ထူးခြားဘာသာရပ်တွေ၊ အတုယူစရာတွေနဲ့ ကမ္ဘာကျော် စိုက်/မွေး ပုဂ္ဂလိကတက္ကသိုလ် တိုကျို

09/01/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 57  International Agricultural Universities or Universities, which offer Agriculture

(Part 4 Agricultural Universities in Japan)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၇) နိုင်ငံတကာ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်များ 

(အပိုင်း- ၄ (အဆက်) ဂျပန်နိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားပေးသော တက္ကသိုလ်များ)

(၂)  တိုကျိုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်  (Tokyo University of Agriculture – TUA ဂျပန်လို  Tokyo Nodai)

 

ပုံ ၁ -  တိုကျိုစိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် 

တိုကျိုစိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်သည် ဂျပန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကမ္ဘာကျော်ပုဂ္ဂလိကတက္ကသိုလ် (World Renowned Private University) တစ်ခုဖြစ်ပါသည်။ အစိုးရတက္ကသိုလ်များ (Public Universities)ထက် ကျောင်းလခ (တစ်နှစ် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်) အလွန်ဈေးကြီးသော်လည်း ပြည်တွင်း ပြည်ပ ကျောင်းသား၊ ကျောင်းသူများ များပြားစွာ တက်ရောက်လျက်ရှိပါသည်။  ကျွန်တော်တို့ကို ၂၀၁၆-ခုနှစ်၊ ဧပြီလက ထိုတက္ကသိုလ်၏မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖိတ်ကြား၍ သွားရောက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဂျပန်များအချိန်တိကျပုံက အရင်ဆောင်းပါးများတွင် ဂျာမဏီက ကျွန်တော့်ဆရာ အချိန်တိကျပုံထက်ကို ပိုပါသည်။ မောင်မယ်သစ်လွင်အခမ်းအနားအတွက် ကျွန်တော်နှင့်အတူ သူတို့ပါမောက္ခချုပ်၊ ပါမောက္ခများ အဖွဲ့တို့သည် စုဝေးခန်းမစင်မြင့်ပေါ်တွင် ငါးမိနစ်ခန့် ကြိုရောက်နေကြရပါသည်။ စင်မြင့်ပေါ် ကျွန်တော်တို့ရှေ့တွင် လိုက်ကာအစိမ်းကြီးကာထားပြီး ခန်းမထဲတွင်တော့ ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သူတို့၏မိဘများပါ ဖိတ်ကြားထားပါသည်။

"အခမ်းအနားမှူးလုပ်သူက နာရီ တကြည့်ကြည့်နှင့် ဘာလုပ်နေပါသလဲ"ဟူ၍ ကျွန်တော်စပ်စုမိတော့ အချိန်ကြည့်နေပြီး စက္ကန့်မလွဲ မနက် ၉-နာရီ ဒေါင်ကနဲ နာရီ၊ မိနစ်၊ စက္ကန့် တထပ်တည်းကြသည်နှင့် လိုက်ကာတင် အခမ်းအနားစပါတော့သည်။ အဲဒီလောက်အချိန်တိကျသော ဂျပန်များပါ။ စာသင်နှစ် နှစ်တိုင်း၏ နှစ်စတွင် နိုင်ငံတကာ မိတ်ဖက်စိုက်ပျိုးရေးတက္ကသိုလ်များ (Partner Universities) မှ ပါမောက္ခချုပ်များကို ဖိတ်ကြားပြီး ချစ်ကြည်ရေးမိန့်ခွန်းပြောဆိုခိုင်းပါသည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့တက္ကသိုလ်က ၂၀၁၆-ခုနှစ်တွင်အလှည့်ကျသဖြင့် ကျွန်တော်သွားရောက်၍ ချစ်ကြည်ရေး မိတ်ဆက်မိန့်ခွန်း ပြောခဲ့ရပါသည်။ သူတို့စနစ်က အခမ်းအနားပြီးသည့်အခါ ကျောင်းသား၊  ကျောင်းသူများရော မိဘများပါ စာသင်ကြားပေးသော စာသင်ခန်းများ၊ ဓာတ်ခွဲခန်များသို့ သွားရောက်စေသော အစီအစဉ်ပါ၊ အလွန်ဗဟုသုတရပြီး အတုယူဖွယ်ကောင်းလှပါသည်။ နေ့လယ်စာ ထမင်း၊ ဟင်းပုံစံခွက်ကလေးနှင့် ရေဘူးလေးတွေပါချပေးပြီး စီစဉ်ထားသည်မှာ အလွန်ချစ်စရာကောင်းလှပါသည်။

 

ပုံ ၂ - မောင်မယ်သစ်လွင်ကြိုဆိုပွဲ မိန့်ခွန်းပြောခဲ့ရပုံ 

သင်ကြား၊ သုတေသနပြုသော ပထမဆုံး မဟာဌာနမှာ - 

(က) စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture)

ဤဌာန၏ကြီးကြပ်မှုအောက်တွင်

(က-၁) စိုက်ပျိုးရေးဌာန (Department of Agriculture) ထိုမှတစ်ဆင့် ပါမောက္ခများ ဦးစီးသော ဓာတ်ခွဲခန်းစနစ် (Laboratory System) ရှိပါသည်။ ၎င်းတို့မှာ သီးနှံသိပ္ပံဓာတ်ခွဲခန်း (Laboratory of Crop Science)၊ အပင်ဗီဇဗေဒနှင့် အပင်မျိုးမွေးမြူရေး ဓာတ်ခွဲခန်း (Lab. Genetics and Plant Breeding)၊ အပင်‌ရောဂါဗေဒ ဓာတ်ခွဲခန်း (Lab. Plant Pathology)၊ ကိမိလဗေဒ ဓာတ်ခွဲခန်း (Lab, Entomology)၊ သစ်သီးဝလံ ဓာတ်ခွဲခန်း (Lab. Pomology)၊ ဟင်းသီးဟင်းရွက်ပညာ ဓာတ်ခွဲခန်း (Lab. Vegetables)၊ ပန်းမန်စိုက်ပျိုးရေး ဓာတ်ခွဲခန်း (Lab. Floriculture)၊ ဥယျာဉ်ခြံသီးနှံနှင့် ဇီဝနည်းပညာ ဓာတ်ခွဲခန်း (Lab. Horticulture and Biotechnology)၊ နှင့် ရိတ်သိမ်းချိန်လွန်သီးနှံ ဇီဝကမ္မဗေဒနှင့် နည်းပညာ ဓာတ်ခွဲခန်း (Lab. Post-Harvest Physiology and Technology) တို့ရှိပါသည်။ ဤဌာနတစ်ခုတည်းနှင့်ပင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဌာနပေါင်းစုံသလောက်ရှိသွားပါပြီ။

(က-၂) မွေးမြူရေးဌာန (Department of Animal Science) ဤဌာနအောက်တွင် ပါမောက္ခများကြီးကြပ်သော တိရစ္ဆာန်များမျိုးပွားခြင်းဓာတ်ခွဲခန်း (Lab. Animal Reproduction)၊ တိရစ္ဆာန်များဗီဇဗေဒနှင့် တိရစ္ဆာန်မျိုးသစ်များ မွေးမြူရေးဓာတ်ခွဲခန်း (Lab. Animal Genetics and Breeding)၊ တိရစ္ဆာန်များဇီဝကမ္မဗေဒ ဓာတ်ခွဲခန်း (Lab. Animal Physiology)၊ တိရစ္ဆာန်များကျွေးမွေးရေး ဓာတ်ခွဲခန်း (Lab. Animal Feeding)၊ တိရစ္ဆာန်ထုတ်လုပ်မှု (အသားထုတ်လုပ်မှု)ဖြစ်စဉ် ဓာတ်ခွဲခန်း (Lab. Animal Processing)၊ တိရစ္ဆာန်ကျန်းမာရေး ဓာတ်ခွဲခန်း (Lab. Animal Health) နှင့် ခြံမွေးတိရစ္ဆာန် မွေးမြူရေးစီမံခန့်ခွဲမှု ဓာတ်ခွဲခန်း (Lab. Livestock Farming Management) တို့ရှိပါသည်။ အလွန်စုံလင်လှပါသည်။ 

(က-၃) လူသား၊ တိရစ္ဆာန်နှင့် အပင်တို့ ဆက်စပ်မှုပညာဌာန (Department of Human, Animal and Plant Relation)

ဤဌာနအောက်တွင် အပင်ကာကွယ်ထိန်းသိမ်းမှုဓာတ်ခွဲခန်း (Lab. Plant Conservation)၊ လူထုနှင့် အပင်များဆက်ဆံရေး ဓာတ်ခွဲခန်း (Lab. People – Plant Relationships)၊ တောရိုင်းတိရစ္ဆာန်လေ့လာရေး ဓာတ်ခွဲခန်း (Lab. Wild Animals)၊ အိမ်မွေးတိရစ္ဆာန်များလေ့လာခြင်းပညာ ဓာတ်ခွဲခန်း (Lab. Companion Animals (Pets)၊ အပင်များဖြင့်ကုသမှု ဓာတ်ခွဲခန်း (Lab. Plant Assisted Therapy)၊ တိရစ္ဆာန်များအကူအညီဖြင့်ကုသမှု ဓာတ်ခွဲခန်း (Lab. Animal Facilitated Therapy) စသည်ဖြင့် ထူးထူးဆန်းဆန်းပညာများကို ဤတက္ကသိုလ်တွင် လေ့လာနိုင်ပါသည်။ 

(က-၄) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty) မှာ စိုက်ပျိုးရေး သုတေသန (Institute of Agriculture)၊ အာရှိဟာရာစိုက်ကွင်း (Ishehara Farm)၊ ဖူဂျီစိုက်ကွင်း (Fuji Farm)၊ အီလက်ထရွန် မိုက်ကရိုစကုတ်ဌာန (Electron Microscope Centre)၊ ဘာသာရပ်ဆိုင်ရာပြန်ကြားရေးဌာနစိတ် (Academic Information centre)၊ အစားအစာထုတ်လုပ်မှု ဌာနစိတ် (Food Processing Centre)၊ ဇီဝနည်းဖြင့် ကုသရေးဌာနစိတ် (Bio-Therapy Centre) တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါနှိမ်နှင်းရေး ဌာနစိတ် (Animal Health and Disease Control Office)၊ ဇီဝကျင့်ဝတ်ဆိုင်ရာ ဓာတ်ခွဲခန်း (Lab. Bioethics)၊ နိုင်ငံခြားဘာသာ သင်ကြားရေးရုံးခန်း (Office of Foreign Languages) စသည်တို့ဖြစ်ပါသည်။ 

(ခ) အသုံးချဇီဝသိပ္ပံ မဟာဌာန (Faculty of Applied Bioscience)

ဤမဟာဌာန၏ကြီးကြပ်မှုအောက်တွင်

(ခ-၁) ဇီဝသိပ္ပံဌာန (Department of Bioscience)

(ခ-၂) အသုံးချဇီဝဗေဒနှင့် ဓာတုဗေဒဌာန (Department of Applied Biology and Chemistry)

(ခ-၃) ကစော်ဖောက်ခြင်းနည်းပညာသိပ္ပံဌာန (Department of Fermentation Science) ဤဌာနရှိ ပြတိုက် (Museum) တွင် ဂျပန် တစ်နိုင်ငံလုံးမှ ထုတ်လုပ်သော  ဂျပန်အရက် (Japanese Sake) ပုလင်းပေါင်းများစွာ ပြသထားပြီး တကမ္ဘာလုံးကို ဂျပန်အရက် ဖြန့်ဖြူး ရောင်းချပေးမှု၊ တင်ပို့မှု (Export) ကို အကောင်းဆုံး ကစော်ဖောက်ခြင်းနည်းပညာ သုတေသနပြုပြီး နိုင်ငံခြားဝင်ငွေ ရှာပေးနေသော ဌာနဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံရှိ ကောက်ညှင်းအရက်၊ ခေါင်ရည်၊ ထန်းရည်၊ ဓနိရည် စသည်တို့ကို စနစ်တကျထုတ်လုပ်မှု သုတေသနပြုပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်ပါသည်။

(ခ-၄) အာဟာရဓာတ်သိပ္ပံနှင့် အစားအစာ ဘေးကင်းလုံခြုံမှုဌာန (Department of Nutritional Science and Food Safety)

(ခ-၅) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)

(ဂ) ဒေသဆိုင်ရာ ပတ်ဝန်းကျင်သိပ္ပံ မဟာဌာန (Faculty of Regional Environmental Science)

ဤမဟာဌာန၏ကြီးကြပ်မှု အောက်တွင်

(ဂ-၁) သစ်တောသိပ္ပံဌာန (Department of Forest Science)

(ဂ-၂) ဇီဝထုတ်လုပ်မှုနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာဌာန (Department of Bio-production and Environmental Engineering)

(ဂ-၃) မြေယာအလှပြုပြင်မှုဗိသုကာဌာန (Department of Landscape Architecture Science)

(ဂ-၄) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)

(ဃ) အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးနှင့် အစားအစာသိပ္ပံ မဟာဌာန (Faculty of International Agriculture and Food Science)

ဤမဟာဌာန၏ကြီးကြပ်မှုအောက်တွင်

(ဃ-၁) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး၊ မွေးမြူရေးဖွံ့ဖြိုးမှုဌာန (Department of International Agricultural Development)

(ဃ-၂) အစားအသောက်ပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေးပညာဌာန (Department of Food Environmental Economics)

(ဃ-၃) အပြည်ပြည်ဆိုင်ရာ ဇီဝစီးပွားရေးပညာဌာန (Department of Bio-Business Studies)

(ဃ-၄) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)

(င) ဇီဝထုတ်လုပ်မှုမဟာဌာန (Faculty of Bio-Industry)

ဤမဟာဌာန၏ကြီးကြပ်မှု အောက်တွင်

(င-၁) ဇီဝထုတ်လုပ်ခြင်းဌာန (Department of Bio-Production)

(င-၂) ရေလုပ်ငန်းဆိုင်ရာ ဇီဝသိပ္ပံဌာန (Department of Aquatic Bioscience)

(င-၃) အစားအစာနှင့် အလှပြင်မှုဆိုင်ရာပညာဌာန (Department of Food and Cosmetic Science) (ကျွန်တော်တို့နိုင်ငံတွင်ဆိုလျှင် စိုက်ပျိုးရေးနှင့်ဘာမှ မဆိုင်ဘူးဟုဆိုကာ ကန့်ကွက်နေမလားမသိပါ။)

(င-၄) ကူးသန်းရောင်းဝယ်ရေးပညာ သိပ္ပံနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုဌာန (Department of Business Science and Regional Development)

(င-၅) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)

စသည်တို့ဖြစ်ပါသည်။ တက္ကသိုလ်နှင့်အတူတူ အထက်တန်းကျောင်းလည်းရှိပါသည်။ စိုက်ပျိုးရေးနှင့် ဘယ်လိုဆက်စပ်သင်ယူသလဲ ဆိုတာမသိပါ။

တက္ကသိုလ်နယ်မြေများမှာ တိုကျိုတွင် နှစ်နေရာနှင့် မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းတွင် အိုခို့စ်နယ်မြေ (Hokkaido-Okhotsk Campus) ပါရှိရာ ထိုနယ်မြေမောင်မယ်သစ်လွင် ကြိုဆိုပွဲအတွက်လည်း ပြည်တွင်းလေကြောင်းလိုင်းစီးကာ ကျွန်တော်တို့သွားရပါသေးသည်။ ဧပြီလကြီးဖြစ်သော်လည်း ဂျပန်မြောက်ပိုင်း တစ်နယ်လုံး နှင်းတွေဖုံးလွှမ်းနေပါသည်။ 

သူတို့ဆီက ရေလုပ်ငန်းပညာသိပ္ပံဌာန (Department of Fishery and Aquaculture) ကို လေ့လာရေးသွားရာ အပူပိုင်းဒေသ တွင်ဖြစ်ထွန်းသော တီလားပီးယား ငါးများဖြစ်ထွန်းမှုကို သုတေသနပြုနေတာ တွေ့ခဲ့ရပါသည်။ ကျွန်တော်က "ဘာရည်ရွယ်ချက်နဲ့ သုတေသနပြုနေပါသလဲ"ဟူ၍ မေးကြည့်ရာ ရာသီဥတုပြောင်းလဲမှု (Climate Change)ကြောင့် တို့နေရာတွေပါ ပူနွေးလာရင် ငါးမွေးမြူရေး အဆင်သင့်ဖြစ်အောင် ကြိုတင်လေ့လာနေခြင်းဟု ပြောဆိုခဲ့ပါသည်။ အဲဒီ့လောက်အထိအောင် အနာဂတ်ကို ကြိုတင် ပြင်ဆင်ထားခြင်းပါ။ အလွန် အတုယူစရာ ကောင်းလှပါသည်။ 

ဤတက္ကသိုလ်သည် ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်သော်လည်း ပါမောက္ခ (၁၇၈) ဦးနှင့် တွဲဖက်ပါမောက္ခ (၁၂၂) ဦး အထိရှိနေသော ကမ္ဘာ့အဆင့်မီ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဖြစ်ပါသည်။ သူတို့ဆီက ရာထူးတိုးစနစ်မှာ သူတို့ ကြိုက်နှစ်သက်ပါက အသက်ငယ်သော်လည်း ချက်ချင်း ပါမောက္ခဖြစ်နိုင်သော ရာထူးတိုးစနစ်ဖြစ်ပါသည်။ ပါမောက္ခနေရာသည်လည်း တစ်နေရာ၊ နှစ်နေရာ စသည်ဖြင့် အသေမရှိပါ၊ ဌာနမှူးနေရာကိုလည်း အများစုကမလုပ်ချင်ကြပါ။ ကျွန်တော်တို့နိုင်ငံသည် လုပ်သက်နှင့် ပေးခြင်းစနစ်ဖြစ်သည်။ ကျွန်တော်တို့လိုမျိုး မနက်နှင့် ညနေ ကွာသွားတာနှင့် လုပ်သက်တွက်ချက်မှု အမှတ်တွေကွာသွားတာမျိုး တွက်ချက်မည်မထင်ပါ။ နိုင်ငံတကာ အသိအမှတ်ပြု ဂျာနယ်များတွင် ရေးသားထုတ်ဝေမှုမှာလည်း လိမ်၍ တင်ပြလို့ရမည်မထင်ပါ။

ဤတက္ကသိုလ်တွင် ၂၀၂၂-ခုနှစ်၌ ကျောင်းသား (၆၈၄၉) ဦး၊ ကျောင်းသူ (၄၈၆၇) ဦးဖြင့် စုစုပေါင်း (၁၁၇၁၆) ဦး၊ အငယ်တန်းကောလိပ်၌ (၆၅၈) ဦး လက်ရှိ ပညာသင်ကြားလျက်ရှိပါသည်။ ဤတက္ကသိုလ်မှ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသန်းသန်းစိုးတို့က ပါရဂူဘွဲ့၊ ဒေါ်အိမ့်သက်ထားဦး၊ ဦးစစ်မှူးဆွေ တို့က မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ရခဲ့ပါသည်။ ယခုလက်ရှိ ဒေါ်ဇင်ဝေမော်ပါရဂူဘွဲ့၊ ဦးဇေဖြိုးထွန်း၊ ဒေါ်တင်မေဦး၊ ဦးညီညီထွဋ် တို့က မဟာစိုက်ပျိုးရေး သိပ္ပံနှင့် ဒေါ်ခင်သန္တာအောင်၊ ဒေါ်ဖြိုးစုစုကျော်တို့ကဘွဲ့ကြို သင်တန်းများ တက်ရောက်လျက်ရှိပါသည်။ 

ဂျပန်နိုင်ငံရှိ ကျန် စိုက်ပျိုးရေးတက္ကသိုလ်များ အကြောင်း ဆက်လက်ရေးသားပါဦးမည်။

ကျွန်တော်တို့ ခြေလှမ်းပေါင်းများစွာ အပြေးလိုက်ရပါဦးမည်။ စိတ်ဓာတ် ကျစရာမလိုပါ။ နောင်တစ်ချိန် ဟိုအရင် ၁၉၆၂-ခုနှစ်မတိုင်မီ ထိုင်း၊ မလေးရှားမှ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်သင်ကြားခဲ့ရသလို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရပါမည်။ တစ်ဦးတယောက်အားနှင့် ယူသော်မရ စုပေါင်းအားနှင့် ယူပါက မလွဲမသွေရောက်ရှိလာပါမည်။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်