်။

(နေ့စဉ်သုံးအစားအစာများမှ ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်မှုများ အကြောင်း ဆက်ပါဦးမည်)                                                                               

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Jatori, S.A.; Ahmad, D.; Khaing Pann Witt Hmon (2008) Zingiberaceae in Myanmar. Plant Genetic Resources Monograph Series-4. University of Tsukuba, Japan. 106p.

Khan, N.A. and Iqbal, S.A. (2011) Importance of Medicinal Plants. DPH, New Delhi. 274p.

Khin Mg Lwin, Dr. (2024) Myanmar Medicinal Plant Encyclopedia. FAME Publishing. 440p.

Kyaw Soe and Tin Myo Ngwe (2004) Medicinal Plants of Myanmar. FREDA. 255p.

စိုက်ပျိုးရေးဦးစီးဌာန (  ?) မြန်မာ့ဆေးဝါးပင်များ၊ ၆၅၉-မျက်နှာ၊

ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဘက်ဝင်အပင်များ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ ၁၂၀-မျက်နှာ

မင်းဝင်းထိန် (၂၀၁၅) ဆေးဖက်ဝင်ဂျင်ဂျာ၊ ပန်းအလှဂျင်ဂျာ၊ ဘရင်မစာပေ၊ ၉၆-မျက်နှာ

ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓာန်၊ မြန်မာ့အပင်များ၊ နေဝင်းနီစာပေ၊ ၅၅၆-မျက်နှာ

လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း (၁၉၈၀) ပရဆေးပင်စိုက်ပျိုးနည်းအတတ်ပညာ၊ ၁၇၃-မျက်နှာ 

(ဆေးပညာဝေါဟာရများကို ဘာသာပြန်ပေးပါသော ကျန်းမာရေးဦးစီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာမင်းသန်းညွန့် နှင့် ဒေါက်တာစိုင်းခေးလှိုင်တို့အား ကျေးဇူးတင်ရှိပါသည်)

အလွန် အမျိုးစုံလှသော ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံ အကြောင်းကို သီးနှံတစ်မျိုးခြင်းအလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်းများမှာ အလွန် နည်းပါး ပါသည်။ ထို့ကြောင့်ကျွန်တော်၏ ဆောင်းပါးကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်