အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၃၅) အခန်း (၂၀) အပင်မျိုးစပ်မွေးမြူခြင်းနှင့် အပင်ဗီဇဗေဒ

01/08/2022 12:58 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Chapter (20) Plant Breeding and Plant Genetics

‘မျိုးစပ်ခြင်း’ ဆိုသည်မှာ အကျဉ်းအားဖြင့်ပြောရလျှင် မိမိစိုက်ပျိုးလိုသည့်သီးနှံ (သို့) မွေးမြူလိုသည့်တိရစ္ဆာန် တစ်မျိုးမျိုးတွင် လိုချင်တာချည်း (သို့) အကောင်းတွေချည်း စုပြုံရရှိလာအောင် မျိုးစပ်ယူခြင်းမျိုးပင် ဖြစ်သည်။

စိုက်ပျိုးရေးတောင်သူတွေမျှော်လင့်သည်က ရာသီဥတုဒဏ်၊ ရောဂါပိုးမွှားများဒဏ်ကို ခံနိုင်ရည်ရှိပြီး အထွက်နှုန်းပိုမြင့်မြင့် ရနိုင်မည့် သီးနှံမျိုးကောင်းမျိုးသန့်များ။

မွေးမြူရေးတောင်သူတွေ မျှော်လင့်သည်ကကျတော့ ကြီးထွားမြန်ပြီး အသား၊ နို့၊ ဥများ ထုတ်လုပ်နှုန်းကောင်းသည့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ။

ဆိုတော့ ထိုကဲ့သို့ သီးနှံနှင့် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များရရှိရေးအတွက်ဆိုပါက မျိုးစပ်မွေးမြူခြင်း ပညာရပ်နှင့် ပညာရှင်များ၏ အခန်းကဏ္ဍက ကြီးကြီးမားမား လိုအပ်မည်ဖြစ်ပေသည်။

ခရစ်တော်မပေါ်မီကာလ (ဘီစီ ၉၀၀၀ ခန့်) ကတည်းက အီရတ်နိုင်ငံ တူရကီရှိ တိုက်ဂရစ်မြစ်အထက်နားတဝိုက်ရှိ တောင်တန်းများတွင် အပင်ရိုင်းများမှစိုက်ပျိုးနိုင်သောအပင် (Plant Domestication) စတင်ခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ 

ထိုမှတဆင့် တဖြည်းဖြည်း ဝတ်မှုန်ကူးပြီး မျိုးစပ်သည့်အဆင့်ကို ရောက်လာခဲ့ရာမှ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာခဲ့ရာ ယခုအခါတွင်တော့ မမျှော်လင့်ထားလောက်အောင် ကောင်းမွန်သည့် သီးနှံမျိုး ကောင်းမျိုးသန့်များ၊ အသားတိုးနှုန်း၊ ဥနှုန်း၊ ကြီးထွားနှုန်း၊ နို့ထွက်နှုန်း အားလုံးကောင်းပါသည် ဆိုသော တိရစ္ဆာန်မျိုးများ ပေါ်ထွက်လာပြီဖြစ်ပါသည်။ 

ယင်းမှာ ‘မျိုးစပ်မွေးမြူခြင်းနှင့် ဗီဇဗေဒ’ ဆိုင်ရာ ပညာရပ်များ တိုးတက်မြင့်မားလာမှုက ရလာသည့် အသီးအပွင့်များပင်ဖြစ်သည်ဟုဆိုလျှင် လွန်မည်မထင်ပါ။

မျိုးအဆင့်တိုးတက်မြင့်မားဖို့ ဘယ်သူတွေ တာဝန်ယူလုပ်ဆောင်သင့်သလဲ..

သီးနှံပင်များ စျေးကောင်းရစေရန် လယ်ယာသီးနှံပညာရှင်များနှင့်  ဥယျာဉ်ခြံသီးနှံပညာရှင်များက အထွက်တိုးအောင် စိုက်ပျိုးနည်းစနစ်ကောင်း (Good Agricultural Practice – GAP; Good Management Practices - GMP) နည်းလမ်းကောင်းများဖြင့် ဆောင်ရွက်ရသည်။

တစ်ဖက်တွင်တော့ အပင်မျိုးမွေးမြူရေးပညာရှင်များနှင့် အပင်ဗီဇဗေဒ ပညာရှင်များ (Plant Geneticists) က အထွက်ကောင်း၊ အရသာကောင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိ၊ ရေမြုပ်ဒဏ်၊ ရေငတ် ဒဏ်ခံနိုင်ရည်ရှိ စသည့် မျိုးကောင်း၊ ဗီဇကောင်းမျိုးများ မွေးမြူထုတ်လုပ်ပေးရပါသည်။ 

ဆက်လက်ပြီး မျိုးစေ့အရည်အသွေးကောင်းများ ဖြစ်စေရန်၊ ပြုပြင်ပေးရန်အတွက်ကျတော့ မျိုးစေ့ပညာရှင်များ၏တာဝန် ဖြစ်သွားပြီဖြစ်သည်။

ဇီဝဗေဒဘာသာကြီး (Biology) ၏အောက်တွင် လူ၊ တိရစ္ဆာန်၊ အပင်များစွာ ပါဝင်ပတ်သက်နေသည်။ ကျွန်တော်တို့သိသည့် အပင်အတွက်သာမကဘဲ လူသားဗီဇဗေဒ (Human Genetics)  တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ဗီဇဗေဒ (Animal Genetics )၊ ငါးပုဇွန် ဗီဇဗေဒ (Fishery Genetics)  တို့မှသည် အပင်များကဲ့သို့ မွေးမြူထားသောတိရစ္ဆာန်များ - ကြက်ဘဲများဆိုလျှင် အသားထွက်ကောင်း၊ ဥထွက်ကောင်း၊ နို့စားနွား (Dairy Cattle) များဆိုလျှင် နို့ထွက်ကောင်း၊ အရသာရှိ၊ အာဟာရဓာတ်များ၊ အသားစားနွား (Beef Cattle)၊ ဝက်၊ ဆိတ်စသည်တို့ဆိုလျှင်လည်း အရသာရှိ၊ နူးညံ့၊ အသားထွက်ကောင်းစေမည့် တိရစ္ဆာန်မျိုးမွေးမြူရေးပညာ (Animal Breeding)၊ ငါးပုစွန်မျိုးမွေးမြူရေးပညာ (Fishery Breeding/ Hatchery) များကို တက္ကသိုလ်၊ သုတေသနဌာနများတွင် သေချာစွာ သင်ကြားသုတေသနပြုပြီး မျိုးကောင်းအသစ်များ ထုတ်လုပ်ပေးပါက နိုင်ငံတော်အတွက် အသား၊ ငါး ကဏ္ဍကို တဖက်တလမ်းမှ အထောက်အကူ ပြုနိုင်ပါသည်။ 

ဥပမာ - ထိုင်းနိုင်ငံ စီပီကြက် မွေးမြူရေးကုမ္ပဏီအနေနဲ့ အသားထွက်ကောင်း၊ ဥထွက်ကောင်း ကြက်ပေါက်ကလေးများ၏မျိုးရိုးဗီဇကို လုံးဝမပေးဘဲ ကြက်ပေါက်ကလေးများ၊ မွေးလာမည့်ဥကလေးများကိုသာရောင်းချပေးပါသည်။ ဆိုတော့ စျေးကြီးပေး၍ ဝယ်ယူနေရသည်။ အောက်ကျ နောက်ကျ နိုင်သည်ဟု ဆိုရပေမည်။ 

ကျွန်တော်တို့နိုင်ငံတွင်လည်း ဤကဲ့သို့ပညာရှင်များစွာရှိပြီးသားဖြစ်ပြီး သုတေသနဌာနများစွာသာရှိမည်ဆိုပါက အခုလို သူများနောက် အောက်ကျ နောက်ကျ ခံနေစရာ မလိုနိုင်တော့ပေ။

ကျွန်တော်တို့ကျောင်းသားဘဝက ဗီဇဗေဒ (Genetics) ဆိုလျှင် ပါမောက္ခဆရာကြီး ဦးကိုကိုကြီး၊ အပင်မျိုးမွေးမြူရေး (Plant Breeding) ဆိုလျှင် ဆရာမကြီး ဒေါ်နွဲ့နွဲ့ထွန်း တို့က သင်ကြားပေးကြသည်။

ထိုမှနောက် ဆရာကြီး ဦးဟန်ညွန့်၊ ဆရာမကြီး ဒေါ်မြရွှေ၊ ဒေါက်တာဒေါ်သောင်းကြည်၊ ဒေါက်တာခင်ဆွေဉီး၊ ဒေါက်တာနန်းဆိုင်ဟွမ် တို့မှတဆင့် ယခု ဒေါက်တာစိုးဝင်း၊ ဒေါက်တာတင်တင်ခိုင်၊ ဒေါက်တာသန်းမြင့်ထွန်း၊ ဒေါက်တာညိုမာထွေးတို့အထိ သင်ကြားနေပါသည်။ 

အပင်ဇီဝကမ္မဗေဒ (Plant Physiology) ဆိုလျှင်တော့ ပါမောက္ခဆရာမကြီး ဒေါက်တာလှတင်ဦး၊ ဆရာကြီး ဦးမောင်မောင်ထွေး၊ ဒေါက်တာခင်လေးဆွေ၊ ဒေါက်တာမီမီအောင် တို့မှသည် ဒေါက်တာကြည်တိုး၊ ဒေါက်တာမြင့်သူဇာ၊ ဒေါက်တာအောင်ဝင်း တို့အထိ သင်ကြားပေးနေပါသည်။

ကျွန်တော် လယ်ယာသီးနှံဌာနမှာ အလုပ်လုပ်ကတည်းက ဆရာကြီးဦးသန်းအောင်နှင့် ဆရာကြီးဦးမြသောင်းတို့သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်အောက်၊ စိုက်ပျိုးရေးပညာမဟာဌာနရှိ လယ်ယာသီးနှံဘာသာ အောက်က သီးနှံဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်ကို မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ယူခဲ့ကြသည်။ 

ယခင်က စိုက်ပျိုးရေး ရုက္ခဗေဒဌာနနှင့် လယ်ယာသီးနှံဌာနတို့ ပူးပေါင်းပြီး ဆရာကြီး၊ ဆရာမကြီးများက မော်လီကျူးဆိုင်ရာဗီဇဗေဒ (Molecular Genetics)၊ ဆဲလ်ဆိုင်ရာ ဗီဇဗေဒ (Cytogenetics)၊ အပင်၊ တိရစ္ဆာန်ဆိုင်ရာဦးရေဗီဇဗေဒ (Population Genetics)၊ စာရင်းအင်းပညာဆိုင်ရာဗီဇဗေဒ (Biometrical Genetics)၊ အရေအတွက်ဆိုင်ရာဗီဇဗေဒ (Quantitative Genetics)၊ အမူအကျင့်ဆိုင်ရာဗီဇဗေဒ (Behavioral Genetics)၊ ဖွံ့ဖြိုးမှုဆိုင်ရာ ဗီဇဗေဒ (Developmental Genetics) တို့ကို သင်ကြားပေးခဲ့ရာမှ ယခုအခါ ဗီဇဆိုင်ရာအင်ဂျင်နီယာပညာ (Genetic Engineering)၊ အဏုဇီဝဆိုင်ရာဗီဇဗေဒ (Microbial Genetics)၊ ဂျီနုန်းပညာ (Genomics) တို့အထိ တိုးတက်ဖွံ့ဖြိုးသင်ကြား သုတေသနပြုလာပါပြီ။ 

အပင်မျိုးစပ်မွေးမြူခြင်းဆိုင်ရာ သိကောင်းစရာ

လွန်ခဲ့သော နှစ်ပေါင်း (၉၀၀၀) မှ (၁၁၀၀၀) ကတည်းက သီးနှံတစ်မျိုးတည်းကို တစ်နေရာ တည်းတွင် စိုက်ပျိုးခြင်းအားဖြင့် အပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်း (Plant Breeding) ကို စတင်ခဲ့ကြသည်။ ကနဦးအစောပိုင်းခေတ် အပင်စိုက်ပျိုးသူများသည် လူအများကြိုက်နှစ်သက်ကြသော သီးပင် စားပင်များကိုသာ အဓိကအားဖြင့် ရွေးချယ်စိုက်ပျိုးကြပြီး ၎င်းတို့၏သားဆက်များစွာအထိ ဆက်တိုက် စိုက်ပျိုးခဲ့ကြသည်။

အပင်မျိုးမွေးမြူခြင်းဆိုသည်မှာ လူသားတို့ဘဝ စားဝတ်နေရေး ဖူလုံစေရန်အတွက်  ယေဘုယျအားဖြင့် အပင်များ၏ လိုအပ်သည့် အင်္ဂါရပ် အချက်အလက်များရရှိရန် သက်ဆိုင်သော ဗီဇများအား ပြောင်းလဲပေးခြင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ပေးနိုင်သည့် အနုပညာဖြစ်သလို သိပ္ပံပညာလည်း ဖြစ်သကဲ့သို့ နည်းပညာဟုလည်း ရှင်းလင်းဖွင့်ဆိုကြပါသည်။

မသန့်စင်သေးသည့် မူရင်းသီးနှံမျိုးများတွင် ကောင်းသည့်အပင်များနှင့် မကောင်းသည့် အပင်များ ရောနှောနေ၏။ ယင်းသို့သောမျိုးစေ့မှ ကောင်းသည့်အပင်များကို တပင်ချင်း ရွေးချယ်မွေးမြူခြင်းဖြင့် မျိုးကောင်းများ ထုတ်ဖော်ရရှိနိုင်၏။ 

သီးနှံတခုအတွက် လိုအပ်သည့် အင်္ဂါရပ် အချက်အလက်များမှာ များပြားလှ၏။ ထိုအင်္ဂါရပ် အချက်အလက်များကို ဗီဇများ (Genes) က ချုပ်ကိုင်သည်။ လိုအပ်သည့် ဗီဇများသည် တပင်တည်း တမျိုးတည်းတွင် စုပေါင်း မတည်ရှိပဲ အပင်အများအပြားတွင် ပြန့်ကြဲတည်ရှိတတ်၏။ သို့ဖြစ်၍ တပင်ချင်း ရွေးချယ်မွေးမြူ၍ ရသော မျိုးကောင်းတခုတွင် လိုအပ်သည့်ဗီဇများ အပြည့်အစုံ မပါနိုင်ပေ။ မျိုးကောင်းတခုတွင် လိုအပ်သည့် ဗီဇအချို့သာ ပါနိုင်ပြီး နောက်တမျိုးတွင် အခြားလိုအပ်သည့် ဗီဇများ ပါနိုင်၏။ 

စိုက်ပျိုးသူသည် မိမိစိုက်ပျိုးမည့် အပင် သို့မဟုတ် သီးနှံမျိုးကို အဖက်ဖက်မှ ကောင်းစေလို၏။ အပင်သန်စွမ်း၍ ပွင့်သီးချိန်လည်း စောစေလို၏။ သီးနှံအထွက်ကောင်း၍ အဆင့်အတန်းလည်းမြင့်စေလို၏။ ပိုးမွှားရောဂါ ဘေးဒဏ်နှင့် ရေငတ်ဒဏ်ကိုလည်း ခံနိုင်ရည်စွမ်း ရှိစေလို၏။ ထိုကဲ့သို့သော လိုအပ်ချက်များကို ရစေရန် အပင်မွေးမြူသူများသည် မျိုးစပ်ခြင်းနည်း (Hybridization) ကို အသုံးပြု၍ အပင်နှစ်ပင် သို့မဟုတ် အများအပြားတွင်ပါသည့် အင်္ဂါရပ် အချက်အလက် ဗီဇများကို တပင်တမျိုးတည်းတွင် ရရှိ ပေါ်ပေါက်လာစေရန် လုပ်ဆောင်ပေးရ၏၊ ဤသည်ကား မျိုးစပ်ခြင်း၏ အဓိကရည်မှန်းချက် ဖြစ်၏။ 

အပင်မျိုးမွေးမြူခြင်းနည်းပညာများ ဆင့်ကဲဖြစ်ထွန်းတိုးတက်လာပုံကို အသေးစိတ် တင်ပြချင်ပါသည်။ အပင်မျိုးစပ်မွေးမြူရာတွင် လိုအပ်သော ဗီဇလက္ခဏာများကို မိဘလိုင်းများမှ သားဆက်အပင်များကို ကူးပြောင်းပေးနိုင်သည့် ဖြစ်စဉ်များ (မျိုးရိုးလိုက်ခြင်း)ကို နားလည်သဘောပေါက် အသုံးချနိုင်မှသာ အပင်မျိုးစပ်မျိုးမွေးမြူသူတို့ ရည်မှန်းထားသည့် အင်္ဂါရပ်များ၏ ပါရှိသည့် မျိုးကောင်းတမျိုး ရရှိစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းဗီဇမျိုးရိုးလိုက်ခြင်းဆိုင်ရာ အခြေခံနိယာမများကို ရှာဖွေတွေ့ရှိ ဖော်ထုတ်ခဲ့သူမှာ ဂရီဂါမင်ဒယ် (Gregor Mendel) ဖြစ်ပြီး မျိုးရိုးဗီဇဘာသာရပ်၏ ဖခင်ကြီးဟု တင်စား ခေါ်ဝေါ်ခဲ့သည်။

ခေတ်နှောင်းအပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်း

အစောပိုင်း အပင်မျိုးမွေးမြူပညာရှင်  (Plant Breeder) များသည် မျိုးကွဲပြားမှုများ (Genetic Variation) ကို ဖန်တီးခဲ့ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် ယခင်က မတွေ့ခဲ့ရသည့် မျိုးကွဲအသစ်များကို ဖန်တီးနိုင်ကြသည်။ 

ရှေးဟောင်းသုတေသန မှတ်တမ်းများအရ ၉၀၀၀ ဘီစီတွင် အီရတ်နိုင်ငံ တူရကီရှိ တိုက်ဂရစ်မြစ် (Tigris River) အထက်နားတဝိုက်ရှိ တောင်တန်းများတွင် အပင်ရိုင်းများမှစိုက်ပျိုးနိုင်သောအပင် (Plant Domestication) စတင်ခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ မျိုးရိုင်းများကို လူတို့မှ မျိုးယဉ်အောင်စိုက်ပျိုးခြင်းကို  (Domestication) ဟုခေါ်သည်။ ဘီစီ ၇၀၀ အစောပိုင်း၌ အာဆီရမ် (Assyrians) နှင့် ဘေဘီလိုနီယမ် (Babylonians) လူမျိုးတို့သည် စွန်ပလွံပင်များကို ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။ (၁၆၆၅) ခုနစ်တွင် အင်္ဂလန်မှ ရောဘတ်ဟုတ် (Robert Hooke) က ဆဲလ်အကြောင်းကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းကို ဆဲလ်ဇီဝဗေဒဖခင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

၁၆၉၄ ခုနစ်တွင် ဂျာမနီနိုင်ငံမှ ကမာရေးရီးယတ်စ် (Camerarius) က အပင်များ၏ မျိုးပွားအင်္ဂါအကြောင်းကို သရုပ်ပြနိုင်ခဲ့ပြီး အပင်မျိုးသစ်များ ရရှိစေရန် မျိုးစပ်ခြင်းနည်းလမ်းကို စတင်အကြံပြုခဲ့သည်။ (၁၇၁၇) ခုနစ်တွင် သောမတ်စ်ဖားချိုင်း (Thomas Fairchild) က မျိုးစိတ်မတူသော Sweet William (Dianthus barbatus) နှင့် Carnation pink (Dianthus caryophyllus) မျိုးစပ်ထားသည် ပထမဆုံး မျိုးစိတ်ကွဲမျိုးစပ်ခြင်းနည်းလမ်းဖြင့် (Interspecific Hybrid) စပ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီး Fair Child’s mule အဖြစ် လူသိများထင်ရှားခဲ့ပါပြီး အပင်မျိုးစပ်မွေးမြူခြင်း လုပ်ငန်းတွင် ပထမဆုံး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုဖြစ်ခဲ့သည်။ (၁၇၂၇) ခုနစ်တွင် ပြင်သစ်နိုင်ငံတွင် ပထမဆုံး အပင်မျိုးမွေးမြူရေးကုမ္ပဏီ (Plant Breeding Company) ကို တည်ထောင်ခဲ့ပြီး ပက်ဒီဂရီးမျိုးမွေးစနစ် (Pedigree Methods of Breeding) ကို စတင်မိတ်ဆက်ခဲ့သည်။

၁၇၅၃ ခုနစ်တွင် ကားလ်လီးနစ် (Carl Linnaeus) က အပင်မျိုးစိတ်များအား သိပ္ပံနည်းကျ နာမည်ပေးခြင်း ဆိုင်ရာ “Species Planetarium” စာအုပ်ကို ထုတ်ဝေခဲ့ပြီး (၁၇၆၀ မှ ၁၈၆၆) ခုနှစ်အတွင်းတွင် ဂျာမန်လူမျိုး ဂျိုးဇက်ကိုရီးတူရား (Joseph Kolreuter) သည် ဆေးရွက်ကြီးနှင့် မုန်ညင်းမုန်လာမျိုးများတွင် မျိုးစပ်ခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြပြီး ရရှိလာသော မျိုးဆက်များကို အသေးစိတ်လေ့လာခဲ့သည်။ (၁၇၉၅ မှ ၁၇၉၇) အထိနှစ်များတွင်လည်း သောမတ်စ် အင်ဒရူးနိုက် (Thomas Andrew Knight) သည် မျိုးစပ်ခြင်းနည်းလမ်းများ အသုံးပြု၍ သစ်သီးမျိုးကွဲများစွာကို ပထမဆုံးထုတ်လုပ်နိုင်သူ ဖြစ်ခဲ့သည်။  

၁၈၅၇ ခုနစ်တွင် ဗီလ်မိုရင် (Vilmorin) သည်  Progeny testing ကို အဆိုပြုတင်ပြခဲ့ပြီး ‘Vilmorins Principle Of Progeny Testing’ အဖြစ် လူသိများခဲ့ပါသည်။ သူသည်သကြား beets (Beta vulgaris) တွင် သကြားပါ၀င်မှုအတွက် ဤသားစဉ်မြေးဆက် စမ်းသပ်မှုကိုအဆိုပြုခဲ့သည်။ သို့သော် ဤနည်းလမ်းသည် ဂျုံတွင်မထိရောက်ပါ။ ပင်တည်းဝတ်မှုန်ကူးသည့် သီးနှံနှင့် ပင်ခြား၀တ်မှုန်ကူးသည့် သီးနှံများအကြား မျိုးရွေးချယ်ခြင်းဆိုင်ရာ ခြားနားချက်များကို ရှင်းလင်းစွာ ပြသပေးခဲ့ပါသည်။ 

(၁၈၆၅) ခုနစ်တွင် ဗီဇပညာ (Genetics) ၏ ဖခင်ကြီးဟု ထင်ရှားကျော်ကြားသည့် ဂရီဂါမင်ဒယ် (Gregor Mendel) က ဗီဇများ၏ မျိုးရိုးလိုက်ဖော်ပြနိုင်မှု၊ မျိုးဆက်များ၏ မျိုးရိုးဗီဇကွဲပြားဖော်ပြမှုများ စသည့် ဗီဇဆိုင်ရာ အခြေခံကျပြီး လက်တွေ့ကျသော “Laws Of Inheritance” ကို သက်သေပြဖော်ထုတ်ခဲ့ပြီး  "Experiments In Plant Hybridization" ကို ထုတ်ဝေခဲ့ရာ Plant breeding တွင် ယနေ့အထိ လွန်စွာအကျိုးရှိနေဆဲဖြစ်သည်။ (၁၈၅၉−၁၈၈၉) ခုနစ်အတွင်းတွင် ချားလ်ဒါဝင် (Charles Darwin) က မျိုးဗီဇ “Origin of species” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး  Inbreeding Sterility and Differences In Reciprocal Crosses ကိုလည်း မှတ်သားပြုစုခဲ့သည်။ 

မျက်မှောက်ကာလအပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်း

မျက်မှောက်ကာလအပင်မျိုးမွေးမြူခြင်းလုပ်ငန်းသည် ၁၈၆၅ တွင် ဖော်ပြခဲ့သော မင်ဒယ် (Gregor Mendel) ၏ မျိုးရိုးဗီဇဆိုင်ရာ နိယာမများ (Laws of Inheritance) အပေါ်တွင် အခြေခံပါသည်။ ၎င်းနိယာမများသည် အပင်များမျိုးစပ်မွေးမြူခြင်းလုပ်ငန်းဖြင့် သီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရန်အတွက် လေ့လာနေသော သိပ္ပံပညာရှင်များ၏ သုတေသနများကို များစွာ အထောက်အကူပြု ပေးနိုင်ခဲ့ပါသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် အောင်မြင်သော စီးပွားဖြစ်မျိုးစပ် မွေးမြူရေးဆိုင်ရာများကို စတင်ခဲ့သည်။ ၁၈၉၀ ပြည့်နှစ်များတွင် ဂျွန်ဂါတန် (Dr. John Garton) က အင်္ဂလန်တွင် အပင်မျိုးမွေးပညာရှင် များကို ပျိုးထောင်ပေးခဲ့ပြီး အပင်မျိုးစပ်ခြင်း နည်းလမ်းများအသုံးပြု၍ စိုက်ပျိုးနိုင်သောသီးနှံများ၏ မျိုးအသစ်များကို စီးပွားဖြစ်ထုတ်လုပ်ခဲ့ပါသည်။

၁၉၀၃ တွင် ဒိန်းမတ်ရုက္ခဗေဒပညာရှင် ဂျိုဟင်ဆန် (Wilhelm Johannsen) သည် ‘ပင်တည်းဝတ်မှုန်ကူးသော အပင်များတွင် ပင်တည်းဝတ်မှုန်းကူးခြင်းနည်းလမ်းအသုံးပြု၍ ရရှိလာသော အပင်၏ မျိုးဆက်သည် သန္ဓေသန့်လိုင်းပင်ဖြစ်သည်’ ဟူသော Pureline Theory ကို ရှင်းလင်းဖော်ပြခဲ့သည်။  (၁၉၀၈) ခုနစ်တွင် George Harrison Shull က Heterosis (စပ်မျိုးစွမ်းရည်) ဆိုသည်မှာ မျိုးစပ်ရရှိလာသော ပထမသားဆက်၏ ရုပ်သွင်ပြင်လက္ခဏာများသည် ၎င်း၏ မိဘနှစ်ဦးစလုံးနှင့် နှိုင်းယှဉ်ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ (၁၉၁၉) ခုနှစ်တွင် ဂျုံးစ်သည် Single Cross အစား Double Cross သဘောတရားကို ထိရောက်စွာ ပြသနိုင်ခဲ့ပြီး ပြောင်းစပ်မျိုးများကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခဲ့သည်။ 

(၁၉၃၃) ခုနှစ်တွင် အခြားအရေးကြီးသောအပင်မျိုးစပ်မွေးမြူခြင်းနည်လမ်းတစ်ခု ဖြစ်သည့်   cytoplasmic male sterility (CMS) (အဖိုမြုံလိုင်းအသုံးပြု၍ မျိုးစပ်ခြင်းနည်းလမ်း)ကို မာကပ် (Marcus Morton Rhoades) က ဖော်ပြခဲ့ပါသည်။ ၎င်းနည်းလမ်းသည် စပ်မျိုးများ ထုတ်လုပ်ရန် မျိုးစပ်ခြင်းလုပ်ငန်းတွင်  များစွာလိုအပ်သော အဖိုဖယ်ခြင်း (detasseling) ကို မလိုဘဲ ပြုလုပ်နိုင်သည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် ဒေါက်တာနော်မန်ဘော့လော့ (Dr. Norman Borlaug) အမည်ရှိ နိုဘယ်ဆုရရှိသူသည် အထွက်ကောင်း မက္ကဆီကန်ဂျုံပုမျိုး (Mexican semi dwarf HYV Wheat) များကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုင်ဝမ်လယ်သမားတစ်ဦးမှလည်း စပါးသီးနှံတွင် အပင်ရှည်မျိုးများထဲမှ အပင်ပုခြင်းဖြစ်သည့် ဒီဂျီဝူဂန်မျိုး (Dee Gee Woo Gen) ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းနည်းကို အသုံးပြု၍ (၁၉၆၅) ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန (International Rice Research Institute – IRRI) ၌ အံ့အားသင့်ဖွယ် IR 8 (မြန်မာနိုင်ငံတွင် ရာကျော်ဟုခေါ်) အထွက်ကောင်းစပါးမျိုး (HYV Rice) ထွက်ပေါ်လာခဲ့သည်။ သို့သော်စားသုံးရာတွင်ကြမ်းလွန်းသဖြင့် စားသုံးသူမှနောက်ပိုင်း လက်မခံတော့ပါ။

ထို့နောက် အထွက်နှုန်း ပိုမိုမြင့်မားခြင်း၊ စားသုံးရာတွင်အရသာကောင်းခြင်း၊ နူးညံ့ခြင်း၊ ရောဂါပိုးမွှားများကို ခုခံနိုင်စွမ်းမြင့်မားခြင်း နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေဆိုးဝါးခြင်းတို့ကို ခံနိုင်ရည်ရှိခြင်း စသည့် အရည်အသွေး လက္ခဏာကောင်းများပိုင်ဆိုင်သည့် မျိုးလိုင်းများနှင့် မျိုးကွဲအသစ်များဖန်တီးခြင်းများမှ အဆင့်ဆင့် တိုးတက်လာခဲ့ပြီး ပုံမှန်မျိုးစပ်ခြင်း (Classical Plant Breeding) အဖြစ်သို့  အသွင်ပြောင်းလာခဲ့ပါသည်။ 

နောက်ပြန်မျိုးစပ်ခြင်းနည်းလမ်းများ (Back crossing)၊ ဖန်ပြွန်နည်းစနစ် (In-vitro techniques) များ၊ ၎င်းတို့မှတဆင့် ဗီဇအင်ဂျင်နီယာ (Genetic Engineering) နည်းလမ်းများကိုပါ အပင်မျိုး မွေးမြူခြင်းကဏ္ဍတွင် အောင်မြင်စွာ လုပ်ဆောင်လာခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် မော်လီကျူးအမှတ်အသား (Molecular Markers) များအသုံးပြု၍ မျိုးရွေးချယ်ခြင်းများကို ပိုမိုထိရောက်မြန်ဆန်စွာ လုပ်ဆောင်လာကြပြီး ၎င်းနည်းလမ်းကို မော်လီကျူးအဆင့်မျိုးမွေးမြူခြင်း (Molecular Breeding) ခေါ်ဆိုကြပါသည်။

အပင်မျိုးမွေးမြူခြင်းလုပ်ငန်းကို နည်းပညာများ အဆင့်ဆင့်တိုးတက်ပြောင်းလဲလေ့လာခဲ့ကြရာ မွေးမြူခြင်း-၁ တောင်သူကိုရောင်းချခြင်း (Breeding 1.0 - selling by farmers), မွေးမြူခြင်း-၂ စာရင်းအင်းနှင့်သုတေသန (Breeding 2.0 - Statistics & Experiments), မွေးမြူခြင်း-၃ မော်လီကြူး အမှတ်အသား (Breeding 3.0 - Molecular Markers) မှသည် ယခုလက်ရှိမျက်မှောက်တွင် မွေးမြူခြင်း-၄ ဂျီနုန်းများပြောင်းလဲခြင်း Breeding 4.0 (Genomics, Ideotype-based selection and transformation)၊ မွေးမြူခြင်း-၄.၂  (Breeding 4.2 - Genomic editing) နည်းပညာများ အထိ တိုးတက်လေ့လာနေကြပြီ ဖြစ်ပါသည်။

 

ကမ္ဘာ့အရေးကြီးသော သီးနှံနှင့်တိရစ္ဆာန်ထွက်ပစ္စည်းများမှာ မြန်မာနိုင်ငံအတွက် အပင်နှင့် တိရစ္ဆာန်မျိုးမွေးမြူရေးအတွက်ဆိုပါက စပါး Paddy (ဆန် Rice၊ ထမင်း) က မရှိမဖြစ်လိုအပ်ပြီး၊ ပြီးလျှင် စားသုံးဆီ မြေပဲ (Groundnut)၊ နှမ်း (Sesame)၊ ထိုမှ ပရိုတင်းအတွက် ကုလားပဲ (Chickpea)၊ ပဲကြီး (Lablab Bean)၊ စားတော်ပဲ (Pea) နှင့်နိုင်ငံခြားတင်ပို့ရန် ပဲစင်းငုံ (Pigeonpea)၊ ပဲတီစိမ်း (Green Gram, Mung Bean)၊ မတ်ပဲ (Black Gram) နှင့် စားဖိုချောင်သီးနှံ အာလူး (Potato)၊ ခရမ်းချဉ်သီး (Tomato)၊ ဟင်းသီးဟင်းရွက်များ (Vegetables) မှ သည် သရက် (Mango)၊ ငှက်ပျော (Banana)၊ သင်္ဘော (Papaya)၊ လိမ္မော် (Orange/Mandarin)၊ ဒူးရင်း (Durian)  စသည့် သစ်သီးဝလံများအထိ အပင်မျိုးမွေးမြူရေးပညာရှင်များစွာ (Plant/Crop Breeders) မှသီးနှံတစ်မျိုးချင်းစီ လေ့လာရန် လိုနေပါသေးသည်။ 

တိရစ္ဆာန်မျိုးမွေးမြူရေးပညာရှင် (Animal Breeder) ကတော့ ကြက် (Chicken)၊ ဘဲ (Duck)၊ ဝက် (Pig)၊ နို့စားနွား (Dairy Cow)၊ အသားစားနွား (Beef Cow)၊ ဆိတ် (Goat)၊ ငါး (Fish)၊ ပုစွန် (Shrimp) မွေးမြူရေးပညာရှင် များစွာမွေးထုတ်ပေးရန်လိုပြီး၊ သူတို့မှ မွေးထုတ်ပေးလိုက်သော မျိုးကောင်း၊ မျိုးသန့်များကို တောင်သူလယ်သမား (Farmers)၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ လုပ်ငန်းရှင်များမှသည်  မိမိပြည်သူပြည်သားများ စားသုံးမှု ဖူလုံစေရန်အထိ ထုတ်လုပ်ပြီး ပိုလျှံပါက နိုင်ငံခြား ဝင်ငွေ (Foreign Exchange) ရရှိစေရန်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ 

ရည်ညွန်း (References) - စိုက်ပျိုးရေးတက္ကသိုလ်၊ အငြိမ်းစား ပါမောက္ခချုပ်ဆရာကြီး ဦးသန်းထွန်း (၁၉၇၀) “အပင်မျိုးစပ်မွေးမြူနည်းများ” အတွဲ ၅၊ အပိုင်း ၄၊ ပညာပဒေသာစာစောင်  ဆောင်းပါး၊

Acquaah, G. (2013) Principles of Plant Genetics and Breeding. 2nd Edition. Wiley-Blackwell.  739p.

(ဒေါက်တာမျိုးကြွယ်) 

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်