Basic Agricultural Science – (79) Root Crops (Part-2)
ဝဥအပင် (Elephant Foot Yam or White Yam or Tellinga Potato or Konjac)
ဝဥအပင်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည်။ ဝဥသည် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များတွင် မြေဧရိယာတစ်ယူနစ်အတွင်း အခြောက်အလေးချိန် အများဆုံးထုတ်ပေးနိုင်သော သီးနှံ (Higher dry matter production capability per unit area) တစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် စားသုံးသီးနှံအဖြစ်သုံးစွဲရုံသာမက တိုင်းရင်းဆေး (Traditional Medicine) အဖြစ်လည်း အသုံးပြုသည်။
ပုံ - ၁ ဝဥအပင်နှင့်ဥ
မြန်မာနိုင်ငံတွင် ဝဥပင်များကို ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ သစ်ရိပ်၊ ဝါးရိပ် ၊ အစိုဓာတ်ကောင်းသည့် နေရာများတွင် သဘာဝအလျောက် အမြောက်အမြားပေါက်ရောက်လျက်ရှိသည်။
ဝဥအပင်၏ရုက္ခဗေဒ (Botany of Elephant Foot Yam)
ဝဥပင်များသည် Araceae (ခေါ်) ပိန်းမျိုးရင်း ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus Campanulatus Blume ဖြစ်သည်။ ဝဥမျိုးစု (The Genus - Amorphophallus) မှ မျိုးစိတ်ပေါင်း ၉၀ ကျော်ရှိရာ အိန္ဒိယနိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးနေသော မျိုးစိတ်ပေါင်း ၁၄ ခု ရှိပါသည်။ တကယ်တော့ ဥ မဟုတ်ဘဲ ထူးကဲပင်စည် (Modified Stem) အနေနှင့် ပင်စည်ယောင် (Corm) ဟူ၍ ခေါ်ဆိုပါသည်။ ရုက္ခဗေဒ သဘောအရ ခရိုမိုဇုန်း ၂၈ ခု (Chromosome Number - 28) ရှိပါသည်။ အရွက်က ဌက်မွေးရွက်ပုံသဏ္ဌာန်ဖြစ်ပြီး အလျား ၁-၃ ပေ ရှည်လျားပါသည်။ အပင် သက်တမ်း ၄-၅ နှစ်တွင် ပန်းပွင့်ပါသည်။ အဖိုပွင့်၊ အမပွင့်သည် သီးခြားဖြစ်ပြီး အသီးသည် အစိမ်းရောင်လုံးဝိုင်းပုံဖြစ်ကာ မှည့်လျှင်အနီရောင်ဖြစ်သွားပါသည်။
သဘာဝအရ နှစ်ရှည်ပင် (Perennial) ဖြစ်သော်လည်း တစ်နှစ်ခံပင် (Annual Herb) အနေဖြင့် တူးဖော်နိုင်ပါသည်။ အပင်အမြင့်သည် ၃-၈ ပေ အထိ မြင့်နိုင်ပါသည်။ လက်ရှိအနေအထားအရ သဘာဝ အပင်များသည် တူးဖော်စုဆောင်းနေ၍ အရည်အသွေးကောင်း၊ အဆင့်မီဝဥများရရှိမှု နည်းနေပါသေးသည်။ တစ်ချို့နေရာများတွင်လည်း မရင့်မှည့်မီ ဝဥများကို တူးဖော်နေကြ၍ အလေအလွင့်များပြား နေပါသည်။
ဝဥစိုက်ပျိုးနည်းစနစ်များ (Elephant Foot Yam Agronomy)
အပူပိုင်းဒေသနှင့် မိုးများပြီး ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးရေချိန် တစ်နှစ်ပျမ်းမျှ ၆၀ လက်မ အထက်ရွာသွန်းမှုကို ပိုမိုနှစ်သက်ပြီး ပျှမ်းမျှ အပူချိန် ၂၅-၃၅ စင်တီဂရိတ်အကြား အကောင်းဆုံးဖြစ်ပါသည်။
မြေအမျိုးအစားမှာ မြေဆွေးဓာတ်များသော အစိုဓာတ်ထိန်းအားကောင်းသော နုန်းမြေမျိုးကို ကြိုက်နှစ်သက်သည်။ ပိန်းဥနှင့်မတူသည်မှာ ရေဝပ်သည့်မြေကို မကြိုက်ပါ။ မြေအချဉ်အငန်ဓာတ် (Soil pH) ၅.၅ မှ ၇ အတွင်း အကောင်းဆုံးဟူ၍ တွေ့ရှိရသဖြင့် မြေချဉ်မှုကို ပို၍နှစ်သက်ကြောင်း သိရှိနိုင်ပါသည်။ ဆင်ခြေလျှော တောင်စောင်းတွင် စိုက်ပျိုးပါက ရေမဝပ်၍ အမြစ်ပုပ်ရောဂါ ဖြစ်နိုင်ချေ နည်းပါးပါသည်။
စိုက်ပျိုးရန်မျိုး (Seeds or Seedlings or Rootlets) ကို မြန်မာနိုင်ငံအတွက် သုတေသနပြု ရှာဖွေထားသည်ကို မတွေ့ရှိရသေးပါ။ ဒေသမျိုးများကိုသာ စိုက်ပျိုးနေသည်ကို တွေ့ရှိနေရစဲဖြစ်ပါသည်။ မျိုးဥများကို စိုက်ပျိုးရာတွင်တော့ နှစ်ခြင်းရောင်းနိုင်ရန် ၂၅-၃၀ ကျပ်သားအရွယ်များကို တိုက်ရိုက်စိုက်ပျိုး၍လည်းကောင်း၊ တစ်ပိဿာအရွယ်ဥများကို ၄-စိတ် အညီခွဲ၍လည်းကောင်း၊ ဝဥပေါ်မှ ဥသေးကလေးများကို ဖဲ့စိုက်၍လည်းကောင်း၊ ဝဥပန်းခိုင်မှရရှိသော မျိုးစေ့များကို ပျိုးထောင်၍လည်းကောင်းစိုက်ပျိုးနိုင်ပါသည်၊ ၃-၅ ကျပ်သားအရွယ် ဥကလေးများစိုက်ပါက ၃-နှစ်ခန့် ကြာနိုင်ပါသည်၊ အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်တွင် ဥစားသီးနှံများ ဗဟိုလ်သုတေသနဌာန (ICAR – Central Tuber Crops Research Institute, Kerala) ၌ အထွက်ကောင်းမျိုးများစွာ ရှိသဖြင့် မျိုးတင်သွင်းပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသောမျိုး ဥပမာ - တောင်ကုန်း၊ တောင်စောင်းတွင်စိုက်ပျိုးနိုင်သော အထွက်ကောင်းမျိုးများ၊ အပူပိုင်းဒေသတွင် စိုက်ပျိုးနိုင်သော ရေငတ်ခံနိုင်မျိုးများ စသည်ဖြင့် စမ်းသပ်တင်သွင်းအသုံးပြုနိုင်ပါသည်၊ သုတေသန များစွာ ပြုလုပ်ရပါဦးမည်။
မြေပြုပြင်ခြင်း (Land Preparation)
ထယ်ထိုး၊ ထွန်မွှေသည်မှာ ပုံမှန်အတိုင်းဖြစ်ပြီး စိုက်တန်း၊ စိုက်ကျင်းများဖြင့် ပြုပြင်ရပါမည်။ တစ်ဧက အပင်ဦးရေ (Plant Population) နှင့် တန်းကြား (Row to Row) ပင်ကြား (Plant to Plant) အကွာအဝေး များမှာ သုတေသနပြုချက်အရ -
ဇယား - ၁ တစ်ဧက တန်းကြား၊ ပင်ကြား အပင်ဦးရေ
အရိပ်ကြိုက်သောအပင်မျိုး (Shade-loving Crop) ဖြစ်သဖြင့် ၇၅ ရာခိုင်နှုန်းအထိ အရိပ် ပေးသင့်ပါသည်။ ထို့ကြောင့် ဝဥပင်ကို သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း (Agroforestry) စနစ်အရ သစ်ပင်ကြီးများအောက်တွင် ဝင်ငွေရစေရန် တွဲဖက် စိုက်ပျိုးသင့်ပါသည်။ သစ်တောသစ်ပင်ကြီးများ၊ ကွမ်းသီးပင်၊ ပြောင်းဖူး၊ ပိန္နဲပင်တို့နှင့် ရောနှောစိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင်ပါသည်။ စိုက်ပျိုးချိန် (Time of Sowing) မှာ မိုးဦးကြခါစ မေ-ဇွန်လ လောက်တွင် စတင်စိုက်ပျိုးလေ့ရှိပါသည်။
မျိုးဥများ လေပြွန်မပါ၍ နက်နက်မစိုက်သင့်ပါ။ ဥမှ အစို့ဖူး မြေပေါ်သို့ထွက်ရန် ၃ ပတ်မှ တစ်လကြာတတ်သဖြင့် အပေါ်မှာပေါင်းရှင်းနေရပါမည်။ ဝဥကို အခြားသီးနှံနှင့် ရောစိုက်ရာတွင် ပေါင်းပင်နှင့် အခြားအပင်များက ဖုံးသွားနိုင်၍ သတိထားရပါမည်။ စိုက်ပျိုးပြီး ၄၅ ရက်၊ ၇၅ ရက် နှင့် ၁၀၅ ရက်တို့တွင် တစ်ကြိမ်စီ အနည်းဆုံး ပေါင်းရှင်း ပေးရပါမည်။ အရွက်များကြီးမားကျယ်ပြန့်၍ အပင်ပေါ်အုပ်မိုးသွားပါက ပေါင်းရှင်းရန် မလိုတော့ပါ။
သဘာဝနှင့်ဓာတ်မြေဩဇာကို အချိုးကြကျွေးရပါမည်။ ဥစားပင်ဖြစ်၍ ပိုတက်ဆီယမ် (Potassium) ဓာတ်ကို အများဆုံးစုပ်ယူပါသည်။ နိုက်ထရိုဂျင်ဓာတ်လွန်ကဲလျှင်လည်း သိုလှောင်ချိန်တွင် ဥသည် ပုပ်လွယ်ပါသည်။
ရိတ်သိမ်း၊ တူးဖော်ခြင်း (Harvesting)
ဆောင်းဦးရာသီဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အပင်အရွက်များ ညှိုးခြောက် သွားလျှင် တူးဖော်ရိတ်သိမ်းနိုင်ပါသည်။ မြေအောက်ပင်စည်အဖြစ် အစာသိုလှောင်၍ ဥ အရောင်မှာ အဝါဖျော့၊ အဖြူ၊ အနီ စသည်တို့ဖြစ်နိုင်ပါသည်။ အကြီးဆုံးဥဆိုလျှင် ၁၀ ပိဿာအထိ တူးဖော်ရရှိနိုင်ပါသည်။ တစ်ဧကဝဥအစို ၁၀-၁၅တန်ခန့် ရရှိနိုင်ပြီး အခြောက်ခံပါက ၂-၃ တန်ခန့်ရနိုင်ပါသည်။ အနည်းဆုံး ၇၀ ကျပ်သား ဥမှသာ ရောင်းတန်း ဝင်ပါသည်။ တူးဖော်ပြီး ၃ ရက်ထက်ပို၍ အခြောက်ခံမထားသင့်ပါ။ သိုလှောင်ရာ (Storage) တွင် အရိပ်ရလေသလပ်သည့်နေရာများတွင် သိုလှောင်နိုင်ပါသည်။ အစိုဓာတ်များပါက မှိုရောဂါများ (Fungus Diseases) ကျရောက်နိုင်ပါသည်။
ကျန်းမာရေးအကျိုးဖြစ်ထွန်းမှု (Health Benefits)
- (က) ဝဥမှာ အဓိကပါဝင်သော ဂလူကိုမန်နမ် (Glucomannnan) ဓာတ်သည် ကယ်လိုရီ အလွန်နည်း၍ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးပါသည်။
- (ခ) အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ အစာအိမ်နှင့် အစာလမ်းကြောင်း သန့်ရှင်းစေမှုကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ (Stomach Cancer) ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါသည်။
- (ဂ) သွေးတွင်းကိုယ်လက်စထရော (Cholesterol) စုပ်ယူဖယ်ရှားခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးပါသည်။
- (ဃ) ပိုလျှံသကြားဓာတ်ကိုလည်း စုပ်ယူဖယ်ရှားခြင်းကြောင့် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုအား ကာကွယ်ပေးပါသည်။
- (င) သဘာဝပတ်ဝန်းကျင်၊ မြေဆီလွှာအောက်ရှိ ဓာတ်သတ္တူများ (Minerals) ပျော်ဝင် လျက်ရှိသောရေကို ၉၀-ရာခိုင်နှုန်း လောက်စုပ်ယူထားသည့်အတွက် ကျန်းမာသန်စွမ်း စေပါသည်။
ဝဥအသုံးပြုပုံများ (Uses of Elephant Foot Yam)
နိုင်ငံတကာတွင် ဝဥကို ခေါက်ဆွဲ၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံး၊ ဝဥအခြောက်၊ စသည်ဖြင့် ပုံစံ အမျိုးမျိုးအနေနှင့် စားသောက်ကြပါသည်။ အလှကုန်ပစ္စည်း အနေနှင့်လည်း ထုတ်လုပ်ပါသည်။
ပုံ - ၂ ဝဥကို ဟင်းချက်ရန်အသုံးပြုပုံ
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Sharma, H.K.; Njintang, N.Y.; Singhal, R.S. and Kaushal, P. (2016) Tropical Roots and Tubers. Wiley Blackwell. 622p.
ကျော်ဆွေလင်း, ဦး နှင့် လင်းလင်းသီ, ဒေါ် (၂၀၂၁) ဝဥစိုက်ပျိုးထုတ်လုပ်မှု လက်စွဲ စာစောင်၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ၄၈-မျက်နှာ
သစ်တောဦးစီးဌာန (၂၀၂၀) ဝဥစိုက်ပျိုးဝင်ငွေတိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (လက်ကမ်းစာစောင်)
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။