အမေရိကန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ

06/03/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (65)  Agricultural Universities in USA 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၅) အမေရိကန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ   

ကျွန်တော်တို့အဖွဲ့သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ပြည်လေ့လာရေးခရီးစဉ်၌ အမေရိကန်နိုင်ငံရှိ ကော်နယ်တက္ကသိုလ် (Cornell University)၊ အင်ဒီယားနားတက္ကသိုလ် (Indiana University)နှင့် ပါဒူးတက္ကသိုလ် (Purdue University) များကို လေ့လာခဲ့ရပါသည်။

 ကော်နယ်တက္ကသိုလ် (Cornell University) သည် ၂၀၂၂ ခုနှစ်၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် နံပါတ် (၄) ဖြစ်ပါသည်။ 

နယူးယောက်မြို့ဟုပြောသော်လည်း မိုင် ၂၀၀ ကျော်ဝေးသော အစ်သာကာမြို့ (Ithaca) တွင်ရှိ၍ မြို့လယ်ခေါင်မှနေ၍ ၄ နာရီခန့် ကားစီးရပါသည်။ ကော်နယ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၁၉၉၄-ဘွဲ့ရ ဒေါက်တာခင်မာချိုက ဦးဆောင်ခေါ်ယူသွားခြင်း ဖြစ်ပါသည်။

 

ပုံ - ၁  ကော်နယ်တက္ကသိုလ်မြင်ကွင်း

ဤတက္ကသိုလ်ကို ၁၈၆၅ ခုနှစ်တွင် အီဇာရာကော်နယ် (Ezra Cornell) နှင့် အင်ဒရူးဒစ်ဆင်ဝှိုက် (Andrew Dickson White) တို့က စတင်ထူထောင်ခဲ့ပါသည်။ ပုဂ္ဂလိကနှစ်ဦးက စတင်ထူထောင်ခဲ့သော်လည်း ယခုတွင် အများပြည်သူတက္ကသိုလ်   (Public University) တစ်ခုဖြစ်ပါသည်။

ဤတက္ကသိုလ်သည် နယူးယောက်ပြည်နယ် (New York State) ၏ မြေငှားအသုံးပြုနိုင်သော တက္ကသိုလ် (Land Grant University) ဖြစ်ပါသည်။ တက္ကသိုလ်ပိုင် မြေဧက ၄၈၀၀ ကျော်မှ အများစုကို မြေအငှားချထား၍ တက္ကသိုလ်ဝင်ငွေများစွာ ရရှိနေပါသည်။ (မြန်မာနိုင်ငံအတွက် အားကျအတုယူစရာပါ)

ကောလိပ်နှင့် အဆင့်မြင့်ပညာကျောင်း (Colleges and Schools) ပေါင်း ၁၆ ကျောင်းရှိရာတွင် ဘွဲ့ကြိုသင်တန်း ၉ ခုနှင့် ဘွဲ့လွန်သင်တန်း ၄ ခုသည် အစ်သာကာမြို့တွင်ရှိပြီး ဆေးပညာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း ၂ ခုသည် နယူးယောက်မြို့ထဲနှင့် ကာတာနိုင်ငံ၊ ဒိုဟာမြို့ (Doha, Qatar)တွင် နယ်မြေခွဲ (One campus) တစ်ခုရှိပါသည်။ 

စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များနှင့်ဆိုင်သောကောလိပ်မှာ စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိသိပ္ပံများကောလိပ် (Colleges of Agriculture and Life Sciences) ဖြစ်ပါသည်။ 

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် ဌာန (Department) ၁၆ ခု၊ အဆင့်မြင့်ကျောင်း (School) ၂ ကျောင်းရှိပြီး ဤကောလိပ်တစ်ခုတည်းမှပင် ဘွဲ့ဒီဂရီအမျိုးအစားပေါင်း ၂၀ ကျော် ချီးမြှင့်ပေးအပ်ပါသည်။ 

ဌာနများမှာ -

  • (၁) မွေးမြူရေးသိပ္ပံဌာန (Department of Animal Science)
  • (၂) ဇီဝနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပညာဌာန (Department of Biological and Environmental Engineering)
  • (၃) တွက်ချက်မှုဆိုင်ရာ ဇီဝဗေဒဌာန (Department of Computational Biology)
  • (၄) ဆက်သွယ်ရေးပညာဌာန (Department of Communication)
  • (၅) မြေထုနှင့် လေထုသိပ္ပံပညာဌာန (Department of Earth and Atmospheric Sciences)
  • (၆) ဂေဟဗေဒနှင့် ဆင့်ကဲဖြစ်စဉ်နှင့်ဆိုင်သော ဇီဝဗေဒဌာန (Department of Ecology and Evolutional Biology)
  • (၇) ကိမိလဗေဒဌာန (Department of Entomology)
  • (၈) အစားအသောက်သိပ္ပံဌာန (Department of Food Science)
  • (၉) အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of Global Development)
  • (၁၀) မြေယာအလှပြုပြင်မှုဌာန (Department of Landscape Architecture)
  • (၁၁) အဏုဇီဝဗေဒဌာန (Department of Microbiology)
  • (၁၂) မော်လီကျူးဆိုင်ရာဇီဝဗေဒနှင့် ဗီဇဗေဒဌာန (Department of Molecular Biology and Genetics)
  • (၁၃) သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ပညာဌာန (Department of Natural Resources and the Environment)
  • (၁၄) အာရုံကြောဆိုင်ရာဇီဝဗေဒနှင့် အမူအကျင့်ဆိုင်ရာသိပ္ပံပညာ (Department of Neurobiology and Behavior)
  • (၁၅) အာဟာရဆိုင်ရာ သိပ္ပံပညာဌာန (Department of Nutritional Science)
  • (၁၆) စာရင်းအင်းပညာနှင့် အချက်အလက်သိပ္ပံဌာန (Department of Statistics and Data Science) စသည်တို့ဖြစ်ပါသည်။ 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဘာသာရပ်အများစုနှင့် သက်ဆိုင်သည်မှာ စုပေါင်းအပင်သိပ္ပံပညာအဆင့်မြင့်ကျောင်း (School of Integrative Plant Sciences) တွင် ရှိပါသည်။ 

ဌာနစိတ်များ အနေဖြင့်

  • (က) ဥယျာဉ်ခြံသီးနှံဌာနစိတ် (Horticulture Section)
  • (ခ) အပင်ဇီဝဗေဒဌာနစိတ် (Plant Biology Section)
  • (ဂ) အပင်မျိုးမွေးမြူရေးနှင့် ဗီဇဗေဒဌာနစိတ် (Plant Breeding and Genetics Section)
  • (ဃ) အပင်ရောဂါဗေဒနှင့် အဏုဇီဝဗေဒဌာနစိတ် (Plant Pathology and Molecular Biology Section)
  • (င) မြေဆီလွှာနှင့် သီးနှံသိပ္ပံများဌာနစိတ် (Soil and Plant Science Section) စသည်တို့ဖြစ်ပါသည်။ 

စိုက်ပျိုးစီးပွားပညာ (Agricultural Economics)၏ အသုံးချဘောဂဗေဒ (Applied Economics) သည် ဂျွန်ဆွန် စီးပွားရေးပညာကောလိပ် (Cornell SC Johnson College of Business)၏ ကြီးကြပ်မှုအောက်တွင်ရှိပါသည်။ ဤကောလိပ်တွင် ကမ္ဘာကျော် ပီတာနှင့် စတက်ဖီနိုလန်၏ ဟိုတယ်စီမံခန့်ခွဲမှု အဆင့်မြင့်သင်တန်းကျောင်း (Peter and Stephanie Nolan Scholl of Hotel Administration)၊ ချားလ်ဒိုင်ဆွန်၏ အသုံးချစီးပွားရေးနှင့် စီမံခန့်ခွဲမှု အဆင့်မြင့်သင်တန်းကျောင်း (Charles H. Dyson School of Applied Economics and management) နှင့် ဆင်မြူရယ်ကားတစ်ဂျွန်ဆင်၏ စီမံခန့်ခွဲမှု ဘွဲ့လွန်အဆင့်မြင့်သင်တန်းကျောင်း (Samuel Curtis Johnson Graduate School of Management) တို့ ရှိပါသည်။

ဒေါက်တာခင်မာချို၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံရှိ ပြည်နယ်တိုင်းများကို မြေအငှားချထားပေးသော တက္ကသိုလ်သည် (Land Grant University) ဥပဒေအရ တစ်ခုစီပဲရှိပြီး ပြည်နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူကုသရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် အာဟာရဓာတ်ဖြည့်တင်းရေးပညာ (Nutrition)၊ သက်ရှိသိပ္ပံပညာ (Life Sciences) တို့ကို ပြည်နယ်အတွင်း အကောင်းဆုံးသင်ပေးပါသည်။ ဤဘာသာရပ်များသည် မိမိပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများကို ဦးစားပေးသင်ကြားနေသော တက္ကသိုလ်များဖြစ်ပါသည်။ ဥပမာ နယူးယောက်ပြည်နယ်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၀၀ ကျော်ရှိသော်လည်း ကော်နယ်သာလျှင် မြေအငှား ချထားပေးသော တက္ကသိုလ် (Land Grant University) ဖြစ်ပါသည်။ မစ်ရှိကန်ပြည်နယ်တွင်လည်း မစ်ရှိကန်တက္ကသိုလ် (Michigan State University - MSU) တစ်ကျောင်းတည်းသာလျှင် မြေအငှားချထားပေးသော တက္ကသိုလ် (Land Grant University) ဖြစ်ပါသည်။ 

(အမေရိကန်နိုင်ငံတစ်ခုလုံးတွင် ပြည်နယ်ပေါင်း ၅၁ ခုရှိပါသည်။)

ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ကော်နယ်တက္ကသိုလ်တို့မှ ဘွဲ့ရသောကျောင်းသားဟောင်းများသည် သူတို့၏နိုင်ငံတွင် ကော်နယ်စတိုင်ကျောင်းများ ထူထောင်ကြရာ ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားညို့စ် (ယူပီလယ်ဘီ) (University of Philippines, Los Banos -  UPLB)  (အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ် -  ၆၃ တွင်ကြည့်ပါ)  နှင့် ထိုင်းနိုင်ငံဘန်ကောက်ရှိ ကက်ဆက်ဆတ် တက္ကသိုလ် (Katsetsart University, Bangkok, Thailand - KU) (အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ် -  ၅၈ တွင်ကြည့်ပါ)  များတို့သည် ကော်နယ်စတိုင်ဖြင့် သူတို့နိုင်ငံအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် တိရစ္ဆာန်ကုသရေးပညာရှင်များ မွေးထုတ်ပေးနေပါသည်။

အမေရိကန်စတိုင်၊ ကော်နယ်စတိုင် ဆိုသည်များသည် သင်ကြားရေး (Teaching or Education)၊ သုတေသန (Research)၊ တောင်သူ ပညာပေးရေး (Extension/Services for Farmers) အတွက် တက္ကသိုလ်များသည် ပြည်နယ်တိုင်းရှိ တောင်သူလယ်သမား၊ မွေးမြူရေးသမားများနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြဿနာ (Problems) ပေါင်းစုံ၊ အခက်အခဲ(Constraints) ပေါင်းစုံ၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ် (New Cultivars) နှင့် နည်းပညာအသစ် (New Technology) မျိုးစုံတို့ကို အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA – United State Department of Agriculture) နှင့် ပူးတွဲအဖြေရှာ ဖော်ထုတ်ပေးနေခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုမှာ တောင်သူပညာပေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာနလိုမျိုးဌာနမှ လုပ်ဆောင်ပါသည်။  အမေရိကန် (Land Grant University) များသည် သူတို့ပြည်နယ်များရှိ တောင်သူများ၊ သူတို့၏သားသမီးများ၏ ဖိုး-အိပ်ဂျပ်အစုအဖွဲ့ (4-H Club) လို အသင်းအဖွဲ့မျိုးက  ခေါင်းဆောင်နိုင်မှုစွမ်းရည် (Leadership Skill)၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး (Youth Development) စသည့် အစီအစဉ်များကို ကော်နယ်တက္ကသိုလ်ရှိပါမောက္ခများမှ သင်ကြား၊ လေ့ကျင့်ပေးပြီး တက္ကသိုလ်များမှပင် တာဝန်ယူလုပ်ဆောင်ပါသည်။

ပြည်သူများ၊ တောင်သူလယ်သမားများနှင့် တိုက်ရိုက်တွေ့ဆုံရန်အတွက် တက္ကသိုလ်ဝက်ဘ်ဆိုက် (University Website main page) ထဲတွင် ပြည်သူပြည်သားများနှင့် ထိတွေ့ဆက်ဆံမှုကဏ္ဍ(Public Relation Section) ပါရှိပါသည်။ ထိုအထဲမှာမှ ကော်နယ်သမဝါယမတောင်သူပညာပေး  (Cornell University  Cooperative Extension  ) အဖွဲ့သည် နယူးယောက်ပြည်နယ်သားများအတွက် အားရစရာဖြစ်သည်။ အမေရိကန်နိုင်ငံတွင် သမဝါယမစနစ်ကို အောင်မြင်အောင်ကျင့်သုံးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ 

 

ပုံ ၂ - နယူးယောက်ပြည်နယ် ဒေသ၊ ကောင်တီ (County) များရှိ ရုံးနေရာများ

 

ပုံ - ၃  ကော်နယ်တက္ကသိုလ်၏ နယူးယောက် ဆူလီဗန်ဒေသ ဂါရယ်ဂျီ စကိုဒါ တောင်သူပညာပေးရုံး

ဤအဖွဲ့မှနေ၍ သူတို့နှင့်ဆက်သွယ်ရန် ဖုန်းနံပါတ် (Contact Phone Numbers) ၊ နယူးယောက်ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများ၏ ဒေသဆိုင်ရာရုံးလိပ်စာများ (Local Office Addresses of Cornell University Cooperative Extension) ၊ ကူညီနိုင်မည့်နည်းလမ်းများ (Strategy to assist Farmers in NY State ၊ အဝေးသင် လက်မှတ်ရသင်တန်းများ (Varieties of Online Certificate Courses)၊ တောင်သူများနှင့် တွေ့ဆုံပွဲများ (Farmer Filed Days)၊ သရုပ်ပြကွက်များဖြင့် ရှင်းလင်းပြောကြားခြင်း (Explanation of Demonstration Plots)  စသည်ဖြင့် စုံလင်လှပါသည်။  အိန္ဒိယနိုင်ငံတွင်လည်း တောင်သူပညာပေးလုပ်ငန်းသည် စုပေါင်းရုံး တစ်ရုံးတည်းဖြစ်ပြီး တောင်သူများအနေဖြင့် ကျွန်တော်တို့နိုင်ငံကဲ့သို့ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် စသည်တို့တွင် ရုံးများစွာ သွားရောက်ရန် မလိုအပ်တော့ပါ (အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ် -  ၆၁ တွင်ကြည့်ပါ) ။  

ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိရာများကို အတုယူပြီး တောင်သူများ အသိဉာဏ်ဖွံ့ဖြိုးလာ၍ ဝင်ငွေတိုးတက်လာအောင် ဝိုင်းဝန်း အဖြေရှာကြပါစို့ ဟူ၍ တိုက်တွန်းအပ်ပါသည်။ 

(တက္ကသိုလ်အကြောင်းကို ရှင်းလင်းပြောကြားပြသပေးသော ဒေါက်တာခင်မာချိုအား အထူးကျေးဇူးတင်ရှိပါသည်။)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်