အပင်ဇီဝဗေဒအောက်က စိုက်ပျိုးရေးနှင့်စိုက်သော ဘာသာရပ်များ

13/11/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (98)  Plant Biology (Part-2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၈) အပင်ဇီဝဗေဒ (အပိုင်း - ၂)

ဇီဝဗေဒ၏ဘာသာခွဲများမှ စိုက်ပျိုးထုတ်လုပ်ရေးနှင့်ဆိုင်သောပညာများ (Branches of Biology related to Crop Husbandry/Crop Production)

(က) စိုက်ပျိုးရေးရုက္ခဗေဒ (Agricultural Botany)

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားဘဝတုန်းက စိုက်ပျိုးရေး ရုက္ခဗေဒဌာန (Department of Agricultural Botany) တွင် စိုက်ပျိုးရေးနှင့် ဆက်စပ်သော ရုက္ခဗေဒဘာသာများကို သင်ယူခဲ့ဖူးပါသည်။ ထိုဘာသာရပ်အောက်တွင်

(က-၁)  သီးနှံအပင်ပြင်ပရုပ်သွင်ပညာ (Crop Plant Morphology)

စိုက်ပျိုး ရေးအတွက် အကျိုးပြုအပင်များ၏ အမြစ် (Root)၊ ပင်စည် (Stem)၊ အရွက် (Leaf)၊ ပန်းပွင့် (Flower)၊ အသီး/အနှံ (Fruit/Grain)၊ မျိုးစေ့ (Seed) စသည်တို့ကိုလေ့လာခြင်းပညာ ဖြစ်ပါသည်။ အမြစ်ဆိုလျှင် စေ့ရွက်စုံပင် (Dicotlydon) ၏အမြစ်၊ ပဲတီစိမ်းတွင် ရေသောက်မြစ် (Tap Root System) ၊ စေ့ရွက်ထီးပင် (Monocotyledon) ဥပမာ- စပါးပင်ဆိုလျှင် မြစ်ဖွာ (Fibrous Root System) အဖွဲ့အစည်းစသည် မတူညီပုံကို အခြေခံလေ့လာရပါသည်။

ပုံ - ၁ စေ့ရွက်စုံနှင့် စေ့ရွက်ထီးပင်နှိုင်းယှဉ်ခြင်း

ပန်းပွင့်များဆိုလျှင်လည်း လိင်စုံ၊ လိင်မဲ့၊ လိင်ကွဲ (ဥပမာ - သင်္ဘောအဖိုပင်၊ အမပင်)၊ နောက်ပြီး ပင်ထီးဝတ်မှုံကူးခြင်း (Self Pollination) ဥပမာ - စပါး၊ ပင်ခြားဝတ်မှုံကူးခြင်း (Cross Pollination) ဥပမာ - ပြောင်းဖူး၊ နေကြာစသည်ဖြင့် များစွာလေ့လာရပါမည်။

(က-၂) အပင်များကိုအမျိုးအစားခွဲခြားခြင်း (Plant Taxonomy/Systematics/ Classification) အပင်များကို - 

  • အပင်လောကကြီး  (Plant Kingdom)
  • မျိုးအုပ်စုကြီး/ မျိုးပေါင်းစုကြီး (Phylum or Division)
  • မျိုးပေါင်း (Class)
  • မျိုးစဉ် (Order)
  • မျိုးရင်း (Family)
  • မျိုးစု (Genus)
  • မျိုးစိတ် (Species)
  • မျိုးဖျား/မျိုးပြား (Variety) စသည်ဖြင့်ခွဲခြားခြင်းဖြင့် အပင်၏ မိဘမျိုးရိုးတွေပါ သိရှိပြီး အပင်မျိုးစပ်မွေးမြူ (Plant Breeding) ရာတွင် အသုံးဝင်ပါသည်။ (ဘာသာရပ်ဝေါဟာရများကို ကူညီပေးပို့ပါသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒဌာန မှ ပါမောက္ခ ဒေါက်တာမြင့်သူဇာ၊ တွဲဖက်ပါမောက္ခ ဒေါ်တင်လဲ့လဲ့ထွေး၊ မိုးညှင်း တက္ကသိုလ်မှ ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာလွင်မာဆိုင်တို့အား ကျေးဇူးတင်ရှိပါသည်။)

ပုံ - ၂ စပါးပင်အမျိုးအစားခွဲခြားပုံ

(က-၃) အပင်ဗီဇဗေဒ (Plant Genetics)

ကျွန်တော်တို့ ကျောင်းသားဘဝက ပါမောက္ခ ဦးကိုကိုကြီး ကိုယ်တိုင်သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါသည်။ ဗီဇဗေဒ၏ဖခင်ကြီး မင်ဒယ် (The Father of Genetics) က ပဲပင် (Pea plants) များကိုစိုက်ပျိုးကာ မျိုးရိုးဆက်ခံခြင်း (Fundamental Law of Inheritence) အကြောင်းလေ့လာရင်း အကျိုးရှိမည့် အပင်မျိုးသစ်များ မွေးမြူထုတ်လုပ်ရန် ရရှိခဲ့သောပညာဖြစ်ပါသည်။

(က-၄) အပင်မျိုးမွေးမြူရေး (Plant Breeding)

အပင်ဗီဇဗေဒမှသည် မိမိလိုချင်သော အထွက်ကောင်း (High Yield)၊ ရေငတ်ခံ (Drought Tolerance)၊ ရေဝပ်ဒဏ်ခံ (Waterlogging-tolerant Plants)၊ ဆားငန်ဒဏ်ခံ (Salt-tolerant)၊ ရောဂါဒဏ်ခံ (Disease Resistant Plants) သည့် မျိုးကောင်း၊ မျိုးသန့်များစွာ ရရှိလာနိုင်ပါသည်။

ပုံ - ၃ မြေပဲမျိုးများ မိုးခေါင်ဒဏ်ခံနိုင်မှု မွေးမြူရေး သုတေသန 

(က-၅) အပင်ဇီဝကမ္မဗေဒ (Plant Physiology)

အပင်များ၏ လုပ်ငန်း (Functions of Plants) များကို လေ့လာရသောပညာဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ရေ (Water)၊ လေ (Air)၊ မြေကြီး (Soil) များမှ အာဟာရဓာတ်များ (Nutrients) ကိုပါ အပင်များက လိုအပ်သည့် အချိန်၊ လိုအပ်သလောက် ရရှိနိုင်ရန် လေ့လာဆန်းစစ်ရသောပညာ ဖြစ်ပါသည်။

(ခ) သတ္တဝါတိရစ္ဆာန်ဆိုင်ရာဇီဝဗေဒ (Animal Biology)

(ခ-၁) လူသားများနှင့်ဆိုင်သောဇီဝဗေဒ (Human Biology)

ဆေးပညာ၊ ဆရာဝန်များ လေ့လာရန်အတွက် ပညာဖြစ်ပါသည်။

(ခ-၂) အင်းဆက်များကိုလေ့လာသောပညာ (Entomology) သည်

အပင်များကို ဖျက်ဆီးတတ်သော အင်းဆက်များ အကြောင်းလေ့လာသောပညာ (Agricultural Entomology)၊ တိရစ္ဆာန်များတွင် ကျရောက်တတ်သော ပိုးမွှားများကို လေ့လာသောပညာ (Veterinary Entomology)၊ ကျန်းမာရေးနှင့် ပတ်သက်သော ပိုးမွှားများကိုလေ့လာသော ပညာ (Medical Entomology) ဥပမာ - ခြင် (ဌက်ဖျား၊ သွေးလွန်တုပ်ကွေး)၊ ယင် (ကာလဝမ်းရောဂါ)၊ စသည့် ပညာများဖြစ်ပါသည်။

(ဂ) အပင်အဏုဇီဝပညာ (Plant Microbiology)

(ဂ-၁) အပင်မှိုပညာ (Plant Mycology)

ရုက္ခဗေဒဘာသာကြီး၏အောက်တွင် မှိုပညာရပ် သီးသန့် ရှိပါသည်။ အပင်များတွင် ကျရောက်ဖျက်ဆီးတတ်သောမှိုရောဂါများ (Plant pathogenic Fungi) ဥပမာ - ရွက်ပြောက် (Leaf Spot)၊ သံချေး (Rust)၊ ဂုတ်ကျိုး (Blast) ရောဂါများ စသည်တို့အပြင် သဘာဝအလျောက်စားသုံး၍ရသော မှိုများကို လေ့လာခြင်း၊ စိုက်ပျိုးပြုစုထုတ်လုပ်ခြင်း (Edible Mushroom Cultivation) ဥပမာ - အင်ဥ၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှိုစသဖြင့်  လေ့လာစရာတွေ များစွာရှိပါသည်။

(ဂ-၂) အပင်ဘက်တီးရီးယားပညာ (Plant Bacteriology)

အပင်တွင်ကျရောက် ဖျက်ဆီးသော ဘက်တီးရီးယားများ (Plant Pathogenic bacteria) ဥပမာ - အပင်ညှိုးသေရောဂါ (Wilt) အပြင် အပင်များကို အကျိုးပြုတတ်သော ဘက်တီးရီးယားများ (Beneficial Bacteria) ဥပမာ - လေထဲကနိုက်ထရိုဂျင်ကို ဖန်တီးပေးသောဘက်တီးရီးယား (Nitrogen Fixing Bacteria) ဖြစ်သည့် ရိုက်ဇိုဘီယမ် (Rhizobium) စသည်တို့ကို လေ့လာနိုင်ပါသည်။

(ဂ-၃) အပင်ဗိုင်းရပ်စ်ပညာ (Plant Virology)

နာမည်ကြီးနေသော လူတွေအတွက် ကိုဗစ်-၁၉ ဗိုင်းရပ် (Covid-19 Virus)၊ တိရစ္ဆာန်များတွင် ခွေးရူးရောဂါ (Rabies Viral Disease) နှင့်  ပဲတီစိမ်းတွင်ဆိုးဝါးစွာကျရောက်သော အဝါရောင်မိုစေ့ရောဂါ (Mungbean Yellow Mosaic Virus) သည်ဗိုင်းရပ်ကြောင့်ဖြစ်သည်။ ဗိုင်းရပ်ရောဂါများသည် ဆေးဖြင့်ဖျန်းရုံဖြင့်မနိုင်ဘဲ ခံနိုင်ရည်ရှိသောမျိုးများ (Breeding for Disease Resistant Crop Varieties)  မွေးမြူထုတ်လုပ်ခြင်းဖြင့် မျိုးသစ်များလဲလှယ်ကာ အောင်မြင်အောင် စိုက်ပျိုး ဖြစ်ထွန်းခြင်း နည်းလမ်းအဖြစ် အသုံးပြုနိုင်ပါသည်။

(ဂ-၄) အပင်နီမတုတ်ပညာ (Plant Nematology)

အပင်တွင်ကျရောက် ဖျက်ဆီးတတ်သော နီမတုတ်/တီပိုးများ အကြောင်းလေ့လာခြင်း၊ ကာကွယ်နှိမ်နင်းပေးခြင်းများဖြစ်သည်။ 

 

ပုံ - ၄ အပင်နီမတုတ်ပုံ 

(ဃ) ဇီဝဓာတုဗေဒ (Biochemistry)

အပင်ဇီဝဓာတုဗေဒ (Plant Biochemistry) နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဇီဝဓာတုဗေဒ (Agricultural Biochemistry) နှစ်မျိုးခွဲ၍ လေ့လာနိုင်ပါသည်။ မော်လီကျူးဆိုင်ရာဇီဝဓာတုဗေဒ (Molecular Biochemistry) ကို အသေးစိတ် လေ့လာနေကြပါပြီ။

ပုံ - ၅ အပင်ဇီဝဓာတုဗေဒ ဘာသာခွဲများ  

 

(င) အဏ္ဏဝါဇီဝဗေဒ (Marine Biology)

ပင်လယ်ပြင်မှရရှိနိုင်သောအစားအစာများ (Seafoods) အကြောင်း ရှာဖွေဖော်ထုတ်ရင်း အစားအသောက်ဆိုင်ရာသိပ္ပံနှင့်နည်းပညာ (Food Science and Technology) ဘာသာရပ်အတွက် အသုံးဝင်ပါလိမ့်မည်။

ပုံ - ၆ ပင်လယ်ပြင်မှရရှိသော အစားအစာများ 

 

(စ) ဇီဝနည်းပညာ (Biotechnology)

(စ-၁) အပင်ဇီဝနည်းပညာ (Plant Biotechnology) 

ဤအသုံးပြုခြင်းဖြင့် သီးနှံထုတ်လုပ်မှုတိုးတက်လာပါသည် (Increased Crop Productivity)။ သီးနှံပိုးမွား၊ ရောဂါ၊ ပေါင်းပင်များ ကာကွယ်ရေး  ပိုမိုလုပ်ဆောင်နိုင်ပါသည် (Enhanced Crop Protection)။ သီးနှံအဟာရဓာတ်တန်ဖိုးတက်လာနိုင်ပါသည် (Improved Nutritional value of Crops)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်အထောက်အကူပြုပါသည် (Environmental Benefits)၊ ဓာတုပေါင်းသတ်ဆေး သုံးစရာမလိုပါ (Avoiding Chemical Herbicides)၊ အပင်ဗိုင်းရပ်ရောဂါများကို ခံနိုင်ရည်ရှိပါသည် (Virus Resistance)။

(စ-၂) မွေးမြူရေးတိရစ္ဆာန်၊ ငါးပုဇွန် ဇီဝနည်းပညာ (Animal and Aquatic Biotechnology)

အသားထွက်၊ နို့ထွက်ကောင်းစေရန် ဗီဇပြောင်း (Trangenic Animals) မွေးမြူရေး တိရိစ္ဆာန်များ ဥပမာ - ကြက်သား (Chicken)၊ ဆော်လမွန်ငါး (Salmon)၊ အမဲသား (Beef) လည်း ထုတ်လုပ်နိုင်ပါသည်။

(စ-၃) အစားအသောက်ဆိုင်ရာဇီဝနည်းပညာ (Food Biotechnology)

လိုအပ်သော အာဟာရဓာတ်များ၊ အစားအသောက်အရည်အသွေးများရရှိနိုင်ရန် ဗီဇပြောင်းပြီး ဂျီအမ်အို (GMO – Genetically Modified Organisms) သီးနှံများ ထုတ်လုပ်နိုင်ပါသည်၊ တစ်ချို့နိုင်ငံများ ကလက်မခံသေးပါ။

(စ-၄) ပတ်ဝန်းကျင်ဆိုင်ရာ ဇီဝနည်းပညာ (Environmental Biotechnology)

ဇီဝနည်းပညာများကို အသုံးပြု၍ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းပေးခြင်း (solving of Environmental probles through the application of Biotechnology) ဖြစ်ပါသည်၊

(စ-၅) ဗီဇအင်ဂျင်နီယာပညာ (Genetic Engineering)

အပင်ဗီဇ (Plant Gene) ဓာတုဗေဒဖွဲ့စည်းပုံ (Chemical Structure) ဒီအန်အေ (DNA) ကိုအခြေခံ၍ လိုအပ်ချက်နှင့် ကိုက်ညီသော အရာဝတ္တုအသစ်များ (New Substances) ပြုပြင်ပြောင်းလဲထုတ်လုပ်ပေးခြင်း ဖြစ်ပါသည်။

ပုံ - ၇ ဗီဇအင်ဂျင်နီယာပညာ သရုပ်ပြခြင်း 

(ဆ) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဇီဝသတင်းအချက်အလက်ပညာ (Bioinformatics in Agriculture)

ဤဘာသာရပ်၏အောက်တွင် ဂျီနုန်းများဖြင့်စစ်ဆေးပေးခြင်း (Genome Analysis)၊ အချက်အလက်များ (Data Bases) ကို အခြေခံ၍ ဂျီနုန်းမြေပုံများရေးဆွဲခြင်း (Genome Mapping)၊ စသည်တို့ဖြစ်ပြီး နည်းပညာများမြင့်မားလာသည်နှင့်အမျှ လူ၊ တိရစ္ဆာန်၊ အပင်နှင့် ပတ်ဝန်းကျင်များအတွက် ဇီဝလုံခြုံရေးနည်းစနစ်များ (Biosafety) သည်လည်း အရေးပါလာပြီး လေ့လာရမည့် နည်းပညာတစ်ခုဖြစ်ပါသည်။ ဥပဒေများ (Biosafety Laws) လိုက်နာရမည့်နည်းလမ်းများ (Biosafety Rules and Regulations) အတိုင်းလိုက်နာမှသာ လူနှင့်ပတ်ဝန်းကျင်များ ထိခိုက်မှုနည်းပါးပါလိမ့်မည်။ အပင်၊ တိရစ္ဆာန်များမှ လူများစားသုံးရာတွင်မကူးစက်နိုင်အောင် ဇီဝလုံခြုံရေးအာမခံချက် နည်းလမ်းများ (Biosecurity Procesures) ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ တောင်သူများ လိုက်နာရပါမည်။

ပုံ - ၈ ကြက်ဌက်တုပ်ကွေးရောဂါပျံ့နှံ့မှု မရှိစေရန်ကာကွယ်ခြင်း 

(ဆက်ရန်ရှိပါသည်)

References (မှီငြမ်းစာအုပ်များ)

Enger, E.D. and F.C. Ross (2007) Concepts in Biology: Laboratory Manual. 12th Ed. McGraw Hill Higher Education, 295p.

Gunstean, S.E. and Babel, J.S. (1989) Explorations in Basic Biology. 5th Ed.  MacMillan Publication Co., NY 448p.

Mooney, B. (1998) Introduction to Biology: Test yourself. 

Raghavan, V. (2000) Developmental Biology of Flowering Plants. 

Bronxville, New York.  

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်