မြို့ပြတိမ်းညွှတ်မှု

11/09/2018 15:55 PM တွင် Ko Aung Kyaw Kyaw Ko Aung Kyaw Kyaw မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆရာညဏ်။ ။ ကိုအောင်ရေ။ ကျနော်တို့ လက်ရှိမျက်မှောက်ခေတ်မှာ ကျေးလက်ဒေသကလူတွေဟာ မြို့ပြဒေသတွေကို ပြောင်းရွှေ့ လာကြတာ ပိုများလာတယ်လို့ ထင်မိတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ကျနော်တို့ ဆွေးနွေးကြည့်ရအောင် လားဗျာ။

ကိုအောင်။ ။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဆရာရယ်။ မြို့ပြနဲ့ကျေးလက်ကွာဟမှုက ကြီးမားလွန်းနေတယ်။ လျှပ်စစ်မီးတို့ ကတ္တရာလမ်းတို့ဆိုတဲ့ အခြေခံအဆောက်အအုံတွေက မြို့ပြနဲ့ဘဲ သက်ဆိုင်သလိုဖြစ်နေပြီး ကျေးလက်ကို လစ်လျှုရှူ့ထားသလို ဖြစ်နေတယ်။ အဓိကအချက်ကတော့ ကျေးလက်မှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလှပြီး ဝင်ငွေ ရပေါက်ရလမ်းတွေက မရှိသလောက်ဖြစ်နေရတဲ့ ပြဿနာပါဘဲဆရာ။ ဒီတော့ ဝင်ငွေရှာရလွယ်တဲ့ မြို့ပြကို လူတွေပြောင်းရွှေ့လာကြတာ မဆန်းပါဘူး။ ဒီတော့ မြို့ပြဟာလဲ လူဦးရေပေါက်ကွဲ ပြီး ကျူးကျော်အိမ်ယာပြဿနာ၊ သန့်ရှင်းရေးပြဿနာ၊ ကျန်းမာရေးပြဿနာတွေနဲ့ လူမှုရေးရှူပ်ထွေးမှုပြဿနာတွေက မြို့ပြကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတော့တာပါဘဲ။ ကျေးလက်ဟာလဲ ချစ်စရာကောင်းတဲ့ ကျေးလက်ယဉ်ကျေးမှုတွေ ခမ်းခြောက်လာပြီး နေပျော်စရာကောင်းတဲ့ဒေသ မဟုတ်တော့ဘူးပေါ့။

ဆရာညဏ်။ ။ ခင်ဗျားကတော့ ဝင်ငွေကို သတ္တူချလိုက်တာပေါ့။ ဟုတ်သင့်သလောက်လဲ ဟုတ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုရင် သူတို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းတော့ နိုင်ငံခြားထွက်အလုပ်လုပ်တဲ့သူတွေ (၁၀)သန်းကျော် တောင်ရှိတယ် ဆိုပါ တယ်။ ကျနော်တို့နိုင်ငံကတော့ (၆) သန်းခွဲရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နိုင်ငံတကာရောက်နေတဲ့ သူတို့လူမျိုးတွေကို သက်ဆိုင်ရာ သံရုံးတွေကတဆင့် စောင့်ရှောက်ပေးတယ်။ သူတို့အိမ်တွေဆီ ပြန်ပို့တဲ့ငွေတွေကို ချိုသာတဲ့နူန်းထားနဲ့ လုံခြုံမှုလဲပေးပြီး အစိုးရက ဝန်ဆောင် မှုပေးတယ်။ ဒီတော့ အစိုးရမှာ နိုင်ငံတော်ဘတ်ဂျက် တိုးပွားလာတာပေါ့ဗျာ။ ပညာရှင်တွေ ပြောထားတာရှိတယ်။ အခြေခံအဆောက်အဦ ကောင်းကောင်း မရှိသေးတဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ကာစ နိုင်ငံတွေမှာ နိုင်ငံခြားခရီးသွားနဲ့ ပြည်ပထွက် အလုပ်လုပ်တဲ့သူတွေဆီက ဝင်ငွေကို အားကိုးအားထားပြုသင့်တယ်ဆိုပါတယ်။

ကိုအောင်။ ။ ဆရာပြောတာတွေက အခုအစိုးရသစ် စဉ်းစားသင့်တဲ့ကိစ္စတွေပါဘဲ။ လူတွေ ကျေးလက်ကို စွန့်ခွာလာကြတာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ စိုက်လိုက်ရင် ရှုံးတဲ့အကြိမ်ရေကများနေတယ်။ မြတ်ရင်တောင် နဲနဲပါးပါးဘဲ မြတ်ပါတယ်။ လယ်စိုက်ရင် အိမ် စားဖို့နဲ့ ကျွဲစာနွားစာလောက်ဘဲရပြီး စီးပွားရေးအရ တွက်ချေမကိုက်ဘူး။ တောင်သူလယ်သမားက အတိုးယူစိုက်ပျိုးရေး လုပ်ရတော့ ငွေတိုး ချေးသံသရာထဲမှာ တဝဲလည်လည်  ဖြစ်နေတော့တယ်။ ကျေးလက်မျိုးဆက်တွေကလဲ “ကျနော်တောင်သူ လယ်သမားသားသမီးပါ” လို့ပြောရမှာတောင် ရှက်တဲ့ဘ၀ ဖြစ်လာကြတယ်။ လက်ငင်းဘဝမှာလဲ မိသားစုစားဝတ်နေရေးအတွက် ကျေးလက်ကိုစွန့်ခွာပြီး ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေနဲ့ နိုင်ငံရပ်ခြားကို သွားအလုပ်လုပ်ကြ တော့တယ်။ ဒါကို  “မြို့ပြတိမ်းညွှတ်မှု”  လို့ ခေါ်နိုင်ပါလိမ့်မယ်ဆရာ။

ဆရာညဏ်။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သိမ်းဆည်းခံလယ်ယာမြေပြဿနာကလဲ “ကျေးလက်စွန့်ခွာ၊ မြို့ပြတိမ်းညွှတ်မှု” ကို ပိုလို့ ဖြစ် စေသလားဗျာ။ 

ကိုအောင်။ ။ သိမ်းဆည်းခံလယ်ယာမြေပြဿနာအကြောင်း ပြောရင် “နိုင်ငံတော်“ အကြောင်းလဲ ထည့်ပြောမှရလိမ့်မယ် ထင် တယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ မဖွံ့ဖြိုးမတိုးတက်ခဲ့တာလဲ နိုင်ငံတော်ကြီးကြောင့်ဖြစ်ပါလိမ့်မယ်ဆရာ။ “စိုက်ပျိုးရေးကို အခြေခံပြီး၊ အ ခြားသော စီးပွားရေးကဏ္ဍများကိုလဲ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး”လို့ ကျယ်ကျယ်လောင်လောင် အော်ခဲ့ပေမယ့် တောင်သူ လယ်သမားတွေဟာ အကြွေးပတ်လည်ဝိုင်းပြီး ကျောမွဲနင်းပြားဘဝက မလွတ်မြောက်ခဲ့ပါဘူး။ ကျနော်တို့နိုင်ငံဟာ စစ်တွေဖြစ်နေခဲ့တော့ စစ်အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်ရဲ့ (၆၅%) လောက် သုံးခဲ့တယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံတော်ဘတ်ဂျုက်ရဲ့ (၂%/ ၃%) လောက်ဘဲသုံးခဲ့တယ်။ ကမ္ဘာကို ဆန်အတင်ပို့နိုင်ဆုံး နိုင်ငံတွေထဲမှာပါတဲ့ ဗီယက်နမ်နိုင်ငံဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို နိုင်ငံတော် ဘတ်ဂျက်ရဲ့ (၂၀%) ကနေ (၃၀%) အထိ သုံးစွဲတော့ နိုင်ငံတော်စီးပွားရေးလဲ တိုးတက်တာနဲ့အညီ ကျေးလက်လူထုရဲ့ စားဝတ်နေရေးလဲ ချောင်လည်တာပေါ့ ဆရာရယ်။ ကျနော်တို့ နိုင်ငံမှာတော့ နိုင်ငံတော်ကြောင့် ကျေးလက်လူတန်းစားဟာ ကျေးလက်စွန့်ခွာ၊ မြို့ပြတိမ်းညွှတ်မှု တွေ ဖြစ်လာတယ်။ နိုင်ငံကလဲ အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားတော့တာပေါ့။

ဆရာညဏ်။ ။ ဒါဆိုရင် ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေးရဖို့ သိပ်အရေးကြီးတာပေါ့နော်။ နိုင်ငံတော်နဲ့ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာ၊ မြို့ပြတိမ်းညွှတ်မှုအကြောင်း ဆက်ပါဦး။ ဘာတွေဆက်ဖြစ်နိုင်သလဲ။

ကိုအောင်။ ။ အစိုးရသစ်ရဲ့ သိမ်းဆည်းခံလယ်ယာမြေပြဿနာဖြေရှင်းရာမှာ တည်ဆဲဥပဒေအရဖြေရှင်းရမယ်လို့ ကော်မတီ အဆင့် ဆင့်ကို ညွှန်ကြားထားပါတယ်။ တည်ဆဲလယ်ယာမြေဥပဒေ ပုဒ်မ(၃၁)မှာ စီမံကိန်းအတွက်လယ်ယာမြေကို သိမ်းယူပြီး  (၆) လအတွင်း သတ်မှတ်တဲ့နည်းလမ်းအတိုင်း အသုံးမပြုရင်၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးရင် ဗဟိုလယ်/စီက ဒီမြေကို ပြန်သိမ်းနိုင်တယ်။ ပုဒ်မ (၃၂) မှာတော့ စီမံကိန်းတွေမဆောင်ရွက်တော့ဘူးဆိုရင် မူလပိုင်ရှင်ကို ပြန်ပေးရမယ်ဆိုထားတော့ ကြားက နိုင်ငံတော်ဖြစ်တဲ့၊ နိုင်ငံတော်ရဲ့ ကိုယ်စားလှယ်ဗဟိုလယ်/စီကို ကြားခံထားတာတွေ့ရတယ်။ ဗဟိုလယ်/စီက မှန်မှန်ကန်ကန် ဆောင်ရွက်မှသာ တောင်သူလယ်သမားတွေ လက်ထဲကို လယ်ယာမြေတွေ အမှန်တကယ် ပြန်ရောက်ပါလိမ့်မယ်။ 

ဆရာညဏ်။ ။ နေစမ်းပါဦး။ လယ်ယာမြေကိစ္စတွေ ဆောင်ရွက်ရာမှာ ဗဟိုလယ်/စီက မမှန်မကန်ဆောင်ရွက်တာတွေများ တွေ့နေရလို့ လားဗျ။ ပြောစမ်းပါဦး။

ကိုအောင်။ ။ ကျနော်က သဘောတရားကို ပြောတာပါ။ ဒါပေမယ့် ပခုက္ကူမှာ ဦးသိန်းစိန်ခေတ်က တပ်မ (၁၀၁) စွန့်လွှတ်ခဲ့တဲ့ ခြောက်ကန်ကျေးရွာကမြေတွေဟာ မူလပိုင်ရှင် တောင်သူလယ်သမားတွေမရသေးဘဲ စစ်မှုထမ်းဟောင်းကနေ ခြံစည်းရိုးတွေ ဇွတ်ခတ်နေ တာဟာ ဗဟိုလယ်/စီကပြန်သိမ်းပြီး စစ်မှုထမ်းဟောင်းကို တရားဝင်လွှဲပြောင်းပေးတာလား၊ စစ်တပ်က သူ့သဘောနဲ့ သူလုပ်နေတာလား ဆိုတာ မကွဲပြားသေးဘူးဗျ။ ဒါကိုကြည့်ခြင်းအားဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကရော လယ်ယာမြေဥပဒေကပါ ဆိုထားတဲ့ “ နိုင်ငံတော် သည် မြေယာအားလုံး၏ပင်ရင်းပိုင်ရှင် ” ဆိုတဲ့ပြဌာန်းချက်ကို ကျနော်တို့ လူ့အဖွဲ့အစည်းက သေသေချာချာ စဉ်းစားသင့်ပါပြီ။ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁၇) မှာ လူတွေဟာ တစ်ဦးချင်းဖြစ်ဖြစ် သူများနဲ့ ဖက်စပ်လို့ဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေကို ပိုင် ဆိုင်ခွင့်ရှိတယ်။ ဥပဒေအရမဟုတ်ရင် ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရလို့ဆိုထားတော့ ကျနော်တို့လူ့အဖွဲ့အစည်းသည် “နိုင်ငံတော်နဲ့ တစ်သီးပုဂ္ဂလ” အကြား အခွင့်အရေးတွေကို ပိုင်းခြားသတ်မှတ်ရာမှာ နိုင်ငံတော်ဘက်ကို လျှော့ချပြီး တစ်သီးပုဂ္ဂလဘက်ကို မဲတင်းသင့်ပြီ လို့ ကျနော်တော့ အခိုင်အမာ ယူဆပါတယ်ဆရာ။

ဆရာညဏ်။ ။ ဒါဆိုရင် ကျနော်တို့မြန်မာနိုင်ငံရဲ့တန်ဖိုးဖြစ်တဲ့ ကျေးလက်ယဉ်ကျေးမှုတွေ လျော့ပါးပျောက်ကွယ်လာတာ၊ ကျေးလက် လူတန်းစားတွေ ကျေးလက်ကို ဆက်လက်မဖက်တွယ်နိုင်တော့တာ၊ နိုင်ငံတော်ကြောင့် ဖြစ်ရတယ်လို့ ဆိုရမလိုဘဲ။ မြို့ပြတိမ်းညွှတ်မှုဟာ နိုင်ငံတော်ကြောင့်ဖြစ်တာလား။ နိုင်ငံတော်လဲ အားကောင်းနေဖို့တော့ လိုလိမ့်မယ်ဗျ။ ကျနော့်အယူအဆ ကိုပြောရရင် နိုင်ငံတော်နဲ့ တစ်သီး ပုဂ္ဂလအကြားကို သတ်မှတ်ချက်တွေကို မျှမျှတတသတ်မှတ်သင့်ပါတယ်။ နိုင်ငံတော်အနေနဲ့ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေနဲ့ မြေမဲ့ယာမဲ့တွေကို နိုင်ငံ့စီးပွားရေးထဲ ဆွဲသွင်းနိုင်ရင် နိုင်ငံတော်လဲ ဖွံ့ဖြိုးတိုးတက်မယ်။ ကျေးလက်စီးပွားရေးလဲ ဖွံ့ဖြိုးတိုးတက်လာမယ်။ ဆိုလိုတာက လုပ်ကွက်ငယ်တောင်သူလယ်သမားတွေကိုဘဲ အားပေးအားမြှောက်ပြုနေရုံလောက်နဲ့ မရပါဘူး။ ဖိလစ်ပိုင်မှာလို ထိုင်ဝမ်မှာလို မြေယာပြုပြင်ပြောင်းလဲရေးလုပ်ပြီး နိုင်ငံတော်က မြေမဲ့ယာမဲ့တွေကို မြေတွေဝေပေးဖို့ လိုပါတယ်။ ကတ္တရာလမ်း၊ တံတား၊ လျှပ်စစ်မီး အစရှိတဲ့ အခြေခံအဆောက်အဦတွေကို မြို့ပြနဲ့တန်းတူ ကျေးလက်ကို တည်ဆောက်ပေးမယ်ဆိုရင် တောင်သူလယ်သမားတွေဟာ သူတို့ စိုက်ပျိုးတဲ့သီးနှံတွေကို ကုန်ချောအထိ သူတို့ထုတ်လုပ်လာနိုင်မယ်။ ဒါဆိုရင် ကျေးလက်ယဉ်ကျေးမှုတွေ ပြန်ထွန်းကားလာပြီး မြို့ပြတိမ်း ညွှတ်မှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယူဆမိပါသဗျို့။  

ဝန်ခံချက်။ ။ ယခုဆောင်းပါး၏ခေါင်းစဉ် “မြို့ပြတိမ်းညွှတ်မှု” ကို စာရေးဆရာ Joe Studwell ရဲ့စကားအား ယူငင်သုံးစွဲ ထားခြင်း ဖြစ်ပါတယ်။         

ကိုအောင်ကျော်ကျော်