Basic Agricultural Science – (76) Basic Statistics (Part-1)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၆) အခြေခံစာရင်းအင်းပညာ (အပိုင်း - ၁)
ရွှေရောင်လွင်ပြင်အဖွဲ့မှ ၂၀၂၃ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်ဖွင့်လှစ်မည့် စိုက်ပျိုးစီးပွား ပညာသင်တန်းအတွက်ပြင်ဆင်ရင်း ဒီတစ်ပတ်တော့ စိုက်ပျိုးမွေးမြူရေးအတွက် စာရင်းအင်းပညာ (Statistics for Agriculture) အကြောင်းဆွေးနွေးရအောင်ပါ။
ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူနေစဉ် စတုတ္ထနှစ်ကျောင်းသားဘဝကတည်းက ဆရာဦးသန်းအောင်က စာရင်းအင်းပညာကို စတင်သင်ကြားပေးခဲ့ပါတယ်။ ကံကောင်းစွာ ဆရာကြီးဒေါက်တာစိုင်းမြင့်လွင်ကလည်း ကျွန်တော်တို့အတန်းကို စာရင်းအင်းပညာကို အချိန်ပိုသင်ကြားပေးပါတယ်။ ကျွန်တော်ဘွဲ့ရပြီးချိန် ၁၉၇၉ ခုနှစ်တွင်လယ်ယာသီးနှံဌာနမှာ ဆရာပေါက်စအဖြစ်နဲ့အလုပ်ဝင်ရင်း လယ်ယာသီးနှံဘာသာ မဟာသိပ္ပံသင်တန်းကိုတက်ခဲ့ပါတယ်။ အဲဒီမှာလည်း ဆရာကြီး ဒေါက်တာစိုင်းမြင့်လွင်၏ စိုက်ပျိုးစီးပွားရေးဌာနမှ အဆင့်မြင့်စာရင်းအင်းပညာ AEC-601 Statistics ဘာသာရပ်ကို ကျွန်တော့်သူငယ်ချင်း ဦးဆန်ဂျေကူးမား (အမေရိကန်နိုင်ငံ တွင်ကွယ်လွန်)နဲ့ ကိမိလဗေဒဌာနမှ ဆရာမ ဒေါ်ဖြူဖြူလွင်တို့နဲ့ အတူတူတက်ခဲ့ရပါတယ်။
၁၉၈၇ ခုနှစ် ကွင်းစလန်တက္ကသိုလ် (The University of Queensland) တွင် မဟာစိုက်ပျိုးရေးပညာသင်တန်းသွားတက်တော့ ဒုတိယနှစ်ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများနဲ့အတူ ဇီဝဆိုင်ရာစာရင်းပညာ-၁ (AG-203 Biometrics-1) ကို ဆရာကြီး မစ္စတာဟော်တန် (Mr. I.F. Horton) နဲ့ ယခုလက်ရှိဆရာမ ပါမောက္ခဒေါက်တာကေးစ်ဘက်ဖော့ (Professor Dr. Kaye Basford) တို့က စတင်သင်ပေးခဲ့ပါတယ်။ ဤသင်တန်းကို ဆရာကြီးဦးညွန့်ရွှေ၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်းဝင်းမြင့်တို့နဲ့ အတူတူတက်ခဲ့တာပါ။ ကျွန်တော်က ဇီဝဆိုင်ရာစာရင်းပညာ-၂ (AG-305 Biometrics-2) ကို ဆက်လက်သင်ကြားခဲ့ပါသေးတယ်။
ကျွန်တော် မြန်မာပြည်ပြန်ရောက်တော့လည်း ဆရာကြီးဦးစံသိန်း၏ စာရင်းအင်းပညာသင်ကြားမှုကို အကူအညီပေးခြင်းဖြင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ ဒေါက်တာမာကို့စ်နဲ့ ထိုင်းနိုင်ငံမှ ကျွန်တော့်မိတ်ဆွေ ပါမောက္ခပီယာဆပ်တို့ရဲ့ ဇီဝစာရင်းအင်းပညာ (Biometrics or Biostatistics) နဲ့ သုတေသနပြုလုပ်ပုံဒီဇိုင်းများ (Experimental Designs) သင်တန်းကို တက်ရောက်ခြင်းရှိခဲ့၍ ဤပညာရပ်နဲ့ရင်းနှီးခဲ့ရပါတယ်။
ဒီတော့ ကျွန်တော့်ဆရာ၊ ဆရာမများ သင်ကြားပေးတာကို ဆွေးနွေးကြရအောင်ပါ။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် ဘာသာရပ်ကြီးဖြစ်တဲ့ ဇီဝဗေဒဆိုင်ရာသိပ္ပံ (Biological Science) ၏ အောက်မှာဖြစ်သဖြင့် ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics/Bio-Statistics) ကို သင်ယူလေ့လာရပါတယ်။
စိုက်ပျိုးစီးပွားပညာ(Agricultural Economics)၊ စိုက်ပျိုး တိုးချဲ့ပညာပေးပညာ(Agricultural Extension)၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ကျေးလက်လူမှုရေးပညာ (Rural Development and Rural Sociology) စတဲ့ ဘာသာရပ်တွေက လူမှုရေးသိပ္ပံ (Social Science) ဘာသာများဖြစ်သဖြင့် စီးပွားရေးဆိုင်ရာစာရင်းအင်းပညာ (Econometrics)ကို လေ့လာသင်ယူရပါတယ်။ စာရင်းအင်းပညာဆိုတာ အသုံးချသိပ္ပံ (Applied Science) ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။
ပထမဦးစွာ ဝိဇ္ဇာနှင့်သိပ္ပံ၏ အဓိပ္ပာယ်အကြောင်းလေ့လာရအောင်ပါ။
ဝိဇ္ဇာ (Arts or Humanities)
လက်တင်ဘာသာ (ars) မှ ဆင်းသက်လာပြီး အတတ်ပညာ (Craft)၊ ကျွမ်းကျင်မှု (Skill) ဆိုတဲ့စကားလုံးတွေနဲ့ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။
ဤပညာရပ်တွင် လူသားများရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကိုထုတ်ဖော်ပြသမှု ဥပမာ - ပန်းချီ၊ ပန်းပုပညာ (The expression of Human Creative Skill and Imagination. e.g. Painting or Sculpture) စတဲ့ဘာသာရပ်များပါဝင်ပြီး စာပေ၊ ရသစာပေ (Literature)၊ အင်္ဂလိပ်စာ (English) အပါအဝင် နိုင်ငံခြားဘာသာ (Foreign Language)၊ သမိုင်း (History)၊ ဒဿနိကဗေဒ (Philosophy) တို့ကိုလည်း ဝိဇ္ဇာပညာရပ်အောက်သို့ထည့်ထားပါတယ်။
ဘာသာခွဲတွေအဖြစ် ထပ်ခွဲနိုင်တာကတော့ -
• သရုပ်ဖော်အနုပညာ (Performing Arts) ဥပမာ - ဂီတ (Music)၊ အက (Dance)၊ ရုပ်ရှင် (Film)၊ အော်ပရာ (Opera)
• မျက်မြင်အနုပညာ (Visual Arts) ဥပမာ - ပန်းချီ (Painting)၊ ပန်းပု (Sculpture) နှင့် ဓာတ်ပုံရိုက်ခြင်းအနုပညာ (Photography)
• လွတ်လပ်စွာတွေးခေါ်နိုင်သောပညာ (Liberal Arts) ဥပမာ - နိုင်ငံရေးပညာ (Politics)၊ ယုတ္တိဗေဒ (Logic)
• စာပေအနုပညာ (Literary Arts) ဥပမာ - ကဗျာ (Poems)၊ ဝတ္တု (Novels)၊ ကော်မစ်၊ ကာတွန်း (Comics/Cartoon) စသည်တို့ဖြစ်ပါတယ်။
သိပ္ပံ (Science)
ကျွန်တော်တို့ကို စာရင်းအင်းပညာသင်ကြားပေးခဲ့တဲ့ ဆရာကြီးဒေါက်တာစိုင်းမြင့်လွင်က "သိပ္ပံသည် ကျိုးကြောင်းဆီလျော်မှုကို အခြေခံ၍တွေးခေါ်သော စနစ်တစ်ခုဖြစ်သည်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။(Science is a method of thinking based on logical steps; Sai Myint Lwin, 1980)
ဖိလစ်ပိုင်နိုင်ငံမှ စာရင်းအင်းပညာဆရာက "သိပ္ပံဆိုသည်မှာ မေးခွန်းများကိုဖြေဆိုခြင်း နည်းစနစ်များ၊ ပြဿနာများဖြေရှင်းပုံနည်းစနစ်ကို လုပ်ဆောင်ရန်အချက်များ ဖော်ထုတ်ပေးခြင်း"ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ (A process of developing effective procedures for answering questions and solving problems (Bartolome et. al. 1999). A systematic collection of information and the procedures by which new knowledge is acquired toward a solution of a problem.
၁၉၆၄ ခုနှစ်တွင် တာရင်တိုဆိုသူကအသုံးချသိပ္ပံတွင် "ရိုးရိုးသိပ္ပံ၏ သဘောတရားများကို အခြေခံ၍ လတ်တလော စီးပွားရေးနှင့်လူမှုရေး ပြဿနာများကို ဖြေရှင်းပေးခြင်းဖြစ်သည်" ဟူ၍အဓိပ္ပာယ်ထုတ်ဖော်ထားပါတယ်။ (In applied science the facts and principles of pure science are used in the solution of a problem which will have immediate economic and social importance (Terranto, 1964)
တစ်ချို့ကလည်း အသုံးချသိပ္ပံဆိုသည်မှာ"လက်ရှိသိပ္ပံဗဟုသုတ အပေါ်အခြေခံ၍ လက်တွေ့အသုံးချမှုကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်" ဟုဆိုကြပါတယ်။ (a discipline that is used to apply existing scientific knowledge to develop more practical applications)
ပုံ - ၁ သိပ္ပံ နှင့် အသုံးချသိပ္ပံ
ဆက်လက်ပြီး ၁၈၂၄ ခုနှစ်ကတည်းက ပေါ်ထွက်လာသော လူမှုရေးသိပ္ပံဘာသာများ (Social Sciences) ကို ဆက်လေ့လာရအောင်ပါ။
လူမှုရေးသိပ္ပံဘာသာ၏အဓိပ္ပာယ်မှာ လူ့အသိုင်းအဝန်းနှင့်ဆက်စပ်နေသော လူမှုဘဝကိုလေ့လာခြင်း (The scientific Study of Human Society and Social Relationships) ဖြစ်ပါတယ်။ ပါဝင်သော ဘာသာရပ်များမှာ -
- (က) စီးပွားရေးပညာ (Economics)
- (ခ) ပထဝီ (Geography)
- (ဂ) လူမှုဗေဒ (Sociology)
- (ဃ) နိုင်ငံရေးသိပ္ပံ (Political Science)
- (င) မနုဿဗေဒ (Anthropology)
- (စ) လူဦးရေဆိုင်ရာလေ့လာမှု (Demography)
- (ဆ) စိတ်ပညာ (Psychology)
- (ဇ) ဘာသာဗေဒ (Linguistics) စသည်တို့ဖြစ်ပါတယ်။
စိုက်ပျိုးစီးပွားရေး (Agricultural Economics) ဘာသာရပ်အတွက် စာရင်းအင်းပညာမှာ Econometrics ပဲဖြစ်ပါတယ်။
ပုံ - ၂ စီးပွားရေးဆိုင်ရာ စာရင်းအင်းပညာ
စာရင်းအင်းပညာကိုလေ့လာရတွင် - ကိန်းဂဏန်းများ (Numbers) ကို စတင်လေ့လာရပါမယ်။ ပြီးလျှင် ကိန်းဂဏန်းများမှနေ၍ အချက်အလက် (Data/Information) များသို့ပြောင်းလဲသွားပုံကို သိရှိရပါမယ်။ ဆရာကြီး ဦးစံသိန်း၏ စာအုပ်တွင်မူ စာရင်းအင်းပညာ၏ အဓိကရည်ရွယ်ချက်သည် "ကောက်ယူရရှိသော နမူနာ (Sample) ၏ အချက်အလက်များကို အခြေခံ၍ မူလသိလိုသော ဦးရေ (Population) ၏အကြောင်းကို ကောက်ချက်ချခြင်း (Inference) (သို့မဟုတ်) ဆုံးဖြတ်ချက်ချခြင်း (Decision) တို့ကို ပြုလုပ်ရန်ဖြစ်သည်" ဟုဆိုထားပါတယ်။
သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ စိုက်ပျိုးရေးဆိုင်ရာသုတေသနများ (Agricultural Research) ပြုလုပ်ရာတွင် စာရင်းအင်းပညာကိုအသုံးချ၍ ကိန်းဂဏန်းများကောက်ယူရာတွင် ကြိုတင်စီစဉ်ခြင်း (Data Planning)၊ လက်တွေ့ကောက်ယူခြင်း (Data Collection)၊ ကောက်ယူပြီးသော ကိန်းဂဏန်းများကို စိစစ်တွက်ချက်ခြင်း (Data Analysis) နှင့် အဓိပ္ပာယ်နှင့်အဖြေဖော်ထုတ်ကာ ဆုံးဖြတ်ချက်ချခြင်း (Data Interpretation and decision making) တို့ဖြစ်ပါတယ်။
သုတေသနလုပ်ငန်းများပြုလုပ်ရာတွင် စာရင်းအင်းပညာနည်းလမ်းတွေကိုသုံးခြင်းဖြင့် ခိုင်လုံတိကျမှု ပိုမိုကောင်းမွန်စေပါတယ်။ သုတေသနလုပ်နေစဉ်အတွင်း ဘက်လိုက်မှု (Bias) များကို စာရင်းအင်းပညာနည်းလမ်းများဖြင့် ဖယ်ရှားပေးနိုင်တာကြောင့် စာရင်းအင်းပညာကို လက်နက်ကိရိယာ (Tools) အနေနှင့် အသုံးပြုရပါမယ်။ (ဆက်ရန်)
(ဒေါက်တာမျိုးကြွယ်)
References
စံသိန်း၊ ဦး (၁၉၈၃) စိုက်ပျိုးရေးသုတေသီများ အတွက် စာရင်းအင်းပညာ နည်းလမ်းများ၊ (လယ်ယာသီးနှံဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
Bartolome, V. I., Carasco, M. C., Yanalvez, M. A., and McLaren, C. G. (1999). Experimental Designs and Data Analysis. 2nd Ed., IRRI.
Sai Myint Lwin (1980) AEC-602 Lecture Notes, Dept. of Agricultural Economics, YAU.
Tarranto, L.G. (1964). Science: The easy way. Cambridge Publishers, Inc. Bronxville, NY.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။