ပဲမျိုးရင်းဝင်သစ်ပင်နှင့် ချုံပင်များ (အပိုင်း-၁)

15/05/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (72)  Tree Legumes and Legume Bushs/Shrubs (Part – 1) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၂) 

ကျွန်တော်တို့အဖွဲ့သည် တပ်ကုန်းမြို့နယ်ထဲတွင် သီးနှံသစ်တောရောနှောစံပြစိုက်ခင်း (Agroforestry Model Farm) အတွက် စိုက်ပျိုးအသိပညာပေးရင်း စိုက်ပျိုးပြသပေးမည့် နောက်တစ်ပင်မှာ မြေနိမ့်ချယ်ရီ (Gliricidia sepium) အပင်ဖြစ်ပါသည်။

ပထမဆုံး စိုက်ပျိုး၊မွေးမြူရေးတွင် ပဲမျိုးနွယ်ပင်များ (Legumes)  အရေးပါပုံကို အရင်ဆွေးနွေးရအောင်ပါ။

ဤအပင်များသည်စိုက်ပျိုးမွေးမြူရေးတွင် ရှေးပဝေသဏီကတည်းက အသုံးပြုနေသော အပင်များဖြစ်ပါသည်။ အာဟာရဓာတ်တစ်ခုဖြစ်သော ပရိုတင်း (Proteins) မှာ နှံစားသီးနှံများ (Cereals) ထက် ပဲမျိုးစုံ (Peas and Beans, Pulses, Food Legumes and Forage Legumes) သီးနှံများက ၂-၃ ဆ ပို၍ပါဝင်ပါသည်။ ကမ္ဘာပေါ်တွင် ပဲမျိုးနွယ်ဝင်အပင်များသည် တတိယအများဆုံး ပန်းပွင့်ပေးသော အပင်များ (Third Largest Flowering Plants) ဖြစ်ပြီး မျိုးစု (Genus) ပေါင်း ၆၅၀ ကျော် မျိုးစိတ် (Species) ပေါင်း ၁၈၀၀၀ ကျော်ရှိသော မျိုးရင်း (Big Family) ကြီးဖြစ်သည်။ 

စိုက်ပျိုးထုတ်လုပ်ရေးတွင် နိုက်ထရိုဂျင် (Nitrogen) သည် အလိုအပ်ဆုံး အာဟာရဓာတ် (The most Limiting Element/Nutrient) ဖြစ်ပြီး ဤလိုအပ်ချက်ကို အပင်များအတွက် နည်းလမ်း ၄ မျိုးဖြင့် ရရှိနိုင်ပါသည်။

  • (က) မြေဆီလွာဩဂဲနစ်ဓာတ်ပစ္စည်းများ ပြိုကွဲမှုမှရရှိနိုင်ခြင်း (N from Mineralization of Soil Organic Matter)
  • (ခ) နိုက်ထရိုဂျင်ပါဝင်သော ဓာတ်မြေဩဇာများမှရရှိနိုင်ခြင်း (N from Nitrogenous Chemical Fertilizers)
  • (ဂ) ပဲမျိုးရင်းဝင်အပင်များ၌ရှိနေသော အကျိုးပြုဘက်တီးရီးယားများက လေထဲမှနိုက်ထရိုဂျင်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးခြင်း (N from Biological Nitrogen Fixation in Legumes)
  • (ဃ) အပူပိုင်းမြက်များရှိ အနုဇီဝပိုးများက နိုက်ထရိုဂျင်ဖမ်းယူပေးခြင်း  (N from Organization Associated with Tropical Grasses) စသည်တို့ဖြစ်ပါသည်။ 

ဩစတေးလျနိုင်ငံတွင် ၁၉၈၈ ခုနှစ်က နိုက်ထရိုဂျင်ဓာတ်မြေဩဇာပေါင်း ၃၅၀၀၀ တန် အသုံးပြုနေချိန်တွင် ဇီဝနည်းဖြင့်နိုက်ထရိုဂျင်ဖမ်းယူနည်း (Biological Nitrogen Fixation) အရ ၁.၂ သန်းတန်ချိန် ဖမ်းယူရရှိသည်ဟူ၍ သုတေသနပြုချက်မှ တွေ့ရှိခဲ့ရပါသည်။ အထွက်ကောင်းပြီး ကြီးထွားနှုန်းကောင်းတဲ့ ပဲမျိုးနွယ်ပင်မျိုးသည် တစ်ဟက်တာလျှင် တစ်နှစ်ကို နိုက်ထရိုဂျင် ၅၀၀ တန် အထိ လေထဲမှဖမ်းယူပေးနိုင်ပါသည်။ 

ယခင်က ပဲမျိုးရင်းဝင်သစ်ပင်များ (Tree Legumes) ကို သစ်တောနှင့်စိုက်ပျိုးရေး  ခွဲခြားမရ၍ သုတေသနပညာရှင်တော်တော်များများက လေ့လာမှု မလုပ်ဘဲပစ်ထားခဲ့ပါသည်။ သို့ရာတွင် ယခုတွင်တော့ ဤအပင်များစိုက်ပျိုးပေးခြင်းအားဖြင့် အဓိကအားသာသော အချက်များမှာ -

  • (၁) သက်တန်းရှည်၍ ထိန်းသိမ်းရာတွင် အခက်အခဲမရှိပါ။ သို့ဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲမှုရှိပါသည်။ (Long-Live and Low maintenance, enhance sustainability of Farming System)။
  • (၂) အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစားအစာဖြစ်ပါသည် (Provide High Quality Forages for feeding Livestock)။
  • (၃) အမြစ်နက်နက်ဆင်းနိုင်၍ တောင်စောင်းမြေများစိုက်ပျိုးရာတွင် မြေဆီလွာတိုက်စားမှုကာကွယ်ရန် အလွန်သင့်တော်ပါသည် (Stabilize sloping lands against erosion because of their deep-rooted habit)။
  • (၄) သီးနှံစိုက်ပျိုးစနစ်တွင် နိုက်ထရိုဂျင်များစွာဖြည့်တင်းပေးနိုင်သော မြေဖုံးသီးနှံဖြစ်ပါသည် (Supply N-rich Mulch for Cropping System)။
  • (၅) ပတ်ဝန်းကျင်ဆိုးရွားသော ဆားပေါက်မြေ၊ မိုးခေါင်ရေရှားဒေသများအတွက် အလွန်အသုံးဝင်ပါသည် (Can be used to rehabilitate adverse environments e.g. Saline or Arid Locations)။
  • (၆) ကျေးလက်လူထုအတွက် သစ်အစားထိုးနှင့် ထင်းအဖြစ်အသုံးဝင်ပါသည် (Provide a source of Timber and Firewood)။
  • (၇) ခြံစည်းရိုးပင်အဖြစ်လည်းကောင်း၊ နှစ်ရှည်ပင်များအတွက် အရိပ်ပင်နှင့် နွယ်တက်သောစိုက်ပျိုးပင် များအတွက်စင်အဖြစ်လည်းကောင်း အထောက်အပံ့ဖြစ်စေခြင်း(used in farming Systems as Living fences, as shade trees for plantation Crops, as living trellises for climbing crops) စသည့်ကောင်းကျိုးများကြောင့် တစ်ကမ္ဘာလုံး များပြားစွာသုတေသနပြု အသုံးပြုလာပြီဖြစ်သည်။

(က) ပထမဦးစွာ တိရစ္ဆာန်အစားအစာ (Animal Feeds) အဖြစ် အသုံးပြုပုံကို ကြည့်ကြရအောင်ပါ။

တိရစ္ဆာန်တို့ကိုလွှတ်ကျောင်းရာတွင် ဘာသာရပ်ဆိုင်ရာအသုံးအနှုန်း(Terminology) ၂ ခု ရှိပါသည်၊

• (Grazing) တိရစ္ဆာန်များက မြက် (Grass)၊ ပဲများ (Legumes) ကို စားကျက်မြေ (Pasture Land) တွင် သူ့အလိုအလျောက် ဆွဲယူစားသုံးခြင်း ဥပမာ - နွား၊ ကျွဲ။

• (Browsing) တိရစ္ဆာန်များက သစ်ပင် (Tree)၊ ခြုံပင် (Shrub) များရှိ  အရွက် (Leaf)၊ အညွန့်နု (Soft Shoot)၊ အဖူး (Bud)၊ ပင်စည်ငယ်စဉ်အခြေအနေ (Small Stem) များကို သူ့အလိုအလျောက် ဆွဲယူစားသုံးခြင်း ဥပမာ - ဆိတ်။

အာဖရိကတိုက်၏ တိရစ္ဆာန်အစာ ၇၅ ရာခိုင်နှုန်းမှာ သစ်ပင်၊ ခြုံပင်များ ဖြစ်ပါသည်။ အစာအာဟာရ အရည်အသွေးမှာ အကောင်းဆုံး ဘောစကိုင်းပင် (Leucaena leucocephala) (မီမိုဆင်း - Mimosine  များစွာ ပါဝင်မှု၊ အဆိတ်အတောက်ဖြစ်မှု - Toxicity ကိုတော့ထိန်းသိမ်းရပါမည်) မှ အညံ့ဆုံး ဩစတေလျ အကေးရှားမျိုးများ (most Australian Acacia species) အထိရှိပါသည်၊ အရည်အသွေးညံ့ရခြင်းမှာ တင်နင် (Tannins) ပါဝင်မှုများ၍ တိရစ္ဆာန်များအစာကြေညက်နိုင်မှု (Digestibility) အားနည်းသွားနိုင်သည်။

(ခ) ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ခြင်း (Tree Legumes for Fuel Woods) သုတေသန ပြုလုပ်ချက်အရ တစ်ကမ္ဘာလုံး သစ်တောသစ်ပင်များ နှစ်စဉ်ခုတ်ယူမှု၏ တစ်ဝက်ကျော်ကျော်မှာ ချက်ပြုတ်ရန် (Cooking) နှင့် ဆောင်းတွင်းအပူပေးရန်  (Heating) တို့အတွက်သုံးစွဲနေရသည်ကို တွေ့ရှိနေရပါသည်။ ပဲမျိုးနွယ် သစ်ပင်ကြီးများ သုံးစွဲမှုသည် နှစ်စဉ် ပိုမိုတိုးတက်လာရခြင်းအကြောင်းမှာ 

* အကြီးမြန်ခြင်း (Rapid Growth)

* လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်စွမ်းရှိခြင်း (Nitrogen Fixing Ability)

* စိုက်ခင်းစတင်တည်ထောင်ရန်လွယ်ကူခြင်း (East of establishment)

* အချိန်တိုအတွင်း သစ်တော၊ ခြုံနွယ်ဖြစ်သွားခြင်း (Ability to coppice)

* ကယ်လိုရီတန်ဖိုးမြင့်သော သစ်ပင်များဖြစ်ခြင်း (Wood of High Calorific Value)

* မီးရှို့လျှင် အဆိပ်အတောက်ဓာတ်ပစ္စည်းများမထွက်ခြင်း (Wood which burns without sparks or toxic smoke)

* ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းနိုင်ခြင်း (Ability to grow well in a wide range of environments including difficult sites)

* အခြေအနေအရ အမျိုးမျိုးသုံးစွဲနိုင်ခြင်း (Multipurpose Nature) စသည်တို့ဖြစ်ပါသည်။ 

(ဂ) ပဲမျိုးနွယ်ပင်သစ်ပင်ကြီးများစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုကာကွယ်ပေးနိုင်ခြင်း (Tree Legumes and Environmental Conservation) လူသားများနှင့်တိရစ္ဆာန်များ၏ လိုအပ်သည်ထက်ပို၍ အမြတ်ထုတ်မှုကြောင့် သစ်ပင်ကြီးများ ခြုံပင်များ ပျက်စီးကာ လွင်တီးခေါင်ပြင်၊ သဲကန္တာရ များဖြစ်ပေါ်နေပါသည်။ သစ်ပင်များမရှိ၍ မိုးခေါင်ပြီး ရာသီဥတုဖောက်ပြန်ခြင်းကို အကြီးမြန်သောပဲမျိုးရင်းဝင်အပင်များစွာ စိုက်ပျိုးပေးခြင်းဖြင့် ထိန်းသိမ်းပေးနိုင်ပါလိမ့်မည်။ တစ်ဖန်တောင်စောင်းများသည် မြေဆီလွှာ တိုက်စားခြင်းကိုလည်း ပဲမျိုးနွယ်ပင်၏ အမြစ်များက မြေဆီလွှာဆုံးရှုံးမှု မဖြစ်အောင် ကုပ်တွယ်ပေးထားပါလိမ့်မည်။ တောင်စောင်းဒေသစိုက်ပျိုးနည်းပညာ (Sloping Agricultural Land Technology - SALT) ဖြင့်လည်း ပဲမျိုးနွယ်သစ်ပင်ကြီးများကို စိုက်ပျိုးပြီး ကြားဝင်ငွေရ သီးနှံများစွာကို စိုက်ပျိုးနိုင်ပါသည်။

အများဆုံးအသုံးပြုသော ပဲမျိုးနွယ် သစ်ပင်များမှာ

  • (၁) ဘောစကိုင်း (ခေါ်) အဝေရာပင် - လူကေးနား (Leucaena leucocephala ) ဖြစ်ပါသည်၊ (နောက်ဆောင်းပါးတွင်မှရေးပါမည်)
  • (၂) ကျွန်တော်တို့ သီးနှံသစ်တောစိုက်ခင်းတွင် အသုံးပြုမည့် မြေနိမ့်ချယ်ရီ (Gliricidia sepium) အပင် ဖြစ်ပါသည်။

ပုံ ၁ - မြေနိမ့်ချယ်ရီ

ဤအပင်သည် အလယ်အလတ်တန်းစားသစ်ပင် (Medium-sized Tree) ဖြစ်ပြီး အပင်အမြင့် ၃၀-၃၅ ပေခန့်ရှိနိုင်ပါသည်။ အကြီးမြန်ပြီး နိုက်ထရိုဂျင်ဖမ်းယူပေးသော အပင်ဖြစ်ရုံမက ကိုမာရင်ဓာတ် (Coumarin)  အနံ့ဆိုးကြောင့် ခြင်ပြေးစေသော (Mosquito Repellent Plant)  အပင်ဖြစ်ပါသည်။ ဤအပင်၏ အရွက်ထွက်နှုန်းမှာ ဘောစကိုင်းထက်ပိုပါသည်။ ဤအပင်၏ အားသာချက်နောက်တစ်ခုမှာ ဆစ်လစ်ဖျက်ပိုး (Complete resistance to defoliating Psyllid – Heteropsylla cubana) ဒဏ် ခံနိုင်ရည်ရှိသည့်အတွက် ဘောစကိုင်းထက် ရေပန်းစားပြီး ခေတ်စားလာသော အပင်ဖြစ်လာ (Popular Tree) ပါသည်။  အပင်သည် ဆူးမပါ (Thorn less Tree) ပါ။ စိုက်ပြီး ၆ လ မှ ၈ လ အကြာ သီတင်းကျွတ်ပြီးချိန်တွင် ပန်းများစတင်ပွင့်ပြီး မတ်လလောက်အထိ ပွင့်သီးနိုင်ပါသည်။

ပုံ ၂ - မြေနိမ့်ချယ်ရီ ပန်းပွင့်များ

အသုံးပြုပုံများ

  • (က) ထင်း (Fuelwood) အဖြစ်အသုံးပြုနိုင်ပါသည်။ ၎င်းသည် ဖြည်းညင်းစွာမီးလောင်နိုင်ပြီး အပူတန်ဖိုး တစ်ကီလို ၁၉.၈ မက်ဂါဂျိုး (19.8 MJ/kg) အထိရရှိနိုင်ပါသည်။ တစ်နှစ်လျှင် တစ်ဟက်တာ ထင်း ၆.၃ တန် အထိထွက်နိုင်ပါသည်။
  • (ခ) ဆောက်လုပ်ရေးသုံးတိုင် (Construction Poles) နှင့် သက်ရှိခြံစည်းရိုးတိုင် (Living Fences) အဖြစ် အသုံးပြုနိုင်ပါသည်။ ၎င်းသည် ခြံတိုင် (Stakes) အဖြစ် ၁ ပေမှ ၆ ပေ (0.3-2 meter in length)  အကွာနှင့် အချင်း ၆ လက်မ(10-15 cm diameter) ကျင်းတူး၍ တိုက်ရိုက်စိုက်ပျိုးသွားနိုင်ပါသည်၊  

ပုံ ၃ - မြေနိမ့်ချယ်ရီပင်အား ခြံစည်းရိုးတိုင်အဖြစ်အသုံးပြုခြင်း

  • (ဂ) သီးနှံအထွက်တိုးရေး အထောက်အကူပြုအပင် (Crop Supports) နှင့် သစ်ရွက်စိမ်းမြေဩဇာ (Green Manure) အဖြစ်လည်းအသုံးပြုနိုင်ပါသည်။ ၎င်းအပင်၏အရွက်များကိုချွေ၍ မြေကြီးထဲသို့ထည့်ပေးခြင်းဖြင့် သစ်စိမ်းမြေဩဇာဖြစ်သွားပါသည်။ 
  • (ဃ) အရိပ်ပင် (Shade Tree) အဖြစ် ကော်ဖီ (Coffee) စိုက်ပျိုးရေးနှင့် ကိုကိုး (Cocoa) စိုက်ပျိုးရာတွင် အပင်ငယ်စဉ် အရိပ်ပင်အဖြစ် အသုံးပြုနိုင်ပါသည်။ 
  • (င) တိရစ္ဆာန်အစာ (Fodder) အဖြစ် အသုံးပြုရာတွင် အရွက်အခြောက်ထုတ်လုပ်မှုသည် တစ်နှစ်ကို တစ်ဟက်တာလျှင် ၂-တန်မှ တန် ၂၀ (2-20 ton/ha/year) အထိ ထွက်ရှိနိုင်ပါသည်။  
  • (စ) ပျားမွေးမြူရေး (Bee Keeping) အတွက် ဤအပင်၏ပန်းပွင့်များက ပျားဝတ်မှုံကူးရာတွင် အသုံးပြုခြင်းဖြင့် မြေနိမ့်ချယ်ရီပင်သည် တောင်သူအကျိုးပြုလုပ်ငန်းများများစွာ အသုံးပြုနိုင်ပါသည်။ အခြားအသုံးဝင်သော ပဲမျိုးရင်းဝင်သစ်ပင်၊ ချုံပင်များ အကြောင်း ဆက်ရေးပါဦးမည်။ 

Reference: Gutteridge, R.C. and Shelton, H.M. (1994). Tropical Tree Legumes. CAB International. 313p.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်