Basic Agricultural Science – (97) Plant Biology (Part-1)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၇) အပင်ဇီဝဗေဒဆိုတာ
မိတ်ဆက် (Introduction)
လယ်ယာသီးနှံ (Agronomy) နှင့် ဥယျာဉ်ခြံသီးနှံ (Horticulture) များကို စုပေါင်းလေ့လာရမည့် သီးနှံသိပ္ပံပညာ (Crop Science)ဖြစ်သည်။ ထိုမှသည် သစ်တော/သစ်ပင် (Forest)၊ နှစ်ရှည်ပင် (Perennial Crops) အပင်အားလုံး၏ သိပ္ပံ (Plant Science) တို့မြစ်ဖျားခံရာ အပင်ဇီဝဗေဒ (Plant Biology) အကြောင်းကို လေ့လာရအောင်ပါ။
သိပ္ပံပညာဆိုတာဘာလဲ (First, what is Science?)
စကားလုံးအစသည် လက်တင်ဘာသာ (Scientia = To know) သိရှိရန်ဟူ၍ အဓိပ္ပာယ်ရပါသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသော သဘာဝကိုလေ့လာခြင်းဖြစ်ပါသည်။
ကွယ်လွန်သွားပြီဖြစ်သော ကျွန်တော်တို့၏ ဆရာကြီး ဒေါက်တာစိုင်းမြင့်လွင်ကမူ သိပ္ပံပညာဆိုသည်မှာ ယုတ္တိရှိစွာတွေးခေါ်ပြုလုပ်ချင်းပညာ (A method of thinking based on logical steps) ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
သိပ္ပံပညာနည်းစနစ်/နည်းလမ်းသည် (Scientific Method) စောင့်ကြည့် အကဲခတ်လေ့လာခြင်း (Observation)၊ ခွဲခြားရွေးထုတ်ခြင်း (Identification)၊ အဆိုကြမ်းဖော်ထုတ်ခြင်း (Hypothesis)၊ စမ်းသပ်လုပ်ဆောင်ကြည့်ခြင်း (Experiment) တို့ဖြစ်ပါသည်။
ပုံ -၁ သိပ္ပံပညာသဘောတရား
အသုံးချသိပ္ပံပညာ (Applied Science) ဆိုသည်မှာ ရိုးရိုးသိပ္ပံပညာ၏ သဘောတရားနှင့် အချက်အလက်များကိုအခြေခံ၍ လတ်တလောဖြစ်နေသော စီးပွားရေး၊ လူမှုရေးပြဿနာများ ဖြေရှင်းပေးခြင်းဖြစ်ပါသည်။ (The facts and principles of pure science are used in the solution of the problem which will have economic and social importance, Terranto, 1964)
ပုံ - ၂ အသုံးချသိပ္ပံပညာမှသည် ဇီဝသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံဆီသို့
ဇီဝဗေဒ/ဇီဝသိပ္ပံပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition of Biology/Biological Science)
ဂရိစာလုံးနှစ်လုံးဖြစ်သည့် (Bios=Life) နှင့် (Logos=Study) မှ ဆင်းသက်လာခြင်းဖြစ်သည်။ သက်ရှိများကိုလေ့လာခြင်း၊ သက်ရှိများ၏ သိပ္ပံပညာဟူ၍ အဓိပ္ပာယ်ရပါသည်။ (The Study of Live/Living Things (or) Science of Living Things)၊
ဘာကြောင့် ဇီဝဗေဒပညာကိုလေ့လာရာမှာ သင့်အတွက် ဘာကြောင့် အရေးကြီးရတာလဲ (Why is it important for you to study Biology?)
မိမိနှင့် မိမိပတ်ဝန်းကျင်တွင် သက်ရှိများဝန်းရံနေပါသည်။ လူသားများသည် သက်ရှိဖြစ်ပြီး သက်ရှိသည် သက်ရှိ(အပင်၊ သတ္တဝါ) များကို စားသုံးရင်း အသက်ရှင်နေထိုင်နေသဖြင့် အရေးတကြီး လေ့လာရပါမည်။
ဇီဝဗေဒပညာတွင်အဓိက ဘာသာခွဲများစွာရှိပါသည်။ The main Branches of Biology
(က) အပင်များကိုလေ့လာသောပညာ - ရုက္ခဗေဒ (Botany – The study of Plants)
ရုက္ခဗေဒမှ စိုက်ပျိုးရေးအပင်များ (Agricultural Crops) နှင့် သစ်တောအပင်များ (Forest Trees) ကိုဆက်လေ့လာနိုင်ပါသည်။ ထိုမှအပင်ဇီဝဗေဒ (Plant Biology) သို့ ဦးတည် သွားပါမည်။
(ခ) လူသား၊ သတ္တဝါနှင့်တိရစ္ဆာန်များကို လေ့လာသောပညာ - သတ္တဗေဒ (Zoology – The study of Animals)
သတ္တဗေဒမှ ဆေးပညာ၊ လူသားဆိုင်ရာဇီဝဗေဒ (Medicine/Health Science – Human Biology)၊ တိရစ္ဆာန်ဆေးကုသရေးပညာ၊ တိရစ္ဆာန်များအတွက် ဇီဝဗေဒ (Veterinary Science/Animal Biology) ငါး၊ ပုဇွန်စသည့် ရေနေသတ္တဝါများကိုလေ့လာသော ဇီဝဗေဒပညာ (Aquatic Biology) စသည်ဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။
(ဂ) အနုဇီဝပညာ (Microbiology)
သေးငယ်၍ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့်သာမြင်နိုင်သော သတ္တဝါလေးများကို လေ့လာသောပညာ (The study of microscopic living organisms) ဖြစ်ပါသည်။ ထိုမှတဆင့် မှိုပညာ (Mycology)၊ ဘက်တီးရီးယားပညာ (Bacteriology)၊ နီမတုတ်/မြေအောင်းပိုးပညာ (Nematology)၊ ဗိုင်းရပ်ပညာ (Virology) စသည်တို့ထပ်မံလေ့လာနိုင်ပါသည်။
ပုံ - ၃ အနုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သောအနုဇီဝပိုးများ
(ဃ) ဗီဇဗေဒ (Genetics) မျိုးစေ့ဗီဇ (Gene) နှင့် မျိုးရိုးဇာတိ (Heredity) တို့ကိုလေ့လာသော ပညာဖြစ်ပါသည်။ ဤမှ မျိုးကောင်းမျိုးသန့် အထွက်ကောင်းအပင်များရရှိရန် အပင်မျိုးမွေးမြူရေး (Plant Breeding)၊ နို့ထွက်ကောင်း၊ အသားထွက်များသည့် တိရစ္ဆာန်များ မွေးမြူရေး (Animal Breeding) အစရှိသည်တို့ ထပ်မံခွဲခြားနိုင်ပါသည်။
(င) ဂေဟဗေဒ (Ecology) သတ္တဝါနှင့် ပတ်ဝန်းကျင်ဆက်သွယ်မှု (The relationships between Organisms and the Environment) ကိုလေ့လာသောပညာဖြစ်ပါသည်။ သီးနှံစိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒ (Agroecology) ထပ်မံခွဲထွက်သွားပါသည်။
(စ) ဆင့်ကဲဖြစ်စဉ်ကိုလေ့လာသောဇီဝဗေဒ (Evolutionary Biology) ကမ္ဘာပေါ်တွင် သတ္တဝါ၊ အပင်များ နှစ်အတော်ကြာလာသည်နှင့်အမျှ ပြောင်းလဲဖြစ်စဉ်များကို လေ့လာသောပညာ (The history of Life on Earth) ဖြစ်ပါသည်။
(ဆ) ဇီဝမျိုးစုံမျိုးကွဲများ (Biodiversity/Biological Diversity) ဗီဇအမျိုးမျိုး (Genetic Diversity)၊ မျိုးကွဲအမျိုးမျိုး (Species Diversity)၊ ဂေဟစနစ်အမျိုးမျိုး (Ecosystem Diversity) စသည်တို့ကွဲပြား ခြားနားနေမှုကိုလေ့လာသောပညာဖြစ်သည်။ မျိုးစိတ်များ ပျောက်ဆုံးသွားနိုင်ပြီး ရှားပါးကာ အန္တရာယ်ဖြစ်စေနိုင်သောမျိုးစိတ်များ (Endangered Species) အထိလေ့လာပေးရသောပညာဖြစ်ပါသည်။
ပုံ - ၄ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများနေ့ နှစ်စဉ်မေလ ၂၂ ရက်
(ဇ) ဆဲလ်ဇီဝဗေဒနှင့် ဆဲလ်ဗေဒ (Cell Biology and Cytology)သည် သက်ရှိဘဝ၏ အခြေခံဖြစ်သော ဆဲလ် (Cell) ၏ ဖွဲ့စည်းပုံ (Structure)၊ လုပ်ငန်း (Function) နှင့် အပြုအမူ (Behavior) များကို လေ့လာသောဘာသာဖြစ်ပါသည်။ ဆဲလ်ဗေဒသည် ဆဲလ်တစ်ခုခြင်း၏ လုပ်ငန်းများကို အသေးစိတ်လေ့လာပါသည်။
(ဈ) ဇီဝကမ္မဗေဒ (Physiology)သည် အပင် (သို့မဟုတ်) လူ၊ တိရစ္ဆာန်များ၏ လုပ်ငန်းသဘာဝ (Functions)၊ ရေမြေ ပတ်ဝန်းကျင်တို့နှင့် ဆက်စပ်နေမှုများကို လေ့လာသော ပညာဖြစ်ပါသည်။ ထိုမှ အပင်ဇီဝကမ္မဗေဒ (Plant Physiology) ပြီးလျှင် သီးနှံဇီဝကမ္မဗေဒ (Crop Physiology) တို့ကို ဆက်လက်သွားပါမည်။
(ည) ခန္ဓာဗေဒ (Anatomy)သည် အပင် (သို့မဟုတ်) လူ၊ တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အသေးစိတ်လေ့လာခြင်းပညာဖြစ်ပါသည်။ ကျွန်တော်တို့သည် အပင်ခန္ဓာဗေဒ (Plant Anatomy) ကို အသေးစိတ်လေ့လာဖို့ လိုအပ်နေပါသေးသည်။
ပုံ - ၅ အပင်ခန္ဓာဗေဒ
(ဋ) ဇီဝဓာတုဗေဒ (Biochemistry)သည် သက်ရှိများအတွင်း ဓာတုပြောင်းလဲ ဖြစ်စဉ်များကို လေ့လာခြင်းဖြစ်သည်။ အပင်ဇီဝဓာတုဗေဒ (Plant Biochemistry)၊ စိုက်ပျိုး ရေးဆိုင်ရာဇီဝဓာတုဗေဒ (Agricultural Biochemistry) သီးခြား လေ့လာနိုင်ပါသည်။
ပုံ - ၆ အပင်ဇီဝဓာတုဆိုင်ရာဖြစ်စဉ်များ
(ဌ) အဏ္ဏဝါဇီဝဗေဒ (Marine Biology)သည် ပင်လယ်၊ သမုဒ္ဒရာအတွင်းရှိ သက်ရှိများ (အပင်၊ သတ္တဝါ) တို့၏ ဇီဝဖြစ်စဉ်ကို လေ့လာခြင်းဖြစ်သည်။ ထိုမှနေ၍ လူသားအကျိုးပြု ပင် လယ်စာများ (Sea Foods)၊ ဇီဝမျိုးကွဲထိန်းသိမ်းမှု စသည်တို့ လေ့လာသော ပညာဖြစ် ပါသည်။ တစ်ချို့ကလည်း အဏ္ဏသိပ္ပံ (Marine Science) စသည်ခေါ်ဝေါ်ပြီး ကျယ်ပြန့်စွာ လေ့လာနေပါသည်။
ပုံ - ၇ အဏ္ဏဝါဇီဝဗေဒအပင်နှင့်သတ္တဝါများ
(ဍ) ကျောက်ဖြစ်ရုပ်ကြွင်းပညာ (Paleontology)
(ဎ) ကိုယ်ခံအားဆိုင်ရာပညာ (Immunology)
(ဏ) ဇီဝနည်းပညာ (Biotechnology) ၎င်းမှ အပင်ဇီဝနည်းပညာ (Plant Biotechnology)၊ စိုက်ပျိုးမွေးမြူရေးဇီဝနည်းပညာ (Agricultural Biotechnology) ဆက်လက်လေ့လာနိုင်ပါသည်။
ပုံ - ၈ အပင်ဇီဝနည်းပညာ
(တ) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဇီဝသတင်းအချက်အလက်ပညာ (Bioinformatics in Agriculture) စသည်ဖြင့် ဘာသာရပ်များစွာ ရှိပါသည်။
ဇီဝဗေဒဘာသာကြီးမှသည် အပင်နှင့်ဆိုင်သောဇီဝဗေဒ (Plant Biology) နှင့် စိုက်ပျိုး မွေးမြူရေးနှင့်ဆိုင်သော ဇီဝဗေဒ (Agricultural Biology) ပညာရပ်များ ဆက်လက်ဆွေးနွေးပါမည်။
ပုံ - ၉ အပင် ဇီဝသတင်းအချက်အလက်ပညာ
(ဆက်ရန်)
References (မှီငြမ်းစာအုပ်များ)
Enger, E.D. (2007) Concepts in Biology: Laboratory Manual. 12th Ed.
Gunstean, E.E. and Babel, J.C. (1989) Explorations in Basic Biology.
Lack, A.J. and Evans, D.E. (2005) Plant Biology. Bios Scientific publishers, UK. 345p.
Mooney, B. (1998) Introduction to Biology: Test yourself.
Raghavan, V. (2000) Developmental Biology of Flowering Plants.
Sai Myint Lwin (1980) AEC-602 Lecture Notes, Yezin Agricultural University.
Tarranto, L.G. (1964) Science: The easy way. Cambridge Publishers, Inc.
Bronxville, New York.
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။