Basic Agricultural Science – (153) Dairy Science (Part-2)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၃) နွားနို့နှင့်နို့ထွက်ပစ္စည်းဆိုင်ရာသိပ္ပံ (အပိုင်း - ၂)
အလွန်အမျိုးစုံလှသော ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံနှင့်အစားအသောက်များ အကြောင်းကို သီးနှံတစ်မျိုးခြင်း အလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်း များမှာ အလွန် နည်းပါး ပါ သည်၊ ကျွန်တော်၏ ဆောင်းပါး ကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။
နို့နှင့်နို့ထွက်ပစ္စည်းသိပ္ပံ ပညာ အပိုင်း (၁) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၂၇) တွင် စတင်ရေးသားခဲ့ပါသည်။
ကျွန်တော်တို့ကျောင်းသားဘဝက တတိယနှစ်တွင် နွားနို့/နို့ဓာတုဗေဒ (Dairy Chemistry) ဘာသာရပ်ကိုသင်ကြားပေးခဲ့ပါသော ပါမောက္ခချုပ်ဆရာကြီး ဦးတင်နိုင် (ကွယ်လွန်) အား ဤဆောင်းပါးလေးဖြင့် ဂုဏ်ပြု ကန်တော့အပ်ပါသည်။
ကမ္ဘာပေါ်တွင် နို့စားနွားမပေါင်း (Dairy Cows) အကောင်ရေ ၂၆၄ သန်းကျော် ရှိပြီး နှစ်စဉ် နွားနို့ (Milk) တန်သန်းပေါင်း ၆၀၀ ကျော် ထုတ်လုပ်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ် တွင်နို့ စားနွားမပေါင်း သန်း ၄၀ ကျော်ဖြင့် အများဆုံးဖြစ်သော်လည်း နွားတစ်ကောင်ခြင်း နို့ထုတ်လုပ်မှုများသော အမေရိကန်နိုင်ငံက တနှစ်တန်ချိန် ၈၇ သန်း ကျော်ဖြင့် နွားနို့ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါသည်။ (နွားမတစ်ကောင် တစ်ရက် နွားနို့ ၂၈ လီတာ (၇ ဂါလံခွဲခန့် - ၁၄ ပိဿာခန့်) အများဆုံး ထွက်ပါသည်)
(source 2022 - https://www.nass.usda.gov)
နိုင်ငံတကာတက္ကသိုလ်များတွင်တော့ သိပ္ပံဘွဲ့ (နို့နှင့်နို့ထွက်ပစ္စည်းသိပ္ပံ) B.Sc. (Dairy Science) ဘွဲ့ဒီဂရီပေးနေတာကို အနည်းငယ် လေ့လာကြည့်ရအောင်ပါ၊
(က) ဝတ်ကွန်ဆင်-မေဒီဆင်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (University of Wisconsin-Madison, US) တွင် ပေးသောဤဘွဲ့တွင် -
(က-၁) မွေးမြူရေးသိပ္ပံမိတ်ဆက် (Introduction to Animal Science)
(က-၂) မွေးမြူရေးသိပ္ပံလက်တွေ့ (Introduction to Animal Science Laboratory)
(က-၃) နို့စားနွားများဖွံ့ဖြိုးတိုးတက်မှု (Dairy Cattle Improvement)
(က-၄) နို့စားနွားအုပ်များစီမံခန့်ခွဲခြင်း (Dairy Herd Management)
(က-၅) မွေးမြူရေးအဟာရပညာ (Animal Nutrition)
(က-၆) တိရစ္ဆာန်များ၏ကျန်းမာရေးနှင့် ကျရောက်တတ်သောရောဂါများအကြောင်း (Animal Helath and Diseases)
(က-၇) တိရစ္ဆာန်သစ်များဗီဇပညာနှင့်မွေးမြူရေးမိတ်ဆက် (Animal Genetics and Animal Breeding)
(က-၈) နွားမကြီးမိခင်နို့ရည် ဇီဝကမ္မဗေဒအကြောင်း (Lactation Physiology)
(က-၉) စားမြုံ့ပြန်သတ္တဝါများနှင့်အစာကျေချက်မှု (Ruminant Animals Metabolism)
(က-၁၀) နွားစာမြက်နှင့်ပဲများစိုက်ပျိုးထုတ်လုပ်မှု (Pasture Grass and Legume Production) စသည်ဖြင့် အမျိုးစုံလှပါသည်။
ပုံ - ၁ ဝစ္စကွန်ဆင်တက္ကသိုလ်ရှိ မွေးမြူရေးနှင့်နွားနို့သိပ္ပံဌာန
(ခ) အိန္ဒိယနိုင်ငံ ကာနာတက္ကားကုသရေး၊ မွေးမြူရေးနှင့်ငါးသိပ္ပံပညာ တက္ကသိုလ် (Karnataka Veterinary, Animal and Fisheries Sciences University, Bidar) တွင်ရှိ ဘင်ဂါလူရုနွားနို့သိပ္ပံကောလိပ် (Dairy Science College, Bengaluru, India) တွင်ရှိ နွားနို့နှင့်သက်ဆိုင်သော အောက်ပါဌာနများမှ သိပ္ပံဘွဲ့ (နွားနို့သိပ္ပံ) ကို ဘွဲ့ကြို၊ ဘွဲ့လွန်များပေး၍ သုတေသနပြုလုပ်လျက်ရှိပါသည်။
(ခ-၁) နွားနို့နည်းပညာဌာန (Department of Dairy Technology)
(ခ-၂) နွားနို့ဓာတုဗေဒဌာန (Department of Dairy Chemistry)
(ခ-၃) နွားနို့အနုဇီဝဗေဒဌာန (Department of Dairy Microbiology)
(ခ-၄) နို့ထုပ်လုပ်မှုဆိုင်ရာအင်ဂျင်နီယာပညာဌာန (Department of Dairy Engineering)
(ခ-၅) နို့ထုတ်လုပ်မှုဆိုင်ရာစီးပွားရေးနှင့်စီမံခန့်ခွဲမှုဌာန (Department of Dairy Economics and Business Management)
(ခ-၆) နို့စားနွားအစားအစာများစိုက်ပျိုးထုတ်လုပ်ရေးဌာန (Department of Forage Crops) စသည်ဖြင့် အမျိုးစုံလင်လှပါသည်၊
အလျဉ်းသင့်၍ နွားနို့နှင့်ပတ်သက်သော ဤတက္ကသိုလ်ရှိသုတေသနအချို့မှာ (၁) နွားနို့တွင်းရှိလက်တစ်အက်ဆစ်ဘက်တီးရီးယားများပွားများရေးသုတေသန (Research on Lactic Acid Bacterial in Milk Improvement Project)၊ (၂) တစ်နေ့တန် ၃၀ကျ နို့မှုန့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာသုတေသန (Research on Design and Production of 30 megaton per day automatic milk powder plant project) စသည်တို့ဖြစ်ပါသည်။
ပုံ - ၂ အိန္ဒိယနိုင်ငံ ဘင်ဂါလူရူး နွားနို့သိပ္ပံကောလိပ်၊ ကာနာတက္ကား ကုသရေး၊ မွေးမြူရေးနှင့်ငါးသိပ္ပံပညာတက္ကသိုလ်
တိရစ္ဆာန်များမှ နို့ထုတ်လုပ်ခြင်း (Animal Milk Production) သည် ရှေးနှစ်ထောင် ပေါင်း များစွာကတည်းက ၎င်းတို့ကို ယဉ်ပါးအောင်မွေးမြူပြီး (Domesticated) နို့များရရှိလာခဲ့ခြင်း ဖြစ်ပါ သည်။
ကမ္ဘာ့နို့ထုတ်လုပ်မှု၏ ၈၁-၈၃ ရာခိုင်နှုန်းမှာ နွားနို့ (Cow Milk)၊ ၁၃-၁၄ ရာခိုင်နှုန်း ကျွဲနို့ (Buffalo Milk)၊ ၂-၃ ရာခိုင်နှုန်း ဆိတ်နို့ (Goat Milk) နှင့် ကျန်တိရစ္ဆာန်များ သိုး (Sheep)၊ ကုလားအုပ် (Camel)၊ တိဗက်နွား (Yak) နို့များရရှိပါသည်။
ပုံ - ၂ တိရစ္ဆာန်များမှ ရရှိသော နို့များနှင့် နို့ညှစ်ပုံ
ကျွန်တော်ဆောင်းပါး အမှတ်စဉ် (၁ - BAS-27) မှာရေးခဲ့သလို နို့နှင့်နို့ထွက်ပစ္စည်းများ နိုင်ငံခြားမှတင်သွင်းမှု (Milk and Milk Products Import) က နိုင်ငံခြား ငွေများစွာ ကုန်ကျလျက်ရှိနေပါသည်၊ (ဥပမာ - ယနေ့ ၂၀၂၄ နှစ်ကုန်ပိုင်း ဈေးဝယ်နေရာများတွင် ဩစတေလျနွားနို့ (Australian Milk) တစ်လီတာ ကျပ်ငွေတစ်သောင်းကျော်၊ နယူးဇီလန်နို့မှုန့် (New Zealands Milk Powder) - နှစ်သောင်း-သုံးသောင်းကျပ်ခန့်၊ ဒိန်ခဲ (Cheese)၊ ထောပတ် (Butter) များမှာလည်း နှစ်သောင်းကျော် စသည်ဖြင့် သာမာန်ပြည်သူ လူထု ဝယ်ယူသောက်သုံးရန် အခက်အခဲရှိပါသည်။ ပြည်တွင်းထုတ် နို့နှင့်နို့ထွက်ပစ္စည်းများမှာလည်း ဈေးချိုစွာ ဝယ်ယူရရှိနိုင် သော်လည်း ဤရည်အသွေးနှင့် ကြာရှည်ခံရန် နည်းပညာမှာ နိုင်ငံခြားက တိုင်းပြည်များကို မမီသေးပါ။ နွားနို့သိပ္ပံဆိုင်ရာ စိုက်ပျိုးမွေးမြူရေး အင်ဂျင်နီယာနှင့်နည်းပညာ (Agricultural Engineering and Technology in Dairy Science) ကများစွာလိုအပ်ပါသေးသည်။
စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်မှာ အများထင်သလို ထယ်ထိုး၊ ထွန်မွှေသောစက်မှုလယ်ယာ (Farm Mechanization) ဘာသာရပ်တစ်ခုထဲမဟုတ်ပါ။ စိုက်ပျိုးရေးနှင့်ဆိုင်သော ရေ နှင့်မြေစီမံခန့်ခွဲမှုအင်ဂျင်နီယာပညာ (Water and Soil Engineering in Agriculture)၊ ခေတ်မီမွေးမြူရေးလုပ်ငန်းများအတွက် အင်ဂျင်နီယာပညာ (Technology for Modern Animal Science)၊ နို့နှင့်နို့ထုတ်လုပ်ခြင်းဆိုင်ရာ အင်ဂျင်နီယာပညာ (Dairy Engineering)၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ကြိတ်ခွဲခြင်း၊ စီမံပြုပြင်ခြင်း အင်ဂျင်နီယာပညာ (Post-Harvest, Milling and Processing Technology)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာအင်ဂျင်နီယာပညာ (Renewable Energy in Agriculture)၊ အစားအစာဆိုင်ရာ အင်ဂျင်နီယာပညာ (Food Engineering)၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပညာ (Environmental Engineering in Agriculture)၊ စိုက်ပျိုးမွေးမြူရေးအတွက် သတင်းအချက်အလက်နည်းပညာ (ICT in Agriculture) စသည်တို့ဖြင့် များပြားလှပါသည်။
ထိုအထဲမှ နို့နှင့်နို့ထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ရေးအတွက် အအေး သိုလှောင်ခန်း စီမံခန့်ခွဲခြင်း (Milk Cold Storage Management)၊ အရည်အသွေး ထိန်းသိမ်းခြင်း (Milk Quality Control) ဥပမာ - ပိုးမွားရောဂါများပေါက်ပွားတတ်၍ သက်တမ်းလွန်မှု (Expired Date) ကို ထိန်းသိမ်းခြင်း၊ ခေတ်မီထုတ်ပိုးနည်းစနစ်များ (Modern Packaging Technology) ဖြင့် ဈေးကွက်တွင်ရောင်းချရန် ဆောင်ရွက်ခြင်း တို့သည် နို့နှင့်နို့ထွက်ပစ္စည်းများဆိုင်ရာ အင်ဂျင်နီယာပညာဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အနာဂတ် စိုက်ပျိုးမွေးမြူရေး ပညာရှင်များဖြစ်လာမည့် လူငယ်များအတွက် လေ့လာစရာပညာတွေ အများကြီးရှိပါသေးသည်။
ဇယား - ၁ ကမ္ဘာ့နို့သောက်အများဆုံး၊ အနည်းဆုံးနိုင်ငံများ
ရည်ညွန်း - (* https://sdg4-data.uis.unesco.org; ** https://www.statista.com)
ဖော်ပြပါနိုင်ငံများ တစ်ရက်လျှင် လူတစ်ဦးသည် နွားနို့တစ်လီတာကျော် သောက်သုံးနေသည်နှင့် ကျွန်တော်တို့ နို့သောက်နှုန်း နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
(၁) နို့ဓာတုဗေဒ (Dairy Chemistry)
ကျွန်တော်တို့ ကျောင်းသားဘဝက ဆရာကြီး ဦးတင်နိုင် သင်ကြားပေးခဲ့သောနို့ ဓာတုဗေဒအကြောင်း အနည်းငယ်ဆွေးနွေးကြည့်ရအောင်ပါ။
အဓိက အစိတ်အပိုင်းများ
(၁-က) နို့ဓာတုဗေဒ၏ နိဒါန်း (Introduction to Dairy Chemistry): နို့၏ဖွဲ့စည်းမှု (ရေ၊ အဆီ၊ ပရိုတင်း၊ လက်တို့စ် - Lactose၊ သတ္ထုများ၊ ဗီတာမင်များ၊ အင်ဇိုင်းများ၊ နှင့် အရောင်ချယ်များ -Pigments)၊ နို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုပိုင်ဆိုင်ရာ အင်္ဂါရပ်များ (Physico-Chemical Properties)၊ နို့ဖွဲ့စည်းမှုကို လွှမ်းမိုးနေသော အကြောင်းရင်းများ
(၁-ခ) နို့ပရိုတင်းများ (Milk Proteins): ကေဆင်း (Casein) နှင့် နို့ဓာမ်း (whey) ပရိုတင်းများ၏ ဖွဲ့စည်းမှု၊ အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက်များ၊ နို့တွင် ပရိုတင်း၏ တည် ငြိမ်မှုနှင့် ဓာတ်ပြုမှုများ
(၁-ဂ) နို့အဆီ (Milk Lipids): နို့အဆီ၏ ဖွဲ့စည်းမှု (triglycerides, phospholipids, sterols), နို့အဆီခဲအဖြစ်ကျယ်မှုနှင့် အမျိုးမျိုးပြောင်းမှု၊ အောက်စီဒေးရှင်းကြောင့် အနံ့ ချဉ်/ဆိုးသွားမှု (Oxidative Rancidity) နှင့် နို့အနံ့အရသာ (Flavor) ပျက်စီးမှု
(၁-ဃ) လက်တို့စ် (Lactose): လက်တို့စ်၏ ဖွဲ့စည်းမှုနှင့် အင်္ဂါရပ်များ၊ လက်တို့စ်၏ ခရစ်စတယ်ဖြစ်မှု (Crystallization) နှင့် ရေကြောင့်ပြိုကွဲမှု (Hydrolysis)၊ လက်တို့စ် တောင့်မခံနိုင်မှု (Intolerance) နှင့် ၎င်း၏ သက်ရောက်မှုများ
(၁-င) သတ္တုနှင့် ဗီတာမင်များ (Minerals and Vitamins): နို့တွင်ပါဝင်သော အဓိက သတ္တု (Major Minerals) နှင့် သေးငယ်သတ္တုများ (Trace Minerals) ဥပမာ - ကယ်လ ဆီယမ်(calcium), ဖော့စဖောရပ် (phosphorus) တို့သည် နို့၏ ဗီတာမင် အကြောင်းနှင့် ၎င်းတို့၏ တည်ငြိမ်မှု (Stability)
(၁-စ) နို့ရှိ အင်ဇိုင်းများ (Milk Enzymes): အတွင်း (Indigenous) နှင့် အပြင် (exogenous enzymes) အင်ဇိုင်းများ၊ နို့ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှု၌ အင်ဇိုင်း၏ အခန်းကဏ္ဍ
(၁-ဆ) နို့၏ ပြုပြင်ခြင်းအတွင်းဖြစ်ပေါ်သော အပြောင်းအလဲများ (Milk Changes during Processing): အပူချိန်ဆိုင်ရာ အလုပ်လုပ်ပုံများ (Pasteurization, Sterilization, UHT)၊ တူညီမှု (Homogenization) ၏ သက်ရောက်မှုများ၊ သိုလှောင်မှုအတွင်း ဓာတုအပြောင်းအလဲများ
(၁-ဇ) နို့ပစ္စည်းများ၏ လုပ်ဆောင်ချက်ဆိုင်ရာ အင်္ဂါရပ်များ (Functional Properties of Dairy Ingredients): အစားအစာစနစ် များတွင် နို့ပစ္စည်းများ၏ အခန်းကဏ္ဍ၊ လုပ်ဆောင်မှုနှင့် အာဟာရဆိုင်ရာ အချက်များ
လက်တွေ့လေ့ကျင့်မှုအစိတ်အပိုင်းများ (Practical works)
နို့ဓာတုဗေဒ: နို့၏ ဖွဲ့စည်းမှု (အဆီ၊ ပရိုတင်း၊ အက်စစ်ဖြစ်မှု Acidity) ကို စမ်းသပ်ခြင်း၊ နို့ရောနှောမှုများရှာဖွေခြင်း (Detecting adulterants)၊ အပူချိန်များလာခြင်း၊ သက်ရောက်မှုများကိုလေ့လာခြင်း (Thermal Processing effects)
ပုံ - ၃ နို့ဓာတုဗေဒလက်တွေ့
စိုက်ပျိုးရေးသိပ္ပံပညာသည် ဇီဝသိပ္ပံပညာမှဆင်းသက်လာသဖြင့် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှာ မျက်စိဖြင့် မမြင်ရသော အဏုဇီဝသက်ရှိများ (Microbes) အကြောင်းကိုလည်း အနုကြည့်မှန်ပြောင်း/ မိုက်ကရို စကုပ်များ (Microscope) ကြည့်၍ လက်တွေ့လုပ်ကာ လေ့လာခဲ့ရပါသည်။ ကျွန်တော်၏ မိတ်ဆွေ အစားအစာ အင်ဂျင်နီယာ တစ်ဦးသည် နွားနို့အပါအဝင် အစားအသောက်များကို ကိုင်တွယ်မှုက မမြင်ရသော အဏုဇီဝပိုးများနှင့် ပါဝင်ပတ်သက်နေသဖြင့် ဤပညာကို အစားအစာ ပြုလုပ်၊ ရောင်းချမည့်သူများ အသေးစိတ်လေ့လာသင့်ပါသည် ဟူ၍ပြောပါသည်။
(၂) နို့အဏုဇီဝဗေဒ (Milk Microbiology)
အဓိက အစိတ်အပိုင်းများ
(၂-က) နို့အဏုဇီဝဗေဒ၏ နိဒါန်း (Introduction to Dairy Microbiology): နို့နှင့် နို့ထုတ်ကုန်များတွင် ပိုမိုကြီးထွားသော မိုက်ခရို ဖလော်ရာ/အဏုဇီဝပိုးများ (Microflora)၊ နို့မသန့်မှု/နို့ညစ်ညမ်းမှု ဖြစ်စေသော အရာများ (Contamination Sources) နှင့် ရောဂါမရှိစေရန်သန့်ရှင်းရေး လုပ်ထုံးလုပ်နည်းများ (Hygienic Practices)
(၂-ခ) အဖျက်အဏုဇီဝပိုးများကြောင့် နို့ပျက်စီးမှု (Microbial Spoilage of Milk): ပျက်စီးစေသော နို့ပျက် အဏုဇီဝမျိုးစိတ်များ၊ နို့တွင် အဏုဇီဝမျိုး၏ ကြီးထွားမှုကို ထိခိုက်စေသော အကြောင်းရင်းများ၊ ပျက်စီးမှုကို ရှာဖွေသိရှိခြင်း နည်းလမ်းများ
(၂-ဂ) နို့မှ ဖြစ်ပေါ်သော ရောဂါပိုးများ (Milk-borne Pathogens): လူများအား ထိခိုက်စေနိုင်သော ရောဂါပိုးများ (ဥပမာ - Listeria, Salmonella, E. coli စသည်)၊ လူမှုပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ထိန်းချုပ်ရေး
(၂-ဃ) အချဉ်ဖေါက်ထားသော နိုထွက်ပစ္စည်းများ (Fermented Milk Products): ဒိန်ချဉ် (Yogurt), ဒိန်ခဲ (cheese) နှင့် နို့ထောပတ် (buttermilk) ထုတ်လုပ်ခြင်း၏ အဏုဇီဝ ဗေဒ၊ စတင်ပြုလုပ်ခြင်း (Starter cultures) ၏ အခန်းကဏ္ဍ၊ အကျိုးပြုအဏုဇီဝပိုးများ (Probiotics) ၏ ကျန်းမာရေးအကျိုးကျေးဇူးများ
(၂-င) နို့နှင့် နို့ထုတ်ကုန်များတွင် အရည်အသွေးထိန်းချုပ်မှု (Quality Control in Dairy products): အဏုဇီဝပိုးများနှင့် သတ်မှတ်ချက်များ၊ Coliforms, (တဆေး) yeast, (မှိုတစ်မျိုး) mold နှင့် ရောဂါပိုးများကို သိရှိမှု
(၂-စ) ထိန်းသိမ်းမှုနှင့် လုံခြုံမှု (Preservation and Safety): ပိုးသတ်ခြင်း (Pasteurization), (sterilization) နှင့် အအေးခံခြင်း၏ အခန်းကဏ္ဍ၊ တာရှည်ခံ ပစ္စည်းများ (Preservatives) နှင့် ပိုးသတ်ပစ္စည်း များ၏ အသုံးပြုမှု
(၂-ဆ) နို့ဇီဝနည်းပညာ (Dairy Biotechnology): နို့ထုတ်လုပ်မှုတွင် အင်ဇိုင်းများ (Enzymes) နှင့် အဏုဇီဝပိုး တုံ့ပြန်ပစ္စည်းများ (Antimicrobial Agents) ၏ အသုံးပြုမှု၊ နို့တွင် ဗီဇပြုပြင်ပြောင်းလဲမှု (Genetic Modification) ပြုလုပ်ခြင်း
(၂-ဇ) နို့လုပ်ငန်းတွင် သန့်ရှင်းရေးနှင့် ပိုးသတ်လုပ်ငန်းများစနစ်ပြုလုပ်ပေးခြင်း (Hygiene and sanitation in Dairy Industry)၊ နို့ထုတ်လုပ်စက်ကိရိယာများကို သန့်ရှင်းရေးလုပ်ခြင်း (Cleaning and sanitation of dairy equipment)၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဘေးကင်းလုံခြုံမှုကို စစ်ဆေးပေးခြင်း (Hazard Analysis Critical Control Points – HACCP) စနစ်၏ အခြေခံအချက်များနှင့် အကောင်အထည်ဖော်မှု
ပုံ - ၄ နို့အကျိုးပြုအဏုဇီဝသက်ရှိများနှင့် အနုကြည့်မှန်ပြောင်း လက်တွေ့
လက်တွေ့လေ့ကျင့်မှုအစိတ်အပိုင်းများ (Practical Works on Microbiology)
ဓာတ်ခွဲခန်းတွင်း နို့ အနုဇီဝပိုးမွားများ မွေးမြူပျိုးထောင်ခြင်း (Microbial Culture Preparation)၊ ပျက်စီးမှုပိုးများကို ရှာဖွေခြင်း (Detection of Spoilage Organisms)၊ နို့ထုတ်ကုန်များတွင်ရှိ အနုဇီဝပိုးမွားများအရည်အသွေးကို တိုင်းတာခြင်း၊ ပွားပြင် (starter culture) ထိန်းသိမ်းခြင်း စသည်တို့ဖြစ်ပါသည်။
နွားနို့နှင့်နို့ထွက်ပစ္စည်းများသိပ္ပံပညာသည် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များတွင် အထူးပြုဘာသာဘွဲ့မပေးနိုင်လျှင်တောင်မှ သာမန်ဘာသာ (Minor Subjects) များ အဖြစ်သင်ကြားပေးသင့်ပါသည်။ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင်တော့ သင်ကြားပေးနေသည်ဟု ကြားသိရပါသည်။
ဆက်ပါဦးမည်..
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Jennings, R. (2012) Organic Dairying and Integrated Agriculture. Dominant Publishers and Distributors, New Delhi.311p.
Muehlhoff, E.; Bennett, A. and McMahon, D. (2013) Milk and Dairy Products in Human Nutrition. FAO, Rome. 376p.
Rao, P.V. (2008) Principles of Dairy Management. Biotech Books, New Delhi. 274p.
Tyler, H.D. and Ensminger, M.E. (2006) Dairy Cattle Science. 4th Ed. Pearson Prentice Hall. 417p.
မောင်အောင် (၂၀၂၁) နို့နှင့်နို့ထွက်ပစ္စည်း လက်တွေ့ထုတ်လုပ်နည်းများ၊ စာပေဗိမာန်၊ ၁၄၅-မျက်နှာ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (၂၀၁၂) နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း တည်ထောင်ရန်အတွက် တရားဝင်အသိအမှတ်ပြု အာစီယံစံနှုန်း များ၊ ၃၂-မျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာ လှိုင်မင်းဦး(ပါမောက္ခ)မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ဒေါ်တင်လဲ့လဲ့ထွေး၊ (ကထိက) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။