ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော

19/01/2018 11:05 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြင်ဦးလွင်သည် မန္တလေးမြို့နှင့် ယခင်က ၄၂ မိုင် ဝေးခဲ့သော်လည်း ယနေ့ကာလတွင် ၃၈ မိုင်သာ ဝေးတော့ပေသည်။

မှတ်တမ်းများ အရ ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက် ၁၈၅၀ ပြည့်နှစ်တွင် မင်းမှုထမ်း ဦးမောင်မောင်ဒွေး က ရွှေကြိုးသတ် နယ်မြေ အဖြစ် ရှမ်း၊ ဓနုတို့ ပျော်စံရာ ဤဒေသသို့ အမရပူရ နေပြည်တော်မှတဆင့် အရှေ့စူးစူး တောင်ပေါ်ဒေသသို့ ရောက် လာ ခဲ့သည်။

အိမ်ခြေ ၁၄၊ ၁၅ အိမ်သာ ရှိသည့် ရွာကလေးကို ပြင်စာ၊ ပျဉ်ပုံကြီးတို့ နည်းတူ ပြင်ဦးလွင်ဟု ခေါ်တွင်စေခဲ့သလို ဗြိတိသျှ ကိုလိုနီ ခေတ် နွေရာသီ အပန်းဖြေရာ တောင်ပေါ်စခန်း ဖြစ်လာပြီး အုပ်ချုပ်သူ Colonel May ကို အစွဲပြု၍ “မေမြို့”ဟု ခေါ်တွင်ခဲ့ပြန်၏။

မူလအမည် ပြင်ဦးလွင်ဖြစ်ပြီး ရတနာပုံ ရွှေမြို့တော်ထက် မြို့သက်တမ်း ရှည်ကြာခဲ့သည်ဟုပင် ဆိုရပေမည်။

မကြာသေးခင်က ပြင်ဦးလွင် တောင်စခန်းမြို့သို့ လုပ်ငန်းကိစ္စနှင့် ရောက်သွားခဲ့ရာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီး တလျှောက် လက်ကောင်း၊ ကျောက်မီး၊ ထုံးဖို၊ အုန်းချော၊ ကျောက်ချော ရွာများမှာ ရှေးကနှင့် မတူဘဲ ရွာကြီးများ ဖြစ်နေလေသည်ကိုတွေ့ရသည်။

လမ်းဘေး တဖက်တချက် တိုက်တာ အဆောက်အအုံများမှာလည်း ဒေသ ပေါက်စျေး သိန်းရာထောင်ချီ နေ၏။

အုန်းချောအလွန် Toll Gate တွင် ဒီဂျစ်တယ် မီးစိမ်းက ၃၂၀ ကျပ် ပြနေသော်လည်း ဂိတ် စာရေးက ၃၅၀ ကျပ် တောင်းသည်။

ယခင်က ကျောက်ချောကို လွန်သည်နှင့် မိုင်တိုင် ၁၆/၄ ရောက်လျှင် သဘာဝ လေနုအေးကို ရှူရှိုက်ခွင့် ရနေကျ ဖြစ်သော်လည်း ယခုအခါ လမ်းများက ကျယ်လာသည့်အတွက် မြေမှုန့်၊ ဖုန်မှုန့်ပါသော မြေငွေ့ကို ရှူရှိုက် နေရသည်။

၂၁ မိုင် အရောက်တွင် အေးမြလာ ရမည့်အစား တောင်နံရံဘေးတွင် ကပ်ပေါက်နေသည့် ချုံနွယ် ပင်ပြတ်များ မီးလောင်ကျွမ်း ထားသည့် အငွေ့အသက် ပြာနံ့များ ရောပြွမ်းနေသည့် လေကသာ လွှမ်းခြံုနေသည်။

လမ်းဘေး တဖက်တချက်တွင် သဘာဝ သစ်ပင်တို့ အစား၊ တိုက်တာအိမ်ခြေများက နေရာယူထားကြသည့် အတွက် အပင် အရိပ် တို့ လုံးဝမရှိ၊ သဘာဝ အလှတရားတို့ ဆုံးရှုံးနေသည်။

အပူထဲမှ အအေး၊ အနိမ့်ထဲမှ အမြင့် ပြင်ဦးလွင် တွင် အခြေချနေထိုင်လိုသည့် မျက်နှာစိမ်း ဧည့်သည်များက ဦးစားပေး ရွေးချယ် နေကြသလို၊ တချို့က မန္တလေးအထိ မဆင်းတော့ဘဲ ကိုယ်ပိုင်ကားနှင့်လာလျှင် မန္တလေးမှ တနာရီခွဲသာသာဝေးသော ပြင်ဦးလွင် ကို မျက်စိကျလာ ကြသည်။

အထူးသဖြင့် ရာသီဥတု ပူပြင်းသည့်ဒဏ်ကို မခံနိုင်သည့် အရှေ့မြောက်အရပ် ယူနန်ဒေသမှ ဂန္ဓာလရာဇ်သားတို့ အကြိုက်ဖြစ် နေ သည်။

တရုတ်မိတ်ဆွေ တဦး၏ ပြောပြချက်အရ သူတို့တွင် ငွေကြေး အထောက်အကူ ကျောထောက် နောက်ခံရှိသူ များဖြစ်ကြောင်း၊ သူ တို့ကို အစိုးရက ရင်းနှီးငွေ စိုက်ထုတ်ပေးပြီး အိမ်နီးချင်းနိုင်ငံများက နေရာကောင်းများ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း သိရ သည်။

ငွေကြေးလဲလှယ်နှုန်းအရ မြန်မာငွေ ကျပ်ငွေ ၁ ထောင်မှာ သူတို့ငွေ ၆ ယွမ် ဝန်းကျင်သာရှိသည့်အတွက် အထူးသဖြင့် ယူနန် နယ်စပ် ထိန်ချုံးမြို့ (Teng Chong) မှနေ၍ မန္တလေးနှင့် ပြင်ဦးလွင်တွင် အခြေချရန် အုပ်စုလိုက် ဆင်းလာကြသည်ဟု သိရသည်။

မန္တလေးတွင် ပုဂ္ဂလိက ဆေးရုံကြီးများ၊ ကြံ သကြား စက်ရုံ၊ သစ်ခွဲသား အချောကိုင်စက်ရုံများ ပိုင်ဆိုင်ကြပြီး မြန်မာအမည်ခံယူ၊ မြန်မာ အမျိုးသမီးများနှင့် လက်ထပ်၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များကို ကား၊ မြေ နေရာ၊ အဆောက်အအုံ၊ ငွေကြေးများဖြင့် လာဘ် ကောင်းကောင်း ထိုးထားကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြည်ပရောက် မြန်မာများကို နှစ်နိုင်ငံသားအဖြစ် ခံယူခွင့်မပြုဆိုသော်လည်း၊ တရုတ်-မြန်မာ မှတ်ပုံတင် ကိုင်ထားသူများကိုမူ အရေးယူမည့်သူ မရှိပါ။

မြန်မာစကားရော ရှမ်း စကားပါ လုံးဝမတတ်ဘဲ မြန်မာမှတ်ပုံတင် ကိုင်ထားသူ တရုတ်အမျိုးသား၊ အမျိုးသမီး အများအပြားရှိသည်။

ပြင်ဦးလွင် ဒေသဝန်းကျင်ရှိ တောင်ဆွယ်တောင်ထွတ် ရှုခင်းကောင်းနေရာမှန်သမျှ တရုတ်တို့က ဝယ်ယူကာ ခြံစည်းရိုးခတ်၊ ကြက် ခြံကြီးများ ဆောက်ထားကြသလို၊ တချို့ကမူ မြေဧက ထောင်ချီပြီး ယူကလစ်ပင်များ ထောင်သောင်းမက စိုက်ပျိုးနေကြသည်။

ချယ်ရီ၊ စိန်ပန်းပြာ၊ ထင်းရှူး၊ ယမနေ၊ ကျွန်း စသည့် နှစ်ရှည်ပင်ကြီးများ ဇီဝိန်အခြွေခံခဲ့ရပြီး၊ ယူကလစ် ကဲ့သို့သော ရေစုပ်အား ကောင်း သည့် အပင်များကို သစ်ပျော့ဖတ်လုပ်ရန် ကြီးမြန်သစ်ပင်အဖြစ် စိုက်ပျိုး နေကြ၏။

ယင်းသို့ ရေစုပ်အားကောင်း အပင်များကို စိုက်ပျိုးခြင်းဖြင့် သဘာဝ ရေထွက်စမ်း ချောင်းများ၊ စိမ်းစိုသည့် ပတ်ဝန်းကျင်ဒေသတို့ ခန်းခြောက်စေခြင်းဖြင့် ပြင်ဦးလွင်သည် တောပြောင်၍ တောင်ခေါင်းတုံးအဖြစ် လျင်မြန်စွာ ပြောင်းလဲစေနိုင်ကာ၊ ယခုပင် ခြောက် သွေ့သော ပတ်ဝန်းကျင်နှင့် ပူနွေးမှုဆီသို့ ပြောင်းလဲလျက်ရှိသည်ကို တွေ့မြင်ရသည်။

နဝတ၊ နအဖ စစ်အစိုးရများလက်ထက်က စိတ်ကူးယဉ် မဟာစီမံကိန်းကြီးများအဖြစ် ကော်ဖီ နှင့် ပိုးစာ စိုက်ခင်းကြီးများ ပြုလုပ် ရန် ပြင်ဦးလွင် ဒေသမှ မြေအမြောက်အမြား သိမ်းယူခဲ့သည့်အတွက် စပါး၊ ဂျုံ၊ ပြောင်းဖူး၊ လက်ဖက် စိုက်ခင်းများ၊ မေမြို့ပန်း၊ ဂန္ဓမာပန်း စသည့် ပန်းမန်မျိုးစုံကို စိုက်ပျိုးရောင်းချ ရပ်တည်နေကြသော ရှမ်း၊ ဓနု တိုင်းရင်းသားများ ဘဝပျက်ခဲ့ကြသည်။

ကော်ဖီ၊ ပိုးစာ စီမံကိန်းများကို အစိုးရက ငွေ ထုတ်ချေးပြီး လုပ်ဆောင်စေခဲ့သော်လည်း မည်သည့် စီမံကိန်းမျှ မအောင်မြင်ဘဲ ဗန်းပြကောင်းရုံသာ စိုက်ပျိုးပြခဲ့ကြပြီး သိမ်းဆည်းထားသည့် ကျန်မြေဧကများကို ငွေကြေး သိန်းရာထောင်ချီ ရောင်းချခဲ့ကြရာ မြေ စျေးများ မြင့်တက်သည့် ပြဿနာသာ တွေ့ကြုံကြရသည်။

ဤသို့ဖြင့် ပြင်ဦးလွင်တွင် သိမ်းဆည်းထားသည့် မြေနေရာများစွာကို အကွက်ရိုက်ကာ စျေးတင် ရောင်းချလာ ခဲ့ကြရာ၊ မြန်မာငွေကို တရုတ်ငွေနှင့် ပေါပေါများများ လဲလှယ်ဝယ်ယူနေကြသူများကိုလည်း စတင်တွေ့မြင်ရ လေတော့သည်။

ဤ နည်းဖြင့် ပြင်ဦးလွင် မြေနေရာ အတော်များများမှာ မျက်နှာစိမ်းများ လက်ထဲသို့ ရောက်သွားကြလေသည်။

အစိုးရပိုင် မြေနေရာ၊ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ယခင်ကသိမ်းဆည်းထားသည့် အစိုးရဌာနပိုင်မြေနေရာများကို တရုတ်တို့က နှစ် ရှည်စာချုပ်ဖြင့် ငှားရမ်းကာ ယူကလစ်ပင်များ စိုက်ပျိုးနေကြခြင်း ဖြစ်ကြောင်း သိရသည့် အခါ အံသြစရာပင်ဖြစ်ခဲ့ရသည်။

ပြင်ဦးလွင်မြို့နယ် အနီးစခန်းအကျော် ဒိုးကွင်းခြံအနီးရှိ ပိုးချည်စက်ရုံသည် ဘေးထွက်ပစ္စည်း (Cocoon) ထဲရှိ ပျူပါ (Pupa) ကုန်ကြမ်းများမှ ဆီရီဆင်း (Serecin) ပရိုတင်း ထုတ်၍ ဆီရီမိုဂျင် ပိုးစာအားတိုးဆေး (Seremogintonic) အဖြစ် ဂျင်ဆင်း (Ginseng) ပိုးစာအမြစ် (Mulberry root)၊ အဆိုပါ ဆီရီဆင်းပရိုတင်း (Serecin Protein)နှင့် အတူ အားဆေးတမျိုးကို စာရေးသူကိုယ်တိုင် ထုတ်လုပ် ပေးခဲ့ဖူးသည်။

၁၉၉၆ ခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် မြင့်အောင် လက်ထက် ရန်ကုန်မြို့ မြို့မ အား ကစား ကွင်းတွင် ကုန်စည်ပြပွဲကြီး ကျင်းပကာ ဝါနှင့် ပိုးချည်လုပ်ငန်းဌာနစုအောက်မှ အဆိုပါ ဆီရီမိုဂျင် ပိုးစာအားတိုး ဆေးကို ပြ သ ရောင်းချခဲ့ရာ ဂျပန်၊ ကိုရီးယားနှင့် နယ်သာလန်နိုင်ငံတို့က သိမ်းကျုံး ဝယ်ယူသွားသည်အထိ နာမည်ကြီးခဲ့သည်။

ယခုအခါ ပိုးချည်စက်ရုံအတွင်း ပိုးစာစိုက်ခင်းများနှင့် ရုက္ခဗေဒ ကန်တော်ကြီး ဥယျာဉ်အနီးရှိ ပိုးချည်လုပ်ငန်း ဌာနစုဝင်း အပါအဝင် ပိုးချည်ဌာန မြေအားလုံး ဧက ၃၆၀ ကျော်၏ လေးပုံ သုံးပုံသည် ယူကလစ်ပင်များ မင်းမူ ကြီးစိုးနေကြောင်း အငြိမ်းစား အရာရှိကြီး တဦးက သူ၏ မျက်မြင်တွေ့ရှိချက်များကို ပြောပြသည့်အခါ စိုးရိမ် ပူပန်စရာပင်ဖြစ်ခဲ့၏

ယူကလစ်ပင်ဆိုသည်ကား အမှန်တကယ်တွင် ရေဝပ်ရေလျှံသော နေရာ၊ ရေဘေး အန္တရာယ် ကျရောက်နိုင်သည့် နေရာတို့ တွင် သာ ရေထိန်းသည့် သဘောဖြင့် စိုက်ပျိုးရန် သင့်လျော်ပြီး တောင်ပေါ် ဒေသ၊ ရေရှားပါးသည့် ဒေသတို့တွင် ရေနှင့် ဓာတ်ဆားတို့ကို အလျှံပယ် စုပ်ယူလေ့ရှိသော ယူကလစ်ပင်များကို လုံးဝ (လုံးဝ) စိုက်ပျိုးရန် မသင့်လျော်ပေ။

လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က မုံရွာမြို့ရှိ ပေ ၁၂၀ – ၈၀ ရှိ ခြံထဲတွင် သနပ်ခါး၊ စပယ်နှင့် မြတ်လေး နှင့် သီးနှံပင်များ အကြား၊ ယူကလစ်ပင်ကို စိုက်ပျိုးခဲ့ရာ၊ ယူကလစ်ပင် ဖြစ်ထွန်းလာလေလေ ထိုအပင်နှင့် အနီးဆုံး ဖြစ်သော အုန်းပင်၊ ရှောက်ပင်၊ သလဲပင် တို့က ခြောက်သွေ့လာလေလေ ဖြစ်သည်။

ယူကလစ်ပင် အမြင့် ၁၀ ပေခန့်တွင် အနီးရှိ ရေကြိုက်သော အုန်းပင်က ဦးစွာပထမ ခြောက်သွေ့ကာ သေသွားပြီးနောက်၊ တခြား အပင်များလည်း ခြောက်သွေ့ပျက်စီး သွားကြသည်။

ရုက္ခဗေဒ ပညာအရ ယူကလစ်ပင် စိုက်ပျိုးသော ဒေသတိုင်း ရေခန်းခြောက်သွား၍ ရေရှားပါးခြင်းများ၊ ကန္တာရ ဆန်သော မြေများအဖြစ် ပြောင်းလဲသွားပြီး ဂေဟစနစ် (Ecosystem) များ လုံးဝပြောင်းလဲသွားလေ့ရှိကြောင်း သိရှိရသည်။

ယခု ပြင်ဦးလွင် တောင်ပေါ်ဒေသတွင် ယူကလစ်ပင်များ အများအပြား စိုက်ပျိုးနေပေသည်။

ယူကလစ်ပင်၏ သဘောသဘာဝမှာ ကြီးမြန် သစ်ပင်အမျိုးအစားဖြစ်ပြီး အပင်ဖြစ်ထွန်း လွယ်သည့်အတွက် အစားအသောက် လောဘကြီးစွာ စားသုံးသူနှင့်တူသည်။

ယူကလစ်သည် သူ့အနီးတွင်ရှိသော ရေနှင့် ဓာတ်ဆားတို့ ရနိုင်မည့်နေရာတို့ကို အမြစ်များ၊ မြစ်မြွှာများဖြင့် မြေလွှာအောက်တွင် ခက်ဖြာ၍ အစာရှိရာ တိုးသွားကာ၊ အစာရေစာတို့ကို လုယူစားသုံးသည်။

ယူကလစ်အပင်က ဖွံ့ဖြိုးမြင့်မားလာလေလေ၊ အနီးရှိ တခြားသော အပင်များက ရေ၊ ဓာတ်ဆား လုယူစားသုံးခြင်း ခံရကာ ခြောက်သွေ့ ပျက်စီးလေလေဖြစ်သည်။

ယခု ပြင်ဦးလွင်ဒေသတွင် ယူကလစ်ပင်များ လွှမ်းမိုးအုပ်စိုးစ ပြုလာသည်ကို မြင်တွေ့နေရလေပြီ၊ မြို့အဝင် ဒိုးကွင်းရှိ ပိုးစာခြံတွင် လည်း ယူကလစ်ပင်များ နေရာယူလာသလို ကန်တော်ကြီးအနီး ပိုးစာခြံတွင်လည်း ယူကလစ်ပင်များ နေရာယူနေကြသည်။

ပိုးစာပင်တို့ ပျက်စီးကိန်းဆိုက်ရုံမက ယူကလစ်အရွက်များ ကြွေကာ မြေပေါ်တွင် ယူကလစ်ရွက်မှ ပျံ့လွင့်ဆီဓာတ် (Essential Oil) ကြောင့် မြေဩဇာ ဖြစ်စေရန် ဖန်တီးမည့် ဖန်းဂတ်မှိုများ သေကြေ ပျက်စီးသွားသည်။

ပိုးချည်မျှင်အတွက် ပိုးကောင် (Silk Worm)တို့လည်း ဧကန်ပင် သေကျေ ပျက်စီးကြပေလိမ့်မည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန လက်အောက်ရှိ ပိုးစာခြံတို့တွင်လည်း ပိုးစာပင်နှင့် ပိုးမွေးမြူရေးကို ဦးစားပေး လုပ်ဆောင်ရမည့်အစား ယူကလစ်ပင်များ စိုက်ပျိုးနေသည်မှာ အံ့ဩစရာ ကောင်းသည်။

ယူကလစ်ပင်ကြောင့် မိမိ၏ ပဓာန ပိုးစာပင် စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေး၊ ပိုးချည်ထုတ်လုပ်ရေးတို့ သေချာပေါက် သေကျေပျက် စီးမည်ကို သိရှိနားလည်သင့်သည်။

ဒိုးကွင်း ပိုးစာခြံရှိ ယူကလစ် စိုက်ခင်း (ဒေါက်တာ ကျော်သန်းထွန်း)


ဒိုးကွင်း ပိုးစာခြံရှိ ယူကလစ် စိုက်ခင်း (ဒေါက်တာ ကျော်သန်းထွန်း)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသည် ပိုးစာစိုက်ပျိုးရေးနှင့် ပိုးချည်မျှင် ထုတ်လုပ်ရေးကို အာဆီယံနိုင်ငံများဖြစ် သည့် ထိုင်း၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင် ထုတ်လုပ်သင့်သည်။

ယူကလစ်ပင်စည်မှ ပျော့ဖတ် ထုတ်လုပ်ရေး တခုတည်း အတွက်နှင့် မိမိဌာနပိုင် ပိုးစာခြံအတွင်း ဧကအတော် များများ အသုံးပြု နေခြင်းဖြင့် ပိုးချည်လုပ်ငန်းစုကြီး တခုလုံး တိုတောင်းသော နှစ်ကာလအတွင်း ပျက်စီးဆုံး ရှုံးပေလိမ့်မည်ဟု ဆိုချင်သည်။

ယူကလစ်၏ အရွက်သည်အပင်ငယ်များ၊ ဖန်းဂတ်မှိုများနှင့် အသုံးချပိုးချည်မျှင်အတွက် ပိုးသား လောင်းများ အဆိပ်သင့်စေသလို၊ လူ၏ ပါးစပ် အတွင်း ၃ မီလီလီတာမှ ၅ မီလီလီတာ ဝင်မိလျှင်ပင် အစာရေမျိုလမ်းတလျှောက် အဆိပ်သင့်စေသည်။

ခန္ဓာကိုယ်တွင်းသို့  ဝ. ၅ မီလီလီတာမှ ၁ မီလီလီတာခန့် မတော်တဆ ရောက်ရှိသွားလျှင်ပင် လိင်အင်္ဂါ အဖွဲ့ အစည်းကို ထိခိုက် ၍ ပန်းသေခြင်းနှင့် သားသမီး မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေသည်။

ထိုအတွက် ယူကလစ်ဆီကို ပြင်ပသုံးဆေးဝါးအဖြစ် လိမ်းဆေးများတွင် ပမာဏ အနည်းငယ်သာ ထည့်သွင်း အသုံးပြုသည်။

ထို့ကြောင့် ယူကလစ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ဂေဟစနစ်ကို ထိခိုက်စေသည်သာ မက၊ လူ့ ကျန်းမာ ရေးအတွက်ပါ အကျိုးယုတ်စေကြောင်း တွေ့ရသည့်အတွက် ကမ္ဘာ့မှတ်တမ်းများအရ ယူကလစ်စိုက်ခြင်း၏ အကောင်းအဆိုး သုံး သပ်ချက်တွင် ယူကလစ်သည် နာမည်ပျက် စာရင်းဝင်ဟုပင် ဆိုရပေမည်။

တကယ်တော့ ပြင်ဦးလွင်ဒေသသည် မြေစျေးကစားခြင်းဖြင့် လောဘသမားတို့၏ ငွေကြေးခြယ်လှယ်ရာ ခရိုနီတို့ နှင့် အာဏာပိုင် တို့၏ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လောဘစက်ကွင်းမှ လွတ်ကင်းရာ နယ်မြေ ဖြစ်သင့်ပါသည်။

ရေတံခွန်၊ စိမ့်စမ်းတို့ကို ခန်းခြောက်စေလျက် ဂေဟစနစ်ကို လုံးဝဖျက်ဆီးမည့် ယူကလစ်ပင် စိုက်ပျိုးမှုတို့ လုံးဝကင်းရာဒေသ ဖြစ် သင့်ပါသည်။

သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည်လည်း ပြင်ဦးလွင်ဒေသတွင် ယူကလစ်ပင် စိုက်ပျိုးခြင်းထက် တခြားသော အသုံးလည်း ကျ၊ သဘာဝ ပတ်ဝန်းကျင်လည်း ထိန်းသိမ်းနိုင်စွမ်း ရှိသည့် အမြဲစိမ်း သစ်တော တို့ကိုသာ ပြုစုပျိုးထောင် ပေးခြင်း အားဖြင့် ပြင်ဦးလွင်ဒေသကို လှပစိမ်းစိုသော ဒေသအဖြစ် ပြန်လည် ဖော်ဆောင်သင့်ပါသည်။     ။

ဒေါက်တာကျော်သန်းထွန်း

(ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများ ရရှိထားသူလည်း ဖြစ်သည်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်