အပင် အစာ၊ ရေချက်လုပ်ခြင်းဖြစ်စဉ်အတွက် လိုအပ်သောအချက်များ

17/07/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (81)  From Plant Physiology to Applied Crop Physiology (2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၁) အပင်ဇီဝကမ္မဗေဒမှသည် အသုံးချသီးနှံဇီဝကမ္မဗေဒသို့ (အမှတ် - ၂)

အပင် အစာ၊ ရေချက်လုပ်ခြင်းဖြစ်စဉ်အတွက် လိုအပ်သောအချက်များ (Factors Essential for Photosynthesis)

(က) အလင်းရောင် (Light) အလင်းရောင်ရရှိမှုအပေါ်မူတည်၍ အစာချက်လုပ်မှု နှုန်းသည်လည်း ကွာခြားသွားပါသည်။

အလင်းရောင်မရှိသော ညအချိန်တွင် အပင်များအမှောင်အတွင်းအသက်ရှူခြင်း (Dark Respiration) သို့မဟုတ် အစာဖြိုခွဲခြင်းကို ပြုလုပ်ပါသည်။ ကာဗွန်ပါဝင်ဓာတ်ပြုမှု မတူညီသော အပင်အမျိုးအစားအလိုက် အလင်းရောင်ကိုတုန့်ပြန်မှု ကွာခြားပါသည်။ ကာဗွန် ၄-ခု (C-4 Pathway) အပင်များသည် နေရောင်ခြည်အမြင့်ဆုံးအထိ အစာချက်လုပ်မှုနှုန်း တိုးတက်နိုင်ပါသည်။ ကာဗွန် ၃-ခု (C-3 Pathway) အပင်များသည် အလင်း ရောင်အပြည့် (Full Sunlight) မရခင်အထိပဲ အစာချက်လုပ်မှုနှုန်းမြင့်မြင့်ဖြင့် ချက်ပေးနိုင်ပါသည်။ 

ပုံ - ၁ ကာဗွန် ၃ လုံး နှင့် ကာဗွန် ၄ လုံး အပင်များ ကာဗွန်သံသရာလည်ပတ်မှု ကွာခြားပုံ

(ခ) ကာဗွန်ဒိုင်အောက်ဆိုက် (Carbon Dioxide) သည် လေထဲတွင်ပါဝင်မှု (၀.၀၃၄၀ ရာခိုင်နှုန်း (သို့) ၃၄၀-သန်းခိုင်နှုန်း) ရှိသောဓာတ်ငွေ့ဖြစ်ပြီး နိုက်ထရိုဂျင် ၇၈-ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁-ရာခိုင်နှုန်း၊ အာဂွန် ၀.၉၃ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ အနည်းငယ် စီပါဝင်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် လေထဲတွင် အနည်းငယ်သာ ပါဝင်သော်လည်း စုစုပေါင်း အပင်အခြောက်အလေးချိန်၏ ၈၅ မှ ၉၂ ရာခိုင်နှုန်းမှာ ကာဗွန်ဒိုင် အောက်ဆိုက် စုပ်ယူမှုကြောင့်ဖြစ်ပါသည်။ 

(ဂ) အပူချိန် (Temperature) သည် အလင်းရောင်ဓာတ်ပြုမှု (The Light reaction or Photophosphorylation) ကို လွှမ်းမိုးသည်။ 

(ဃ) ရေ (Water) အပင်များ အစာချက်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်သည်။ မြေဆီလွှာအတွင်ရှိ ရေစုစုပေါင်း ၀.၁ ရာခိုင်နှုန်းသာ အစာချက်လုပ်မှု အတွက်သုံးသော်လည်း ကျန် ၉၉ ရာခိုင်နှုန်းကျော်ကျော်မှာ အပင်များတွင် ပင်ရည်ပျံမှု (Transpiration) ကို အသုံးပြုသည်။ 

(င) အရွက်သက်တမ်းနှင့် အာဟာရဓာတ်များ (Leaf age and Mineral status) အပင်များ အစာချက်လုပ်မှုသည် အပင်ရှိအရွက်များတွင် အများဆုံးပါဝင်သော အစိမ်းရောင်ခြယ်ပစ္စည်း (Chlorophyll) ၏ အကူအညီဖြစ် ပြုလုပ်သည်။ ထိုအခါ အရွက်သက်တမ်း အပေါ်မူတည်၍လည်း အပင်များ အစာချက်လုပ်မှု ကွာခြားနိုင်သည်။ အရွက်များ သက်တမ်းရင့်၍ ကြွေခါနီး (Senescene) လျှင် အစာချက်လုပ်မှုနှုန်း နှေးသွားသည်။ 

အာဟာရဓာတ် လုံလောက်စွာရရှိမှုကလည်း အပင်များ အစာချက်လုပ်မှုနှုန်း ကွာခြားနိုင်ပါသည်။ 

ဇယား - ၁ ပြောင်းဖူးပင် ပိုတက်ဆီယမ် (K) ပါဝင်မှုအပေါ် အစာချက်နှုန်းကွာခြားပုံ

(စ) အပင်အမျိုးအစား အလိုက်ကွာခြားမှုများ (Differences in Photosynthetic Rates among and within Species)     အပင်အမျိုးအစား ကွာခြားမှု အလိုက်၊ အပင်တစ်မျိုးတည်းတင်ပင် မျိုးပြားအလိုက်၊ နေရာဒေသအပေါ်မူတည် ကွာခြားနိုင်ပါသည်။

ဇယား - ၂ အပင်အမျိုးအစားနှင့် မျိုးပြား၊ နေရာဒေသကွာခြားမှု အပေါ် အစာချက်နှုန်းကွာခြားပုံ

အစာချက်လူပ်မှုဖြစ်စဉ် (အလွယ်သိစေနိုင်ရန်သာ) 

CO2 + H2O = C6H12O6 + O2

ကာဗွန်ဒိုင်အောက်ဆိုက် + ရေ = ကာဗိုဟိုက်ဒရိတ် + အောက်ဆီဂျင်

ကာဗိုဟိုက်ဒရိတ်မှနေ၍ စွမ်းအင်ပြုအစာဖြိုခွဲခြင်းနည်းလမ်းဖြင့် စွမ်းအင်ရရှိနိုင်ပါသည်။

C2H12O6 + 6H2O = 6CO2 + 6H2O + 637 Kcal (Potential Energy)

ဂလူးကို့စ် + အောက်ဆီဂျင် = ကာဗွန်ဒိုင်အောက်ဆိုက် + ရေ + စွမ်းအင်

ပုံ - ၂ အပူချိန်ကွာခြားမှုအလိုက် C3/C4  အပင်များ အစာချက်ပုံကွာခြားမှု

ပုံ - ၃ ကာဗွန်ဒိုင်အောက်ဆိုက်ကွာခြားမှုအလိုက် C3၊ C4   အပင်များ အစာချက်ပုံကွာခြားမှု

ပုံ - ၄ အလင်းရောင်ရရှိမှုကွာခြားမှုအလိုက် C3၊ C4   အပင်များ အစာချက်ပုံကွာခြားမှု

အပင်၏အမြင့်ဆုံး အပင်ကြီးထွားမှုနှုန်းကိုခန့်မှန်းတွက်ချက်ခြင်း (Estimating Maximum Crop Growth Rates)

လူးမစ်နှင့်ဝီလျှံဟုခေါ်သည့် ပညာရှင်များသည် ၁၉၆၃-ခုနှစ်ကတည်းက အမြင့်ဆုံး ရရှိနိုင်သော အပင်ကြီးထွားနှုန်း ကိုခန့်မှန်းတွက်ချက်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံ နွေရာသီအချိန် ၁၉၆၀-ခုနှစ် ဇွန်လ ၁ ရက်မှ စက်တင်ဘာ ၈ ရက် (ရက် ၁၀၀) တစ်ရက်လျှင်ပျှမ်းမျှအပူချိန် တစ်စင်တီမီတာ ပတ်လည် ၅၀၀ ကယ်လိုရီနှုန်း (500 Cal cm-1 day-1) နှင့် တွက်ချက်ခဲ့သည်။ သူတို့၏ယူဆချက် (Assumption) သည် မြင်ရသောအလင်းရောင် (Visible Light) ၈၂ ရာခိုင်နှုန်းကို ကလိုရိုပလတ်စ် (Chloroplast) က ဖမ်းယူသည်။ ကာဗွန်ဒိုင်အောက်ဆိုက် မော်လီကျူးတစ်ခုကိုဖမ်းယူရန် ၁၀-ဖိုတွန် (10 Photons) လိုအပ်သည်။ အစာဖြိုခွဲခြင်း (Respiration) သည် စုစုပေါင်းအားအင်၏ ၃၃-ရာခိုင်နှုန်းကို အသုံပြုသည်။ ထိုယူဆချက်အရ တွက်ချက်ရလျှင်  တစ်နေ့ တစ်မီတာ ပတ်ပတ်လည်မှ အများဆုံး ၇၇-ဂရမ် (77 g m-2 day-1) ရရှိနိုင်သည်။ ဤသည်ကို သီးနှံကြီးထွားမှုနှုန်း (Crop Growth Rate - CGR) ဟူ၍ခေါ်ဝေါ်သည်။ 

၎င်းသည် တစ်ဧက တစ်နေ့ ၆၈၇-ပေါင် (687 lb acre-1 day-1) သို့မဟုတ် ရက် ၁၀၀-အတွင်း ၃၄.၃၅ တန်လောက် အပင်အခြောက်အလေးချိန် ထွက်ရှိနိုင်သည်။ လက်တွေ့ တွင် ဤအလေးချိန်အထိ ကမ္ဘာ့နိုင်ငံအားလုံးတွင် မည်သည့် သီးနှံမှ မရရှိသေးပါ။  

ဇယား - ၃ သီးနှံအမျိုးမျိုးအလိုက် အမြင့်ဆုံးရရှိနိုင်သော သီးနှံကြီးထွားမှုနှုန်းများ

 

(Estimating Maximum Crop Growth Rates)


သီးနှံဇီဝကမ္မဗေဒပညာ (Crop Physiology) တွင် သီးနှံပင်များ အထွက်တိုးရန်အတွက် တွန်းအားပေးနေသော၊ ပံ့ပိုးပေးနေသော အချက်များစွာကို အမှတ်စဉ် (၃) မှ ဆက်လက် ၍ ဆွေးနွေးပါဦးမည်။ သို့သော်တခြား တောင်သူဦးကြီးများက မေတ္တာရပ်ခံထားသော စိုက်ပျိုးရေးဆိုင်ရာ ခေါင်းစဉ်များကို အလှည့်ပေးလိုက်ပါဦးမည်။

ဒေါက်တာကြည်တိုး၏ စာအုပ်၌ အခန်းလိုက်ကြည့်ရမည်ဆိုလျှင် 

အခန်း (၂) ပင်စိမ်းတောသို့အပြန် အခန်းတွင် နွေခေါင်ခေါင် ရေဆင်းကျောက်စရစ်မြေများ၌  ရှင်သန်နေကြသော ပင်စိမ်းရိုင်းများ၏ ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒ တို့ကိုလေ့လာရင်း အကျိုးပြုသီးနှံပင် (Cultivated Crops) များကို အသုံးချနိုင်ပါသည်၊

အခန်း (၃) ပန်းများပွင့်ကြသည်ဆိုရာဝယ် အခန်းတွင် ပန်းပွင့်ချိန်၊ ပန်းပွင့်ခြင်းကို လွမ်းမိုးနေသောအချက်များ၊ အပင်ဟောမုန်း (Plant Hormones) စသည်တို့ဖြင့် ပန်းပွင့်ခြင်းဆိုင်ရာဇီဝကမ္မဗေဒ (Flowering Physiology) ကို အသေးစိတ်လေ့လာရင်း သီးနှံအပင်အထွက်နှုန်း (Crop Yield) တိုးတက်စေရန် လေ့လာနိုင်ပါသည်။ သီးခြားသုတေသနပြု လေ့လာသင့်သော ပညာရပ် ဘာသာခွဲတစ်ခုဖြစ်ပါသည်။

အခန်း (၄) သက်ရှိများ၏ဇီဝစည်းချက်၊ ဇီဝနာရီ အခန်းတွင် အပင်များ၏နေ့တာတိုရှည်မှုကို တုံ့ပြန်မှု၊ ထိုအပေါ်တွင်မူတည်၍ အကျိုးရှိအောင်ပြုလုပ်နိုင်ပါသည်။

အခန်း (၅) မြက်ဖျားနှင်းသည် နှင်းမှဟုတ်ရဲ့လား အခန်းတွင် ပင်ရည်ပျံခြင်း (Transpiration)၊ ပင်ရည်ယိုခြင်း (Guttation) စသည်တို့ အကြောင်းဖြစ်ပြီး ရေများခြင်း၊ ရေနည်းခြင်းတို့အပေါ် ဇီဝကမ္မဖြစ်စဉ် (Water Stress Physiology) ကို အသေးစိတ် လေ့လာရသော ဘာသာရပ်ဖြစ်ပါသည်။ သီးနှံပင်များ မိုးခေါင်ဒဏ်ခံနိုင်ရန် (Drought Tolerant)၊ ရေဝပ်ဒဏ်ခံနိုင်ရန် (Water-logged Tolerant) အပင်၏ ရေပါဝင်မှု (Plant Water Potential) ကို  စနစ်တကျ တိုင်းထွာ၍ သုတေသနပြုရမည်ဖြစ်သော ပညာဖြစ် ပါသည်။ မြေဆီလွှာရေ (Soil Water) နှင့် အပင်အတွင်းရှိရေ (Plant Water) များကို သုတေသနပြုနေသူပညာရှင်များ ကျွန်တော်တို့နိုင်ငံတွင် အလွန်နည်းပါးနေပါသေးသည်။

အခန်း (၆) ရွက်ဝါကြွေသောနွေနှင့် အခန်း (၇) ဆောင်းဦးရွက်ကြွေများအား ဖြတ်သန်းခြင်း အခန်းများတွင် ကျွန်တော်တို့နိုင်ငံ အပါအဝင် အပူပိုင်းဒေသများ (Tropical Regions) ၌ နွေရာသီ၌ အပင်များရှင်သန်နိုင်ရန် အရွက်များ ခြောက်ကြွေ ပေးရသောဖြစ်စဉ် (Abscission) နှင့် အအေးပိုင်းနိုင်ငံများ (Temperate Countries) တွင် ဆောင်းတွင်း (Winter) ကို ကျော်ဖြတ်နိုင်ရန် အရွက်များ ကြွေပေးရခြင်း ဖြစ်စဉ် ဖြစ်ပါသည်။ ဆောင်းတွင်းအကုန် နွေဦးပေါက်ရာသီ (Spring) တွင်တော့ အရွက်စိမ်းကလေးများ ပြန်လည်ဝေဆာလာပါသည်။ ဤပညာရပ် လေ့လာမှု  အပေါ်မှာ မူတည်၍ အသုံးချ သီးနှံအထွက်တိုးအောင်လုပ်ဆောင်သင့်ပါသည်။

အခန်း (၉) ကန္တာရအပင်များနှင့်ရေ အခန်းတွင် သဲကန္တာရ (Desert) များတွင်သာ ပေါက်ရောက် ရှင်သန်နိုင်သော ကန္တာရအပင်များ (Xerophytes) အကြောင်း လေ့လာနိုင်ပါသည်။

အခန်း (၁၀) အပင်များ အသက်ရှူကြသလား အခန်းတွင် အပင်များက လူ၊ တိရစ္ဆာန်များ ကဲ့သို့ အောက်ဆီဂျင် (Oxygen – O2) လိုအပ်သလို အပင်များကလည်း ကာဗွန်ဒိုင် အောက်ဆိုက် (Carbondioxide -CO2) ကို အသုံးပြုပြီး စွမ်းအင်ပြု အစာဖြိုခွဲခြင်း (Respiration) ပြုလုပ်ပုံကို လေ့လာနိုင်ပါသည်။

အခန်း (၁၁) ညှို့ယူဆွဲငင်တတ်သောအခန်းတွင် အလင်းရောင်၊ နေရောင်၊ မြေကြီး၊ အစိုဓာတ်များဆီသို့ ကွေးညွှတ်ခြင်းစသည်တို့ကို လေ့လာသိရှိခြင်းဖြင့် အပင်များ၏ ဆန်းကြယ်သော ဖြစ်ရပ်များကို လေ့လာကာ အသုံးချသိပ္ပံ (Applied Science) သုတေ သနများ အတွက် အသုံးပြုနိုင်ပါသည်။

အခန်း (၁၂) အပင်ဟော်မုန်းများ (Plant Hormones) နှင့် အခန်း (၁၃) အပင်ကြီးထွားမှုကို တားဆီးသော ဟော်မုန်းများ၊ အခန်း (၁၆) သရက်ပန်းပွင့်ခြင်းနှင့် ပန်းပွင့်မှုကို လှုံ့ဆော်ခြင်း အခန်းများတွင် ၎င်းတို့၏ဖြစ်စဉ်ကို လေ့လာပြီး နိုင်ငံတကာတွင် တစ်နှစ်ပတ်လုံး သရက်သီးသီးအောင်လုပ်ဆောင်နေရာ ပညာရှင်များသာ မြန်မာပြည်ရှိ နာမည်ကြီး စိန်တလုံးသရက်သီး တနှစ်ပတ်လုံးသီးအောင် လုပ်နိုင်ပါက အောင်မြင်မှုထိုးဖောက်မှုတစ်ခု (Break through) ရရှိနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။ ထို့အတူပဲ အစေ့မဲ့အသီးများ (Seedless Fruits) ဥပမာ - မြန်မာနိုင်ငံရှိ စပျစ်၊ လိမ္မော်၊ မာလကာသီး၊ သင်္ဘောသီးများတို့ကို ဟော်မုန်းအားကိုးဖြင့် ပြုလုပ်နိုင်ပါကလည်း အလွန်အသုံးဝင်ပါမည်။

အခန်း (၁၄) အပင်ဇီဝကမ္မအတွက် အဟာရဖြည့်တင်းခြင်း အခန်းတွင် သီးနှံပင်များအတွက်မရှိမဖြစ်လိုအပ်သော အဟာရဓာတ်များ (Essential Plant Nutrients) အကြောင်း အပင်ဇီဝကမ္မရှုထောင့်မှ လေ့လာနိုင်ပြီး သီးနှံအဟာရဓာတ်ပညာရှင် (Crop Nutritionist) နဲ့ တွဲဖက် သုတေသန လုပ်ဆောင်သင့်ပါသည်။ အဟာရဓာတ်ချို့တဲ့မှု လက္ခဏာများ (Nutrient Deficiency Symptoms)ကို ဘာသာရပ်ပေါင်းစုံမှ စုပေါင်းလေ့လာ အဖြေရှာသင့်ပါသည်။

အခန်း (၁၅) ဆားပေါက်မြေမှာပွင့်သောပန်း အခန်းတွင် ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော စပါး၊ ဝါ၊ ပြောင်းဖူးပင်များ မွေးမြူထုတ်လုပ်မှုအတွက် အပင်မွေးမြူရေးပညာရှင်များ (Plant Breeders) နှင့်တွဲဖက်သုတေသနပြု ဆောင်ရွက်နိုင်၍ ဤအခန်းကိုလည်း လေ့လာသင့်ပါသည်။

အခန်း (၁၇) အပင်များနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်ဆက်စပ်မှု အခန်းတွင် စိုက်ပျိုးရေးအတွက် ပတ်ဝန်းကျင်နှင့် မိုးလေဝသပညာတို့၏ အရေးပါမှုကို တင်ပြထားပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ အစရှိသည့် ဘာသာရပ်များမှာ သီးခြားရှိနေသည်မဟုတ်ဘဲ ဆက်စပ်အသုံးချရမည့် ဘာသာရပ်များ ဖြစ်၍ ပညာရေးဆိုင်ရာမူဝါဒ ချမှတ်ရာတွင်လည်း အဆင့်မြင့်ပညာရေးအတွက် အလေးထားရမည့် ဘာသာရပ်များ ဖြစ်ပါသည်။

ခြုံငုံသုံးသတ်ရလျှင် ဒေါက်တာကြည်တိုး၏ ဤစာအုပ်သည် မြန်မာဘာသာဖြင့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးများကို လွယ်ကူ ရှင်းလင်းစွာ ဝတ္တု၊ ဆောင်းပါး သဖွယ် တင်ပြထားသဖြင့် နောင်တစ်ချိန် သီးနှံဆိုင်ရာဇီဝကမ္မဗေဒ (Crop Physiology) သုတေသနပညာရှင်များ၊ ကျောင်းသူ၊ ကျောင်းသားများ အတွက် တန်ဖိုး မဖြတ်နိုင်သည့် စာအုပ်ကောင်း တစ်ခု ဖြစ်ပါကြောင်းနှင့်

ကျွန်တော်ကတော့ တောင်သူဦးကြီးများအတွက် စိုက်ပျိုးရေးဆိုင်ရာဆောင်းပါးများ ဆက်လက်ရေးသားပေးမည် ဖြစ်ပါကြောင်း..။ 

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Gardner, F.P.; Pearce, R.B. and Mitchell, R.L. (2010) Physiology of Crop Plants. Iowa State University Press. (Reprinted in India)

Loomis, R.S. and Williams, W.A. (1963) Maximum Crop Productivity: An Estimate. Crop Science 3:67-72.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်