စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - ၅)

18/03/2025 09:57 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

 ဤပညာရပ်များအကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ်စဉ် (၂၁-စိုက်ပျိုးပညာပေးရေး) နှင့် (၄၀ နှင့် ၄၁-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး)၊ အမှတ်စဉ် -၁၆၃ တို့တွင် တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ တောင်သူ ဦးကြီးများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကျောင်းသား/ကျောင်းသူများ၊ ဤပညာရပ်များကို မူဝါဒချမှတ်မည့်သူများအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်  ဆက်လက်ဆွေးနွေးကြည့်ရအောင်ပါ။ 

ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) အတွက် တောင်သူပညာပေးလုပ်ငန်းများ အောင်မြင်ရန်အချက်များမှာ -

(က) တောင်သူပညာပေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်မှုဆောင်ရွက်ရပါမည်  (Strengthen Capacity Building for extension Officers)

အစိုးရ၊ ပုဂ္ဂလိကတောင်သူပညာပေးဝန်ထမ်းများကို ခေတ်မီနည်းပညာများ (Modern Agricultural Techniques)၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးနည်းစနစ်များ (Climate-smart Farming)၊ ဒီဂျစ်တယ်အချက်အလက်နည်းပညာလက်တွေ့ဆောင်ရွက်ရန် (Digital Tools) စသည်တို့ကို စဉ်ဆက်မပြတ် သင်ကြား၊ လေ့ကျင့်ပေးရပါမည်။ ထပ်မံ၍ ဆက်သွယ်ရေးဆိုင်ရာနည်းပညာ (Communication Technologies)၊ စုပေါင်းဆောင်ရွက်တတ်မှု (Participatory Approaches)၊ တောင်သူများပြဿနာများကိုဖြေရှင်းနိုင်စွမ်း (Problem-Solving) နည်းပညာများ လေ့ကျင့်ပေးရပါမည်။ နောက်ဆုံးပေါ်တောင်သူပညာပေးနည်းပညာများ (Updated Information) စဉ်ဆက်မပြတ်၊ မျက်ချေမပြတ်၊ နေ့စဉ်လေ့လာနေစေရပါမည်။ သူတို့သည် ခိုင်းမှလုပ်တာ မဖြစ်ဘဲ မိမိကိုယ်တိုင် တည်ထွင်ကြံဆမှု (Innovative and Creative Ideas)၊ လုပ်ချင်၊ ကိုင်ချင်စိတ်နဲ့ဆောင်ရွက်နေစေရပါမည်။ 

(ခ) ဒီဂျစ်တယ်၊ အချက်အလက်နည်းပညာသစ်များဖြင့် တောင်သူများကိုတွန်းတင်ရပါမည် (Leverage Digital and ICT Solutions)

ဖုန်းဆော့ဝဲများ (Mobile Apps)၊ နိုးကြားမြန်ဆန်စွာသတင်းတိုပို့နိုင်မှု (SMS Alerts)၊ ဉာဏ်ရည်တုနည်းပညာများ (AI-Powered ChatBox and Digital Platforms) ကို သုံးပြီးလက်တွေ့ကျသော တောင်သူပညာပေးလုပ်ငန်းများ အကြံပြုပေးနိုင်ပါသည်။ နောက်ဆုံးမှ ပေါ်လာသော အဝေးမှသင်ကြားပေးရသောနည်းပညာ (e-Learning and Virtual Training) ဖြင့် တောင်သူများ၊ ဝန်ထမ်းများ ကို သင်ကြားပေးနိုင်အောင် ဆောင်ရွက်ပေးရပါမည်။ ယခု အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များကZoom စနစ် (Zoom App. Platform) ကိုအသုံးပြု၍ ဟောပြောပွဲများ၊ မိမိအိမ်မှပင် နားထောင်ရသောသင်တန်းများ (Online Training) လက်ရှိသင်ကြားပေးလျက် ရှိနေပါသည်။

(ဂ) ပူးတွဲဆောင်ရွက်မှု၊ တောင်သူလိုအပ်ချက်ကို ဦးတည်ရပါမည် (Promote Participatory and Demand-Driven Approaches)

တောင်သူကိုယ်တိုင်ကဦးဆောင်သော ပညာပေးစနစ် (Farmer-Led Extension Models) ကိုဆောင်ရွက်ပြီး အတွေ့အကြုံရှိသောတောင်သူများက မိတ်ဆွေသူငယ်ချင်း တောင်သူများကို အတွေ့အကြုံကောင်းဝေမျှ၊ သင်ကြားပေးရပါမည်။ တောင်သူလိုအပ်ချက်များ (Farmers’ Requirement) ပုံမှန်ပြန်လည်သုံးသပ်၊ ဆန်းသစ်ပြီး ပြန်လည် ဆောင်ရွက်ရပါမည်။ အစုအဖွဲ့အခြေခံ သရုပ်ပြစိုက်ကွင်းများ (Community-based Demonstration Farms)၊ သုတေသနနှင့်တောင်သူပညာပေး ဆက်စပ်မှုများ (Research-Extension Linkages) ကို တွဲဖက်ဆောင်ရွက်ရပါမည်။

(ဃ) အစိုးရ၊ ပုဂ္ဂလိကပူးတွဲဆောင်ရွက်မှုကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရပါမည် (Enhance Public-Private Partnerships)

တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကစိုက်ပျိုးစီးပွားရေး လုပ်ငန်း များ (Private Agribusiness)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ သမဝါယမ အဖွဲ့အစည်းများ (Cooperatives) စသည်တို့ ပါဝင်ရပါမည်။ စိုက်ပျိုးရေးဆိုင်ရာမူဝါဒ ဆောင်ရွက်ချက်များတွင်လည်း ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများ ပါဝင်လာနိုင်အောင် မက်လုံးပေး ဆွဲဆောင် (Incentives) နိုင်ရပါမည်။ တောင်သူများ နည်းပညာ အသစ်များ သုံးနိုင်အောင် အသေးစားငွေချေးစနစ်များ (Microfinance)၊ တောင်သူစိတ်ဝင်စားပြီး လက်တွေ့ ကြသော အာမခံစနစ်များ (Insurance) ပေါ်ထွက်လာအောင် အားပေးရပါမည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိုက်ပျိုးပညာပေးရေးလုပ်ငန်းအား အစိုးရ (Public Services) မှသာ တစ်ဦးတည်းချုပ်ကိုင်မှုစနစ် (Monopoly) ကိုကျင့်သုံးခဲ့ရာ ၁၉၈၀-ခုနှစ် နောက် ပိုင်းတွင် စိမ်ခေါ်မှုများစွာ (Challenges) ပေါ်ပေါက်လာခဲ့ပါသည်။ သမိုင်းအရ ချီလီနိုင်ငံသည် ၁၉၇၈-ခုနှစ်ကတည်းက အစိုးရနှင့် ပုဂ္ဂလိကတွဲဖက် ဆောင်ရွက်ခဲ့သည်။ 

“Privatization of Agricultural Extension refers to the services rendered in the area of agriculture and allied aspects by extension personnel working in private agencies or organizations for which farmers are expected to pay a fee (or free) and it can be viewed as supplementary or alternative to public extension services”. Saravanan and Shivalingae Gowda  (1999)

၁၉၉၉-ခုနှစ် ဆရာဗားနားနှင့်ဂိုဒါတို့၏အဆိုအရ အစိုးရကဆောင်ရွက်နေသော စိုက်ပျိုး ပညာပေးရေးကို ပုဂ္ဂလိကစိုက်ပျိုးပညာပေးရေး (ငွေကြေးယူ၍ (သို့) အလကား) ပံ့ပိုးပေးခြင်း တို့ဖြစ်ပါသည်။

ပုဂ္ဂလိကတောင်သူပညာပေးလုပ်ငန်း၏အားသာချက်များမှာ -

(ဃ-၁) အစိုးရ၏ ပညာပေးလုပ်ငန်းများ ဝန်ထမ်း၊ ဘတ်ဂျက်ကုန်ကျငွေများအပါအဝင် ပူးတွဲတာဝန်ထမ်းဆောင်စေခြင်း ဥပမာ - နယ်သာလန်နိုင်ငံ (Reduces the economic Burdens of the Government in the Netherlands)

(ဃ-၂) တောင်သူကြီးများ၏ ကျေနပ်အားရမှုကိုရရှိစေခြင်း ဥပမာ - ချီလီနိုင်ငံ (Satisfaction of farmers in Chile)

(ဃ-၃) တောင်သူများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လယ်ယာထွက်ကုန်များမှ တောင်သူ၊ ပုဂ္ဂလိကနှစ်ဦး စလုံး အကျိုးအမြတ်ရရှိစေခြင်း ဥပမာ - အီကွေဒေါနိုင်ငံ ကုန်ကျစရိတ်၊ အကျိုးအမြတ် ၂-ဖက်ခံစားခွင့်စနစ် (Sharing Inputs and Benefits in Equador)

(ဃ-၄) ပုဂ္ဂလိကဆောင်ရွက်မှုက တာဝန်ယူမှု၊ တာဝန်ခံမှု ရရှိစေခြင်း ဥပမာ - တရုတ်နိုင်ငံတောင်သူပညာပေးကန်ထရိုက်စနစ် (Extension Contract System in China)

(ဃ-၅) သင့်တော်သော ဥပဒေ၊ နည်းဥပဒေများဖြင့် တောင်သူများအပေါ် ကုန်သည်၊ ပွဲစားများမှ အမြတ်ထုတ်၊ ဂုတ်သွေးစုပ်မှုအပေါ် တားဆီးပေးနိုင်ခြင်း  ဥပမာ - ဒိန်းမတ်နိုင်ငံ (Proper Legislation in Denmark)

(ဃ-၆) ပုဂ္ဂလိက တစ်နိုင်တစ်ပိုင်တောင်သူပညာပေးကဏ္ဍက မလိုအပ်သော ငွေကြေးကုန်ကျမှုကို နည်းပါးစေခြင်း ဥပမာ - ယူကေနိုင်ငံ (Low overhead Charges in UK)

(ဃ-၇) ဥပဒေ၊ နည်းဥပဒေများ၊ အသိအမှတ်ပြုလက်မှတ်များဖြင့် စိုက်ပျိုးမွေးမြူပညာရှင်များ၊ ပညာပေးဝန်ထမ်းများ၏ အရည်အသွေးကို ထိမ်းသိမ်းပေးခြင်း ဥပမာ - ဂျာမဏီနိုင်ငံ (Certification and Grading of Technical Consultants in Germany)

(ဃ-၈) အစိုးရမှ ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှုကိုဦးစားပေးပြီး ပုံမှန်တောင်သူ ပညာပေးလုပ်ငန်းများကို ပုဂ္ဂလိက အဖွဲ့အားလွဲအပ်ထားခြင်း ဥပမာ - တူနီးရှားနိုင်ငံ (Leaving regular Extension Services to Private Sector in Tunisia) စသည့် နမူနာနိုင်ငံကောင်းများစွာရှိပါသည်။

(င) အခြေခံအဆောက်အဦနှင့် လက်တွေ့ကျသော စီမံခန့်ခွဲမှု တိုးတက်လာအောင် ဆောင်ရွက်ပေးရပါမည် (Improve Infrastructure and Logistics)

စီးပွားရေးတိုးတက်မှုအတွက် ကျေးလက်လမ်းကွန်ယက်များ (Rural Road Networks) ပေါ်ပေါက်လာအောင် ဦးစားပေး ဆောင်ရွက်ရပါမည်၊ စိုက်ပျိုးပညာပေးဝန်ထမ်းများ (Extension Workers) တောင်သူနဲ့ လွယ်ကူစွာတွေ့နိုင်အောင် မော်တော်ဆိုင်ကယ် (Motorcycle)၊ စက်ဘီး (Cycle) စသည့်ယာဉ်များ ပံ့ပိုး ပေးရပါမည်၊ ၂၀၁၂ ခုနှစ် လောက် က ကျွန်တော့်တပည့်ဟောင်းတစ်ဦး ဂျာမန်အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) တစ်ခုနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တောင်သူပညာပေးလုပ်စဉ်က ကျွန်တော်တို့ အဖွဲ့လေ့လာရေး သွားခဲ့ရာ  သူတို့အဖွဲ့ ပညာပေးလုပ်ငန်းမှာ တောင်သူ တိုင်းလောက် တွေ့တဲ့အကြောင်း၊ ဗုဒ္ဓဟူး တစ်ရက်ဘဲ မြို့ပေါ်မှာ အစည်းအဝေး တွေ့နားပြီး ကျန်ရက် များ စနေ၊ တနင်္ဂနွေအပါအဝင် မော်တော်ဆိုင်ကယ်ကိုရုံးမှာ စက်သုံးဆီကြိုက်သလောက် ထည့် သွားရောက်၍ အညာမှာမိုးခေါင်၍ သဲချောင်းများဖြစ်ရာ မြေထိန်းတမန်ငယ်များ၊ ဇီး၊ သနခါးစိုက်ပျိုးရေးနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများ တောင်သူပညာပေးလုပ်ငန်းများ စည်းရုံးရေးဆင်း ခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ အဲဒီအချိန်က ရွာတိုင်း၊ အိမ်တိုင်းလောက် နီးနီး ဆိတ်များ အောင်မြင်စွာမွေးမြူနေကြသည်ကို အားကျစရာ တွေ့မြင်ခဲ့ရပါသည်။

(စ) တောင်သူလယ်သမားကွင်းသင်တန်းကျောင်းနှင့် အချင်းချင်းအတွေ့အကြုံမျှဝေမှုကို အသုံးချရပါမည် (Utilize Farmer Field Schools and Peer Learning)

ဤကဲ့သို့ သင်တန်းကျောင်းများကို တောင်သူ့ စိုက်ကွင်းထဲအရောက် လက်တွေ့ (Hand-on Experience) သရုပ်ပြသင်ပေးခြင်း ဖြစ်ပါသည်။ တောင်သူအုပ်စုအလိုက် အချင်းချင်း လေ့လာသင်ယူသော ပုံစံမျိုး (Peer-to-Peer learning Models) ဖြစ်ပြီး ဒေသတောင်သူ များကို ခေါင်းဆောင် (Train Local farmer Leaders) အဖြစ်တင်ပေး သင်ကြား၊ မျှဝေစေခြင်းဖြင့် ပညာရပ်တွေဖွံ့ဖြိုးလာစေခြင်း ဖြစ်ပါသည်။

(ဆ) ရာသီဥတုလိုက်လျောညီထွေဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုး၊ မွေးမြူစနစ်များကို စုပေါင်းဆောင်ရွက်ရပါမည် (Integrate Climate-Smart and Sustainable Practices)

ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးနည်းစနစ် (Agroecological Practices) သဘာဝကိုထိန်းသိမ်းမှုစနစ်ကို အားပေးသောစနစ် (Conservation Agriculture)၊ ရေရှည်တည်တံ့ခိုင်မြဲသော မြေအသုံးချမှုစနစ်များ (Sustainable Land Use) ကိုအားပေးရပါမည်၊ တောင်သူများကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးမွေးမြူရေးစနစ်များ (Climate Adaptation Strategies)၊ သုတေသန ပြုလုပ်ပြီး သော မိုးခေါင်ဒါဏ်ခံနိုင်ရည်ရှိသောသီးနှံများ (Drought-resistant Crops) ရှာဖွေပေးခြင်း၊ ရေချွေတာသော နည်းစနစ်များ (Water Conservation) လမ်းပြပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။

(ဇ) စိုက်ပျိုးမွေးမြူရေးစနစ်ကောင်းများရရှိရန် အတွက် အစိုးရမူဝါဒကောင်းများ၊ ရံပုံငွေပိုမိုရရှိစေရန် အကြံပြုပေးရပါမည် (Improve Government Policies and Funding)

တောင်သူပညာပေးလုပ်ငန်းများ ရံပုံငွေများစွာရရှိရန်လည်းကောင်း(Increase Government Funding)၊ တောင်သူပညာပေးဝန်ထမ်းများ လစာလုံလောက်စွာရရှိရန်လည်းကောင်း (Fair Wages and Working Conditions)၊ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး (Decentralize Extension Services) ဒေသအလိုက်၊ ပြည်နယ်အတိုင်း အလိုက် စနစ်တကျ ကြီးကြပ်ကွပ်ကဲခြင်းက တောင်သူပညာပေးလုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်နိုင်ပါသည်။

(ဈ) တောင်သူပညာပေးလုပ်ငန်းများ ပြန်လည်သုံးသပ်ပေးရပါမည် (Monitor, Evaluate and Adapt)

အကျိုးရှိသောတောင်သူပညာပေးလုပ်ငန်းများ (Effectiveness of Extension Services) ဖြစ်ပေါ်စေရန် ပြန်လည်ဆန်းစစ်သည့် နည်းလမ်းများ (Feedback Mechanism) ဖြင့် ဆောင်ရွက်ရပါမည်။ လိုအပ်ပါက မြေပြင်ကွင်းဆင်း (Survey) အချက်အလက်များ ကောက် (Data Collection) စစ်ဆေး (Data Analysis) သုတေသနပြုခြင်းများကို အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်နေသော တောင်သူပညာပေးလုပ်ငန်းများနှင့် နှိုင်းယှဉ်သုံးသပ်ရပါမည်။

အိန္ဒိယနိုင်ငံအစိုးရတောင်သူပညာပေးလုပ်ငန်းများ၏ အားနည်းချက်များ (Weak Points of Public Agricultural Extension Systems in India)

(၁) တောင်သူ ၁၀၀၀ ဦးလျှင် ပညာပေးဝန်ထမ်းတစ်ဦးသာရှိခြင်း (Extesion Workers Farmers Ratio - 1:1000)

(၂) တောင်သူအားလုံးထံသို့ မရောက်ရှိနိုင်ခြင်း (Inability to reach all Farmers)

(၃) တစ်ချို့နည်းလမ်းများ အသုံးမတည့်တော့ခြင်း (Ineffective Extension Services)

(၄) ပြန်လည်သုံးသတ် အကဲဖြတ်မှု မရှိသလောက်ဖြစ်ခြင်း (No need Assessment)

(၅) အမျိုးသမီးများ ပညာပေးလုပ်ငန်းတွင်ပါဝင်မှုက နည်းပါးနေသေးခြင်း (Women involement are low) စသည်တို့ ဖြစ်ပါသည်၊

တောင်သူပညာပေးစနစ်ကို ပုဂ္ဂလိကလုပ်ငန်းမှဆောင်ရွက်ပုံစနစ် (Two Types of Private Agricultural Extension System) ၂-မျိုးရှိပါသည်။

(က) အကြံပေးလုပ်ငန်းများ (Agricultural Consultants)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ (Agribusiness Co. Ltd./Enterprises)၊ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုကုမ္ပဏီများ ဥပမာ - မြေဩဇာ၊ ဓာတုဆေး၊ မျိုးစေ့ကုမ္ပဏီ၊ အသေးစား ငွေချေးလုပ်ငန်းများ (Agricultural Inputs Industries/Companies e.g. Fertilizer, Pesticides, Seeds, Microfinance, etc.) ကစုပေါင်းပြီး တောင်သူပညာပေးလုပ်ငန်းကို ပုဂ္ဂလိကကလုံးလုံးလျားလျား ဆောင်ရွက်သည့်နည်းစနစ်နှင့်

(ခ) တောင်သူအဖွဲ့အစည်းများ/သမဝါယမအဖွဲ့အစည်းများ (Farmer Organizations/ Cooperatives)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) က နိုင်ငံတော်မှ ထောက် ပံ့ငွေ (ယခင်ကအမတော်ကြေးငွေခေါ် - Subsidies) နှင့် နိုင်ငံတကာဖွံ့ဖြိုးမှုရံပုံငွေများ (Development Funds) ဖြင့် အစိုးရတောင်သူပညာပေးလုပ်ငန်းများကို ထပ်ဆင့်ကူညီ ပေးခြင်းဖြစ်ပါသည်။ ဤစနစ်သည် မြန်မာနိုင်ငံအတွက် သင့်တော်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Shayavanan, R. (2010) ICTs for Agricultural Extension. New India Pub. Agency, New Delhi. 557p.

Karthikeyan, C.; Sendilkumar, R. and Jaganathan, D. (2019) A Textbook of Agricultural Extension Management. Atlantic. New Delhi. 147p.

(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာစိုးပိုင်ဦး  (တွဲဖက်ပါမောက္ခ)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အား ကျေးဇူးတင်ရှိပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်