ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ

Myanmar Now     19/01/2018 16:09 PM     Content Provider - Greenway
Photo - oil

ရန်ကုန် သင်္ဃန်းကျွန်း စံပြစျေးအနီး ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းရှေ့တွင် မိမိအမည်ကို ခေါ်ရန် စောင့်ဆိုင်း နေသူ များထဲတွင် အသက် ၃၇နှစ်အရွယ် မကျော့ တယောက်လည်း အပါအဝင်ဖြစ်သည်။ 

အသားဖြူဖြူ အနည်းငယ်ဝဖိုင့်သော ခန္ဓာကိုယ်ရှိပြီး ဝေဒနာကြောင့် မျက်နှာက နွမ်းလျနေသည်။  

မကြာခဏ ယားယံသည့် ရောဂါခံစားရ၍ ဆေးခန်းပြရာမှ ဆီးချိုဝေဒနာဖြစ်နေမှန်း သိခဲ့ရပြီး ကုသမှုခံယူနေသည်မှာ ၁ နှစ် ကျော် ရှိသွားပြီ ဖြစ်သည်။

“ကျမမှာ ဆီးချိုမျိုးရိုးလည်း မရှိဘူး။ သူများတွေလို အချိုတွေ၊ လက်ဖက်ရည်တွေကို စွဲစွဲမြဲမြဲ သောက်လေ့မရှိဘဲ ဆီးချို ဖြစ်တယ် ဆိုတော့ အံ့သြနေတာ”ဟုလည်း မကျော့က ဆိုသည်။

ကူးစက် ရောဂါ မဟုတ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ အဖြစ်များလာခြင်းက စားသုံးဆီများနှင့် ဆက်စပ်မှု ရှိနေ ကြောင်း ဆေးပညာရှင်တချို့က သုံးသပ်လာကြသည်။ 

“အရင်တုန်းက သွေးတိုး ဆီးချိုဆိုရင် သူဌေးရောဂါပေါ့။ အရမ်း အဆီအစိမ့်တွေ စားတဲ့သူတွေမှာ ဖြစ်တယ်လို့ ယေဘုယျ အားဖြင့် သုံးသပ်တာပေါ့။ နောက်ပိုင်း လမ်းဘေးစျေးသည်တွေ၊ ဆိုက်ကားသမားတွေက အစ ဆီးချိုဖြစ် လာတယ်”ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ပြောသည်။

ဆီးချိုရောဂါ ဖြစ်ပွားပါက အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ လေဖြတ်ရောဂါနှင့် နှလုံးသွေးကြော ပိတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ခြေပုပ်၍ ဖြတ်တောက်ပစ်ရခြင်း စသည့် ရောဂါများ ဖြစ်လာနိုင်သည်။

အိမ်ထောင်သည် ကလေးတယောက် အမေဖြစ်သော မကျော့တို့ မိသားစု၏ အဓိကဝင်ငွေမှာ ရာသီပေါ်ပန်းများကို ရောင်းရငွေ ဖြစ်သည်။ 

အသက် ၁၄နှစ်အရွယ် ကလေးတဦးအတွက် ကျောင်းစရိတ်လည်းရှိသော သူတို့မိသားစုသည် ချောင်ချောင် လည်လည် နေထိုင် စားသောက်ရေး မလွယ်ကူပေ။ 

နေ့စဉ် စားသောက်ရာတွင် သုံးစွဲသော ဆီအမျိုးအစားနှင့် ပတ်သက်ပြီး ပဲဆီ ရိုးရိုးသာ စားသုံးနိုင်သည်ဟု မကျော့က ပြော သည်။

“ပဲဆီပေါ့၊ အရမ်း အကောင်းကြီးတော့ မသုံးနိုင်ဘူး။ ပဲရိုးရိုးပေါ့။ တပိဿာ ကျပ် ၂၀၀၀ ပေးရတယ်”ဟုလည်း သူက ပြောပြ သည်။

လက်ရှိတွင် မြေပဲ တပိဿာ ခန့်မှန်းခြေ ၂၅၀၀ ကျပ် ကျသင့်ပြီး မြေပဲ တပိဿာကို ဆီကြိတ်ပါက ဆီလေးဆယ်သား ခန့် ရနိုင်ကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။ 

အလုပ်သမား ခ၊ မီတာခ၊ သယ်ယူပို့ဆောင်ရေး စရိတ်များ ထည့်တွက်ပါက ပဲဆီစစ်စစ် ရရှိရန် တပိဿာလျှင် အရင်းအနှီး ကျသင့်ငွေမှာ ၅၅၀၀ ကျပ် နီးပါး ရှိသည်။ 

ထို့ကြောင့် စျေးကွက်ထဲတွင် ပဲဆီဟုဆိုကာ ရောင်းချနေသော ဆီများ၏ စျေးနှုန်းနှင့် ချိန်ထိုး စဉ်းစားပါက ယင်းဆီများ မှာ ပဲဆီ စစ်စစ် မဖြစ်နိုင်ပါ။

ဒေါက်တာ ကျော်စွာဦးက “ဆီမသန့်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ အဆီဓာတ်တွေ များလာရင်၊ သွေးထဲမှာ အဆီ ဓာတ်တွေ များလာရင် သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြော ကျဉ်းတာတွေက ဖြစ်လာနိုင်တယ်။ အသက်ငယ်ငယ် နဲ့ ဖြစ်တော့ နောက်ပိုင်းမှာ ဒီရောဂါတွေကြောင့် အသက်တိုသွားနိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနှုန်းသည် နှစ်စဉ် အခြားသော သေဆုံးနှုန်းများ၏ ထက်ဝက် ကျော် ဖြစ်သော ၅၉ ရာခိုင်နှုန်းခန့် ရှိသည်။ 

မကူးစက်နိုင်သော ရောဂါများမှာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာ၊ နာတာရှည် အသက် ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်သည်။ 

သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့်ကင်ဆာ ရောဂါများဖြစ်ပါက ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသ၍ မရနိုင်တော့ဘဲ ယင်းရောဂါများနှင့် နောက်ဆက်တွဲ ရောဂါများကြောင့် အသက်ဆုံးပါး သွားနိုင်သည်။

မကူးစက်နိုင်သော ရောဂါများသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များသည် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအသောက်များ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မကူးစက်နိုင် သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောပြသည်။

“အဆီလို့ဆိုရင် တိရစ္ဆာန်က ထုတ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ နောက် စားအုန်းဆီလည်း ပါတယ်။ ကျနော်တို့ ဆေးပညာမှာ ပြည့်ဝဆီလို့ ခေါ်တယ်။ အဲဒီ ပြည့်ဝဆီတွေကို လျှော့သုံးဖို့ လိုတယ်။ ဖြစ်နိုင်ရင် ရှောင်ရမယ်”ဟုလည်း ၎င်းက ပြောသည်။

ပြည့်ဝဆီများကို စားသုံးခြင်းကြောင့် ရေရှည်တွင် သွေးတွင်း အဆီဓာတ်များကာ သွေးကြောဆိုင်ရာ ရောဂါများ၊ အသည်း အဆီဖုံးခြင်း၊ နှလုံးရောဂါနှင့် နောက်ဆက်တွဲ ရောဂါဆိုးများ ဖြစ်လာနိုင်သည်။

၂၀၁၄ ခုနှစ်အတွင်းက ကမ္တာ့ ကျန်းမာရေး အဖွဲ့(WHO) ၊ ကမ္ဘာ့ ဆီးချိုသွေးချို ဖောင်ဒေးရှင်း (WDF) နှင့် ကျန်းမာရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ မြန်မာ တနိုင်ငံလုံးတွင် သွေးတွင်း အဆီများနေသူမှာ ၃၆ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

ဆီဟုဆိုလျှင် ကလေးမှအစ လူကြီးအဆုံး မည်သူမျှ မကင်းနိုင်ပေ။ နေ့စဉ်စားသုံးသော အစာ အာဟာရများတွင် အဆီ ဓာတ် ပါဝင်သည်။ ထမင်းနှင့် ဟင်းကို အဓိက စားသုံးသော မြန်မာနိုင်ငံတွင် ဟင်းချက်ရာတွင် ဆီကို နစ်နေအောင် သုံးတတ်ကြသည်။ 

လမ်းဘေး စားသောက်ဆိုင်အများစုနှင့် မြန်မာ စားသောက်ဆိုင် တချို့ကို ကြည့်ပါကလည်း ငရုတ်ဆီရောင် ရဲရဲနှင့် ဆီပြန် ဟင်းမျိုးစုံမှာ နေရာယူလျက်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆိုသည့် ဆိုရိုးစကား အတိုင်းပင်။

စျေးကွက်ထဲက စားသုံးဆီ ဆိုတာ 

စားသုံးဆီ အမျိုးမျိုးကို အမှတ်တံဆိပ် ကပ်ကာ ပါကင်ဘူးများဖြင့် ရောင်းချခြင်းများ ရှိသလို လက်လီဆိုင်များတွင် ပဲဆီ ရိုးရိုး၊ ပဲဆီသန့်၊ ရှယ်ပဲဆီ စသဖြင့် ရောနှောဆီ အမျိူးမျိုးကို ဒန်အိုး၊ ဒန်ချိုင့်များထဲထည့်ကာ ခွက်ခြင် ရောင်းချခြင်း များလည်း ရှိသည်။ 

ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေသော မြန်မာနိုင်ငံတွင် လူအများစုသည် ခွက်ခြင် စနစ်ကိုသာ အားထားနေရဆဲ ဖြစ် သည်။ 

ထို့ကြောင့် စျေးကွက်ထဲတွင် ရောင်းချနေသော စားသုံးဆီများ၏ အရည်အသွေးကို သိရှိနိုင်ရန် လက်လီလက်ကား ရောင်း ဝယ် ဖောက်ကားရာ ညောင်ပင်လေးစျေးနှင့် လှည်းတန်းစျေး အပြင်ဘက်တန်းမှ အိမ်ရှင်မအများစု ဝယ်ယူကြသော တပိဿာ ၂၅၀၀ ကျပ် နှင့် တပိဿာ ၃၀၀၀ ကျပ် တန် ဆီနမူနာ နှစ်မျိုးကို ယူ၍ ရန်ကုန်မြို့ရှိ ဓာတ်ခွဲ ခန်း ၂ ခုသို့ ပို့ဆောင် ၍ ဓာတ်ခွဲ စမ်းသပ်ခဲ့သည်။

“ရလဒ်တွေအရတော့ မြေပဲဆီမစစ်ဘူး။ မြေပဲဆီဆို သူ့ Iodine Value (IV) က ၈၀ ကနေ ၁၀၆ ဖြစ်ရမှာ။ အခုက ၆၀ ကျော် ပဲရှိတယ်ဆိုတော့ မြေပဲဆီ မဟုတ်ဘူး”ဟု ဆီလုပ်ငန်းနှင့် ဆီထွက် သီးနှံဆိုင်ရာ အကြံပေး အဖွဲ့ တဖွဲ့ ဖြစ်သော Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။

မည်သည့်ဆီများ ရောစပ်ထားကြောင်း FAME Profile ဟုခေါ်သော အသေးစိတ် စစ်ဆေးမှု ရလဒ် အရ စားအုန်းဆီ တွင် ပါဝင်သော ဓာတ်ပစ္စည်းများ လွှမ်းမိုးမှုရှိနေကြောင်း ဓာတ်ခွဲခန်းပညာရှင် တစ်ဦးကလည်း ပြောပြသည်။

ရောနှောဆီ ပြဿနာ

နိုင်ငံတကာတွင်လည်း ရောနှောဆီ(Blanded oil) စျေးကွက်ရှိပြီး တွင်ကျယ်စွာ ရောင်းဝယ်နေကြကြောင်း၊ သို့သော် အဆိုပါ နိုင်ငံများတွင် ဥပဒေ စည်းမျဉ်း စည်းကမ်းများ(Blanded oil law, labeling law)ဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း ဆီစက်လုပ်ငန်းကို ၁၅ နှစ်ခန့် လုပ်ကိုင်ခဲ့သည့် မန္တလေးမှ ကိုကျော်ဆန်းလင်း က ပြောသည်။

ရောစပ်​ရာတွင်​ အသုံးပြုသည်​့ ဆီများသည် ပြည်​ပ နိုင်​ငံများမှတင်​သွင်​းသည်​ ဖြစ်​​စေ ပြည်​တွင်​းထွက်​ ဆီများပင်​ ဖြစ်​​စေ စျေးပေါပြီး ကျန်​းမာ​ရေး အန္တရာယ်​ရှိ​သော စက်မှုလုပ်ငန်းသုံးဆီများ ပါဝင်​​နေခြင်​း၊ ပြည်​တွင်​းတွင် ပျက်​စီး​နေ​သော၊ ပုပ်နေ​သော ဆီထွက်​ သီးနှံများကို ကြိတ်​ခွဲ ထုတ်​လုပ်​ထား​သော ဆီများ၊ နည်​းစနစ်​တကျ သန်​့စင်​ထားခြင်​း မရှိသော ဆီများ ပါဝင် နေခြင်း၊ ရောစပ်​ရာတွင်​ အပူချိန်​မြင်​့မားစွာ ​ပေး၍ ​ရောစပ်​​နေကြခြင်​းများ (Over 90'C)၊ အနံ့ (Artificial Flavor) ကို အချိန်​အဆ နှင်​့ နည်​းစနစ်​ မှားယွင်​းစွာ ​ရောစပ်​​နေကြခြင်​း၊ ထုတ်​လုပ်​သည်​့ နိုင်​ငံ၏ ​ထောက်​ခံချက်​ မပါသည်​့ အနံ့ဆေး များ ကို အသုံးပြု ​ရောစပ်​​နေကြခြင်​း စသည်​့ အ​ကြောင်​းရင်​းများ​ကြောင်​့ ရောစပ်​ အနံ့သုံးဆီများသည်​ ကျန်​းမာ​ရေး အန္တရာယ်​ ရှိနိုင်​ကြောင်းလည်း ကိုကျော်ဆန်းလင်း က ဆက်ပြောပြသည်။

ရန်ကုန် လှိုင်မြို့နယ်နေ အိမ်ရှင်မတဦး ဖြစ်သူ မဖြူဖြူဇင်က “အညာက အသိတစ်ယောက်ကို ဆုံဆီ ၁၀ ပိဿာ မှာလိုက် တဲ့ အချိန်မှာ စားအုန်းဆီထည့်တဲ့ အဝါရောင်ပုံးနဲ့ ရောက်လာတယ်။ ဆက်စပ် တွေးကြည့်တော့ ဒီပုံးတွေ အညာမှာ ရောက်နေတယ် ဆိုကတည်းက သူတို့ဒါတွေကို ရောလို့ပေါ့။ အဲဒါကို နောက်ပိုင်းကျ ကြောက်လို့ မစားတော့ဘူး”ဟု ပြော သည်။

ဆုံဆီ ဆိုသည်မှာ မြေပဲဆန်ကို သစ်သားဆုံဖြင့် ကြိတ်ခွဲပြီး ရရှိလာသော ဆီဖြစ်သည်။ 

သစ်သားဆုံဖြင့် ကြိတ်ခြင်းသည် သံဆုံဖြင့် ကြိတ်သလို အပူချိန်မမြင့်၍ အအေးသား စနစ်ဖြင့်ကြိတ်ခွဲ ရရှိသောဆီ (Cold Press Oil) ဟူ၍ နိုင်ငံ အများအပြားတွင် ခေါ်ဆိုကြပြီး ကျန်းမာရေးနှင့် အသင့်လျော်ဆုံး ဆီကြိတ် နည်းလမ်းတခု ဖြစ် သည်။

ပုံမှန်မြေပဲဆီ စစ်စစ်၏ အရောင်အသွေးသည် ဖြူဖျော့ဖျော့ အရောင်ဖြစ်ပြီး စျေးကွက်အတွင်း ရောင်းချနေသော ပဲဆီ များ မှာ နနွမ်းရောင်ကဲ့သို့ ဝါဝင်းနေသည်ကို တွေ့ရသည်။ 

ထိုကဲ့သို့ရွှေဝါရောင် တောက်နေသော ဆီများသည်လည်း မြေပဲဆီစစ်စစ် မဖြစ်နိုင်ကြောင်း ဦးသန်းဌေးက ပြောသည်။

“စျေးထဲမှာ ကြည့်လိုက်လို့ သိပ်ဝါနေတာကြီးဆို ဒါ ပဲဆီ မဟုတ်ဘူး။ တခုခု ရောထားတယ်”ဟုလည်း ၎င်းက ပြောဆို သည်။

သို့သော်လည်း လက်ရှိ အချိန်တွင် ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီများကို ပြည်ပမှတင်သွင်းသော အခြား ဟင်းသီး ဟင်းရွက် ဆီများဖြင့် ရောနှောကာ အရည်အသွေး ညံ့ဖျင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသည် ပုံမှန်ကိစ္စတခု ဖြစ်နေ ကြောင်း နယ်သာလန်နိုင်ငံ LEI Wageningen တက္ကသိုလ်နှင့် မြန်မာအစိုးရတို့ ၂၀၁၄ ခုနှစ်က ပူးပေါင်း လုပ်ဆောင်သော Business opportunities and food safety of the Myanmar edible oil sector စစ်တမ်းအရ သိရသည်။

အဆိုပါစစ်တမ်းသည် ရန်ကုန်မှ မြစ်ကြီးနားမြို့အထိ တနိုင်ငံလုံး အတိုင်းတာဖြင့် ဆီစက်ရုံများသို့ ကွင်းဆင်းကာ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ အစားအစာများ ဖြစ်သော ငါးခြောက်ဖုတ်၊ ပဲပြုတ်ထမင်း ဆီစမ်း၊ လက်ဖက်သုပ် စသည့် အစားအစာ များကို စားရာတွင် ပဲဆီ နှမ်းဆီ အနံ့လေး မွှေးနေမှပင် သဘောကျတတ်ကြသည်။ 

ယင်းကို အခွင့်ကောင်းယူကာ တချို့က စျေးသက်သာသော စားအုန်းဆီထဲသို့ ဓာတု အနံ့များထည့်ကာ ပဲဆီဟု လိမ်ညာ ရောင်းချလာခဲ့သည်။

မန္တလေးမြို့ရှိ အာရှသား ဆီစက်လုပ်ငန်းမှ ဦးသန်းလွင်က ဆီစက်လုပ်ငန်းလုပ်ရာတွင် ကုန်ကြမ်းခ၊ စက်လည်ရန် အတွက် မီတာခ၊ အလုပ်သမားခ စသည်ဖြင့် ကုန်ကျစရိတ်များရှိကြောင်း၊ အနံ့ထည့်ပဲဆီ စျေးကွက် ကြီးထွားလာပြီးနောက် မှန်မှန် ကန်ကန် ထုတ်လုပ်ရောင်းချသူများ တွက်ခြေမကိုက်တော့၍ လုပ်ငန်း ရပ်ဆိုင်းသွားသူများလည်း ရှိကြောင်း ပြောပြသည်။ 

“အရင်တုန်းက နိုင်ငံတော်အစိုးရက ဆင်းရဲသားပြည်သူတွေ စားနိုင်အောင် စားအုန်းဆီကို သွင်းတာပေါ့ဗျာ။ အခုက ဆင်းရဲသားတွေက အဲဒီစားအုန်းဆီကို မစားတော့ဘူး။ အနံ့ထည့်တဲ့ ဆီကို ပဲဆီဆိုပြီး စားနေတာ”ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနကလည်း ဆီထုတ်လုပ်နေသော နေရာများ သို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှန်တကယ် ဆီစက် လည်ပတ် ထုတ်လုပ်နေခြင်းထက် ပုံးဆီများကို မှာယူ၍ မိမိတို့ ကိုယ်ပိုင် အမှတ်တံဆိပ်ကပ် ရောနှော ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်သော လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က “အဲဒီပဲဆီကို ဘယ်က ဝယ်သလဲဆိုတော့ မန္တလေးက ဆီစက်တွေကဝယ်ပြီး သူတို့ တံဆိပ်ကပ် ပြန်ရောင်းတယ်။ တချို့ကျ စားအုန်းဆီတွေ ဝယ်တယ်။ ဒီမှာ စားဆီအနေနဲ့ ပြန်ရောင်းတယ်”ဟု ပြောပြသည်။  

ဓာတုပစ္စည်းများ အသုံးပြုနေ

ရန်ကုန်မြို့ရှိ ဓာတုပစ္စည်း ကုန်ကြမ်းများ ရောင်းချနေသော ကုန်ဈေးတန်းတွင် ဆီမခဲဆေးအပြင် ပဲဆီ အနံ့ဘူးများကိုလည်း ရောင်းချနေကြသည်။

သကြားနှင့် ဆင်တူသော ဆီမခဲဆေးအမှုန့်သည် တပေါင်လျှင် ၁၃၀ဝဝ ကျပ်ခန့် ဈေးရှိပြီး စားအုန်းဆီ တပေပါလျှင် ယင်း အမှုန့် ကို ထမင်းစားဇွန်း ၂ ဇွန်းခန့် ထည့်၍ ရကြောင်း ရောင်းချသူက အညွှန်းပေးသည်။

ထို့အပြင် တရုတ်စာများ ရေးထားသော ပဲဆီအနံ့ ဘူးငယ်များကို ဂရိတ် အမျိုးမျိုးဖြင့် လည်းကောင်း၊ ပဲစိမ်းနံ့၊ ပဲလှော်နံ့ စသဖြင့် အနံ့အမျိုးမျိုးဖြင့် လည်းကောင်း တလီတာလျှင် ၁၂၀ဝဝ ကျပ်မှစ၍ ၁၄၀ဝဝ ခန့်အထိ ရောင်းချလျက် ရှိသည်။

ယင်း ပါကင်ပိတ် ပဲဆီအနံ့ဘူးများကို ဈေးကွက်တွင် လက်လီ ခွဲမရောင်းပါ။ မြေပဲဆီအတု ပြုလုပ်ရောင်းချသူများက ပါကင် မဟုတ်ပါက အရောအနှောပါမည်ကို စိုးရိမ်ကာ မယုံကြည်၍ ဖြစ်သည်။

ဓာတုပစ္စည်းများသည် အများအားဖြင့် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်လှမ်းမီသရွေ့ လိုက်လံစုံစမ်းကြည့်သော ဓာတ်ခွဲခန်းများတွင် ယင်းဓာတုပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ် ၍ မရသဖြင့် ဓာတုကျွမ်းကျင် ပညာရှင်များပင် မည်သည့် ဓာတုပစ္စည်းများ ဖြစ်ကြောင်း အဖြေ မထုတ်နိုင်ပေ။

“အနံ့ဘူးဆို အနံ့က ပြင်းလွန်းတော့ သေချာတာကတော့ ဒါကို ရှုမိရင် ရေရှည်မှာ အဆုတ်တို့၊ အသက်ရှု လမ်းကြောင်း ရောဂါတို့ ဖြစ်လာနိုင်တယ်။ အဆုတ်ထဲ ယင်သွားပြီးရင် ပြန်ထွက်ဖို့ မလွယ်ဘူး”ဟု Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။

အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က စားသုံးဆီများကို သန့်စင်စေရန် Solvent (အရည်ပျော်စေသည့် သတ္တိ ရှိသော) ဓာတုပစ္စည်းများကို သုံးရပြီး Hexane (အရောင်အသွေး မရှိသော ဟိုက်ဒရိုကာဗွန် ဓာတ်ပေါင်းရည်) ဆိုသော Solvent ကို အများဆုံး အသုံးပြုကြကြောင်း၊ Hexane သည် ပင်ကိုအားဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်သော ဓာတ်ပစ္စည်း တမျိုး ဖြစ်ရာ စနစ်တကျ မှန်ကန်တိကျစွာ အသုံးမပြုလျှင် စားသုံးသူများကို ကင်ဆာရောဂါမျိုးစုံ ဖြစ်စေနိုင်ကြောင်း ပြောသည်။

“အုန်းဆီ၊ စားအုန်းဆီ၊ ဟင်းရွက်ဆီခဲ (Magarine) တွေက ပြည့်ဝဆီ (Saturated fats) ဖြစ်လို့ အခန်းအပူချိန် အောက် အေးတဲ့ အနေအထားဆို အဆိုင်အခဲတွေ ဖြစ်နေတတ်တယ်။ အဲဒီလို မဖြစ်ဖို့ ခုနက ပြောတဲ့ Solvent တွေကို သုံးရတဲ့ အတွက် ရောဂါတွေ ဖြစ်လာနိုင်တယ်”ဟုလည်း ဒေါက်တာ စိုးခိုင်က ပြောဆိုသည်။

ဈေးကွက်ထဲက ဘေးအန္တရာယ်

ကွန်ကရစ် အကြမ်းခင်းထားသော ရန်ကုန် ဘုရင့်နောင် ပွဲရုံရှေ့ လမ်းပေါ်နှင့် ပေ ၂၀ ခန့်အကျယ်ရှိ မှောင်ကုတ်ကုတ် ပွဲရုံခန်း ထဲတွင် ဆီချိုးများတက်ပြီး ညစ်ပတ်ပေရေနေသော တိုင်ကီများသည် ဟိုတစု၊ ဒီတစု ပြန့်ကျဲလျက် ရှိသည်။

မည်းညစ်ပြီး ဆီချေးများ အထပ်ထပ်တက်နေသော ယင်းတိုင်ကီများထဲတွင် လူအများစု စားသုံးကြသည့် စားအုန်းဆီများ ရှိနေသည်။

ပြည်တွင်းသို့ တရားဝင် ဝင်ရောက်သော စားအုန်းဆီများ၏ အရည်အသွေးနှင့်ပတ်သက်၍ တင်သွင်းခွင့်ပြုသော စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရားဝင် တင်သွင်းနေသော ဆီကုန်သည်များက အပြည့်အဝ တာဝန် ယူသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က “Normal trade (တရားဝင် လမ်းကြောင်း) နဲ့ ဝင်တဲ့ဆီက အကုန် ကျန်းမာရေး စစ်ဆေးပြီးမှ ဝင်တာ။ နိုင်ငံတော်လည်း အခွန်ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေး အာမခံချက်ရှိတယ်”ဟု ပြောသည်။

သို့သော်နယ်စပ်မှ တရားမဝင်တင်သွင်းလာသော ဆီများသည် အာမခံချက်မရှိသလို ပြည်တွင်းတွင် မည်မျှပျံ့နှံ့ ရောင်းချ နေသည်ဆိုသော ကိန်းဂဏန်း အချက်အလက်လည်း မရှိပေ။

ထို့အပြင် ပြည်တွင်းတွင် ရောင်းချနေသော စားသုံးဆီများနှင့် ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေးအပေါ် မည်ကဲ့သို့ သက်ရောက်နိုင်ကြောင်း သုတေသန ပြုလုပ်ထားသော စစ်တမ်းများလည်း ရှာမရပါ။

လက်ရှိအချိန်ထိ စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် စည်းမျဉ်း သတ်မှတ်ချက်များ မရှိသဖြင့် စားသုံးဆီ များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းမှုအခြေနေကို မသိနိုင်ကြောင်း၊ အခြားသော ဘေးအန္တရာယ် ကင်းရှင်းရေး ပြဿနာတရပ်မှာ ယခင်က ဓာတုဆီများ သိုလှောင်ထားသော ပုံးများဖြင့် စားသုံးဆီများကို သယ်ယူ သိုလှောင်ခြင်း ဖြစ်ကြောင်း Business opportunities and food safety of the Myanmar edible oil sector စစ်တမ်း အရ သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် Packing Material(ထုတ်ပိုးမှု ပစ္စည်းများ) မလုပ်နိုင်သလို၊ နည်းပညာလည်း မတိုးတက် သေးပေ။ စားသုံးဆီ သယ်ယူသိုလှောင်ရန် ပေပါများကိုလည်း နိုင်ငံခြားမှ မှာယူသုံးစွဲခြင်း မပြုနိုင်သဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင် စသည့် လုပ်ငန်းသုံးရန် သွင်းလာသော တိုင်ကီများကိုပြန်လည် အသုံးပြုရခြင်းများလည်း ရှိသည်။

ယင်း တိုင်ကီများကို ရေဆေး နေလှန်းကာ ပြန်လည် အသုံးပြုသော်လည်း အလုံးစုံ မသန့်စင်နိုင်သဖြင့် အလွန် အန္တရာယ် များကြောင်း ဆီထွက် သီးနှံဆိုင်ရာ အကြံပေး အဖွဲ့တဖွဲ့ ဖြစ်သော Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေး ပညာရှင် ဦးသန်းဌေးက ပြောသည်။

“အဲဒါက ပိုပြီး ကြောက်စရာ ကောင်းတယ်။ အဲဒီထဲ ထည့်တဲ့ဆီတွေက Mineral oil ခေါ်တာပေါ့။ ရေနံ၊ ဓာတုက ထွက်လာ တဲ့ ပစ္စည်းတွေ၊ အင်ဂျင်ဝိုင်တို့၊ ဘရိတ်ဆီတို့၊ အဲဒီ ဆီတွေက ဘယ်လိုနည်းနဲ့မှ ပြောင်အောင် ဆေးလို့မရဘူး။ ဆေးရတာ လည်း အင်မတန်ခက်ခဲတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

တိုင်ကီ အစပ်ကြားများထဲတွင် ဆီအကြွင်းအကျန်များ ကပ်ကျန်နေနိုင်သည်။ ထိုတိုင်ကီထဲသို့ စားသုံးဆီများ ထည့်ပါက ဆီ ၂ မျိုးမှာ ဓာတ်ပြုမှု မြန်ဆန်ပြီး စားသုံးဆီထဲသို့ ယင်းဓာတုဆီများ ပျော်ဝင်သွားကြောင်း သိရသည်။

“အဲဒါတွေထဲကို လုံးဝ ထည့်မသုံးသင့်တာ။ ရေရှည်ဆို ဘာဖြစ်လာလဲဆို ဓာတ်ဆီ၊ ဒီဇယ်ဆိုတာ Heavy Molecule တွေ ဆိုတော့ ကြာရင် ကင်ဆာဖြစ်လာနိုင်တယ်”ဟု ဦးသန်းဌေးက ဆိုသည်။

ထို့အပြင် စားအုန်းဆီ ပေပါများကို နိုင်ငံခြားမှ တင်သွင်းလာပြီးနောက် ယင်းပေပါများကို အကြိမ်ကြိမ် အသုံးပြုခြင်း၊ ဆီ စက် ရုံများတွင် သိုလှောင်ရာ၌ သံတိုင်ကီများဖြင့် သိုလှောင်ခြင်းများလည်းရှိရာ သံတိုင်ကီမှ အိုင်းယွန်း၊ ကော့ပါး ဓာတ် များက ဆီနှင့် ဓာတ်ပြုလွယ်ပြီး ဆီထဲသို့ တဖြည်းဖြည်း ပျော်ဝင်လာနိုင်ကြောင်းလည်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဘာကြီး ရပ်ကွက်တွင်း ထမင်းကြော်နှင့် အစား အစာ တချို့စားပြီး မူးဝေအော့အန်၍ ကလေး လူကြီး ၆၀ ကျော် ဆေးရုံသို့ အရေးပေါ် တက်ရောက် ကုသခံခဲ့ရသည်။

ထိုဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းရာ အသုံးပြုသည့်ဆီ မသန့်ရာမှ ဆီကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်သည်ဟု ယူဆ ပြီး ယင်း ဆီရောင်းချသည့် ဆိုင်များအား ဆက်လက် မရောင်းချရန် ညွှန်ကြားခဲ့သည်။

ထုတ်လုပ်ပုံ အဆင့်ဆင့်ကရော သန့်စင်ရဲ့လား

ပဲဆီ ထုတ်လုပ်ရာတွင် မြေပဲဆန်ကို ရွေးချယ်ကာ ရေနွေးငွေ့ဖြင့် ပေါင်းပြီး ပထမအဆင့် ကြိတ်ခြေလိုက်သည်။

ပြီးနောက် Pre-press ပြုလုပ်ကြိတ်ခွဲကာ ဆီကြိတ်စက်ထဲသို့ ထည့်ပြီးနောက် ဆီသပ်သပ်၊ မြေပဲဖတ် သပ်သပ် ထွက်လာ သည်။

ယင်းဆီများတွင် အမှုန်အမွှားများပါလာသဖြင့် Filter ဖြင့် စစ်ယူပြီး ရလာသောဆီများကို ပုံးသွတ်ကာ ပါကင် ပိတ်ပြီး ဈေးကွက်တွင်းသို့ ဖြန့်ဖြူး ရောင်းချခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီစက်အများစုမှာ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို မပြုလုပ်နိုင်ဘဲ ယင်းစနစ်အတိုင်း လုပ်ကိုင်နေခြင်း ဖြစ် သည်။

မြေပဲဆန်၏ အရည်အသွေး၊ မြေပဲ အခြောက်ခံမှု၊ ကုန်ကြမ်း သိုလှောင်မှုစနစ်ပေါ် အခြေခံ၍ ဆီ အရည်အသွေး ကွာခြား သည်။

ထို့အပြင် မြေပဲ သိုလှောင်ရာ နေရာသည် စိုထိုင်းဆရှိနေပါက ယင်းကို ကြိတ်ခွဲရာတွင် အာဖလာတောက်စင် မှိုဆိပ်များ ရှိနေနိုင်ကြောင်း၊ ယင်းမှိုဆိပ်မှာ ပြင်းထန်သော အဆိပ်တမျိုးဖြစ်ပြီး ကင်ဆာရောဂါ အထိ ဖြစ်စေနိုင်ကြောင်း ဓာတ်ခွဲခန်း ပညာရှင် တဦးက ပြောသည်။

လက်ရှိဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးကွက် ကျဆင်းရခြင်းသည် ကုန်ကြမ်းရရှိမှု နည်းပါးလာခြင်း၊ ဆီထွက်သီးနှံများ ကို နိုင်ငံခြား တင်ပို့ခွင့်ပြုလိုက်သဖြင့် Export ဈေးနှင့်ယှဉ်ကာ ဈေးမြင့်ဝယ်ယူရခြင်း၊ ပြည်တွင်း ဆီစက်များသည် မိရိုးဖလာ လုပ်ကိုင်ခဲ့ကြ၍ ခေတ်မမီတော့ခြင်း၊ ပြည်ပမှ တံဆိပ်အမျိုးမျိုးဖြင့် ဆီများ အမြောက်အများ ဝင်လာခြင်း တို့ကြောင့် ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များ ထံမှ သိရသည်။

ကုန်ကြမ်း အခြေအနေ

ဆီကြိတ်ရာတွင် အဓိက လိုအပ်သော မြေပဲဆန်၊ နှမ်းဆန်များကို၂၀၁၄ ခုနှစ်မှစကာ နိုင်ငံခြားသို့ တင်ပို့ခွင့် ပြုလိုက်ပြီး နောက် Export ဈေးနှင့်ယှဉ်ကာ ဝယ်ယူရပြီး ဈေးနှုန်းများ မြင့်လာသည်။

အဓိက အားဖြင့် မြေပဲဆန်ကို တရုတ် နိုင်ငံ၊ နှမ်းကို ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများက အဝယ်များပြီး ပြည်ပ မှ ဝယ်ယူမှုအပေါ် မူတည်၍ ဈေးအတက်အကျ ကြမ်းသောကြောင့် တောင်သူများကလည်း မြေပဲ အစိုက် နည်းလာသည်။

မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂ အတိုင်ပင်ခံ ကိုအောင်ကျော်ကျော်က ဆီထွက်သီးနှံ စိုက်ပျိုးမှု ကျဆင်း လာခြင်းသည် ပြောင်းလဲလာသော ရာသီဥတုနှင့်လည်း သက်ဆိုင်ပြီး မျိးကောင်းမျိုးသန့် မရရှိခြင်း ကြောင့်လည်း ဖြစ်ကြောင်း ပြောသည်။

“တဖြည်းဖြည်းနဲ့ တောင်သူတွေက နည်းပညာ အကူညီ၊ မျိုးကောင်းမျိုးသန့် အကူအညီ မရတော့တာ ဒီနေ့အချိန်ထိပဲ။ အဲဒါကြောင့် မြေပဲအစိုက်နည်းလာတယ်။ မကွေးတိုင်းဟာ မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ ပြောတာကနေ မဟုတ်သလိုလို ဖြစ် လာတယ်။ စိုက်တယ်ဆိုတာကလည်း ကုန်ကျစရိတ်နဲ့ ကာမိမှ စိုက်မှာပေါ့။ ရှင်းရှင်း ပြောရရင် မြတ်မှ စိုက်မှာပေါ့” ဟု လည်း ၎င်းက ဆိုသည်။

ဆီထွက်သီးနှံ ကုန်ကြမ်းအတွက် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှု တိုးတက်စေရန် အာရုံစူးစိုက်မှု အားနည်းနေသေးသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်း က “ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ နှမ်းဘက်ကို နည်းနည်းလေး စိတ်ဝင်စားတဲ့သဘော ရှိတယ်။ ဘာလို့လဲဆို သူက Export Demand တက်လာတဲ့ သဘောရှိတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံကဆို ဝယ်ချင်တဲ့သဘော ကမ်းလှမ်း လာတာရှိတယ်။ ကျနော်တို့ နှမ်းဘက်ကို အာရုံပေး အလေးထားမယ့် သဘောတော့ရှိတယ်။ ရာသီဥတု အခြေအနေအရ တိုးချဲ့နိုင်မှု ရှိမရှိ ချိန်ဆ ရဦးမယ်”ဟု ပြောဆိုသည်။

ယင်းကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စား ခေါ်ဝေါ်ရသော မကွေးတိုင်းအတွင်းမှာပင် ဆီစက်ပေါင်း အကြီး အသေး အလတ် ၁၅၀ ခန့်တွင် အမှန်တကယ် လည်ပတ်နိုင်သော စက်ရုံမှာ ၃၅ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၃ -၂၀၁၄ ခုနှစ် နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားရှိ ဆီစက်များမှာ ရပ်ထားရကြောင်း မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီ လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဈေးကွက်ထဲက ဆီတွေကို ဘယ်လိုစစ်ဆေး အရေးယူသလဲ

မြေပဲဆီဟု တံဆိပ် ကပ်ထားပြီး မြေပဲဆီမဟုတ်ဘဲ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများကို စစ်ဆေးတွေ့ရှိရ၍  တော်ဝင်နဒီ၊ Lucky ၊ SS၊ ရွှေမိုး၊ စိန်သရဖူ၊ စံထိပ်တန်း၊ ရွှေစင်၊ ရွှေကမ္ဘာ၊ Family စသည့် အမှတ်တံဆိပ် ၁၈ မျိုးကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပြန်လည် ရုပ်သိမ်းရန်နှင့် ဆက်လက် ထုတ်လုပ်နေပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ (၂၈) ခ အရ အရေးယူသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန် ထား သည်။ 

ယင်းကဲ့သို့ အမှတ်တံဆိပ်ကပ် ပါကင်ဘူးများကို အရေးယူရ လွယ်ကူသော်လည်း ခွက်ခြင်ဖြင့် ရောင်းချသော ဆီများကို စစ်ဆေး အရေးယူရာတွင် အခက်ခဲရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချို က ပြောသည်။ 

“Lose Cargo(အမှတ်တံဆိပ် မပါသောပုံးဆီ) ကိုလည်း FDA နဲ့ပေါင်းပြီးတော့ ဈေးကွက်ထဲမှာ ကြည့်တဲ့အခါ လူတွေ စားသုံးရန် သင့်လား၊ မသင့်ဘူးလား၊ ဘေးဥပါဒ်ဖြစ်လား။ ဖြစ်နိုင်ရင်တော့ ဒါမျိုးတွေကို Action ယူသွားဖို့ရှိတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အဆိုပါကုန်ပစ္စည်းသည် စားသုံးသူ ထိခိုက်နစ်နာပြီး ဈေးကွက်တွင် ဆက်လက်မဖြန့်သင့်ဟု စားသုံးသူရေးရာ ဦးစီးဌာန က ဆုံးဖြတ်ပါက အရင်ဆုံး သတိပေးသည့် အပိုင်းကို လုပ်ဆောင်ကြောင်း ဦးမြင့်ချိုက ဆက်လက် ပြောဆိုသည်။

“ဒါမှမရရင် ပြင်းပြင်းထန်ထန် သတိပေးတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေ ပြန်သိမ်းခိုင်းတယ်။ နစ်နာမှုရှိခဲ့ရင် လျော်ကြေးပေးခိုင်းမယ်။ ဒီအပိုင်းတွေကိုကျော်ပြီး သူက မလိုက်နာဘူးဆိုရင် ဥပဒေအရ တရားစွဲပြီး အရေးယူမယ်”ဟု လည်း ​၎င်းက ဆိုသည်။ 

လက်ရှိ အချိန်ထိ ဈေးကွက်အတွင်းမှ ဆီများကို စစ်ဆေးအရေးယူမှု အပိုင်းအား ထိထိရောက်ရောက် မလုပ်နိုင်သေး ကြောင်း၊ ထို့အပြင် စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်သည်လည်း အတည်မပြုနိုင်သေးကြောင်း၊ Food Adaptation law ကိုလည်း ရေးဆွဲနေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှသာ လွှတ်တော်သို့ တင်နိုင်မည်ဖြစ်ကြောင်း  နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောသည်။

ဆီလုပ်ငန်းလုပ်ကိုင်ပါက ပထမအဆင့်အနေဖြင့် စက်မှုကြီးကြပ် လိုင်စင်နှင့် စည်ပင်သာယာ လုပ်ငန်းလိုင်စင် ရှိထားရ မည်ဖြစ်ပြီး နောက်တဆင့်တွင် FDA ထောက်ခံချက် ရယူထားရမည် ဖြစ်သည်။ 

ခွက်ခြင် ရောင်းချသူများအနေဖြင့် မည်သည့်နေရာက ဝယ်ယူကြောင်း အထောက်ထားပြေစာ (ငွေရှင်း ဘောက်ချာ) ရယူထားရန်လိုပြီး တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ယင်း အထောက်အထားကို ပြသနိုင်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှ က ပြောသည်။

ပြန်ကြော်ဆီ နှင့် ကင်ဆာ

ဆီကို ထပ်ခါထပ်ခါ အသုံးပြု ကြော်လှော်ခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော ဓာတု ဓာတ်ပေါင်းအဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း သိရှိသူ နည်းပါးလှသည်။ 

မြောင်းဆီနှင့် အကြိမ်ကြိမ် အသုံးပြု ကြော်လှော်သောဆီတွင် ခဲ၊ အာဆင်းနစ်နှင့် ကင်ဆာ ဖြစ်စေသော Dioxin ဓာတ် ပါဝင်ပြီး ယင်းသည် အပြင်းထန်ဆုံးသော ကင်ဆာဖြစ်စေသည့် ဓာတ်ဖြစ်ကြောင်း WHO က သတ်မှတ်ထားသည်။

အကြိမ်ကြိမ် ပြန်လည်ပြုလုပ်ထားသော မြောင်းဆီတွင် Formaldetyde (ဖော်မလင် ဓာတ်ပစ္စည်း)နှင့် Bleaching Agents (ချွတ်ဆေး ဓာတ်ပစ္စည်းများ) ပါဝင် ဖြစ်ပေါ်လာပြီး စားသုံးမိပါက သွေးဖြူဥများ ပျက်စီးခြင်း၊ အစာခြေ လမ်းကြောင်း အင်္ဂါများ၏ အမြှေးပါးပျက်စီး၍ အစာအဆိပ်သင့်ခြင်း၊ ယင်းမှတဆင့် ကင်ဆာဖြစ်စေနိုင်ခြင်း၊ ခဲဓာတ်နှင့် အာဆင်းနစ် ဓာတ် သည် အချိန်တိုအတွင်း အသည်းကို အဆိပ်သင့်စေပြီး ကလေးများတွင် ကြီးထွားမှုနှေးကွေးခြင်း စသည်တို့ ဖြစ်လာ နိုင်ကြောင်း အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း မြောင်းဆီခေါ် ပြန်ကြော်ဆီကို လွန်ခဲ့သည့် ၅ နှစ်ခန့်က မန္တလေးဘက်တွင် စတင်သိရှိ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဆီမှာ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီး က “မြောင်းဆီ၊ ပြန်ကြော် ဆီ ဆိုတာ အသုံးပြုပြီးသားတွေကို ပြန်ချက်ထားတဲ့ဆီ၊ သူ့ကို သုံးစွဲခြင်းအားဖြင့် ကင်ဆာတွေဘာတွေ ဖြစ်ဖို့ တော်တော်လေး များတယ်”ဟု ပြောသည်။

အဆိုပါ မြောင်းဆီဝင်ရောက်လာသည့် လမ်းကြောင်းကို စုံစမ်းရာ တရုတ်ပြည်ဘက်မှ ဝင်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် မိုဘိုင်းတင်း(Mobile Team) ဖြင့် စစ်ဆေး အရေးယူမှုများ ပြုလုပ်သောကြောင့် ဝင်ရောက်မှု အနည်းငယ် လျော့ကျလာကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

ကင်ဆာရောဂါ ဖြစ်စေနိုင်ပြီး အန္တရာယ်ကြီးသော ပြန်ကြော်ဆီကို FDA ကလည်း တားမြစ်ထားသည်။ 

စားသောက်ကုန် လုပ်ငန်းများမှ ထွက်လာသော အသုံးပြုပြီး ဆီများကို သီးသန့်အမှတ်အသား ပြုလုပ်ပြီး စနစ်တကျ စွန့်ပစ် ရန် လည်း ညွှန်ကြား ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က “ကျနော်တို့က ဒီလို သုံးတဲ့ ပုံစံတွေကအစ ပြောင်းရမယ်။ တချို့အကြော်ဆိုင်တွေ ကြည့်လိုက်၊ ဆီက မည်းတူးနေအောင် ကြော်တာ။ ဒီလိုမျိုး လုပ်ရင်တော့ ဘာဆီပဲစားစား ဒီလိုစားရင် သေမှာပဲ။ ဘယ်လောက် ကောင်းမွန်တဲ့ ဆီဖြစ်ပါစေ၊ ဒီလိုမျိုး သုံးနေရင်တော့ အန္တရာယ်ရှိမှာပဲ”ဟု ပြောဆိုသည်။

စားသုံးရန် သင့်လျော်သည့် ဆီအမျိုးအစား ဆိုတာ

စားသုံးရန် အသင့်လျော်ဆုံး ဆီမှာ မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး ပြောင်းဖူး၊ ပဲပိစပ်၊ နေကြာ၊ မုန်ညင်း၊ အုန်းသီး၊ နှမ်း နှင့် မြေပဲ၊ ဖွဲနု တို့မှ ရရှိသော နေကြာဆီ၊ ပဲပိစပ်ဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ဖွဲနုဆီများ ဖြစ် သည်။ 

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီးက “အဓိက ပဲဆီ၊ နှမ်းဆီက မြန်မာတပြည်လုံးက ကြိုက်လည်း ကြိုက်တယ်။ နှစ်ပေါင်းရာချီပြီး စားလာလည်း ဘာမှ အန္တရာယ်မရှိဘူး။ WHO က လည်း ဒီဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ နှလုံး သွေးတိုး မဖြစ်ဘူးဆိုတဲ့ ထောက်ခံချက်တွေ ရတယ်”ဟု ပြောသည်။

လူဦးရေ တိုးပွားလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာသော ယနေ့ခေတ်အခါတွင် ပဲဆီ၊ နှမ်းဆီ စစ်စစ်မှာ လူတိုင်းစားနိုင် သည့် အရာ မဟုတ်တော့ပေ။ 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံသား ၁ ဦးသည် ၁ နှစ်လျှင် ဆီ ၆ ပိဿာနှုန်း သုံးစွဲရာ၊ ပြည်တွင်းလိုအပ်ချက် တန်ချိန် ၆ သိန်း ကျော်၊ ဟိုတယ်၊ စားသောက်ကုန် စသည့် လုပ်ငန်းများ အပါအဝင် ၁ နှစ်လျှင် ဆီလိုအပ်ချက်မှာ တန်ချိန် ၁ သန်း ခန့်ဖြစ်ကြောင်း သိရသည်။ 

ပြည်တွင်းမှ ပဲဆီ ထုတ်လုပ်နိုင်မှုသည် တန်ချိန် ၃ သိန်းခန့်၊ နှမ်းဆီ၊ နေကြာဆီ အပါအဝင် အခြားဆီ ထုတ်လုပ်နိုင်မှု သည် တန်ချိန် ၁ သိန်း၊ စုစုပေါင်း တန်ချိန် ၄ သိန်းခန့်သာ ထုတ်လုပ်နိုင်၍ ပြည်ပမှ နှစ်စဉ် တန်ချိန် ၆ သိန်း ခန့် တင်သွင်းနေရ သည်။

စားအုန်းဆီ တင်သွင်းခဲ့သည်မှာ စစ်အစိုးရလက်ထက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်သည်။ 

ဝင်ငွေ၊ ထွက်ငွေ မမျှတသော အခြေခံ လူတန်းစားများအတွက် ဈေးနှုန်းချိုသာသော စားအုန်းဆီသည် ပစ်မှတ်တခု ဖြစ်လာခဲ့သည်။ 

လက်ရှိတွင်လည်း စားအုန်းဆီသည် ပြည်တွင်း ဆီဈေးကွက်၏ ၉၀ ရာခိုင်နှုန်း နီးပါးကို ရယူထားနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချိုက “နိုင်ငံအတွက် လိုနေတဲ့ စားသုံးဆီကို ဖြည့်ဖို့အတွက် အကောင်းဆုံးက စားအုန်းဆီပဲ။ ဈေးနှုန်းအရရော၊ ကျနော်တို့က စားအုန်းဆီမှ တင်သွင်းခွင့် ပြုထားတာ မဟုတ်ဘူး။ ဘယ်ဆီဖြစ်ဖြစ် တင်သွင်းခွင့်ပြုထားတယ်။ ဈေးနှုန်းအရ ဖြန့်ချိဖို့ အသင့်ဆုံးက စားအုန်းဆီ ဖြစ်တဲ့ အတွက် စားအုန်းဆီပဲ ပေးသွင်းတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနေသော စားအုန်းဆီများ ၏ အနိမ့်ဆုံး အရည်အသွေးကို (Cloud Point) CP 8 ဟု သတ်မှတ်ထားသည်။ 

ယင်းအမှတ်ထက် မြင့်ပါက စက်မှုကုန်ကြမ်း အဖြစ်သာ အသုံးပြုသင့်ပြီး လက်ရှိ ဈေးကွက်ထဲတွင် CP 8 နှင့် CP 6 ကို တင်သွင်းမှု များကြောင်း စားအုန်းဆီ တင်သွင်းရောင်းချသော လုပ်ငန်းရှင် တဦးထံမှ သိရသည်။

ဥပဒေဆိုင်ရာ အငြင်းပွားမှုလည်းရှိ 

ရောနှောဆီများနှင့်ပတ်သက်၍ အရေးယူမှုအပိုင်းတွင် FDA နှင့် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကြား အငြင်း ပွားစရာလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) က မည်သည့် ပစ္စည်း၊ ဆီ အမျိုးအစားများနှင့် ရောနှောကြောင်း အာဟာရ တန်ဖိုး စာရင်း Nutrition Fact တွင် တရားဝင်ဖော်ပြပါက ရောနှောခွင့် ပြုထားသည်။  

စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေ ပုဒ်မ ၁၀ (စ) တွင် အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်ကို ရောနှော ရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန် မသင့်သော ကုန်စည်ကို ရောနှော ရောင်းချခြင်းဖြင့် စားသုံးသူအား လိမ်လည် လှည့်ဖြားခြင်း မပြုရန် တားမြစ်ထားသည်။ 

တားမြစ်ချက်အား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း ၅၀ ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းစားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကိုလည်း အသစ်ပြန်လည် ရေးဆွဲနေကြောင်း သိရသည်။

“အဓိကက စားသုံးဆီကို ဓာတ်ခွဲစမ်းသပ်တဲ့အဖြေက စကားပြောတယ်”ဟု ယခင်က ဗဟိုတရားရုံး ရှေ့နေ တဦး ဖြစ်ပြီး လက်ရှိ ဥပဒေပညာရပ် ဆိုင်ရာ စာရေးဆရာ ဦးနေမင်းက ပြောသည်။

အမျိုးအစားနှစ်ခု ရောနှောရာတွင် ကျန်းမာရေးကို မထိခိုက်စေနိုင်ကြောင်း တိကျသည့် ဓာတ်ခွဲခန်း အဖြေထွက်ပါက ရောနှောခြင်းသည် ပြဿနာ မရှိနိုင်ကြောင်း၊ သို့သော် စားသုံးရန် မသင့်လျော်ဘဲ လူကို အန္တရာယ် ဖြစ်စေနိုင်သော ရောနှောခြင်းကိုမူ ခွင့်မပြုသင့်ကြောင်း   ၎င်းက ဆက်ပြောသည်။

မည်သည့် စားသောက်ကုန် ပစ္စည်းမဆို ပါဝင်ပစ္စည်းများကို ပါကင်ပေါ်တွင် ဖော်ပြရန်လိုကြောင်း၊ စားသုံးဆီများ တွင် လည်း မည့်သည့်ဆီ အမျိုးအစားများ ရောနှောထားကြောင်း စံနှုန်းသတ်မှတ်ကာ တိတိကျကျ ဖော်ပြပြီး ရောင်းချပါက အကောင်းဆုံး ဖြစ်ကြောင်းလည်း ဦးနေမင်းက ပြောသည်။

“အဲဒီစံနှုန်း သတ်မှတ်ချက်ကို စားသောက်ကုန် စစ်ဆေးတဲ့အဖွဲ့တွေက ထောက်ခံတယ်၊ အတည်ပြုတယ်ဆိုတဲ့ ထောက်ခံ ချက် လက်မှတ်။ အဲဒီ သက်သေခံ လက်မှတ်လေးလည်းပါရင် အကောင်းဆုံး၊၊ ထုတ်လုပ်မှုနဲ့ ဈေးကွက်မှာလည်း စားသုံးသူ တွေအတွက် စိတ်ချရတဲ့ အနေအထားရှိမှာပေါ့”ဟုလည်း ဦးနေမင်းက ပြောဆိုသည်။   

ယင်းကဲ့သို့ စိတ်ချရသော ထုတ်လုပ်မှုပုံစံကို သေချာစွာ မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် မကျော့ တို့လို လူပေါင်းများစွာထံသို့ ရောဂါမျိုးစုံက မဖိတ်ခေါ်ဘဲ ရောက်လာနေဦးမည်သာ။  ။

(သက်ထားဆွေသည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး ယခု ဆောင်းပါးကို ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ Investigative Reporting ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ ၂၀၁၅ - ၂၀၁၆ အခြေအနေများကို အဓိက လေ့လာ ရေးသား ထားခြင်းလည်း ဖြစ်ပါသည်။ ယခု ဆောင်းပါးကို အပိုင်း ၃ ပိုင်းခွဲပြီး ဧရာဝတီသတင်းဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်) 

Myanmar Now ၏ ခွင့်ပြုချက်ဖြင့် ဆောင်းပါးနှင့် ဓာတ်ပုံကို ကူးယူဖော်ပြပါသည်။ရန်ကုန် သင်္ဃန်းကျွန်း စံပြစျေးအနီး ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းရှေ့တွင် မိမိအမည်ကို ခေါ်ရန် စောင့်ဆိုင်း နေသူ များထဲတွင် အသက် ၃၇နှစ်အရွယ် မကျော့ တယောက်လည်း အပါအဝင်ဖြစ်သည်။ 

Myanmar Now ၏ ခွင့်ပြုချက်ဖြင့် ဆောင်းပါးနှင့် ဓာတ်ပုံကို ကူးယူဖော်ပြပါသည်။

ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သရက်ဓားထစ်၊ မရန်းတုတ်ပစ်၊ ပိန္နဲခဲပစ်"