အွန်လိုင်းမှသင်ကြားနိုင်မည့် စိုက်ပျိုးမွေးမြူရေး သင်တန်းများအကြောင်း

23/01/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 59  International Agricultural Universities or Universities, which offer Agriculture

(Part 4 Offering Agriculture Course by Distance Education)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၉) နိုင်ငံတကာ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်များ 

(အပိုင်း - ၅)  စိုက်ပျိုးမွေးမြူရေးပညာရပ်များအား အဝေးမှပို့ချခြင်း 

ကျွန်တော်တို့ ပညာရေးကဏ္ဍမှာ ကိုဗစ်ကာလတွင် စိုက်ပျိုး၊ မွေးမြူရေးပညာများ အပါအဝင် အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့် ပညာရပ်များ (Vocational Education and Higher Education)ကို အဝေးမှပို့ချပေးသည့်စနစ် (Distance Education – Remote Teaching) နှင့် လူချင်းတွေ့ပြီး အဝေးသင်နှစ်ခုပေါင်းသင်ကြားနည်းစနစ် (Blended Teaching and Learning) တို့ ခေတ်စားလာခဲ့ပါသည်။ နာမည်ကြီး နယ်သာလန်၊ ဗားဂန်နီကန်တက္ကသိုလ်မှ မဟာစိုက်ပျိုးရေးသိပ္ပံ (M.Agr.Sc.)၊ လက်မှတ်ရသင်တန်း (Certificate Course)၊ ဒီပလိုမာသင်တန်း (Diploma Course)များတို့ကို  အွန်လိုင်း (Online)မှ ပို့ချနေရာ တစ်ကမ္ဘာလုံးမှ သင်တန်းသားများစွာ တက်ရောက်လျက်ရှိနေပါသည်။ ယခုပင်ကျွန်တော့်ထံသို့ မှန်ခြံအတွင်း ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးရေး လက်မှတ်ရသင်တန်း (Winter   School: Glasshouse Horticulture) ကြေငြာချက် (ကျွန်တော်ကသူတို့ သတင်းလွှာကို အမည်စာရင်း ပေးသွင်းထား၍ လစဉ် ပေးပို့နေခြင်းဖြစ်ပါသည်) ကိုပို့ရာ ၂၀၂၃-ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၃ ရက် အထိ ၁၀ ရက် သင်တန်း (နာရီ ၅၀) ကို သင်တန်းကြေး ယူရို ၁၆၇၀ (Euro 1670)နှင့် တစ်ကမ္ဘာလုံးကိုခေါ်ရာ တက်ရောက်မည့်သူများစွာရှိသဖြင့် အလွန်ငွေရှာကောင်းသော တက္ကသိုလ် ဟူ၍ ပြောရမည်ဖြစ်ပါသည်။

 

ပုံ ၁ - ဗားဂန်နီကန်တက္ကသိုလ် အစားအသောက်စနစ် အဝေးသင်- သင်တန်း ကြေငြာချက်

ကျွန်တော်တို့ အပတ်စဉ် စနေနေ့ ည ၈ နာရီတိုင်းပြုလုပ်နေသော ဗဟုသုတမျှဝေခြင်း အစီအစဉ် (Knowledge Sharing program) မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဦးအောင်ကျော်မိုးက ကနေဒါနိုင်ငံ စိုက်ပျိုး၊ မွေးမြူရေးအကြောင်းဟောပြောခဲ့ရာ မှတ်သားစရာ နှစ်ချက် ရရှိခဲ့ပါသည်။ ပထမအချက်မှာ ကနေဒါလယ်သမားများအား သူတို့အားလပ်ချိန် (အထူးသဖြင့် ဆောင်းတွင်းကာလများ) ၌ တခြားအလုပ်အကိုင်များ ရှာဖွေပေးပြီး ဝင်ငွေရစေခြင်းဖြစ်ပါသည်။ အလုပ်လုပ်ဝင်ငွေရှာရင်း နည်းပညာအသစ် စိုက်ပျိုး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေးအကြောင်းကို အဝေးမှပို့ချသော သင်တန်းများပါ တက်ရောက်နိုင်ပါသည်။ ဒုတိယအချက်မှာ သီးနှံများ အာမခံထားရာ၌ ပရီမီယံကြေး၏ ၇၀-၈၀ ရာခိုင်နှုန်းကို အစိုးရက စိုက်ပေးခြင်းဖြစ်ပါသည်။ (ဥပမာ - တစ်ဧက ပရီမီယံကြေး ၁၀၀၀ ကျပ် ကျသင့်ပါက လယ်သမားက ၂၀၀-၃၀၀ ကျပ်သာ ပေးသွင်းရပြီး အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်စီးသွားပါက လယ်သမားက အာမခံငွေ အပြည့်အဝရသွားပါတော့သည်)။

၂၀၂၂-ခုနှစ် ကမ္ဘာ့စိုက်ပျိုး၊ မွေးမြူရေး အဆင့်မြင့် ပညာရေးလောကတွင် အမှတ် (၄) နေရာ ရောက်နေသည့် အမေရိကန်နိုင်ငံ၊ ကော်နယ်တက္ကသိုလ် (Cornell University, USA)  တွင်လည်း စိုက်ပျိုး၊ မွေးမြူရေးကို အဝေးမှသင်ကြားပေးနေပါသည်။ (ကော်နယ် တက္ကသိုလ်အကြောင်း နောက်ပိုင်းဆောင်းပါးများတွင် ရေးပါဦးမည်) စိုက်ပျိုး၊ မွေးမြူရေးလောက ထိပ်ဆုံးမှရှိနေသည့် အမေရိကန် စိုက်ပျိုးရေးစနစ်က ပြည်နယ်တိုင်းတွင် စိုက်ပျိုးမွေးမြူရေး သင်ကြားပေးနေသည့် တက္ကသိုလ်တစ်ခုစီ ရှိပါသည်။ သင်ကြားရေး (Education - Teaching)၊ သုတေသန (Research)၊ ပြည်နယ်အတွင်းရှိ တောင်သူပညာပေးရေး (Extension) ကို  ထိုပြည်နယ် တက္ကသိုလ်မှပင် ဦးဆောင်ဆောင်ရွက်နေပြီး သုတေသနပညာရှင်၊ စိုက်ပျိုးပညာပေးရေးပညာရှင် (အမေရိကန် စိုက်ပျိုး၊ မွေးမြူရေးဌာန USDA – United State Department of Agriculture) တို့နှင့် ပူးတွဲဆောင်ရွက်နေပါသည်။  ကော်နယ်စိုက်ကွင်းငယ်ကလေးများ အစီအစဉ် (Cornell Small Farm Program) တွင် လုပ်ကွက်ငယ်တောင်သူများအတွက် အဝေးမှနေ၍ ၅ ပတ် မှ ၈ ပတ် အကြာ သင်ကြား သရုပ်ပြသပေးသည့် သင်တန်းများ (Online Training) ရှိပါသည်။ ဥပမာ -

  1. (က) တောင်သူဈေးကွက်နှင့် အမြတ်ရရှိရေး စူးစမ်းရှာဖွေခြင်း (Exploring Markets and Profits)
  2. (ခ) မြေဆီလွှာကျန်းမာရေး (သို့) ကြံ့ခိုင်၊ သန်စွမ်းရေး (Soil Health)
  3. (ဂ) ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း (Vegetable Production)
  4. (ဃ) ကြက်မွေးမြူထုတ်လုပ်ရေး (Poultry Production) စသည်တို့ဖြစ်ပါသည်။ 

သင်တန်းသား၊ သင်တန်းသူများမျာ နယူးယောက်၊ နယူးဂျာဆီ ပြည်နယ်များသာမက၊ အမေရိကန်တစ်နိုင်ငံလုံးအပြင် တစ်ကမ္ဘာလုံးမှ စိတ်ပါဝင်စားသူ တောင်သူလယ်သမား၊ မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ပါဝင်ဆွေးနွေးနိုင်ပါသည်။ သင်ကြားပို့ချမှုမှာ အင်္ဂလိပ်လိုဖြစ်သဖြင့် မြန်မာတောင်သူများ တက်ရောက်ဆွေးနွေးမှုမှာ အခက်အခဲ ရှိနိုင်ပါသည်။

ဥပမာ - ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း (Vegetable Production) 

သင်တန်းတက်ရောက်မည်ဆိုလျှင် သင်တန်းကြေး ၁၉၉ ဒေါ်လာမှ ၂၉၉ ဒေါ်လာ (မြန်မာငွေနှင့် ဆိုလျှင် ၄ သိန်းမှ ၇ သိန်းခန့်) ကျသင့်ပြီး တစ်ကမ္ဘာလုံး မည်သည့်နေရာကမဆို စာရင်းသွင်းတက်ရောက်သင်ကြားနိုင်ပါသည်။ သင်တန်းကြေးမှာ မိမိနှင့်မိသားစုဝင်ငွေနည်းပါက ၁၉၉ ဒေါ်လာသာလျှင် ကျသင့်ပါမည်။  စာရင်းသွင်းပြီးပါက သင်ကြားမည့်ဆရာနှင့် စတင်ဆက်သွယ်နိုင်ပါပြီ။ သင်တန်းမစတင်မီမှာ ဘာသာရပ်ဆိုင်ရာ သင်တန်းအကြောင်း အခမဲ့တက်ရသော အဝေးမှဟောပြောပို့ချပွဲ (Free Webinar)ကို တက်ရောက်ပြီး သင်တန်းဆရာများ၊ သင်ကြားပေးမည့် သင်ခန်းစာခေါင်းစဉ်များ၊ မိတ်ဆက်အစီအစဉ် စတင်ပါသည်။ 

တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများမှလည်း တစ်ဖန်မိတ်ဆက်ပြီး မိမိစိုက်ကွင်းအတွင်းတွင် တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများကို ပြန်လည်ဆွေးနွေးရပါသည်။ အင်တာနက်ယူကျု့အစီအစဉ် (You Tube)မှလည်း သင်ခန်းစာအကြောင်း ကြိုတင်လွှင့်သဖြင့် သင်တန်းတက်ရောက်မည့်သူအဖို့ လွယ်ကူနေပါတော့သည်။ 

 

ပုံ ၂ - ကော်နယ်တက္ကသိုလ် တောင်သူပညာပေးလုပ်ငန်း ပြုလုပ်နေပုံ

အားနည်းချက် (Weakness)အနေနှင့် လက်တွေ့လုပ်ဆောင်နိုင်မှု (Practical Session) မရနိုင်ပါ။ အင်တာနက် (Internet)၊ ဝိုင်ဖိုင် (WiFi)၊ မိုဘိုင်းဒေတာ (Mobile data)၊ လက်တော့ (Laptop)၊ ကွန်ပြူတာ (Computer) များ လက်ဝယ်ရှိရန်နှင့် ကျွမ်းကျင်မှု လိုအပ်ပါသဖြင့် အထူးသဖြင့် လက်တွေ့လုပ်ကိုင်နေသော မြန်မာ့တောင်သူလယ်သမားများထံတွင် အခက်အခဲရှိပါသည်။ ထို့အပြင် အင်္ဂလိပ်လို ဟောပြောဆွေးနွေးနေသဖြင့် ဘာသာရပ်အခက်အခဲလည်းရှိနေပါသည်။ 

အားသာချက် (Strength) မှာ  ကုန်ကျစရိတ်သက်သာစွာဖြင့် မိမိအိမ်မှပင် (Learning from Home) အလုပ်မပျက်လေ့လာနိုင်ပါသည်။ သင်ကြားပေးသူ ဆရာ၊ ဆရာမ နှင့်လည်း ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးနိုင်ပါသည်။ 

၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့ (Golden Plain Livelihood Development Services Co-op Ltd) က သီးနှံသစ်တောရောနှော စိုက်ပျိုးရေးပညာ လက်မှတ်ရသင်တန်း (Agroforestry Certificate Course)၊ အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ လက်မှတ်ရသင်တန်း (Basic Agricultural Science Certificate Course – Level 1)၊ အခြေခံမွေးမြူရေး အာဟာရဓာတ်ပညာ လက်မှတ်ရသင်တန်း (Basic Animal Nutrition Certificate Course Level – 1: Batch-1) အခြေခံအဆင့် (၁)၊ အမှတ်စဉ် (၁)များကို မြန်မာလိုသင်ကြားသည့်စနစ်၊ မြန်မာစာသင်ခန်းစာများဖြင့် အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။

ယခု ၂၀၂၃-ခုနှစ် တွင် အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ လက်မှတ်ရသင်တန်း၊  အမှတ်စဉ် (၂) (Batch-2) ကို ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း၊ အခြေခံပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာ (Basic Environmental Conservation Certificate Course Level-1) လက်မှတ်ရသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၃-ခုနှစ် မတ်လ ၃ ရက်နေ့တွင်လည်းကောင်း ဆက်လက်ဖွင့်လှစ်ပေးသွားဖို့ ရှိပါသည်။

သီးနှံသစ်တောရောနှော စိုက်ပျိုးရေးပညာ လက်မှတ်ရသင်တန်းနှင့် အခြေခံမွေးမြူရေး အာဟာရဓာတ်ပညာ လက်မှတ်ရသင်တန်း အမှတ်စဉ် (၂)တို့နှင့်အတူ တောင်သူလိုအပ်ချက်နှင့် အံဝင်ခွင်ကျ စီမံထားသော သင်တန်းများ (Tailor-Made Training or Demand-driven Training) အရ ခေတ်မီ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်း (Modern Mung Bean Production Technology)၊ တီကျစ်စာ မြေဩဇာထုတ်လုပ်ရေး (Vermiculture and Vermicompost Production)၊ လယ်ယာမြေစီးပွားရေးစီမံခန့်ခွဲမှုပညာ (Farm Management)၊ စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း (Agro-Tourism and Eco-Tourism)၊ နို့စားနွားမွေးမြူရေး (Dairy Catlle Husbandry and Management)၊ ဆိတ်မွေးမြူရေး (Goat Husbandry)၊ ဝက်မွေးမြူရေး (Pig Husbandry)၊ ကြက်မွေးမြူရေး (Poultry Production)၊ ပျားမွေးမြူရေး (Bee-Keeping)  စသည့် သင်တန်းများကိုလည်း ၂၀၂၃ ခုနှစ်အတွင်း ဆက်တိုက်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားရှိပါသည်။  

အခြေခံစိုက်ပျိုးရေးပညာ သင်တန်းအမှတ်စဉ် ၂ မှာ ပါဝင်သော သင်ခန်းစာများမှာ စိုက်ပျိုးရေးပညာမိတ်ဆက်၊ အပင်ကြီးထွားမှု၊ အပင်နှင့်ပတ်ဝန်းကျင်များ၊ အပင်နှင့်မြေဆီလွှာ၊ သဘာဝနှင့်ဓာတ်မြေသြဇာ၊ အပင်နှင့်ရေ၊ လယ်ယာသီးနှံပညာ၊ နှံစားသီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ခြင်း၊ စားကျက်သီးနှံများ၊ စိုက်ပျိုးရေးမိုးလေဝသ၊ ဥယျာဉ်ခြံသီးနှံပညာများ၊ မျိုးစေ့သိပ္ပံပညာ၊ အပင်ကာကွယ်နှိမ်နှင်းခြင်း၊ စိုက်ပျိုးစီးပွားရေးပညာ၊ လယ်ယာမြေစီမံခန့်ခွဲခြင်း၊ မွေးမြူရေးသိပ္ပံပညာ၊ စိုက်ပျိုးရေးအင်ဂျင်နီယာ၊ စိုက်ပျိုးပညာပေးရေး၊ စိုက်ပျိုးနှင့်ခရီးသွားလုပ်ငန်း၊ ငါး၊ ပုစွန်နှင့် ရေလုပ်ငန်းပညာ စသည်တို့ဖြစ်ပါသည်။ ထိုသင်တန်းများကိုကျွန်တော်အပါအဝင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဆရာကြီးဒေါက်တာတင်ငွေ၊ ဆရာကြီး ဦးရန်လင်း၊ ဒေါက်တာထက်ကြူ၊ ဦးခွန်အေးနိုင် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန)၊ ဦးစိုးဝင်း၊ ဦးစောဟဲမို့၊ ဒေါ်ညိုညိုအောင်၊ ဒေါ်သန်းသန်းဌေး၊ ဒေါ်ဝါဝါရှိန်၊ ဒေါ်ခင်သိန်းထွေး၊ ဒေါ်အေးအေးငြိမ်း၊ ဒေါက်တာဝါဝါထွန်း၊ ဒေါက်တာမေဦးခိုင်၊ ဒေါက်တာသင်းနွယ်ထွေးတို့မှ သင်ကြားပေးပါမည်။ 

မွေးမြူရေးအာဟာရဗေဒသင်တန်းတွင် လယ်ယာလုပ်ငန်းအတွက် မွေးမြူထားသော တိရစ္ဆာန်များ (Farm Animals)နှင့် ၎င်းတို့၏ အစားအစာများ မိတ်ဆက်၊ ကာဗိုဟိုက်ဒြိတ်၊ (Carbohydrate) လစ်ပစ် (Lipid)၊ ပရိုတင်း (Protein)၊ ဗီတာမင် (Vitamins) နှင့် ဓာတ်သတ္တုများ (Minerals) အကြောင်း၊ အင်ဇိုင်းများနှင့် အစာချေဖျက်ခြင်း၊ မြက်၊ မြက်ချဉ်ဖတ်နှင့် တိရစ္ဆာန်အစာများ၊ စားကျက်ပဲ၊ စားကျက်မြက်များ စိုက်ပျိုးပြုစုစောင့်ရှောက်ခြင်း၊  ကျွဲ၊ နွား အာဟာရဓာတ်နှင့် ကျွေးမွေးခြင်း၊ ဆိတ်အာဟာရဓာတ်နှင့် ကျွေးမွေးခြင်း၊ ကြက်၊ ဝက်အာဟာရဓာတ်နှင့် ကျွေးမွေးခြင်း စသည်တို့ပါဝင်ပါသည်။ ဤသင်တန်းကို ဆရာကြီးဒေါက်တာတင်ငွေ အပါအဝင်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ အငြိမ်းစားဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နွဲ့နွဲ့ထင်၊ ဒေါက်တာနှင်းရီစိုး၊ ဒေါက်တာအေးစန္ဒာချို၊ ဒေါက်တာနေနိုင်ထူးတို့မှ သင်ကြားပို့ချပေးပါမည်။

၂၀၂၃ ခုနှစ်မတ်လ (၃) ရက်နေ့တွင်ဖွင့်လှစ်မည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာ သင်တန်းတွင် ဂေဟစနစ်ဝန်ဆောင်မှုများ၊ သဘာဝ သယံဇာတ အရင်းအမြစ်များ၊ သဘာဝဘေးအန္တရာယ်များ၊ သစ်တောပြုန်းတီးမှု၊ သစ်တောအဆင့်အတန်း ကျဆင်းခြင်းနှင့် သစ်တောစီမံမှု ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ခြင်း၊ ရေမြေသန့်ရှင်းမှုကို အစဉ်သတိပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် ဆိုးကျိုးများလျော့နည်းစေရန် စီမံခန့်ခွဲမှုများပြုလုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် ဆိုးကျိုးများလျော့နည်းစေရန် စီမံခန့်ခွဲမှုများ၊ ရာသီဥတုပြောင်းလဲခြင်း၊ စွန့်ပစ်ပစ္စည်းစီမံမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA)၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုများ စသည်တို့ဖြစ်ပါသည်။ ဤသင်တန်းကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ အငြိမ်းစားပါမောက္ခချုပ်၊ ဆရာကြီး ဒေါက်တာစန်းဝင်း၊ ကျန်းမာရေးဦးစီးဌာန အငြိမ်းစားညွန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်၊ ဆရာကြီးဒေါက်တာတင်ငွေ၊ ဇီဝမျိုးစုံမျိုးကွဲ ပညာရှင်  ဒေါက်တာ သိန်းအောင်၊ ပတ်ဝန်းကျင်ပညာရေးလုပ်ငန်း (Environmental Education) ကျွမ်းကျင်သူ  ဦးစည်သူလွင်၊ မြေဆီလွာပညာရှင် ဒေါက်တာထက်ကြူနှင့် ဒေါက်တာစုစုဝင်း၊ သစ်တောပညာရှင် ဦးရဲခေါင်၊ ဒေါ်ညိုညိုအောင်၊ ဒေါ်အေးအေးငြိမ်း၊ ဒေါက်တာမေဦးခိုင်နှင့်ကျွန်တော်တို့ သင်ကြားဆွေးနွေးပေးပါမည်။ သီးနှံသစ်တောရောနှောသင်တန်း (Agroforestry) ကိုလည်း ဆရာကြီး ‌ဒေါက်တာစန်းဝင်း၊ ကျွန်တော်နှင့် ဒေါက်တာသင်းနွယ်ထွေးတို့က ဆက်လက် သင်ကြားဆွေးနွေးပေးပါမည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရန် တစ်ထောင့်တနေရာမှ ကျွန်တော်တို့အဖွဲ့ အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ကြိုးစားနေပါသည်။ ကျန်အဖွဲ့ အခြားစိုက်ပျိုး၊ မွေးမြူရေး ပညာရှင်များကလည်း စိုက်ပျိုး၊ မွေးမြူရေးပညာများကို အဝေးမှနေ (Online and Distance Teaching) သင်တန်းပေါင်းစုံ အပြိုင်အဆိုင်ပေးနေတာ တွေ့မြင်နေရပါသည်။ 

နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်ပေမဲ့ နှမ်းလုံးပေါင်းများလာရင်တော့.....

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်