ယာစပါးစိုက်ပျိုးသော မြေများ

21/08/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (86)   Upland Rice - 3

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၆)  ယာစပါး (အပိုင်း-၃) ယာစပါးစိုက်ပျိုးသော မြေများ (Upland Rice Soil)

တောင်ယာစပါးသည် ရှေးနှစ်ပေါင်းများစွာကတည်းက တောင်ပေါ်ဒေသများတွင် သမားရိုးကျစိုက်လာခြင်းဖြစ်ပြီး တောင်စောင်းများတွင် (Slope) ၃၀ ရာခိုင်နှုန်းအထိ စိုက်နေတာကို တွေ့ရပါသည်။ အရှေ့တောင်အာရှနိုင်ငံများမှာ ယာစပါး၏ ၃၈ ရာခိုင်နှုန်း (ဧက ၁၀-သန်း) လောက်သည် တောင်ပေါ်မှာပဲ စိုက်ပျိုးတာများပါသည်။ 

 'တောင်ယာ' ဆိုသည်မှာ' တောင်ပေါ်သစ်တောများကို ခုတ်ထွင်ရှင်းလင်းမီးရှို့ပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း' ကို ကိုယ်စားပြုသည့် မြန်မာဝေါဟာရဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့သည့် ဝေါဟာရတစ်ခု ဖြစ်ပါသည်။ များသောအားဖြင့် သီးနှံကို ရာသီတစ်ကြိမ်သာစိုက်ပြီး နောက်တစ်ရာသီတွင် တခြားတစ်နေရာသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းကို ဆိုလိုပါသည်။

ပုံ - ၁ ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းများ

ကျွန်တော်တို့ စီမံကိန်းအပါအဝင် တောင်ယာစပါးစိုက်ပျိုးသော မြေများတွင် မြေဆီလွှာရေအသုံးပြုနိုင်မှု (Soil Water Availability) နည်းသည်။ အထွက်နှုန်းနည်းရခြင်းသည် အဓိကအကြောင်းအရင်းတစ်ချက်မှာ စပါးနှံမျိုးပွားချိန် (Reproductive Stage) ၌အစိုဓာတ်နည်း၍ အထွက်နည်းရခြင်း ဖြစ်နေပါသည်။ 

တောင်ယာကွင်းများတွင် ဩဂဲနစ်ပစ္စည်းများ (Organic Matters) နည်းပါးရခြင်းအကြောင်းသည်လည်း ရေကို စုပ်ထိန်းနိုင်မှုစွမ်းရည် (Water-holding Capacity) အားနည်း၍ ဖြစ်ပါသည်။

 ဩဂဲနစ်ပစ္စည်းများများရှိပါက ရေစိမ့်ဝင်နိုင်စွမ်း (Porosity) ပိုကောင်းပါသည်။ ထို့ကြောင့် ယာစပါး၏ အမြစ်များသည် ကုပ်တွယ်နိုင် စွမ်းရည်ပိုကောင်းပါသည်။

တနင်္သာရီဒေသသည် မိုးများလွန်း၍ မြေချဉ်ငန်ဓာတ် (Soil pH) ၄.၅ မှ ၆.၅ အကြား (အချဉ်ဘက်တွင်) ရှိသည်။ စပါးအတွက် အခက်အခဲမရှိသော်လည်း မြေချဉ်ငန်ဓာတ် ၄.၀ အောက်ရောက်သွားပါက မြေတွင်းရှိ မင်းဂနီးစ် (Manganese) ဓာတ်များသည် အပင်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ 

ယာစပါးစိုက်အထွက်နည်းစေသည့် အတားအဆီးများ (Constraints in Upland Rice Production)

(က) မြေဆီလွှာ (Soil-related Constraints) 

မြေဆီလွှာရူပဗေဒဂုဏ်သတ္တိများ (Soil Physical Properties) နှင့် ပတ်သက်ရာတွင် ယာစပါးသည် မိုးရေ (rainwater) အပေါ်လုံးလုံးမှီနေရ၍ မိုးရေချိန် (Amount of Rain) နှင့် စိုက်ပျိုးနေရာအတွင်း ရွာသွန်းချိန် ကွာခြားမှု (Variability) သည် ယာစပါးအထွက် နှုန်းကို လွှမ်းမိုးပါသည်။

အော်တီဆော (Ultisols) နှင့် အယ်ဖီဆော (Alfisols) တောင်စောင်းမြေများတွင် ယာစပါးစိုက်ပျိုးမိပါကလည်း မြေဆီလွှာတိုက်စားမှုရန်ကို ကြောက်ရပါသေးသည်။

မိုရွာသွန်းမှုပြင်းထန်ပြီး မြေကြီးတွင် မည့်သည့်အပင်မျှ စိုက်ပျိုးထားခြင်းမရှိပါက အပေါ်ယံမြေလွှာ (Top Soils-  အပင်များအတွက်အလွန်အရေးကြီးသောမြေ) နှင့် မြေဆီလွှာအာဟာရဓာတ်များ (Soil Nutrients) ဆုံးရှုံးပါတော့မည်။ သို့ဖြစ်ပါ၍ တောင်စောင်းဒေသနှင့် သင့်တော်သော သစ်ပင်ကြီးများ ဥပမာ - တနင်္သာရီဒေသ ကွမ်းသီးပင်၊ ဒူးရင်းပင်စသည်ဖြင့် သီးနှံသစ်တောရောနှောစိုက်နည်း စနစ် (Agroforestry System) ကို ကျင့်သုံးလျှင်သော်လည်းကောင်း၊ မြေဆီလွှာတိုက်စားမှုခံနိုင်သော ဗက်တီဗာမြက် (Vetiver Grass)ကို စိုက်ပျိုးလျှင်လည်းကောင်း မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပါလိမ့်မည် (ပုံ-၂)။ 

ယာစပါးကို အတန်းလိုက်စိုက်ပျိုးလျှင်လည်း မျိုးစေ့ချရာတွင် တောင်စောင်းကွန်တိုလိုင်း အလိုက် (Lines across the slope) ကန့်လန့်ထားပြီး စိုက်ပျိုးရပါမည်။ ဤသို့စိုက်ပျိုးထားမှ အပင်များပေါက်လာလျှင် အတန်းလိုက်ရေတိုက်စားမှုကို တောင့်ခံ ပေးထားနိုင်ပါမည် (ပုံ-၃)။ 

ပုံ -၂ ဗက်တီဗာမြက်ကို မြေတိုက်စားမှုမှကာကွယ်ရန် တောင်စောင်းများတွင် ယာစပါးနှင့်တွဲဖက် စိုက်ပျိုးထားပုံ

ပုံ - ၃ ကွန်တိုလိုင်းများ တောင်စောင်းတွင် ပြုလုပ်နေပုံ

မြေဆီလွာဓာတုဗေဒဂုဏ်သတ္တိများ (Soil Chemical Properties) အရ တောင်ယာမြေများသည် မြေချဉ်ပြီး နိုက်ထရိုဂျင်ဓာတ် (Nitrogen)၊ ဖော့စဖောရပ် (Phosphorus)၊ ဆာလဖာ (Sulphur) နှင့် သံဓာတ် (Iron) အလွန်နည်းပါးပါသည်။ အက်ဆစ်များသော မြေချဉ် (Acid Soils) များတွင် အလူမီနီယမ် (Aluminium) နှင့် မင်းဂနီးစ် (Manganese) များသည် မြေတွင်းလိုအပ်သည်ထက် ပိုမိုပျော်ဝင်ကာ အဆိပ်အတောက် (Toxicity) ဖြစ်စေပြီး အပင်များကြီးထွားမှု ရပ်တန့်စေပါသည်၊ 

(ခ) မိုးရေ (Rainfall Constraints) 

မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ရှိယာစပါးစိုက်ပျိုးသောနိုင်ငံများ၌ မိုးရာသီသက်တမ်း ရှည် (၅-လ မှ ၁၂-လ)၊ မိုးရာသီသက်တမ်းတို (၁-လ မှ ၄-လ) အနည်းအများနှင့် မြေဆီလွှာကောင်း (Fertile Soils) မြေဆီလွှာညံ့ (Infertile Soils) အပေါ်လိုက်၍ (၄) မျိုးခွဲခြား ထားပါသည်။

(ခ-၁) မိုးရာသီသက်တမ်းရှည်၊ မြေဆီလွှာကောင်း (ဧက ၄.၂၅ သန်း - စုစုပေါင်း ယာစပါးစိုက်ဧက၏ ၁၅-ရာခိုင်နှုန်း)

(ခ-၂) မိုးရာသီသက်တမ်းရှည်၊ မြေဆီလွှာညံ့ (ဧက ၉.၃၄ သန်း - စုစုပေါင်း ယာစပါးစိုက်ဧက၏ ၃၃-ရာခိုင်နှုန်း)

(ခ-၃) မိုးရာသီသက်တမ်းတို၊ မြေဆီလွှာကောင်း (ဧက ၇.၈၃ သန်း - စုစုပေါင်း ယာစပါးစိုက်ဧက၏ ၂၇-ရာခိုင်နှုန်း)

(ခ-၄) မိုးရာသီသက်တမ်းတို၊ မြေဆီလွှာညံ့ (ဧက ၆.၆၉ သန်း - စုစုပေါင်း ယာစပါး စိုက်ဧက၏ ၂၅-ရာခိုင်နှုန်း) ဟူ၍ခွဲခြားထားပါသည်၊

ထိုအထဲမှ မိုးရာသီသက်တမ်းရှည်၊ မြေဆီလွှာကောင်း စိုက်ပျိုးမြေများသည် တစ်ဧကအထွက်နှုန်းတိုးရန် ပြုလုပ်နိုင်ပါသည်။

ကျန်မြေများမှာမူ အထွက်နှုန်းနည်းပြီး သက်တန်းတိုသော ယာစပါးမျိုး (Early-matured Cultivars) ကို ရွေးချယ်စိုက်၍ မိုးရေချိန် နည်းပါးမှုကို ရှောင်ကွင်းနိုင်ပါသည်။

ပုံ - ၄ ဖိလစ်ပိုင်နိုင်ငံ တောင်သူစိုက်ကွင်း၌ သက်တန်းတိုယာစပါးမျိုးများရွေးချယ်ရန် စိုက်ပျိုးထားပုံ

(ဂ) သက်ရှိ (Biological Constraints)

(ဂ-၁) ဖျက်ပိုးများ (Pests)

လယ်စပါးထက် တောင်ယာစပါးတွင် အင်းဆက်ဖျက်ပိုး (Insect Pests)၊ နီမတုတ်အပါအဝင် အပင်ရောဂါများ (Plant Diseases including Nematode)၊ ရှဉ့် ၊ ကြွက် အပါအဝင် ကိုက်ဖြတ်သတ္တဝါများ (Rodents)၊ ငှက်များ (Birds) နှင့် အခြားတောရိုင်း တိရစ္ဆာန်များ ဥပမာ - တောဆင်ရိုင်း (Other wild Animals e.g. Elephant) ဖျက်ဆီး၍ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။

ပုံ - ၅ တောင်ယာစပါးခင်း ဆင်များဖျက်ဆီးနေပုံ

(ဂ-၂) ပေါင်းပင်များ (Weeds) သည် လယ်စပါးကဲ့သို့ ရေ၊ တမန်းတို့ဖြင့် နှိမ်နှင်း (Controlled by Tillage) ထား၍မရနိုင်၍ စပါးပင်များ စားသုံးမည့်ရေ (Water)၊ အလင်းရောင် (Light)၊ အာဟာရဓာတ်များ (Nutrient) လုယူ စားသုံးပါသည်။ သို့သော် တောင်ယာစပါးခင်းများမှာ ရှေးရိုးနည်း ပေါက်တူး၊ ပေါက်ပြား၊ လက်ဖြင့်နှုတ်သည့် နည်းများသာ ကျင့်သုံးနေရပါသည် (ပုံ - ၆)။

ပုံ - ၆ တောင်ယာ စပါးခင်း ပေါင်းလိုက်နေကြပုံ

တောင်ယာစပါးခင်းတွင် ရေရှည်တည်တံ့ ခိုင်မြဲစေသောစနစ် (Sustainable Upland Rice System) တည်ဆောက်ရန် ယနေ့ခေတ်တွင်လိုအပ်လျက်ရှိနေပါပြီ။ သူ၏ သဘောတရားမှာ  ပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုမရှိစေရန် ထိန်းသိမ်းရေး (The aspect of Conservation) နှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရေး (The Effective use of Natural Resources) တို့ဖြစ်ပါသည်။

(ယာစပါးသီးနှံ အမှတ် (၄) ကို နောက်ဆက်ပါဦးမည်၊။ လောလောဆယ် သင်တန်းသားများ၏ တောင်းဆိုမှုကြောင့် ပဲမျိုးစုံအကြောင်းဆွေးနွေးပါမည်။)

(မှီငြမ်းစာအုပ်များ) References

Arraudeau, M.A. and Vergara, B.S. (1988) A Farmer Primer on Growing Upland Rice. IRRI and IRAT. 292p.

De Datta, S.K. (1981) Principles and Practices of Rice Production. John Wiley & Sons. 640p.

FAO (1977) Upland Rice. Food and Agriculture Organization. 30p.

Pande, H.K. (1994) Improved Upland Rice Farming Systems. FAO. 117p.

Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်