သတိပြုစေချင် အဖ်လာတော်ဆင် (Aflatoxin) (အပိုင်း ၁)

20/06/2018 15:35 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အဖ်လာတော်ဆင် (Aflatoxin)  ဟူသော စကားလုံးသည် Aspergillus flavus မှို  နှင့် toxin (အဆိပ်) စကားလုံး နှစ်လုံးကိုပေါင်းစပ်ခေါ်ဝေါ်သော လက်တင် စကားလုံးဖြစ်သည်။ အဖ်လာတော်ဆင် သည် မှိုများမှထုတ်လုပ်သော အဆိပ် ၊ မိုက်ကိုတော်ဆင် (Mycotoxin) တစ်မျိုးဖြစ်သည်။ ထို  အဖ်လာတော် ဆင် (Aflatoxin) များသည် အလွန်အဆိပ်ပြင်းထန်သော ဓါတ်ပေါင်းများဖြစ်ပြီး လူနှင့်အခြား တိရစ္ဆာန်များကို ချက်ခြင်းအဆိပ်သင့်ပြီး အန္တရာယ်ဖြစ်စေနိုင်သလို နာတာရှည်အဆိပ်သင့်ကာ ကင်ဆာ ရောဂါဖြစ်စေ၍ အသက်ဆုံးရှုံးနိုင်သည်။   

စိုက်ပျိုးရေး သီးနှံများတွင် ကျရောက်ဖျက်ဆီးတတ်သော မှိုရောဂါများဖြစ်စေသည့် မှိုအမျိုးမျိုးအနက် အဖ်လာတော်ဆင် (Aflatoxin) အဓိကထုတ်သောမှိုများမှာ Aspergillus flavus  နှင့် Aspergillus parasiticus တို့ဖြစ်ကြသည်။ အခြားAspergillus  မှိုမျိုးရင်းဝင်များ ဖြစ်သော Aspergillus nomius  နှင့် Aspergillus niger  တို့သည်လည်း  အဖ်လာတော်ဆင် (Aflatoxin)   ထုတ်ကြသည်။ Aspergillus  မှိုမျိုးရင်းဝင်မှိုများသည် မြေကြီး၊ သီးနှံပင်ကြွင်းပင်ကျန်များ နှင့် လေထဲတွင် ပျံ့နှံ့နေသည်။ ကမ္ဘာကြီး၏ ပူနွေးစွတ်စိုသော နေရာဒေသများတွင် ၎င်းမှိုများ ပေါက်ရောက်မှုများသည်။

၎င်းမှိုများသည် စိုက်ပျိုးသီးနှံအများစုနှင့် သိုလှောင်သီးနှံများတွင် ကျရောက်တတ်သည်။ အစိုဓါတ် အနည်းငယ်နှင့် အပူချိန် (၁၃-၃၇) ဒီဂရီစင်တီဂရိတ်တွင် ပေါက်ပွားနိုင်ပြီး အဖ်လာတော်ဆင် (Aflatoxin) များ ထုတ်လုပ်နိုင်သည်။

အဖ်လာတော်ဆင် (Aflatoxin) များတွင် B1, B2, G1, နှင့် G2 ဟူသော အမျိုးအစား (၄) မျိုးရှိပြီး သဘာ၀ အတိုင်းအစားအစာများတွင် တွေ့ရသည်။ ၎င်းတို့အနက် B1 အမျိုးအစားသည် အစားအစာ များတွင် အများဆုံးတွေ့ရပြီး အလွန်အဆိပ်သင့်စေတတ်ကာ လူကို ကင်ဆာဖြစ်စေသည်။ ၎င်းအပြင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်သောအစာများကို စားသောက်ရသော နို့စားနွားများမှ ထုတ်လုပ် ရရှိသော  နို့ နှင့် နို့ထွက်ပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) မှ ဆင်းသက်လာသော ဓါတ်ပေါင်းဖြစ်သည့်  အဖ်လာတော်ဆင် (Aflatoxin) M1 နှင့် M2 အမျိုးအစားများ ပါဝင်သည်။

၁၉၆၀ တွင် ဗြိတိန်နိုင်ငံတွင် ကြက်ဆင် အကောင် တစ်သိန်းနှင့် အခြားကြက်ခြံများမှ ကြက်များ တပြိုင်နက်သေဆုံးရာမှ ကျွေးသောအစာ (မြေပဲပါဝင်သောအစာ)မှ အဆိပ်သင့်မှုဖြစ်ကြောင်း ခြေရာခံမိ ပြီး နောက်ပိုင်းတွင် ထိုအစာများတွင် အဆိပ်ဖြစ်ပေါ်ခြင်းမှာ အဖ်လာတော်ဆင် (Aflatoxin) ကြောင့် ဖြစ်ကြောင်း သိရှိနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ၁၉၇၄ ခုနှစ်တွင် လူပေါင်း (၄၀၀) ခန့်သည် အဖ်လာတော်ဆင် (Aflatoxin ) ပါဝင် သော ပြောင်းများကို စားသုံးပြီးနောက် အသည်းရောင်အသားဝါဖြစ်ကာ ဖျားနာမှုဖြစ်ပွားခဲ့ပြီး လူပေါင်း (၁၀၀) ကျော် သေဆုံးခဲ့သည်။ ကင်ညာနိုင်ငံတွင်လည်း ၂၀၀၄ ခုနှစ်၌ အလားတူဖြစ်ရပ်မျိုး လူပေါင်း (၃၁၇) တွင်ဖြစ်ပွားရာ (၁၂၅) ယောက် အသက်ဆုံးရှုံးခဲ့သည်။ 

စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခွံမာအသီး၏ အဆံများမှထုတ်လုပ်သော အစားအစာပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်နိုင်လေသည်။ သင့်လျော်သော သိုလှောင်မှု အခြေအနေမရှိသော နှမ်း၊ နေကြာ၊ ပြောင်း၊ မြေပဲ၊ ငရုတ်၊ ဂျုံ၊ ပဲပုပ်၊ ငရုတ်ကောင်း၊ အသီးခြောက်များ၊ ဝါစေ့၊ ၊ ကွမ်းသီး၊ ပဲအမျိုးမျိုး၊ သဖန်းသီး၊ သလဲသီး၊ ပီလောပီနံနှင့် အဆံပါသောအသီးများ စသည်တို့တွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင် နိုင်သည်။ နို့၊ ချီးစ် နှင့် အခြားသော နို့ထွက်ပစ္စည်းများသည်လည်း အဖ်လာတော်ဆင် (Aflatoxin) ပါဝင်နိုင်မှု အန္တရာယ်မြင့်မားသည်။ ကမ္ဘာကြီး၏ ပူနွေးသောဒေသများမှ ကုန်ပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှု အမြင့်မား ဆုံးကိုတွေ့ရပြီး ရာသီဥတု ပြောင်းလဲမှုနှင့် လွန်စွာ ဆက်စပ်လျှက်ရှိသည်။

အစားအစာထုတ်လုပ်သော မူလကုန်ပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) ထုတ်သော မှိုများ ပါဝင်မှုရှိပါက အဖ်လာတော်ဆင် (Aflatoxin) သည် ဆက်လက်တည်မြဲနေပြီး  ၎င်းမှထုတ်လုပ်သော ဆက်စပ်ပစ္စည်း များတွင် အဖ်လာတော်ဆင်(Aflatoxin) ပါဝင်နိုင်သောကြောင့် သတိထားသင့်ပေ သည်။ ပမာအားဖြင့် မြေပဲထောပတ်တွင် ဤပြဿနာကို တွေ့ရှိနိုင်သည်။ 

အန္တရာယ်ဖြစ်စေရန် လုံလောက်သော မြင့်မားသော အဖ်လာတော်ဆင်(Aflatoxin) ပမာဏရရှိပါက အော့အန်ခြင်း၊  ဗိုက်အောင့်ခြင်း၊ အဆုတ်ထဲရေဝင်ခြင်း စသည်တို့ လတ်တလော ခံစားရတတ်သည်။ ရေရှည်တွင် အကြောဆွဲ၍ ခန္တာကိုယ်တုန်တက်ခြင်း၊ မေ့မြောခြင်း၊ ကင်ဆာဖြစ်ခြင်း၊ မျိုးရိုးဗီဇ ပြောင်း လဲခြင်းနှင့် အသက်ဆုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်သည်။ အသည်းကို ထိခိုက်ပျက်ဆီးမှု အများဆုံး ဖြစ်စေနိုင်ပြီး အခြားသော ကိုယ်ခန္တာအစိတ်အပိုင်းဖြစ်သည့် အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက် နှင့် နှလုံး တို့တွင်လည်း အဖ်လာတော်ဆင် (Aflatoxin) ပမာဏ  ပါဝင်မှု မြင့်မားပြီး  တစ်ခုခြင်း ပျက်စီးသည်ကို တွေ့ရပါသည်။

အဖ်လာတော်ဆင် (Aflatoxin) ထုတ်သော မှိုတစ်မျိုးဖြစ်သော Aspergillus flavus  သည် ခြောက် သွေ့သော ရာသီဥတုအခြေအနေတွင် စိုက်ပျိုးထားသော မြေပဲတွင် ၎င်းမှိုကျ ရောက်မှုကို အားပေး တတ်ပြီး ပြောင်းစိုက်ခင်းတွင် အင်းဆက်ပိုးတို့ ကျရောက်ဖျက်ဆီးပါက Aspergillus flavus  မှို ပိုမိုကျရောက်နိုင်လေသည်။ သီးနှံများ သိုလှောင်ရာတွင် အပူချိန် ၁၃-၃၇ ဒီဂရီစင်တီဂရိတ်နှင့် အစိုဓါတ် (approximate minimum Aw 0.82) အနည်းဆုံး ဝ.၈၂ ရရှိလျှင်ပင် Aspergillus flavus ပေါက်ပွားတတ်ပြီးအဖ်လာတော်ဆင် (Aflatoxin) ထုတ်လုပ်နိုင်လေသည်။ သိုလှောင်ထားသော သီးနှံများတွင် မှိုများပေါက်ပွားမှုနှင့် အဖ်လာတော်ဆင် (Aflatoxin) ထုတ်လုပ်မှု သည်လည်း အရေးကြီးသည်။ အထူးသဖြင့် သိုလှောင်သောသီးနှံသည် လုံလောက်သော ခြောက်သွေ့မှု မရရှိခြင်း၊ အင်းဆက်ဖျက်ပိုးများ ကျရောက်မှုရှိခြင်းတို့ကြောင့် မှိုများ ပေါက်ပွားပျံ့နှံ့စေသည်။

အဖ်လာတော်ဆင် (Aflatoxin) သည် ပြိုကွဲရန်မလွယ်ကူသည့် တည်မြဲနေနိုင်သော ဓါတ်ပေါင်းများဖြစ် သည်။ မြင့်မားသော အပူချိန်တွင်ပင် တည်မြဲနေနိုင်ပြီး အနည်းငယ်သာပြိုကွဲနိုင်သည်။ သို့သော်လည်း အပူပေးခြင်းနှင့် ချက်ပြုတ်ခြင်းတို့ကြောင့် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှုအားလုံး ပြိုကွဲ ပျက်ဆီးမှု မဖြစ်နိုင်ပေ။ ဥပမာအားဖြင့်  ကော်ဖီစေ့အား အပူချိန် ၁၈၀ ဒီဂရီစင်တီဂရိတ်တွင် ၁၀ မိနစ် အပူပေးရာ အဖ်လာတော်ဆင်  (Aflatoxin B1) ပါဝင်မှု ၅၀ ရာခိုင်နှုန်း သာလျော့ကျသွားသည်။

ပဲများ၊ အစေ့အဆံများအား အပူချိန် ၁၀၀ နှင့် ၁၅၀ ဒီဂရီစင်တီဂရိတ်တွင် ၉၀ မိနစ် အပူပေးရာ အဖ်လာတော်ဆင် (Aflatoxin B1)   ပါဝင်မှု ၄၁.၉ ရာခိုင်နှုန်းနှင့် ၈၁.၂ ရာခိုင်နှုန်းအထိ လျော့ကျ စေကြောင်း စမ်းသပ်တွေ့ရှိရသည်။ သို့သော် ထိုသို့ အပူချိန်ကြာမြင့်စွာ ပေးခြင်းသည် ပဲများ အစေ့အဆံ များတွင် ပါဝင်သော အဟာရဓါတ်များ၊ ဗီတာမင်များကို ပျက်ဆီးစေသည့်အတွက် အပူပေးခြင်းသည် တိကျသော၊ လိုအပ်သော ဖြေခြင်းချက် မဟုတ်ပေ။

အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှု့ရန်..........

Source - သီးနှံကာကွယ်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်