ပဲမျိုးနွယ်ဝင် သစ်ပင်ကြီးများ (၂)

22/05/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (73)  Tree Legumes (Part-2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၃) ပဲမျိုးနွယ်ဝင် သစ်ပင်ကြီးများ (အပိုင်း-၂)    

 (၂) ပဲမျိုးရင်းဝင်သည့် သစ်ပင်နောက်တစ်ပင်မှာ ဘောစကိုင်း (ခေါ်) အဝေရာ (Leucaena leucocephala) အပင်ဖြစ်ပါသည်။ ဤအပင်ကို ၁၉၇၀ ခုနှစ်ကတည်းက အံ့ဖွယ်သစ်ပင် (Miracle Tree) အဖြစ် ကမ္ဘာပေါ်တွင် တိရစ္ဆာန်များကို ကျွေးမွေးနေပြီဖြစ်ပါသည်။ ယခုအချိန်တွင် တစ်ကမ္ဘာလုံး ဟက်တာပေါင်းငါးသန်းကျော် စိုက်ပျိုးလျက်ရှိနေပါပြီ။ သို့သော် အချို့မျိုးစိတ်များမှာ ပေါင်းပင်အနေနှင့် ထိုးဖောက်ပြန့်ပွား နှောင့်ယှက်တတ်သော အပင်မျိုးပြား (Invasive Species) ဖြစ်သဖြင့် စိုက်ပျိုးရာတွင် အလွန်သတိထားရပါမည်။

အပင်၏ရုက္ခဗေဒ (Botany of Leucaena Tree)

ဤအပင်သည် ဆူးမပါပါ (Thornless)။ မျိုးအပေါ် လိုက်၍ ၁၀ ပေမှ ပေ ၄၀ ခန့်အထိ အပင်အမြင့်ရှိပါသည်။ မူရင်းဒေသသည် မက္ကဆီကို (Mexico) ဖြစ်ပြီး ယခုတော့ တစ်ကမ္ဘာလုံးပြန့်နှံ့နေပါပြီ။ အရွက်မှာ စုံပင်နိပ်အမျိုးအစား (Bi-pinnate) ဖြစ်ပြီး အသီးတောင့်တွင် ၁၅-၃၀ အထိ မျိုးစေ့များပါဝင်နိုင်ပါသည်။ ရုက္ခဗေဒ မျိုးခွဲပညာအရ ပဲမျိုးရင်းဝင် (Liguminosae) မီမိုဆေဆီး (Mimosaceae) အောက်တွင်ပါပြီး လူကေးနားမျိုးစိတ် (Genus - Leucaena) တွင် မျိုးပြား/မျိုးဖြားပေါင်း ၁၄ ခု (14-species) အထိ ရှိနေပါသည်။

ပုံ ၁ - ဘောစကိုင်း အပင်၊ အရွက်နှင့် အသီးတောင့်

အမြစ်သည် နက်နက်ထိုးဆင်း (Deep-Rooted Habit)ပြီး အမြဲစိမ်းသစ်ပင် (Ever Green Plant) ဖြစ်ပါသည်။

သင့်တော်သောရာသီဥတုနှင့်မြေဆီလွှာအနေအထား (Climate and Soil Adaptation)

ဘောစကိုင်းပင်သည် အပူပိုင်းဒေသပင် (Tropical Crop) ဖြစ်၍ နေ့အပူချိန် ၂၅-၃၀ စင်တီဂရိတ်ရမည်ဆိုလျှင် သင့်တော်သောကြီးထွားမှု (Optimum Growth) ရရှိပါသည်။ အီကွေတာမှ လတ္တီတွဒ် ၁၀ ဒီဂရီအတွင်းဆိုလျှင် ပင်လယ်ရေပြင်အမြင့် မီတာ ၁၀၀၀ (ပေ ၃၀၀၀-အထိ)၊ လတ္တီတွဒ် ၁၀-၂၅ ဒီဂရီအတွင်းဆိုလျှင် မီတာ ၅၀၀ (ပေ ၁၅၀၀-အထိ) အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အပူပိုင်းဒေသအပင်ဖြစ်၍ နှင်းခါးရိုက်မှု (Frost) ကိုတော့ ခံနိုင်ရည်မရှိပါ။ ဤအပင်သည် အခြားအပင်ကို အရိပ်အဖြစ်ပေးနိုင်သော်လည်း မိမိကိုယ်တိုင်ကမူ အရိပ် (Shade) မကြိုက်ပါ။ မိုးရေချိန်အနေနှင့် ၆၅၀ မှ ၃၀၀၀ မီလီမီတာ (အနည်းဆုံး ၂၂ လက်မမှ ၁၂၀ လက်မအတွင်း) ကောင်းမွန်စွာဖြစ်ထွန်းပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောအပင် (Drought Tolerant)  ဖြစ်သဖြင့် မိုးနည်းရပ်ဝန်းဒေသများဖြစ်သော မန္တလေး၊ မကွေး၊ စစ်ကိုင်း စသည့်ဒေသများတွင်လည်း အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။

ကြိုက်နှစ်သက်သောမြေဆီလွှာမှာ ရေထုတ်နိုင်သော (Well-drained Soil)၊ ကယ်လဆီယမ်ပါသော(Calcareous Soil) မြေဆီလွှာမျိုးကို ပိုမိုနှစ်သက်ပါသည်။

ဇယား - ၁ ပဲမျိုးရင်းဝင်အပင်များ လေထဲမှ နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှု

နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှုသည် မြေအမျိုးအစား၊ ရေရရှိမှု၊ ရာသီဥတုများ အပေါ်တွင် မူတည်နေပါသည်။ 

ဘောစကိုင်းပင် စိုက်ပျိုး၊ ပြုစု၊ ပျိုးထောင်ခြင်း (Growing, Care and Establishment)

အပင်ကြီးသဘာဝအရကြီးထွားမှုသည် နှေးကွေးပါသည်။ မျိုးစေ့မာ (Hard Seed) အမျိုးအစားဖြစ်ပြီး အခွံမှာ ဖယောင်းလွှာ (Impermeable waxy-seed coat) ပါဝင်သည့်အတွက် အစိုဓာတ်လွယ်လွယ်မရနိုင်ဘဲ အညှောက်ပေါက်မှု (Germination) နှေးပါသည်။ တစ်နည်းအားဖြင့် အစေ့ငုပ်ချိန် (Dormancy) ရှိမှုကြောင့် အညှောက်ပေါက်စေရန် ရေပူနှင့် အချိန်အနည်းငယ်၊ ဆာလဖြူရစ်အက်စစ်နှင့် ၅-၁၀ မိနစ် ရေစိမ်ပေးပါက အစေ့ငုပ်မှုချေဖျက်ကာ အညှောက်ပေါက်မှု မြန်လာနိုင်ပါသည်။ စိုက်ပျိုးရာတွင် သင့်တော်သော ရိုင်ဇိုဘီယမ် မျိုးကွဲ (Suitable Rhizobium Strain) ထည့်ပေးနိုင်ပါက ပိုမိုအကျိုးရှိပါမည်။ ပျိုးထောင်၍ စိုက်ပျိုးလျှင်လည်းကောင်း၊ မျိုးစေ့များကို ၁၀ x ၃၀ ပေ (ပင်ကြား၊ တန်းကြား) အတွင်း တစ်လက်မ အနက်ခန့်ဖြင့် တစ်ဟက်တာ ၁-၂ ကီလိုဂရမ်နှုန်း စိုက်ပျိုးပေးနိုင်ပါသည်။ ဖော့စဖောရပ် (Phosphorus) အာဟာရဓာတ်သည် လိုအပ်မှုရှိနေ၍ ဤအာဟာရဓာတ်ကို ဖမ်းပေးနိုင်သော ဗမ်မိုက်ကိုရိုက်ဇာ (VAM – Vesicular Arbuscular Mycorriza) မှိုတစ်မျိုးနှင့်လည်း တွဲဖက်မွေးမြူနိုင်ပါသည်။

သီးနှံအထွက်နှုန်းသည် မြေအမျိုးအစား၊ မိုးရေချိန်အပေါ်မူတည်၍ တစ်နှစ်လျှင် တစ်ဟက်တာ (၂.၅ ဧက) ကို  ၃ တန်မှ တန် ၃၀ အထိထွက်ရှိနိုင်ပါသည်။ တိရစ္ဆာန်များ စားသုံးနိုင်သောအစာ (Edible Fodder) အဖြစ် ၁၀ တန်အထိ ရရှိနိုင်ပါသည်။ 

မီမိုဆင်းအဆိပ်ဖြစ်နိုင်မှု (Mimosine Toxicity) ဘောစကိုင်းပင်၏ အရွက်ကြီးများနှင့် အတောင့်များသည် မီမိုဆင်းအဆိပ်ဖြစ်နိုင်မှု အခြောက်အလေးချိန်၏ ၁၂%  အထိဖြစ်နိုင်သော်လည်း အရွက်နုများတွင် ၃-၅% သာ ပါဝင်နိုင်၍ တိရစ္ဆာန်များကို ကျွေးမွေးနိုင်ပါသည်။

(၃) နှစ်ရှည်ညံပင် (The Perennial Sesbania Species) ဤအပင်သည်လည်း ကျွန်တော်တို့မြန်မာနိုင်ငံအတွက် မစိမ်းပါ။ သစ်ရွက်စိမ်းမြေဩဇာ (Green Manure) အဖြစ် လက်ရှိစိုက်နေသော ညံပင်နှင့် မျိုးစု (Genus)ချင်း အတူတူဖြစ်ပါသည်။

ပုံ - ၃ Sesbania sesban ညံမျိုး (သစ်စိမ်းမြေဩဇာလည်းသုံးနိုင်ပါသည်)

ပုံ - ၄ Sesbania grandiflora နှစ်ရှည်ညံပင်ကြီးမျိုး

ဤမျိုး၏ မူရင်းဒေသမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး ကိုင်းများစွာဖြာထွက်ကာ ၁၅ မီတာ (၄၅ ပေ) လောက်အထိမြင့်တက်နိုင်ပါသည်။ အသီးတောင့်သည် ၂ ပေလောက်အထိရှည်နိုင်ပြီး တစ်တောင့်တွင်မျိုးစေ့ ၁၅-၅၀ စေ့အထိပါဝင်နိုင်ပါသည်။ အပင်သည် ပူအိုက်စွတ်စိုသောရာသီကို ကြိုက်နှစ်သက်ပြီး အပူချိန် ၁၀ ဒီဂရီ ထက်နိမ့်သော (အေးသောရာသီ)ကို မကြိုက်ပါ။ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများတို့တွင် ဤအပင်ကိုနှစ်ရှည်လများ အသုံးပြုလျက်ရှိနေပါသည်။ 

မျိုးစေ့မှမျိုးပွားနိုင်သည့်အပြင် အပင်အကိုင်းများဖြင့် ကိုင်းကူးခြင်း (Vegetative Propagation) ဖြင့်လည်း မျိုးပွားနိုင်ပါသည်။ မျိုးစေ့သည် အခွံမာမျိုးမဟုတ်သဖြင့် ရေနွေး၊ အက်ဆစ်နှင့် စိမ်စရာမလိုဘဲ နဂိုအတိုင်းပင် စိုက်ပျိုးနိုင်ပါသည်။ ညံပင်နှင့် ပိုက်ဆံလျှော်ပင် (Sunnhemp – Crotalaria juncea) သည် သစ်ရွက်စိမ်းမြေဩဇာ (Green Manure) အနေနှင့် အကြီးအကျယ် စိုက်ပျိုးကြသဖြင့် ဤအကြောင်းကိုသီးသန့်ရေးပါမည်။

အခြားပဲမျိုးရင်းဝင်သစ်ပင်ကြီးများမှာ -

 

(၄) ကယ်လီယန်တြာ (Calliandra calothyrsus) အပင်ပုဆူးမပါသော အပင်ကလေးဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မြေတိုက်စားသည့်နေရာ၊ မြေညံ့များတွင် ဟက်တာပေါင်း ၁၇၀,၀၀၀ ကျော် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေပါပြီ။ အပင်သည် ၆ ပေ မှ ၃၀ ပေလောက်အထိ မြင့်နိုင်ပြီး အရွက်များစွာဖြင့် ဖုံးအုပ် (Canopy) ထားနိုင်သော ချုံပင်လေးဖြစ်ပါသည်။ အခြားပဲပင်ကြီးများကဲ့သို့ အစတွင်ကြီးထွားမှုနှေးသော်လည်း မြေတွင်းမိုက်ကိုရိုက်ဇာနှင့် သဟဇာတဖြစ်သွားပါက ၆ လအတွင်း ၁၀ ပေခန့်မြင့်သည့် ခြုံပင်ကလေး ဖြစ်သွားနိုင်ပါသည်။ အပင်ကလေးသည် ကျွဲနွားစာ၊ ကျေးရွာသုံးထင်း၊ မြေတိုက်စားမှုကာကွယ်ပေးနိုင်ခြင်းစသည့် စွမ်းရည်များစွာပေးနိုင်ပါသည်။

ပုံ - ၅ ကယ်လီယမ်တြာအပင်ကြီး

(၅) ကုက္ကိုပင်မျိုးများ (Albizia Lebbeck) ဤအပင်များသည် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံစသည်တို့တွင် ရှေးပဝေသဏီကတည်းက စိုက်ပျိုးလာသောအပင်ဖြစ်ပါသည်။ အချင်း ၃၀ ပေ ပတ်လည်မှ ပေ ၆၀ လောက်အထိမြင့်သော အပင်ကြီးဖြစ်ပါသည်။ ကျေးရွာသုံးထင်းအနေဖြင့် တစ်နှစ်လျှင် တစ်ဟက်တာကို ၅ မီတာလောက်အထိ ထုတ်လုပ်နိုင်ပါသည်။ နွားစာအနေဖြင့် ချုံတန်းစည်းရိုး (Hedge Row) တွင် အတန်းလိုက်စိုက်ထားပါက တစ်နှစ်လျှင် တစ်ဟက်တာကို ၂၅၀၀-ကီလိုဂရမ်အထိ ထွက်နိုင်သည်။ ကုက္ကိုပင်မျိုးများသည် ၆-လ တစ်ကြိမ် အထွက်ရှိပါသည်။

ပုံ - ၆ ကုက္ကိုပင်

ရွှေရောင်လွင်ပြင်အဖွဲ့မှလည်း မွေးမြူရေးပညာရှင်များဖြစ်ကြသော ဆရာကြီး ဒေါက်တာတင်ငွေ၊ ဒေါက်တာမင်းအောင်၊ ဒေါက်တာဇော်လင်းတို့သည် နို့စားနွားမွေးမြူရေး၊ စားကျက်နှင့်မြက်ချဉ်ဖတ် (Silage) ပြုလုပ်ခြင်း သင်တန်းများကို အခါအားလျော်စွာ အွန်လိုင်းသင်တန်းများ (Online Training) သင်ကြားပို့ချပေးလျက်ရှိနေပါသည်။ ဤသစ်ပင်ကြီးများ၏အရွက်များမှ မြက်ချဉ်ဖတ်ပြုလုပ်ခြင်းအပါအဝင်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော ဘက်ပေါင်းစုံ ဆက်စပ်နေသော အမျိုးစုံသုံး သစ်ပင်ကြီးများ (Multi-purpose Trees) အကြောင်း များစွာ လေ့လာ၊ သုတေသနပြုလုပ်ရဦးမည်ဖြစ်ပါသည်။

Reference:

Bakewell-Stone, P. (2023) Leucaena Leucocephala. CABI. 37p.

Gutteridge, R.C. and Shelton, H.M. (1994). Tropical Tree Legumes. CAB International. 313p.

(မှတ်ချက် - အစိမ်းရောင်လမ်းရှိ ကျွန်တော်၏ ဆောင်းပါးများအကြောင်း ဆွေးနွေးသည့်နေရာ (Comment Box) နှင့်  ကျွန်တော်၏ Facebook Account မှတင်သော ဤဆောင်းပါးများ၏အောက်တွင် မိတ်ဆွေများ၊ တောင်သူဦးကြီးများမှ အပင်ရရှိလိုမှု၊ မြေဩဇာအကြောင်း၊ အခြားသိလိုသည်များကို မေးမြန်းမှု မကြာမကြာတွေ့ရှိရပါသည်။ တောင်သူဦးကြီးများ၏ နာမည်နှင့် ဖုန်းနံပတ်ပေးမည်ဆိုပါက ကျွန်တော်တို့ ဇွန်းစနစ် (Zoom Application Meeting) ဖြင့် တွေ့ဆုံလိုပါသည်။ အစိမ်းရောင်လမ်းသို့လည်းကောင်း၊ ရွှေရောင်လွင်ပြင်သို့လည်းကောင်း၊ ကျွန်တော်၏ဖုန်းနံပတ်၊ ဗိုင်ဘာ၊ တယ်လီဂရမ် ၀၉-၇၉၃၂၄၆၉၉၆ သို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တွေ့ဆုံပွဲလေးပြုလုပ်လိုပါသည်။ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အွန်လိုင်း သင်တန်းများ (Agricultural Science and Animal Science Online Trainings) လည်း ၂၀၂၃-ခုနှစ် ဇွန်လတွင်ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပါသည်။)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်