ရော်ဘာပင်၏ ရုက္ခဗေဒ

29/04/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ဟီးဗီးယားရော်ဘာသည် အကြီးမြန်သော ထောင်မတ်သည့်အပင် (Quick-growing erect Tree) ဖြစ်ပါသည်။ ပင်စည်နှင့် အခေါက်သည် အဖြောင့် (Straight Trunk and Bark) ဖြစ်ပြီး ပင်စည်အခေါက်သည် များသောအားဖြင့် ပြာနှမ်းနှမ်း၊ မီးခိုးရောင် (Grey) ဖြစ်ပါသည်။ အရိုင်းပင်များသည် ၄၀ မီတာ (၁၂၀-ပေ) လောက်အထိရှည်နိုင်ပြီး နှစ်ပေါင်း ၁၀၀ ကျော် အထိသက်တမ်းရှည် နိုင်ပါသည်။ လက်တွေ့ စိုက်ပျိုးပင်များသည် ၂၅-မီတာ (ပေ ၇၀) ခန့်အမြင့်ထက် မပိုဘဲ စိုက်ပြီး ၂၅-၃၀ နှစ်အကြာတွင် အပင်သစ်များ ပြန်လည် စိုက်ပျိုးလေ့ရှိပါသည်။

ပုံ - ၁ ရော်ဘာအပင်ကြီးများ

Heavea brasiliensis သည် နှစ်ရှည်၊ လိမ်မစုံ ပင်ခြားဝတ်မှုန်ကူးသောအပင် (Perennial, Monoecious, cross-pollinated tree species) ဖြစ်ပြီး မျိုးရင်း (Family - Euphorbiaceae) အောက်ဖြစ်သည်။ 

မျိုးပွားမှုအဆင့် (Reproductive Stage) ဖြစ်ပေါ်ရန် ၅-၇ နှစ်ခန့် ကြာမြင့်နိုင်သည်။ စိုက်ပျိုးသည့်နေရာ (Location)၊ လတ်တီတွတ် (Latitude) အပေါ်မူတည်၍ ပန်းပွင့်သည့် လ ကွာခြားသည်။  မြန်မာနိုင်ငံတွင်မူ နှစ်စဉ် ပန်းပွင့်ချိန်မှာ မတ်-ဧပြီလခန့်တွင်ဖြစ်သည်။ ရော်ဘာအသီး (Fruit) အမပွင့် အားလုံး၏ အနည်းငယ်မျှသာ အသီးဖြစ်ပေါ်နိုင်သည်။ အောင်မြင်သော အသီးများမှာ ကြီးမားပြီး အသီးအိမ် ၃ ခု (3-lobbed Capsules) နှင့် အချင်း ၃-၅ စင်တီမီတာ ခန့်ရှိပါသည်။

ပုံ - ၂ ရော်ဘာအသီးနှင့် အစေ့များ

အပင်မျိုးပွားခြင်း (Plant Propagation) 

(က) ရော်ဘာပင်အစေ့များမှ ပျိုးခင်းများ (Nursery Bed) တွင် အညှောက်ဖောက် ပျိုးထောင်ကာ စိုက်ခင်းသို့ ပြောင်းရွေ့၍ စိုက်ပျိုးသောနည်း ဖြစ်သည်။

(ခ) ပင်ပိုင်းဆိုင်ရာမျိုးပွားခြင်း (Vegetative Propagation) အမျိုးမျိုးရှိရာ

(ခ-၁) အစိမ်းရောင်အဖူးမျိုးပွားခြင်း (Green Budding) လက်ခံပင် (Stock)၊ ကိုင်းဆက်အပင်/မျိုးဆက်အပင် (Scion ) များသည် အရွယ်နု (Young Buds) ချိန်တွင် အဖူးကူးပါသည်။ လက်ခံပင်သည် ၂-၈ လအရွယ်ရှိပြီး ကူးယူအပင်သည် ၆-၈ ပတ် (တစ်လခွဲ၊ နှစ်လ) အရွယ်ပဲ ဖြစ်ရမည်။

(ခ-၂) အညိုရောင်အဖူးမျိုးပွားခြင်း (Budding) ၁၀-လအထက် လက်ခံပင်များ အသုံးပြုပါသည်။

ပုံ - ၃ ရော်ဘာအဖူးမှမျိုးပွားပုံ

ရော်ဘာကြီးထွားမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဇီဝကမ္မဗေဒ (Rubber Growth and Ecophysiology)

ရော်ဘာပင် အစေးမထွက်ခင် ဇီဝကမ္မဆိုင်ရာကြီးထွားရင့်ကျက်မှု ရှိရပါမည်။ ရော်ဘာပင် အရွက်များသည် အပင်ပေါက်ပြီး ၃၅-၄၀ ရက်သားလောက်တွင် အရွယ်ရောက်ပါသည်။ အသားတင်အစာချက်လုပ်မှု (Net Photosynthesis) တိုးတက်လာစေရန် အရွက်များ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုနှုန်း (CO2 Concentration) များပြား လာရပါမည်။

ဟီးဗီးယားရော်ဘာ (Hevea Rubber) သည် နှစ်ရှည်သီးနှံဖြစ်၍ အစေးခြစ်ရန် အပင်သက် ၆ နှစ် လို၍ ပျှမ်းမျှအထွက်နှုန်းကို မှတ်တမ်းယူရန် ၇ နှစ်လိုပါမည်။ တည်ငြိမ်သောမျိုး ပုံတူ/ပုံပွား/ဗီဇတူပင် (Suitable Clone) ရရှိရန် အပင်မျိုးမွေးမြူရေးအစီအစဉ် (Rubber Breeding Program) အရ အနှစ် ၂၀ ခန့် ကြာမြင့်ပါသည်။

နေရောင်ခြည်စွမ်းအင် (Radient Energy - Psat)၊ ကာဗွန်လဲလှယ်နိုင်စွမ်းရည် (Carboxylation Efficiency - CE)၊ အရွက်စတိုမာအပေါက် ဖွင့်ပိတ်နိုင်စွမ်း (Stomatal Conductance - gs)နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုစွမ်းအား (CO2 Compensation Concentration - T) တို့သည် စုစုပေါင်းအပင်အခြောက်အလေးချိန်တိုးတက်မှု (Total Dry Matter/Biomass Production) နှင့် အပင်အတွက်ရေကို အကျိုးရှိစွာ အသုံးချနိုင်စွမ်း (Water Use Efficiency - WUE) တို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါသည်။

ရာသီဥတုသင့်တော်ပါက အပူချိန်  ၂၃-၃၇ ဒီဂရီဆလ်စီယတ် (23-37* C) အတွင်း ရော်ဘာပင်သည် အစာချက်လုပ်နိုင်သောစွမ်းအင် (Photosynthetically Active Radiation – PAR) ကို တစ်စက္ကန့်၊ တစ်မီတာပတ်လည် တွင် ၁၀၀၀- မိုက်ကရိုမိုးလ် (1000 µmol m-2 s-1) အထိ ရရှိ နိုင်ပါသည် (Nataraja and Jacob, 1999)။ ထိုအပူချိန်ထက် လျော့နည်း၊ ကျော်လွန်သွားပါက စွမ်းရည်ကျဆင်းသွားပါမည်။ ထို့အတူ ရေအသုံးချနိုင်မှု စွမ်းရည် (Water Use Efficiency - WUE) မှာ တစ်မီတာပတ်လည် တစ်မိနှစ်လျှင် ၁.၅-၃.၅ ဂရမ်နှုန်း (1.5-3.5 g mm-2 m-2) ရရှိပါသည်။ (Rodringo et ai., 2005)

 ပုံ - ၄ ရော်ဘာအစာချက်မှုနှင့် ရေသုံးစွမ်းအင်

မြန်မာနိုင်ငံ ရော်ဘာအစေး အထွက်လျော့နည်းရခြင်းနှင့် ပိုမိုထွက်ရှိရန် နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ထုတ်ထားသော အကြောင်းအရာများမှာ - 

(က) အစေးလှီးနိုင်သောရက်နည်းခြင်း (Less Tapping Time) 

ရော်ဘာအများဆုံး စိုက်ပျိုးသော မြန်မာနိုင်ငံ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတွင်းရွာသွန်းသော မိုးရေချိန်ကြောင့် ၃-၄ လခန့် အစေးမလှီးနိုင်ပါ။ (သို့မဟုတ် အစေးလှီးချိန်နည်းသွားပါသည်)။ ရော်ဘာစိုက်ပျိုးသောအခြားနိုင်ငံများတွင် တစ်နှစ် ရက်ပေါင်း (၃၀၀) ကျော် အစေးလှီးနိုင်သောကြောင့် အစေးလှီးရက်လျော့နည်းသည်နှင့်အမျှ အစေးအထွက်နှုန်းလည်း ကျဆင်းပါသည်။ ထို့ကြောင့် အစေးလှီးရက်များများရရှိရန် ခြံကိုအစောဆုံးဖွင့်နိုင်ရန် စီမံပါ။ ပေါင်းမြက်များ ကြိုတင်ရှင်းလင်းခြင်း၊ အစေးလှီးကိရိယာများနှင့် အစေးလှီးလုပ်သားများ အချိန်မီရရှိနိုင်ရန် စီမံရပါမည် (လုပ်သားရှားပါးမှုနှင့်ကြုံနေရပါ က အောက်ပါအလိုအလျောက်အစေးခြစ်စက်ကို နိုင်ငံတကာတွင် စတင်သုံးနေပါသည်။ သို့သော် စိုက်ကွင်း ဧရိယာကျယ်ပါက လက်တွေ့ အသုံးပြုရာတွင် အခက်အခဲရှိနိုင်ပါသည်။)

ပုံ - ၅ ရော်ဘာအလိုအလျောက် အစေးခြစ်စက်

 မနက်ပိုင်း ရော်ဘာအစေးခြစ်ခြင်းသည် အကောင်းဆုံးဖြစ်သည် (Morning is the best time for tapping)၊ ပုံမှန် တစ်ရက်ခြား အစေးခြစ်နေရာမှ အစေးခြစ်ရက် ပိုမို ရရှိနိုင်ရန် သုတေသနပြုသင့်ပါသည်။ မနက်ပိုင်း အစေးလှီးရက်ပျက်ကွက်သွားပါက ညနေပိုင်း (သို့မဟုတ်) နောက် တစ် နေ့ ၂ ကြိမ် အစေးခြစ်နိုင်ရန် စီစဉ်နိုင်ပါသည်။

(ခ) အစေးလှီးကြောင်း အစောင်း ပြောင်းပြန်ဖြစ်နေခြင်း (Wrong Direction of Tapping Line) ရော်ဘာပင်တွင် အစေးကြောများသည် လက်ယာဘက်သို့ ၃.၅ ဒီဂရိ စောင်း၍ အပေါ်သို့တက်လျက်ရှိပါ သည်၊ ၎င်းကြောင့် အစေးလှီးရာတွင် လက်ဝဲဘက် အမြင့်မှ လက်ယာဘက်အနိမ့်သို့ လှီးရမည်ဖြစ်ပါသည်၊ ထို့အပြင် အခြားနိုင်ငံများကဲ့သို့ အစေး လှီးကြောင်း အစောင်းဒီဂရီ ၃၅-၄၀ အထိထားပါက အစေးပိုမိုထွက်ရှိနိုင်ပါသည်။

ပုံ - ၆ ရော်ဘာ အစေးလှီးကြောင်းများ

(ဂ) အစေးထွက်လှုံ့ဆော်ဆေးများနှင့် ခေတ်မီအစေးလှီးစနစ်များကို လိုက်နာကျင့်သုံးမှု အားနည်းနေသေးခြင်း (Use of Modern Tapping Methods and Chemicals) ရော်ဘာအစေးများများထွက်စေရန် အသုံးပြုသော အီသရယ် (Ethrel) ကဲ့သို့ ဓာတုဆေးများ - များစွာအသုံးပြုရန် လိုပါသေးသည်။ သို့သော် ဘေးထွက်ဆိုးကျိုး (Side Effect) များဖြစ်နိုင်ခြင်းနှင့် နေ့စဉ် အစေးခြစ်ရန်အတွက် မကိုက်ညီသေးသဖြင့် ကျွမ်းကျင်မှု ရှိရန်လိုသည်ဟူ၍ ကြားသိရပါသည်။ 

ပုံ - ၇ ရော်ဘာ အစေးထွက်များရန်လှုံ့ဆော်သောဆေး - အီသရယ်

(ဃ) အထက်ဘက် အစေးလှီးနည်း (Upward Tapping) စနစ်ကို ကျင့်သုံးရန်လိုနေသေးခြင်း

ဤနည်းသည် ရော်ဘာပင်အမြင့်ပိုင်း အခေါက်များကို အောက်ဘက်မှ အပေါ်သို့ထိုး၍ လှီးသွားခြင်း ဖြစ်ပါသည်။ဤနည်းကိုကို အသုံးပြုခြင်းကြောင့် အစေးစီးဆင်းမှု ဧရိယာ (Drainage Area) မှာ ပင်စည်အထက်ပိုင်း အကိုင်းအခက်များအထိ ပါဝင်သဖြင့် အစေးထွက်ကောင်းသည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးသည် ပြည်ပဝင်ငွေ ရရှိအောင် ပြုလုပ်ပေးနိုင်သောသီးနှံဖြစ်၍ စိုက်ပျိုးဧရိယာ တိုးချဲ့ပေးခြင်း၊ တဧက အထွက်နှုန်းတိုးအောင် နည်းပညာအသစ်များဖြင့် အစားထိုးပေးခြင်းများ များစွာ ပြုလုပ်ပေးသင့်ပါသည်။ 

ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် တက္ကသိုလ်များ၊ သုတေသန ဌာနများ တွင် ရော်ဘာပင်စိုက်ပျိုး၊ ထုတ်လုပ်ရေးကို တစ်စိုက်မတ်မတ် သီးနှံတစ်ခုထည်း စောင်းပေးဆောင်ရွက်နေသည့် မဟာသိပ္ပံ၊ ပါရဂူဘွဲ့ရ ပညာရှင်များစွာ ရှိပါသည်။ တက္ကသိုလ် သုတေသနစိုက်ကွင်းသည်လည်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သော မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စသည့် ဒေသများတွင်ရှိသင့်ပါသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရော်ဘာပင်စိုက်ပျိုးရေးပညာရှင်များ၊ ရော်ဘာပြုပြင်မွန်းမံပေးသော အင်ဂျင်နီယာ ပညာရှင်များ၊ ဈေးကွက်ထိုးဖောက်နိုင်ရန် စီးပွားရေးပညာရှင်များစွာ မွေးထုတ်ပေးကြပါစို့ဟူ၍ တိုက်တွန်းရေးသားလိုက်ရပါသည်။

မှီငြမ်းစာအုပ်များ (Reference Books)

Priyadarshan, P.M. (2011) Biology of Hevea Rubber. CABI. 226p.

Sethuraj, M.R. and Mathew, N.M. (1992) Natural Rubber: Biology, Cultivation and Technology. Elsevier. 610p.

သုတေသနစာတန်းများ (Research Papers/Articles)

Nataraja, K.N. and Jacob, J. (1999) Clonal differences in photosynthesis in Hevea brasiliensis. Photosynthetica 36: 89-98.

Rodringo, V.H.L., Stirling, C.M.; Taklehaimanot, Z. Samaseker, R.K. and Pathirana, P.A.D. (2005) Interplanting bababa at high densities with immature rubber crops for improved water use. Agronomy for Sustainable Development. 25: 45-54.

(မြန်မာစာအုပ်များ)

ဦးမြင့်ဆွေ/ကိုရဲ (စိုက်ပျိုးရေး)  (၂၀၁၄) နှစ်ရှည်သီးနှံရော်ဘာအကြောင်း သိကောင်းစရာများ မိုးကျော်စာပေ၊ ၈၅-မျက်နှာ

နှစ်ရှည်သီးနှံဌာနခွဲ (၂၀၁၇) ရာဘာအစေးခြစ်ခြင်းနှင့်ထုတ်လုပ်ခြင်း၊ ၄၆-မျက်နှာ

နှစ်ရှည်သီးနှံဌာနခွဲ (၂၀၁၇) ရာဘာပျိုးခင်းတည်ထောင်ခြင်း၊ ၄၃-မျက်နှာ

တင်မောင်အေး (၂၀၁၄) မြန်မာနိုင်ငံရှိ ရာဘာစိုက်ခင်းများ၏ အဟာရဓာတ်ကို 4R နည်းဖြင့် စီမံခန့်ခွဲခြင်း၊ အပြည်ပြည်ဆိုင်ရာ အပင်အဟာရသုတေသနဌာန၊ ၁၉-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၁၉၈၉) ရော်ဘာအစေးပိုမိုထွက်ရှိစေမည့် နည်းလမ်း များ ၁၄-မျက်နှာ

ဦးတိုင်းအုပ် (၁၉၇၇) ရာဘာလုပ်ငန်းအတတ်ပညာ (ဒေသကောလိပ်၊ ဒုတိယနှစ်) ၂၆၃-မျက်နှာ

(ရော်ဘာစိုက်ပျိုးခြင်းအား တစိုက်မတ်မတ်လေ့လာနေသူ ကျွန်တော်၏ ကျောင်းနေဘက်သူငယ်ချင်း ဦးမောင်မောင်သက်၊ ဒေါက်တာသိင်္ဂီမြင့်၊ ညွန်ကြားရေးမှူး (စီမံကိန်းဦးစီးဌာန)၊ ဒေါ်စန်းစန်းတင့်၊ ဒုတိယညွန်ကြားရေးမှူး (စိုက်ပျိုးရေးဦးစီးဌာန)၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူ ရေး ဌာန (ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)  တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်