ရာသီ ဥတု ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်း အပိုင်း (၁)

Photo - agriculture-and-women

ဤကမ္ဘာ၏ သက်တမ်းမှာ နှစ်သန်းပေါင်း ၄၅၀၀ ရှိပြီး ဖြစ်သည်။ ဤကမ္ဘာတွင် သက်ရှိများ စတင် ဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်း သန်း ၃၅၀၀ ရှိပြီး ဖြစ်သည်။ စိုက်ပျိုးရေး၏ သက်တမ်းမှာကား နှစ်တစ်သောင်းသာ ရှိသေးသည်။ လူသားများ စတင်ဖြစ်ပေါ်သည်မှာ နှစ်ပေါင်း လေးသိန်း ရှိပြီ ဖြစ်သည်။ စိုက်ပျိုးရေး မရှိခင်က လူသားများသည် သဘာဝမှ အပင်နှင့် တိရစ္ဆာန်များကို ရှာဖွေ စားသောက်ခဲ့ကြသည်။ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ သစ်သီး သစ်ဥ သစ်ဖုများကို ရှာဖွေ စားသောက်ခဲ့ကြသည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း လူ့သမိုင်းသည် တိုးတက်မှု ကြီးမားစွာ မရှိခဲ့ပေ။

သို့သော် ဖမ်းထားသော သားကောင်ငယ်များ၊ ကြက်၊ ငှက်များကို မွေးမြူခြင်း၊ စုဆောင်းထားသော အစေ့များ ဥများကို အနီး ဝန်းကျင်တွင် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းကို အစပြုခဲ့သည်။ မိသားစု ဦးစီး ယောကျ်ားသားများ အစာစုဆောင်းရန် အဝေးနေရာများဆီသို့ သွားရောက် တာဝန် ဖြစ်လာသည်။ ထိုစဉ် မိခင်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စလုပ်ခဲ့ကြသည်။ ထိုမှ စ၍ ‘စိုက်ပျိုးရေး အစအမျိုးသမီးများက’အဖြစ် ထင်ရှားခဲ့သည်။

စိုက်ပျိုးရေး စလုပ်ခြင်းဖြင့် ယောက်ျားများ အဝေးနေရာများဆီသို့ အချိန်ကြာမြင့်စွာ အစာရှာရန် မလိုတော့ပေ။ အနီးဝန်းကျင်တွင် အစာအာဟာရများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်းကြောင့် ယခင်က ကြုံတွေ့ရသော အစာပြတ်လပ် ငတ်မွတ်သော အဖြစ်ဆိုးများ မကြံုရတော့ပေ။ အားလပ်ချိန်များစွာ ရရှိခြင်းကြောင့် ယဉ်ကျေးမှု၊ စာပေ၊ လူမှု့ရေး ကိစ္စမျာားကို လုပ်ဆောင်ရန် အချိန် ရလာသည်။ ဤသို့ဖြင့် လူ့ယဉ်ကျေးမှု သမိုင်းသည် လျင်မြန်စွာ ပြောင်းလဲ တိုးတက်ခဲ့သည်။ ထိုအရာ အားလုံးသည် စိုက်ပျိုးရေး၏ ကျေးဇူးပင် ဖြစ်သည်။

ကမ္ဘာဦးအစကပင် ဤကမ္ဘာတွင် ပြောင်းလဲမှု အမျိုးမျိုး ဖြစ်ပေါ်လာခဲ့သည်။ ရာသီဥတုလည်း ပြောင်းလဲခဲ့သည်။ တစ်ခါတစ်ရံ ကြီးကြီးမားမား ပြောင်းလဲလာခဲ့သိလို၊ ဖြည်းဖြည်းနှင့် တရွေ့ရွေ့ ပြောင်းလဲခြင်းမျိုးလည်း ဖြစ်ပေါ်လျက်ရှိသည်။ ထိုပြောင်းလဲမှုဖြင့် လိုက်လျော ညီထွေ ရှင်သန်နိုင်သော သက်ရှိများသည် ဆက်လက် ရှင်သန်နိုင်ကြပြီး ပြောင်းလဲခြင်း တစ်ခုနှင့် တစ်ခု မရှင်သန်နိုင်သော သက်ရှိများမှာ ကမ္ဘာမြေပေါ်မှ မျိုးတုန်း ပျောက်သွားကြသည်။

ဇီဝဗေဒ ပညာရှင်များက ပြောင်းလဲသော အခြေအနေတစ်ခုတွင် မျိုးသုန်း ပျောက်ကွယ်ခြင်းနှင့် ဆက်လက် ရှင်သန်နိုင်သော သက်ရှိများကို လေ့လာခဲ့ကြသည်။ ထိုကဲသို့သော အခြေအနေကို ‘တော်သူနေ- မတော်သူ သေ’  Survival of the fittest’’ ဟု ဆိုကြသည်။ တစ်ကြိမ်က ကမ္ဘာပေါ်တွင် ဒိုင်နိုဆော မျိုးစိတ် အတော်များများ ရှိခဲ့သည်။ အောင်မြင်သော သက်ရှိများအဖြစ်ပင် နေခဲ့ကြသည်။  ယနေ့တွင် ဒိုင်နိုဆောများကို တစ်ကောင်မျှ မတွေ့ရတော့ပေ။ အားလုံး မျိုးတုန်း ပျောက်ကွယ်သွားကြပြီး ဖြစ်သည်။ ထိုမျိုးတုန်း ပျောက်ကွယ် ရခြင်းမှာ ပြောင်းလဲသော ဝန်းကျင် တစ်မျိုးတွင် ဆက်လက် မရှင်သန်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သဘာဝ တရား၏ ရွေးချယ်မှုတွင် ဒိုင်နိုဆောများ အရွေးချယ် မခံရ၍ မျိုးတုန်း ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်သည်။ သဘာဝတရား၏ ရွေးချယ်မှု (Natural Selection) ၏ ပြရုပ် တစ်ခု ဖြစ်သည်။

ရာသီဥတု ပြောင်းလဲခြင်း (Climate Change)မှာ သဘာဝ တရား၏ ရွေးချယ်မှု တွန်းအား တစ်မျိုး ဖြစ်သည်။ လွန်ခဲ့သော နှစ် အနည်းငယ်မှ ရာသီဥတု ပြောင်းလဲခြင်းကို သိသိသာသာ ခံစားလာရသည်။ အထူးသဖြင့် စက်မှု ထွန်းကားလာသော အခြေအနေက ကမ္ဘာကြီးတွင် ရာသီဥတု ပြောင်းလဲခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။

၁၇ နှစ်ရာစု အလယ်နှစ်များမှ ကမ္ဘာတွင် စက်မှု လုပ်ငန်းများ စတင် ဖွံ့ဖြိုးလာသည်။ မြေအနက်မှ ရှိသော ရေနံ၊ ကျောက်မီးသွေးများမှာ စက်ရုံကြီးများနှင့် အမျိုးမျိုးသော စက်မှု လုပ်ငန်းများအတွက် လောင်စာ ဖြစ်ခဲ့သည်။ သစ်တောကြီးများမှ သစ်ပင်များကို ခုတ်လြှဲ၍ လောင်စာနှင့် ဆောက်လုပ်ရေး ကိစ္စ အမျိုးမျိုး၊ ထင်းအဖြစ် အသုံးပြုမှုများ များပြားလာသည်။

ထို့ကြောင့် အပင်အတွင်း ငြိမ်သက်စွာ ရှိနေသော ကာဗွန်များ လေထုအတွင်းသို့ ရောက်လာသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမှ စီးပွားရေး လုပ်ငန်းကြီးများအတွက် စိုက်ပျိုးရေးကို ပုံစံပြောင်းလုပ်လာသောအခါ ယခင်က အသုံးပြုနေသော အမှိုက်များ သဘာဝ မြေသြဇာများထက်၊ ဓာတ်မြေသြဇာများကို အမြောက်အမြား အသုံးပြုလာကြသည်။ စိုက်ပျိုးမြေများတွင် ကာဗွန်များအတွက် နေရာမရှိပဲ လေထုထဲသို့ ရောက်လာသည်။

လေထုအထဲမှ အာကာသအတွင်းသို့ ရောက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များနှင့် အခြား မီသိန်း နိုက်ထရပ် (စ်) အောက်ဆိုဒ်၊ နိုက်ထရိုက် အောက်ဆိုဒ်များမှာလေထုနှင့် အာကာသ အတွင်းသို့ ရောက်ရှိလာသည်။ ထိုဓာတ်ငွေ့များကြောင့် ကမ္ဘာကြီးအား နေမှလာသော ခရမ်းလွန် ရောင်ခြည် ကဲ့သို့သော အန္တရာယ်ဖြစ်စေမည့် ရောင်ခြည်များကို ကာကွယ်ထားသော အိုဇုန်းလွှာ ပျက်စီးရတော့သည်။ နေမှ ကမ္ဘာမြေပြင်သို့ နေရောင်ခြည်များ အကာအကွယ်မဲ့ တိုက်ရိုက် ကျရောက်ခြင်း၊ အာကာသအတွင်းသို့ ရောက်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အထက်ဖော်ပြပါ ဓာတ်ငွေ့များကြောင့် ကမ္ဘာမြေမှ ရောင်ပြန် ပြန်ထွက်သော အလင်းရောင်များ ထိုဓာတ်ငွေ့လွှာကြောင့် ဒုတိယအကြိမ် မြေမျက်နှာပြင်ပေါ်သို့ ပြန်ကျလာသည်။

သို့အတွက်ကြောင့် ကမ္ဘာမြေကြီး၏ အပူချိန်မှာ ယခင်ကာလနှင့် မတူပဲ တိုးလာတော့သည်။ အာကာသအတွင်း အမိုးအကာ ကဲ့သို့ ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြား ဓာတ်ငွေ့များကို ပညာရှင်များက ဖန်လုံအိမ် ဓာတ်ငွေ့များဟု ခေါ်သည်။

ဦးဖရက်သိန်းဖေ



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျော ကဆုန် ၊ ဝါး နယုန်"