Basic Agricultural Science – (160) Natural or Organic Fertilizers (Part-6)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၆၀) သဘာဝ/ဩဂဲနစ်မြေဩဇာများ (အပိုင်း-၆)
တောင်သူကြီးများ၊ လက်တွေ့လုပ်ကိုင်နေသူများ တိုက်ရိုက်အသုံးပြုနိုင်မည့် သဘာဝမြေဩဇာများအကြောင်း ဆွေးနွေးပါမည်။ အခြေခံမြေဆီလွှာသိပ္ပံနှင့် မြေဩဇာများ အကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၈)၊ (၂၉)၊ (၁၀၀)၊ (၁၅၉) တို့ တွင် မိတ်ဆက်တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ သစ်စိမ်းမြေဩဇာများအကြောင်းကိုလည်း အမှတ်စဉ် (၇၇) တွင်ဆွေးနွေးခဲ့ပါသည်။ တောင် သူကြီးများ လက်တွေ့အသုံးချနိုင်စေရန် အသေးစိတ် ဆက်လက်ဆွေးနွေး ကြည့်ရအောင်ပါ။
ယခုခေတ်ပေါ် မြေဩဇာ ဇီဝမီးသွေးသဘာဝမြေဩဇာ (Biochar Fertilizers) အကြောင်း ဆွေးနွေးပါမည်။
ဇီဝမီးသွေးဆိုသည်မှာ ကာဗွန်ကြွယ်ဝသောပစ္စည်း (Carbon-rich Materials) ဖြစ်ပြီး သစ်သား၊ ဝါးနှင့်သီးနှံအကြွင်းအကျန်၊ စွန့်ပစ် ဇီဝပစ္စည်းများ (Biomass) ကို အပူပေးသောဖြစ်စဉ် (Pyrolysis – Thermochemical Conversion Process) ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။
၎င်းက စိမ့်ဝင်နိုင်စွမ်းရှိသောပစ္စည်း (Porous Materials) ဖြစ်ပြီး အထူးသဖြင့် ရေနှင့်အပင်မှ လိုအပ်သော အဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်ကာ အပင်အတွက် ဖြေးဖြေးချင်း ထုတ်ပေးပါသည်။ ကုန်ကြမ်းပစ္စည်းများမှာ ပြောင်းဖူးရိုး၊ ပဲရိုး၊ ဝါးထွက်အပိုပစ္စည်း၊ စပါးခွံစသည့် ဘေးထွက်ပစ္စည်းများကို ဇီဝမီးသွေးမြေဩဇာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ပြီးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုကြရပါသည်။
ဥရောပနိုင်ငံများတွင် ဥရောပဇီဝမီးသွေးမြေဩဇာ လမ်းညွှန်ချက် (Guideline of European Biochar Certificates) ကို ၂၀၁၁-ခုနှစ်လောက်ကတည်းက ထုတ်ဝေ၊ လိုက်နာ သုံးစွဲနေပါသည်။
ပုံ - ၁ ဇီဝမီးသွေးမြေဩဇာ
ဇီဝမီးသွေးမြေဩဇာ၏ တိုက်ရိုက်အားသာချက် (Direct Effects) များမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (Non CO2)နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ (Non GHG – Green House Gas) ထွက်မှုလျော့နည်းစေပါသည်။ မြေဆီလွှာရူပဂုဏ်သတ္တိအရ လေဝင်လေထွက်ကောင်း၊ ရေနှင့် အစိုဓာတ်ထိန်းနိုင်ပြီး မြေဆီလွှာဓာတုဂုဏ်သတ္တိအရ မြေချဉ်သွားမှု မဖြစ်ရန်ထိန်းခြင်း အပင်အဟာရဓာတ်များ သိုလှောင်ထားပေးခြင်း စသည်တို့ရရှိနိုင်ပြီး သွယ်ဝိုက်အားသာချက် (Indirect Effects) က အကျိုးပြုအဏုဇီဝများ လုပ်ရှားမှုကောင်းကာ အမြစ်ကြီးထွားမှုကို အားပေးအကျိုးပြုနိုင်သည့် အင်ဇိုင်းများလှုပ်ရှားမှု ပိုမိုကောင်းမွန်စေပါသည်။ စမ်းသပ်သုတေသန ပြုသင့်ပါသည်။
ဇီဝမြေဩဇာများ (Biofertilizers)
ယခင်က ကမ္ဘာ့စိုက်ပျိုးရေးလောကကို ဓာတ်မြေဩဇာများ များပြားစွာ အသုံးပြုခဲ့ပါသည်။ ယနေ့ခေတ်တွင် ဓာတ်မြေဩဇာ၏ အားနည်းချက်များမှာ
ဓာတ်မြေဩဇာများစွာ အသုံးပြုပါက
(၁) အပင်များက အားလုံးမစုပ်ယူနိုင်ဘဲ မြေကြီးအောက်သို့ (Leach out) စိမ့်ဝင်ပျော်သွားပြီး အဝီစိရေ၊ သောက်သုံးရေများ မသန့်တတ်ပါ။
(၂) အသုံးပြုသောရေများညစ်ညမ်းတတ် (Polluting Water Basins) ပါသည်။
(၃) အကျိုးပြုအဏုဇီဝနှင့် အကျိုးပြုအင်းဆက်များ (Destroying beneficial Micro-organisms and Friendly Insects) သေကြေပျက်စီးနိုင်ပါသည်။
(၄) ရောဂါပိုးမွားများက အပင်များကိုပိုမိုဖျက်ဆီးနိုင် (More susceptible to the attack of plant diseases) ပါသည်။
(၅) သဘာဝမြေဆီလွှာရူပ၊ ဓာတုဂုဏ်သတ္တိများပျက်စီး (Reducing Soil fertility and Causing the irreparable damage) ဆုံးရှုံးတတ်ပါသည်။
ဇီဝမြေဩဇာဆိုသည်မှာ - အကျိုးပြုအဏုဇီဝသက်ရှိများကြောင့် လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း (Fixing Atmospheric Nitrogen)၊ မြေဆီလွှာ ဖောစဖောရပ် ဓာတ်ပျော်ဝင်လာစေခြင်း (Solubilizing Soil Phosphorus)၊ အပင်ကြီးထွားမှုကောင်းစေသော ဓာတ် ပစ္စည်းများ အားကောင်းစေရန် တွန်းအားပေး (Stimulating Plant Growth) ခြင်း စသည်တို့ရရှိနိုင်သော လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းကို ပြုလုပ်ပါသည်။
(က) လေထဲမှ နိုက်ထရိုဂျင်ဖမ်းယူသော အဏုဇီဝများ (Nitrogen Fixers)
(က-၁) သဟဇီဝနှင့် တွဲဖက်သဟဇာတဘက်တီးရီးယားများ (Sybiotic and Associatic Bacteria) ဥပမာ - ရိုက်ဇိုဘီယမ် (Rhizobium) စိုက်ပျိုးသောပဲပင်အမျိုးအစားပေါ်မူတည်၍ တစ်နှစ်လျှင် တစ်ဟက်တာ နိုက်ထရိုဂျင် ၂၀၀-၃၀၀ ကီလိုဂရမ် အထိဖမ်းယူပေးနိုင်၊ ဘရာဒီရိုက်ဇိုဘီယမ် (Bradyrhizobium)၊ မိုင်ကိုဘက်တီးရီးယမ်း (Mycobacterium)၊ အဇိုစပိုင်ရဲလမ် (Azospirilum)၊ စသည်တို့ရရှိရန် နိုင်ငံတကာရှိ စိုက်ပျိုးရေးပြုလုပ်သောနိုင်ငံ အားလုံးနီးနီး ပဲမျိုးစုံ (Food Legumes) နှင့် တိရစ္ဆာန်စာပဲများ (Forage Legumes) စွာ စိုက်ပျိုး၍ ရိုက်ဇိုဘီယမ်များထည့်သွင်းကာ မြေဆီလွှာအဟာရဓာတ်ကို သဘာဝအလျေက် ဖြည့်ဆည်းပေးသော နည်းစနစ်များစွာ အသုံးပြုနေပါသည်။
ပုံ - ၂ နိုက်ထရိုဂျင်ဖမ်းဘက်တီးရီးယားများ
(က-၂) စိမ်းပြာရေညှိများ (Blue Green Algae) အေနာဘေးနား (Anabaena)၊ တော်လီပေါ့သရစ် (Tolypohrix)၊ အေနာဘေနိုဆစ် (Anabaenosis)
ပုံ - ၃ စိမ်းပြာရေညှိအုပ်စု နိုက်ထရိုဂျင်ဖမ်းဘက်တီးရီးယားများ
(က-၃) ရေကျောက်ခက်မျိုးများ (Azolla) ရေပေါ်ပေါနေသော ရေနေဖန်း (Floating Aquatic Fern) အမျိုးအစားဖြစ်သည်။ ၎င်းတွင် နိုက်ထရိုဂျင်ကြွယ်ဝသော ဆိုင်ရာနိုဘက် တီးရီးယား (Cyano Bacteria)၊ အေနာဘေးနားအဇိုလေး (Anabaena azollae) ဘက်တီးရီးယားများက နိုက်ထရိုဂျင်ထုတ်လုပ်ပေးပါသည်။ ဤရေကျောက်ခက်များက တစ်ရာသီလျှင် တစ်ဟက်တာ ၄၀-၆၀ ကီလိုဂရမ် နိုက်ထရိုဂျင်ဖမ်းယူပေးပါသည်၊ အထူးသဖြင့် စပါးခင်းထဲရှိ မြေကြီးထဲကို ရောနှော (Incorporation) ထည့်ပေးနိုင်ပါသည်။ စပါးခင်းထဲတွင်လည်း ရေရှည်ရှင်သန် (Sustainability) ပေါက်ပွားနိုင်ပါသည်။ ရေကျောက်ခက်ပင်များရှိခြင်းဖြင့် အလင်းရောင်မဝင်ရောက်နိုင်ရန် ကာကွယ်ပေးသည်။
ပုံ - ၄ နိုက်ထရိုဂျင်ရရှိသော ရေကျောက်ခက်များ
(က-၄) အလွတ်နေပြီး နိုက်ထရိုဂျင်ဖမ်းယူသော ဘက်တီးရီးယားများ (Free-living Nitrogen Fixing Bacteria) အဇိုတိုဘက်တာသည် (Azotobacter) တစ်နှစ်ကို တစ်ဟက်တာလျှင် နိုက်ထရိုဂျင် ၁၀-၅၀ ကီလိုဂရမ် အထိဖမ်းယူပေးနိုင်၊ ကလိုစတီဒီယမ် (Closridium) တစ်နှစ် တစ်ဟက်တာလျှင် နိုက်ထရိုဂျင် ၁၀-၃၀ ကီလိုဂရမ် အထိဖမ်းယူပေးနိုင်သည်။ နော့စတော့ (Nostoc) ဘက်တီးရီးယားများသည် လေထဲမှ နိုက်ထရိုဂျင် (အလေးချိန်အရ ၇၅.၅၁%၊ ထုထည် ၇၈.၀၉%) ကို အမိုးနီးယား (Amonia) အဖြစ်ပြောင်းလဲပေးနိုင်ပါသည်။
(ခ) အပင်များသုံးစွဲနိုင်ရန် ဖော့စဖောရပ်ပျော်ဝင်အောင် ပြုလုပ်ပေးသော အဏုဇီဝများ (PSM - Phosphorus Solubilizing Microbes/Microorganizms)
၎င်းတို့က အော်ဂဲနစ်အက်စစ်ထုတ်ပေးပြီး မြေကြီးအတွင်းရှိ ဖော့စဖောရပ်ကို ပျော်ဝင်စေကာ အပင်များမှ စုပ်ယူစားသုံးနိုင်လာပါသည်။ ထို့အပြင်၎င်းတို့မှ ထုတ်လုပ်ပေးသော အင်ဇိုင်းများကြောင့် အော်ဂဲနစ်ဖော့စဖောရပ်များ (Organic Phosphorus) အရည်ပျော်လာကာ အပင်အတွက် စုပ်ယူနိုင်သော ဖော့စဖောရပ်ဓာတ်များ (Available Phosphorus) ဖြစ်ပေါ်လာနိုင်ပါသည်။
(ခ-၁) အပင်အတွက်ဖော့စဖောရပ်ပျော်ဝင်စေသော ဘက်တီးရီးယားများ (P solubilizing Bacteria) ဘက်စီးလပ်စ် (Bacillus megaterium var. phosphticum)၊ ဆူဒိုမိုးနပ်စ် (Pseudomonas putida)၊ ပင်တိုရီးယား (Pantoea agglomerans)၊ အဇိုစပိုင်ရဲလမ် (Azospirilum spp.)၊ ဤဘက်တီးရီးယားများက အပင်များအတွက် ဖောစဖောရပ် တစ်ဟက်တာ ၃၀ ကီလိုဂရမ်အထိ အပင်မှစုပ်ယူပေးနိုင်ရန် ပြောင်းလဲပေးနိုင်သဖြင့် ဖော့စဖောရပ်မြေဩဇာ ကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်ပါသည်။
(ခ-၂) အပင်အတွက် ဖော့စဖောရပ်ပျော်ဝင်စေသော မှိုများ (P solubilizing Fungus) ထရိုင်ဂိုဒါးမား (Trichoderma)၊ အက်စပါးဂျီးလပ်စ် (Aspergillus)၊ ပင်နင်စီလင်(Penicillium) တို့ပါဝင်ပါသည်။ ထိုအထဲမှ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဌာန၊ ထရိုင်ဂိုဒါးမား ထုတ်လုပ်သုတေသနပြုပြီး တောင်သူများအား ရောင်းချလျက်ရှိပါသည်။ တစ်ထုတ်လျှင် ၁၅၀၀ ကျပ်နှုန်းနှင့် ရောင်းချနေပါသည်။ နောက်တစ်ခုက မိုင်ကိုရိုက်ဇာ (Vesicular Arbuscular Mycorrhizae (VAM) မှိုတစ်မျိုးဖြစ်ပြီး အပင်များအတွက်ဖော့စဖောရပ် ပျော်ဝင်မှုကို အားပေးကူညီပေးပါသည်။
ပုံ - ၅ အပင်စားသုံးရန် အကျိုးပြုမိုက်ကိုရိုက်ဇာမှို
(ဂ) အပင် ကြီးထွားမှုကိုအားပေးသော ရိုက်ဇိုဘက်တီးရီးယားများနှင့် ဇီဝပိုးသတ်ဆေးများ (PGPR – Plant Growth Promoting Rhizobacteria and Biopesticides)
နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်ဖမ်းယူသော ဘက်တီးရီးယားများအပြင် ပိုတက်ဆီယမ်ဓာတ် ပျော်ဝင်စေသောဘက်တီးရီးယားများ (Potassium-Solubilizing Bacteria - KSB) ဥပမာ - ဘက်စီလပ်မူစီဂျီနိုဆပ် (Bacillus mucilaginosus)၊ ဖရတ်တီးရီးယားအော်ရမ်တီရား (Frateuria aurantia)၊ အပင်ဟော်မုန်းထုတ်လုပ်သောပစ္စည်းများ (Plant Hormone Producers) ဥပမာ - ဆူဒိုမိုနပ်ပူဒီတာ (Pseudomonas putida)၊ ဘက်စီလပ်စ်ဆပ်တိုက်လစ် (Bacillus subtilis)၊ အပင်ရောဂါပိုးများဖိနှိပ်ပေးသော ဘက်တီးရီးယားများ (Biocontrol & Disease-Suppressing PGPR) ဥပမာ - ဆူဒိုမိုနပ်စ် ဖလူရမ်စမ် (Pseudomonas fluorescens)၊ ဘက်စီလပ်စ်ဆပ်တိုင်လစ် (Bacillus subtilis)၊ စတ ရက်တိုမိုင်စိမျိုးကွဲ (Streptomyces spp.)၊ မိုးခေါင်ဒဏ်နှင့် ဆားငံဒဏ်ခံ ဘက်တီးရီးယားများ (Stress-Tolerant PGPR) ဥပမာ - ဘက်စီလပ်စ်အမိုင်လိုကွင်ဖင်စီ (Bacillus amyloliquefaciens)၊ ပေနီဘက်စီလပ်စ် (Paenibacillus polymyxa) စသည်တို့ရှိပါ သည်။
(ဃ) အီးအမ်နည်းပညာ (EM Technology)
အကျိုးပြုအဏုဇီဝများစွာပါဝင်သော ဖျော်ရည်စသည်တို့ များစွာပါဝင်ပါသည်။ အပင်များကို မြေဩဇာအဖြစ်လောင်းပေး၊ ဖြန်းပေးပြုလုပ်ရသည့် ဖျော်ရည်ဖြစ်သည်။
ဤဇီဝမြေဩဇာ၊ ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာဖွံ့ဖြိုးမှု အားပေးသော အစီအစဉ်များ (Soil Health Improvement Programs) အပါအဝင် သဘာဝမြေဩဇာများ၏ အဓိကအားနည်းချက်က ဓာတ်မြေဩဇာများလောက် အပင်အပေါ်တွင် တုံ့ပြန်မှုမမြန်ဆန်ခြင်း ဖြစ်ပါသည်။ စာရေးသူအထင် တောင်သူများသည် ခေတ်ပညာတတ်များလောက် အသိဉာဏ် မကြွယ်ဝသေးသဖြင့် ဤမြေဩဇာများ အသုံးပြုမှု ရှေ့တန်းမရောက်နေခြင်းဖြစ်ပါသည်။
နောက်တစ်ချက်မှာ ဇီဝမြေဩဇာတွင် မျက်စိဖြင့်မမြင်နိုင်သော အနုဇီဝသက်ရှိများ ပါဝင်နေသဖြင့် တောင်သူ့လက်ဝယ်ရောက်ရှိသောအခါ သေသလား၊ ရှင်သလား မသိတော့ပါ၊ ထို့ကြောင့် ဤနည်းပညာများ အောင်မြင်မှု အားနည်းနေခြင်းဖြစ်ပါသည်။ သုတေသနများစွာ ပြုလုပ် ရန် လိုပါဦးမည်။ သို့သော် ဤအဏုဇီဝများအားလုံးသည် အပင် ကြီးထွားမှုနှင့် အထွက်နှုန်းကို တစ်နည်းတစ်လမ်း အထောက်အကူ ပေးနေပါသည်။
ဆက်ပါဦးမည်...
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Kannaiyan, S.; Kumar, K. and Govindarajan (2010) Biofertilizer Technology. Scientific Publishers., India. 450p.
Rai, M.K. (2006) Handbook of Microbial Biofertilizers. CRC Press. 579p.
Suri, S. (2011) Biofertilizers and Biopesticides. A.P.H. Pub., New Delhi. 277p.
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၉) တောင်သူလယ်သမားများအတွက် မြေဆီလွှာအကျိုးပြု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်း ၅၇-မျက်နှာ
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၁၀) သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း ၃၇-မျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာမော်မော်သန်း (အငြိမ်းစားညွန်ကြားရေးမှူး) နှင့် ဒေါက်တာသက်ရီခိုင် (ဒုတိယညွန်ကြားရေးမှူး)၊ စိုက်ပျိုးရေးသုတေသနဌာန၊ ဒေါက်တာထက်ဝေဝေကျော် (တွဲဖက်ပါမောက္ခ) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား ကျေးဇူးတင်ရှိပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။