ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ သီးနှံစိုက်ပျိုးရေး

18/02/2019 15:35 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေရှားပါးပြတ်လတ်မှုတွေ ယခင်နှင့်နှိုင်းယှဉ်လျင် ကြုံတွေ့လာရကြောင်း သိလာရသည်။ ဆက်လက်ပြီးတော့လည်း ကြုံတွေ့နိုင်သည်ဆိုသည့် စကားသံများကို မကြာခဏကြားနေရသည်။ ကမ္ဘာပေါ်တွင်ရေရှားပါးမှု ဖြစ်ပေါ်နေသည့် အထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ဖြစ်သည်ဟုဆိုပါသည်။

ရေလုံခြုံမှု လျော့နည်းခြင်းပင်ဖြစ်သည်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရာသီ အားဖြင့်ဖေါ်ပြရလျင် နွေရာသီတွင်ဖြစ်သည်။ အကြောင်းရင်းမှာကမ္ဘာကြီး ပူနွေးလာလို့ဖြစ်သည်။ ဘယ်အချိန်ကစခဲ့ပါသနည်း။ ၁၉၈၀ ခုနှစ်ကတည်း ကလို့သိရပါသည်။

အကြောင်းရင်းကိုဆန်းစစ်လျင် မိုးရွာသွန်းမှုလျော့နည်း၍ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ဆိုလျင် မမှားနိုင်ပါ။ လွန်ခဲ့သည့်နှစ် ၃၀ ကျော်က မိုးနည်းပါးသည့်မကွေးမြို့နယ်ရှိကျေးရွာ တစ်ရွာကို နွေရာသီမှာ တာဝန်ဖြင့် သွားရောက်ဖူးသည်။ အိမ်ပေါ်တွင် သီးနှံစိုက်ပျိုးရေးနှင့်ပါတ်သက်ပြီး ပြောကြဆိုကြဆွေးနွေးကြအပြီး အိမ်ရှင်ယာသမား ကြီးက စကားကမ်းလှမ်းလာသည်။

ဆရာလေး ရေချိုးပါ၊ ရေပေါပါတယ်”

ပူအိုက်လွန်းတော့ အားမနာနိုင်ပါ။ အပေါ်အင်္ကျီကိုချွတ်၊ ပေးလာတဲ့ ရေလဲ ပုဆိုးကိုယူပြီး ဆင်းလိုက်သည်။ လှေကားရင်းမှာ မြေရေအိုးနှစ်လုံးကိုတွေ့ရသည်။ အုန်းမှုတ်ရေခပ်ခွက်တစ်ခု တတ်ထားသည်။ ရေ၏အရောင်မှာ လဘက်ရည်အရောင်ဖြစ်သည်။

မှန်ပါသည်။ ရေအိုးနှစ်လုံး ရေအပြည့်ဖြည့်ထားသဖြင့် ရေပေါသည်ဟုပြောကာ အလွန်ကျေးဇူး တင်ရင်းနှီးသူဖြစ်၍ ရေချိုးဖို့ဖိတ်ခေါ်ခြင်းဖြစ်မည်။သူ့အတိုင်းအတာနှင့်သူတော့ရေပေါတာ ဖြစ်ကောင်း ဖြစ်ပါမည်။ စာရေးသူအနေဖြင့်တော့ အင်္ကျီပြန်ဝတ်ပြီး ရေမချိုးဘဲနေရမလား ဝေေ၀ဝါးဝါးဖြစ်သွားခဲ့ဖူး သည်။

ဧည့်ဝတ်မပျက် အအိုက်ပြေရေချိုးခဲ့သည်။ အမှန်မှာ ထိုရေကို ရေစည်နွားလှည်းဖြင့်နှစ်မိုင် လောက်ဝေးသော လက်လုပ် ရေကန်ရှိရာသို့ ဒီနေ့မနက်ဝေလီဝေလင်းကမှ သွားရောက်ခပ်ယူထား တာ ဖြစ်လို့ ရေပေါသည်ဟု ပြောခြင်းဖြစ်ကြောင်း သိရသည်။

အညာဒေသမို့ ထန်းပင်ပေါသည်။ ဒါကြောင့် တစ်ချို့ဒေသတွင် ဧည့်သည်က ရေသောက်ချင် သဖြင့် ရေတောင်းလျင် ရေအစားထန်းရည်ကိုသာ ပေးလေ့ရှိကြောင်းကြားဖူးသည်။ စာရေးသူတော့ မကြုံတွေ့ဖူးပါ။ ရေရှားကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ထိုအချိန်ကစလို့ ရာသီဥတုပြောင်းလဲနေတာ ပါလားလို့ အခုမှစဉ်းစားမိပါသည်။

သီးနှံအလိုက်ရေလိုအပ်ချက်

ယခုကဲ့သို့ ရာသီဥတုပြောင်းလဲလာသောအခြေအနေတွင် သီးနှံစိုက်ပျိုးအောင်မြင်ဖို့ သီးနှံ အလိုက် ရေလိုအပ်ချက်ကို သိထားသင့်သည်။

စာရေးသူတို့နိုင်ငံက မည်သည့်သီးနှံကိုမဆို စိုက်ပျိုးလို့ရသောနိုင်ငံဖြစ်သည်။ စပါးသီးနှံကို အဓိကစိုက်ပျိုးသည်။ နှမ်း၊ မြေပဲ၊ နေကြာစသည့် ဆီထွက်သီးနှံတွေ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်းစသည့် ပဲမျိုးစုံသီးနှံတွေ၊ ပြောင်းဖူးနှင့် ဂျုံစသည့် အခြားနှံစားသီးနှံတွေကိုလည်း နေရာဒေသနှင့် ရာသီကိုလိုက် ပြီး စိုက်ပျိုးလျက်ရှိသည့် နိုင်ငံဖြစ်သည်။ သီးနှံစိုက်ပျိုးရေး အတွက်ရေမြေရာသီဥတုသဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံလို့ ဆိုရမည် ဖြစ်ပါသည်။

သို့သော် သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသီးပွင့်ဖို့ အမှန်တကယ် ရေလိုအပ်ပါသည်။ စိုက်ပျိုးသည့်သီးနှံအလိုက် ရေသုံးစွဲမှု၊ ရေလိုအပ်မှုကို သိထားဖို့လိုမည်ဟုယူဆသည်။ ရေမရှိလို့တော့ မဖြစ်ပါ။ သို့သော်တစ်မျိုးနှင့် တစ်မျိုး မတူညီပါ။ သီးနှံပင်တစ်မျိုး၏ သက်တမ်းတလျောက်အတွင်း ရေလိုအပ်မှုက သီးနှံအမျိုးအစားအပေါ်တွင် မူတည်ပါသည်။

ဖတ်ဖူးမှတ်ဖူးသမျှ ဖေါက်သည်ချရလျင် စပါးသီးနှံက ၇၀၀ မှ ၁၄၀၀ မီလီမီတာ ရေလိုအပ် ကြောင်း သိရသည်။ ပြောင်းဖူးသီးနှံက ၅၀၀ မှ ၉၀၀ မီလီမီတာ၊ နှမ်းသီးနှံနှင့်မြေပဲသီးနှံက ၃၅၀ မှ ၆၀၀ မီလီမီတာ၊ ပဲမျိုးစုံသီးနှံတွေက ၃၀၀ မှ ၅၀၀ မီလီမီတာ အသီးသီးဖြစ်ကြောင်းသိရပါသည်။

စပါးသီးနှံက ရေလိုအပ်ချက် ၇၀၀ မှ ၁၄၀၀ မီလီမီတာဖြစ်သော်လည်း စပါးစိုက်ပျိုးသည့်နည်း စနစ်အပေါ် မူတည်သေးသည်။ ပျိုးထောင်ကောက်စိုက်စနစ်က တိုက်ရိုက်မျိုးစေ့ချစနစ်ထက် ရေပို လိုအပ်သည်မှာ ရှင်းပါသည်။

ရာသီဥတုပြောင်းလဲနေပြီး ရေရှားပါးနိုင်သည့် လက်ရှိအခြေအနေတွင် ကြဲပက်စိုက်စနစ်ကဲ့သို့ တိုက်ရိုက်မျိုးစေ့ချစပါး စိုက်ပျိုးနည်းစနစ်က အားသာချက်ဖြစ်နေသည်မှာ ထင်ရှားသည်။ တိုက်ရိုက် မျိုးစေ့ချစနစ်တွင်လည်း စိုက်နည်းစနစ်မှာ ယေဘုယျအားဖြင့် နှစ်မျိုးဖြစ်သည်။

တစ်မျိုးမှာ ပျိုးထောင်ကောက်စိုက်စနစ်တွင် စိုက်ခင်းတမန်းပြင်သလိုပြင်ပြီး ထိုအစိုတမန်းမှာ စပါးမျိုးစေ့ကို အညှောင်ဖောက် ပြီး မျိုးစေ့ချသည့် အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြစ်သည်။ ဒုတိယတစ်နည်းကတော့ နှမ်း၊ ပြောင်း၊ မြေပဲစသည့် ယာသီးနှံတွေစိုက်မှာလို အခြောက်ထွန်ရေးပြင်ပြီး စပါးမျိုးစေ့ကိုလည်း အခြောက် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ဖြစ်သည်။ အစိုတမန်းပြင်စိုက်စနစ် ထက် အခြောက်ထွန်ရေးမျိုးစေ့ချစနစ်က ပို၍ရေလိုအပ်မှုနည်းသည်။

ရေလိုအပ်ချက်အပေါ်မူတည်ပြီး စိုက်ပျိုးအောင်မြင်နိုင်မည့်သီးနှံနှင့် စိုက်နည်းစနစ်ကို လိုအပ် ပါက ရွေးချယ်နိုင်ရန်ဖြစ်ပါသည်။

ဆင်းသီဟ

 

 

 

 

 

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်