အပင်ဇီဝကမ္မဗေဒမှသည် အသုံးချသီးနှံဇီဝကမ္မဗေဒသို့.. (အမှတ် ၁)

10/07/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (80)  From Plant Physiology to Applied Crop Physiology (1)

အဓိပ္ပာယ်

ဒေါက်တာကြည်တိုး၏ ‘ပန်းများပွင့်ကြသည်ဆိုရာဝယ်နှင့် အပင်ဇီဝကမ္မဗေဒမှတ်စုများ’ စာအုပ်ကို အမှာစာရေးပေးရင်း  အပင်ဇီဝကမ္မဗေဒဘာသာရပ် (Plant Physiology) နှင့် သီးနှံဇီဝကမ္မဘာသာရပ် (Crop Physiology) တို့ကို စာဖတ်သူတောင်သူကြီးများ နားလည်အောင် ရေးသားဆွေးနွေးလိုပါသည်။ 

အပင်ဇီဝကမ္မဗေဒ၏မိတ်ဆက် (Introductory Plant Physiology) ကိုလေ့လာရာတွင် မည်သည့်ဘာသာရပ်ကို အခြေခံလေ့လာရမည်။ မည်သို့ဆက်စပ်ပေးရမည်။ မည်သည့် ဘာသာရပ်ဆိုင်ရာ အစိတ်အပိုင်းများ ပါဝင်သည် စသည်တို့ကိုသိရှိရပါမည်။ ပထမဦးစွာ အခြေခံရုက္ခဗေဒပညာ (Basic Botany) မှစတင်ရပါမည်။ ဤဘာသာရပ်သည် ကျွန်တော် တို့ အားလုံးအထက်တန်းကျောင်းသား၊ ကျောင်းသူများဘဝကတည်းက ဇီဝဗေဒဘာသာ (Biology) အနေနှင့် သင်ကြား၊ သင်ယူခဲ့ရပါသည်။

ရုက္ခဗေဒဘာသာရပ်ခွဲများဖြစ်သော အပင်ပြင်ပအသွင်သဏ္ဌာန် (Plant Morphology) ၊ အပင်ခန္ဓာဗေဒ (Plant Anatomy) ၊ အပင်တစ်ရှူးဗေဒ (Plant Histology) ၊ အပင်များ အား အမျိုးအစားခွဲခြားခြင်း(Plant Taxonomy – Systematics/ Classification)၊ အပင် ဗီဇဗေဒ (Plant Genetics)၊ အပင်ဇီဝကမ္မဗေဒ (Plant Physiology)၊ အပင်ဆဲလ်ဗေဒ (Plant Cytology)၊ အပင်ဂေဟဗေဒ (Plant Ecology) စသည်ဖြင့် လေ့လာစရာ စုံလင်လှပါသည်။

ထိုမှသည်အသုံးချဇီဝဗေဒ (Applied Biology) သို့မဟုတ် အသုံးချရုက္ခဗေဒ (Applied Botany) ပညာရပ်များဖြစ်သော စိုက်ပျိုးရေးပညာ (Agriculture)၊ သစ်တောပညာ (Forestry) စသည်တို့ ခွဲထွက်သွားပါသည်။

ကျွန်တော် ဩစတေလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (UQ – The University of Queensland) တွင် မဟာစိုက်ပျိုးရေး သိပ္ပံသင်တန်းတက်တော့ ကမ္ဘာ့နာမည်ကြီး သီးနှံ ဇီဝကမ္မဗေဒပညာရှင် (World-known Crop Physiologist) ဒေါက်တာကက်နက်ဖစ်ရှာ (Dr. K.S.Fischer) ၏ သီးနှံဇီဝကမ္မဗေဒဘာသာရပ်တွင် ပြဌာန်းစာအုပ် (Text Book) အဖြစ် ထိုစဉ်ကထုတ်ဝေခဲ့သော ပါမောက္ခဂါတနာနှင့်အဖွဲ့ (F.P. Gardner et. al.) ၏ နာမည်ကြီးစာအုပ် ‘သီးနှံပင်များ၏ ဇီဝကမ္မဗေဒ (Physiology of Crop Plants)’ ထဲမှ တောင်သူဦးကြီးများအတွက်အသုံးဝင်သည့် အပိုင်းများကို အခန်းလိုက် ဆွေးနွေးသွားပါမည်။

အပင်ဇီဝကမ္မဗေဒ (Plant Physiology)သည် အပင်၏အသက်ရှင်သန်မှုအတွက် ဖြစ်ရပ်ကို လေ့လာသော ပညာရပ်ဖြစ်သည်။ (Study of vital phenomena in Plants) အပင် မှ ပတ်ဝန်းကျင်ကိုတုံ့ပြန်မှု (The response of Plants to Environment) ကို လေ့လာသော ပညာလည်းဖြစ်သည်။ အပင်၏လုပ်ငန်းများကို လေ့လာသောပညာ (Study of Plant Functions) လည်းဖြစ်ပါသည်။

ပုံ - ၁ အပင်ဇီဝကမ္မနှင့် ဆက်စပ်ဘာသာရပ်များ

သီးနှံပင်ဇီဝကမ္မဗေဒ (Crop Physiology) မှာမူ အပင်ဇီဝကမ္မဖြစ်စဉ်ကိုအသုံးချပြီး သီးနှံပင်များ ပိုမိုသန်စွမ်းကြီးထွားမှုဖြစ်အောင်၊ ဖွံ့ဖြိုးအောင်ပြုလုပ်ပြီး စီးပွားဖြစ်အထွက်နှုန်း တိုးတက်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ (Crop physiology is the study of the plant processes responsible for the growth, development, and production of economic yield by crop plants.)

ပထမဦးစွာ အလင်းရောင်ဖြင့်အစာချက်လုပ်ခြင်း (Photosynthesis) ကို စိုက်ပျိုးရေးအတွက် အသုံးချကြည့်ရအောင်ပါ။ 

စိုက်ပျိုးရေးဆိုသည်မှာ နေရောင်ချည်စွမ်းအင်ကို အစာချက်လုပ်ခြင်းဖြင့် အမြတ်ထုတ်ခြင်းစနစ် (A system of exploiting solar energy through photosynthesis) တစ်ခုဖြစ်ပါသည်။ သီးနှံဇီဝကမ္မပညာကို လေ့လာခြင်းဖြင့် ဤအစာချက်လုပ်ခြင်းစနစ်ကို အမြင့်ဆုံးအကျိုးရှိနိုင်သမျှရအောင် (To have maximum Efficiency of this Photosynthetic System) ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ 

သီးနှံထုတ်လုပ်ရာတွင်လည်း အပင်စုစုပေါင်းအလေးချိန် (Total Biological Yield – Total Dry matter) တိုးအောင်လုပ်ပြီး စီးပွားရေးအရ အရေးပါသော အထွက်နှုန်း (Economic Yield or harvested portion of the dry matter e.g., Grain Yield) ဥပမာ - စပါး၊ ဂျုံ အနှံများ၊ ပြောင်းဖူးစေ့များ၊ မြေပဲတောင့်၊ အာလူးဥများကိုတိုးအောင် ဇီဝကမ္မဗေဒရှုထောင့်မှ ပြုပြင်မွန်းမံခြင်း စသည်တို့ဖြစ်ပါသည်။

ပထမဦးစွာ အပင်များအတွက် အသုံးဝင်သော အလင်းရောင်အကြောင်း (Light Used in Photosynthesis) လေ့လာရအောင်ပါ။ 

မြင်ရသော အလင်းရောင် (Visible Light)

အလင်းရောင်ကို လေ့လာရင်း ရူပဗေဒ (Physics) သဘောတရားတွေပါလာပါသည်။

အစာချက်လုပ်ရန် အလင်းရောင်စွမ်းအင်ကို နေရောင်ခြည်မှ ရရှိပါသည် (Solar Energy)။ နေရောင်ခြည်မှနေ၍ တစ်မိနစ်လျှင် တစ်စင်တီမီတာပတ်လည်ကို ၂-ကယ်လိုရီ (2 Cal cm-2 min-1 – 1395 W/min) ရရှိပါသည်။

ပုံ - ၂ မြင်ရသောအလင်းရောင် (၄၀၀ မှ ၇၀၀ နန်နိုမီတာအတွင်းရှိသည်)

တစ်နေ့တာ နေရောင်ခြည်မှရရှိသော စွမ်းအင် စုစုပေါင်းမှ ၇၅-၈၅ ရာခိုင်နှုန်းသည် ရေများအငွေ့ပြန်ရာတွင် အသုံးပြုပါသည်။ ၅-၁၀ ရာခိုင်နှုန်းက မြေကြီးထဲတွင် အပူထိန်းရန် သုံးပါသည်။ ကျန် ၁ မှ ၅ ရာခိုင်နှုန်းသော အပင်များတွင် အလင်းရောင်မှ အစာချက်လုပ်ရန် (Photosynthesis) အသုံးပြုပါသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းနိုင်ငံများတွင် မေ၊ ဇွန်လများ၌ နေရောင်ခြည်စွမ်းအင် ပြည့်ဝစွာရသည်ကို စိုက်ပျိုးရေးပညာရှင်များနှင့် သီးနှံကမ္မဗေဒပညာရှင်များက အကျိုးရှိစွာအသုံးချသဖြင့် ဂျပန်၊ ကိုရီးယား တရုတ်နိုင်ငံများတွင် စပါး၊  ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် ဂျုံ၊ ပြောင်းဖူး အစရှိသည်တို့သည် ကမ္ဘာ့အထွက်အကောင်းဆုံးနိုင်ငံများတွင် ပါဝင်နေပါသည်။ ဩစတေးလျ၊ နယူးဇီလန်၊ လက်တင်အမေရိကနိုင်ငံများတွင်တော့ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် နွေရာသီ (Summer) ကျရောက်သဖြင့် ထိုလများတွင် စိုက်ပျိုးသော သီးနှံများသည် အထွက်ကောင်းနေပါသည်။

ကျွန်တော်တို့နိုင်ငံအပါအအဝင် အပူပိုင်းဒေသများတွင် နေရောင်ခြည်ရရှိမှုက လိုအပ်သည်ထက်ပို၍ ပြင်းထန်လွန်းသဖြင့် အပင်များအတွက် အပူလောင်မှု (Heat Stress) ဖြစ်စေနိုင်သည့်အပြင် နေရောင်ခြည်စွမ်းအင်ရရှိနိုင်သောလများတွင်လည်း မုတ်သုံရာသီကြောင့် တိမ်များစွာဖြစ်ထွန်းကာ နေရောင်ခြည်စွမ်းအင်ကို သမအအေးပိုင်း နိုင်ငံများ (Temperate Countries) လောက် အပြည့်အဝမရပါ။ 

အပင်များမှ ကာဗွန်ဒိုင်အောက်ဆိုက်ဖမ်းယူရရှိမှု (Canbon Dioxide Fixation by Plants)

သီးနှံပင်များ အထွက်နှုန်းတိုးတက်မှုအတွက် စုစုပေါင်းအပင်အခြောက်အလေးချိန် ထုတ်လုပ်မှု (Total Dry Matter Production) များများရရှိစေရန် ကာဗွန်ဒိုင်အောက်ဆိုက် ဖမ်းယူမှုစနစ် (CO2 uptake - Photosynthesis) နှင့် အပင်မှပြန်လည်ဆုံးရှုံးမှု (CO2 evolution - Respiration) ချိန်ခွင်လျှာဟန်ချက် (Balance) အပေါ်တွင်မူတည်ပါသည်။ ပုံမှန်အားဖြင့် အပင်များပြန်လည်ဆုံးရှုံးမှုမှာ စုစုပေါင်းအစာချက်လုပ်မှု၏ ၂၅-၃၀ ရာခိုင်နှုန်းမျှသာရှိသဖြင့် နေ့စဉ် ကာဗိုဟိုက်ဒြိတ်ရရှိမှုမှာပိုပါသည်။ 

(ဤဖြစ်စဉ်တွင် အစိုဓာတ်နှင့်ရေကြောင့် (water Stress)၊ မြေဆီလွှာကြောင့် (Soil Problems)၊ အာဟာရဓာတ်ကြောင့် (Nutrient Stress)၊ ပိုးမွှားရောဂါနှင့်ပေါင်းများကြောင့် (Pests, Diseases and Weeds Infestation) အပင်ကြီးထွားမှု နှောင့်နှေးခြင်းကို ထည့်တွက်မထားပါ၊ နောက်အခန်းများတွင် အသေးစိတ် ဆွေးနွေးပါမည်)

ပုံ - ၃ အပင်များ ရေ၊ လေထဲမှကာဗွန်ဒိုင်အောက်ဆိုက်၊ နေရောင်ခြည်စွမ်းအင်တို့ဖြင့် အစာချက်လုပ်ပြီး ကာဗိုဟိုက်ဒြိတ်ရရှိပုံ

ဒေါက်တာကြည်တိုး၏ စာအုပ် (အခန်း ၈ -အပင်များနှင့်နေရောင်ခြည်အခန်းတွင်လည်း) အပင်များ အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်း (Photosynthesis) အတွက် နေရောင်ခြည်စွမ်းအင် (Solar Energy) အခန်းကဏ္ဍအလွန်အရေးပါမှုကို လေ့လာနိုင်ပါသည်။ ကာဗွန်အက်တန် ၃ လုံးပါအပင် (C-3 plant) ဥပမာ - စပါး၊ ဂျုံ၊ ပဲမျိုးစုံ၊ ကာဗွန်အက်တန် ၄-လုံးပါ အပင် (C-4 plant) ဥပမာ - ပြောင်းဖူး၊ ကြံ၊ နှံစားပြောင်း တို့၏ အလင်းဓာတ်ပြုမှု စသည်ဖြင့် အပင်ဇီဝဓာတုဗေဒ (Plant Biochemistry) သဘောတရားများပါ ပါဝင်လာပါသည်။ (ဆက်လက်ဆွေးနွေးပါမည်)

မှီငြမ်းစာအုပ် (Reference Book)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India)

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်