Basic Agricultural Science - 165 Agricultural Extension and Rural Development (Part-6)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - ၁၆၅ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - ၆)
ဤပညာရပ်များအကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါးအမှတ်စဉ် (၂၁-စိုက်ပျိုးပညာပေးရေး)၊ (၄၀ နှင့် ၄၁-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး) နှင့် အမှတ်စဉ် -၁၆၃၊ ၁၆၄ တို့တွင် တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ တောင်သူ ဦးကြီးများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျောင်းသား/ကျောင်းသူများ၊ ဤပညာရပ်များကို မူဝါဒချမှတ်မည့်သူများအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဆက်လက်ဆွေးနွေးကြည့်ရအောင်ပါ။
သတင်းအချက်အလက်ပညာ အခြေပြုတောင်သူပညာပေးစနစ် (ICT-Based Digital Extension System) အကြောင်း
အိုင်စီတီ (ICT) ဆိုသည်မှာ အချက်အလက်နည်းပညာဖြင့် ကွန်ယက်ဆက်သွယ်ခြင်း (Information and Communication Technology) ပညာကို တောင်သူပညာပေး လုပ်ငန်းများတွင် အသုံးပြုစေခြင်းဖြစ်ပါသည်။
စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွင် ဤနည်းပညာ အသုံးပြုပုံမှာ -
(က) ရာသီဥတုခန့်မှန်းပေးမှုကို သိရှိနိုင်ခြင်း (Weather Forecasts)
(ခ) သီးနှံထွက်ကုန်နောက်ဆုံးသတင်းများ အချိန်မီသိရှိနိုင်ခြင်း (Timely Market Information and Pricing)
(ဂ) တောင်သူတစ်ဦးနှင့်တစ်ဦး လွယ်ကူစွာချိတ်ဆက်နိုင်ခြင်း (Improved Networking and Communication)
(ဃ) တစ်ချို့အဝေးမှ ပို့ချသောသင်တန်းများ၊ ဟောပြောပွဲများကို မိမိနေအိမ်၊ နေရာ၊ ကျေးရွာများမှပင် နားထောင်၊ ဆွေးနွေးနိုင်ခြင်း (Easy access to online Training, Forums, Platforms, Webinars, etc.)
(င) ခေတ်မီလာပါက အဝေးမှပင် ဈေးရောင်း၊ ဈေးဝယ်၊ ငွေပေးချေမှပြုလုပ်နိုင်ခြင်း ဥပမာ - (Online Marketing, Payments, etc. e.g. Kpay, Wave Money, etc.) စသည် တို့ဖြစ်ပါသည်။
(စ) ဒရုံးနည်းပညာကိုအသုံးပြု၍ ပိုးသတ်ဆေး၊ မိုသတ်ဆေး၊ ပေါင်းသတ်ဆေးဖျန်းခြင်း၊ မြေဩဇာအရည်ဖျန်းပေးခြင်း (Use of Drone Technology in Pesticide and Foliar Fertilizer Application)
ပုံ - ၁ ICT နည်းပညာကို စိုက်ပျိုးမွေးမြူရေးတွင်အသုံးချပုံ
ဤ ICT နည်းပညာဖြင့် စိုက်ပျိုးရေးပညာ သင်ကြားမှု (ICT in Agricultural Education) မှာ -
အကျိုးရှိသောသင်ကြားရေးအထောက်အကူပြုမှု (Effective Teaching Aid)၊ ဘက်ပေါင်း စုံမီဒီယာနှင့် အဆင့်မြင့်စာသင်ခန်း (Smart Classrooms with Multi-Media)၊ စာရွက် ကုန်ကျမှုနဲသောနည်းပညာ (Paper-saving Technology)၊ ဓာတ်ခွဲခန်းမှနေ စိုက်ကွင်း ထဲအထိရောက်ရှိ (Implementation of Lab to Land Program) သော အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါသည်။
ဤ ICT နည်းပညာဖြင့် စိုက်ပျိုးမွေးမြူရေးသုတေသန (ICT in Agricultural Research) ဆောင်ရွက်ပုံများမှာ -
(က) ထွန်စက်၊ ရိတ်သိမ်းစက်အစရှိ ကွန်ပြူတာအခြေပြုစက်ကရိယာဒီဇိုင်းထုတ်ယူမှုများ (Machine Design- CAD - Computer-Aided Design & CAM - Computer-Aided Manufacturing)
(ခ) အစားအစာထုတ်လုပ်မှုဆိုင်ရာဒီဇိုင်း (Food Design RSM – Response Surface methodology)
(ဂ) သုတေသနအတွက် စာရင်းအင်းဆိုင်ရာအစီအစဉ်၊ ကရိယာများ (Experimental Designs – Statistical Tools)
(ဃ) ရာသီဥတုခန့်မှန်းရာတွင်သုံးသော သတင်းအချက်အလက်အစီအစဉ်များ (Weather Forecasting Models)
(င) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံး ပထဝီဆိုင်ရာအချက်အလက်နှင့် အဝေးမှခန့်မှန်းနည်း စနစ်များ (GIS & Remote Sensing)
(စ) စိုက်ပျိုးထုတ်ကုန်များကို အဆင့်ခွဲခြား၊ ထုတ်ပိုးနည်းစနစ်များ (Grading & Packaging of Agricultural Products)
(ဆ) စိုက်ပျိုးမွေးမြူရေးသုတေသနဆိုင်ရာအချက်အလက်စနစ်များ (ARIS – Agricultural Research Information System) စနစ်တကျ စီစဉ်ပေးခဲ့မှုများ စသည်တို့ဖြစ်ပါသည်။
ပုံ - ၂ ICT နည်းပညာကို စိုက်ပျိုးမွေးမြူရေးပညာရေး၌ အသုံးချပုံ
ပထဝီသတင်းအချက်အလက်နည်းပညာကို စိုက်ပျိုးရေးတွင်အသုံးချမှု (Use of GIS Application in Agriculture)
(၁) တိကျမှန်ကန်သောစိုက်ပျိုးရေး (Precision Farming/Agriculture)
(၂) မြေယာအသုံးပြုမှု စီမံချက်ရေးဆွဲခြင်း (Land Use Planning)
(၃) ရေဝေရေလဲ စီမံခန့်ခွဲမှုများ (Watershed Management)
(၄) ပိုးမွားရောဂါ ကာကွယ်နှိမ်နှင်းခြင်း (Pest and Disease Control)
(၅) ရေသွင်း၊ ရေထုတ်စီမံခန့်ခွဲခြင်း (Irrigation and Drainage Management)
(၆) ဇီဝမျိုးကွဲဆိုင်ရာစီမံခန့်ခွဲမှု (Biodiversity Management)
(၇) သီးနှံအထွက်နှုန်းခန့်မှန်းခြင်း (Yield Forecasting)
(၈) သဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု (Natural Resource Management) စသည်တို့တွင် အသုံးပြုလျက်ရှိနေပါသည်။
ပုံ - ၃ GIS နည်းပညာကို စိုက်ပျိုးမွေးမြူရေး၌ အသုံးချပုံ
နောက် ICT နည်းပညာတစ်ခုက ရေကိုဖိအားသုံးကာ (Pressurized Irrigation) တိကျစွာပေးသော နည်းပညာဖြစ်ပါသည်။ အစ္စရေးလိုရေရှားပါးသောနိုင်ငံမျိုးမှာ ဤနည်း ပညာကို တွင်ကျယ်စွာသုံးနေသဖြင့် စာရေးသူတို့မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်းခြောက်သွေ့ သော ဒေသရှိတောင်သူများအတွက် အသုံးဝင်လာနိုင်ပါသည်။
ဖိအားစနစ်ရေသွင်းနည်းများတွင် မိုးတုစနစ်ရေသွင်းနည်းစနစ် (Sprinkler Irrigation) တစ်နာရီ ၃၀၀-၄၅၀၀၀ လီတာနှုန်း၊ အသေးစားဂျက်စနစ်ရေသွင်းနည်းစနစ် (Mini-Sprinkler/Micro-Jet Irrigation) တစ်နာရီ ၃၅-၂၅၀ လီတာနှုန်း၊ အစက်ချ ရေသွင်းနည်း စနစ် (Drip/Tricle Irrigation) တစ်နာရီ ၂-၂၄ လီတာနှုန်း (တစ်နာရီမှ ရေတစ်ပုလင်းခန့်) စသည်ဖြင့် နည်းအမျိုးမျိုးအသုံးပြုလျက်ရှိပါသည်။ ကွန်ပျူတာစနစ်ဖြင့် ရေကိုလိုအပ်သ လောက်ဘဲ ပေးသဖြင့် ရေထုတ်စနစ် (Drainage System) မလိုအပ်တော့ပါ၊ သွင်းရေထဲ တွင် မြေဩဇာအရည်ပါ ပူးတွဲထည့်ပေးသော စနစ် (Fertigation) ပါသုံးသဖြင့် အလွန် အသုံးတည့်လှပါသည်၊ နည်းပညာကိုတော့ ကျွမ်းကျင်စွာသုံးတတ်ရပါမည်။
ဖိအားပေးရေသွင်းနည်း၏ကောင်းကျိုးများ (Advantages of Pressurized Irrigation)
(၁) ရေကိုအကျိုးရှိစွာသုံးနိုင်ခြင်း (Water Efficiency)
(၂) အပင်အားလုံး ရေကိုညီညာစွာ ရရှိနိုင်ခြင်း (Uniform Water Distribution)
(၃) မြေဩဇာကိုလွယ်ကူစွာ ဖြန့်ဖြူးနိုင်ခြင်း (Easy in Fertilizer Application)
(၄) လုပ်သားအင်အားနှင့်စွမ်းအင်ကိုချွေတာနိုင်ခြင်း (Labour and Energy Saving)
(၅) သီးနှံအထွက်ကောင်းပြီးအရည်အသွေးကောင်းလာခြင်း (Improved Crop Yield and Quality)
(၆) မြေဆီလွှာဆုံးရှုံးမှုနှင့်ပေါင်းပေါက်ရောက်မှုလျှော့နည်းလာခြင်း (Reduced Soil Erosion and Weed Growth)
(၇) မြေဆီလွှာမျိုးစုံ၊ သီးနှံမျိုးစုံ အတွက်သင့်တော်သောစနစ်ဖြစ်ခြင်း (Adaptability) စသည်တို့ဖြစ်ပါသည်။
ဖိအားပေးရေသွင်းနည်း၏ဆိုးပစ်များ (Disadvantages of Pressurized Irrigation)
(၁) စတင်တည်ထောင်ရန်ကုန်ကျစရိတ်အလွန်များပြားခြင်း (High Initial Cost)
(၂) မောင်းနှင်ရာတွင် လျှပ်စစ်၊ ဒီဇယ်စသည့်ကုန်ကျစရိတ်များရှိနိုင်ခြင်း (Energy Consumption)
(၃) ပြုပြင်ထိန်းသိမ်းရာတွင် ကုန်ကျစရိတ်ရှိနိုင်ခြင်း (Maintenance Requirements)
(၄) ရေအရည်အသွေးကောင်းမှအဆင်ပြေနိုင်ခြင်း (Water Quality Sensitivity)
(၅) နည်းပညာဗဟုသုတရှိရန်လိုအပ်ခြင်း (Technical Knowledge)
(၆) နေရာတိုင်းအသုံးပြုနိုင်ရန်အခက်အခဲရှိနိုင်ခြင်း (Limited Suitability) စသည်တို့ဖြစ်ပါသည်။
ရေတံခွန်အဖွဲ့ (Proximity Designs) ကတော့ မြန်မာနိုင်ငံဒေသအချို့ရှိ ကျေးလက် တောင်သူများအတွက် သင့်တော်သောနည်းပညာ (Appropriate Technology) ဖြင့် ရေကို စင်တင်ကာ အရေသွင်းနည်းစနစ်အချို့ကို လျှပ်စစ်၊ ဒီဇယ်ကုန်ကျစရိတ်နဲနဲဖြင့် အသုံးပြုလျှက်ရှိနေပါသည်၊
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Shayavanan, R. (2010) ICTs for Agricultural Extension. New India Pub. Agency, New Delhi. 557p.
Karthikeyan, C.; Sendilkumar, R. and Jaganathan, D. (2019) A Textbook of Agricultural Extension Management. Atlantic. New Delhi. 147p.
နောက်ဆက်တွဲ - ၁ စိုက်ပျိုးရေးပညာပေးဘာသာရပ် သင်ကြားရေးသမိုင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။