မျိုးသစ်ကောင်း/မကောင်း ကိုယ်တိုင် ခွဲခြားစစ်ဆေးနည်း (ယှဉ်ပြိုင်စိုက်ကွက်ဖန်တီးနည်း)

11/03/2024 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ယခုအချိန်အခါတွင် ပြည်တွင်း၊ ပြည်ပမှ စပါး၊ နှမ်းလျင်၊ ပြောင်းဖူး၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ချည်မျှင်ရှည်ဝါစသည့် သီးနှံမျိုးသစ်တွေ အလွယ်တကူ ဝယ်ယူရရှိနိုင်လာသည်။ ကြော်ငြာတွေကလည်း စိတ်ဝင်စားစရာဖြစ်သည်။ အထွက်ကကောင်း၊ အသက်က မည်မျှ၊ ပိုးမွှားရောဂါ ဒဏ်ခံ၊  ကျန်တာတွေပါ အကုန်ကောင်းသည်ဟု ညွှန်းလေ့ရှိသည်။ 

အလားတူ မိမိမစိုက်ဘူးသေးသည့်သီးနှံမျိုးတွေလည်း မိမိအတွက် မျိုးသစ်ဖြစ်ပြီး စိုက်ပျိုးဘူးသူများမှ သို့မဟုတ် ရောင်းချသူများမှ ကောင်းသတင်းတွေ ပြောပြသည်။ 

ရှေးဦးစွာ စိတ်ဝင်စားလာသည်။ စိုက်နေကျ မိမိမျိုးထက် ပိုကောင်းမည်လား၊ ပိုထွက်လေမလား၊ ပိုးမွှားရောဂါဒဏ်ခံလေမလား၊ သက်တမ်းကလည်း ပြောင်းလဲရာသီ နှင့် လိုက်လျောညီစွာ ရှိလေမလား စသည်ဖြင့် နှစ်စဥ်စိုက်ပျိုးချိန်တွေရောက်တိုင်း တောင်သူလယ်သမားများမှာ ဝေခွဲစရာတွေရှိလာနေကြသည်ကို သတိထားမိပါသည်။ 

ကိုယ်တိုင်စိုက်ကြည့်ခြင်း

ဒေသတစ်ခုနှင့် တစ်ခု ၊ လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ အပူချိန်၊ မြေအမျိုးအစား၊ မိုးရွာသွန်းမှု၊ ရေရရှိမှုစသည်တို့ ကွဲပြားခြားနားသည်။ သီးနှံမျိုးများ၏စိုက်ပျိုးဖြစ်ထွန်းမှုမှာလည်း တူညီနိုင်မှုရှိနိုင်မည် မဟုတ်သည်ကို ဆင်ခြင် သင့်ပါသည်။

သင့်တော်သည့်မြေတွင် သင့်တော်သည့်မျိုးကို စိုက်ပျိုးမှသာလျှင် ထိုသီးနှံမျိုး၏ ပင်ကိုယ်အထွက်စွမ်းရည်ကို အပြည့်အဝရရှိနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်၍ အဆိုပါမျိုးသစ်အကြောင်း မိမိရေမြေအခြေအနေပေါ်တွင် ဖြစ်ထွန်းမှုကို အကဲခတ်လိုလျှင် (သို့မဟုတ်) တိတိကျကျသိလိုလျှင် ကိုယ်တိုင် စိုက်ကြည့်တာက အကောင်းဆုံးလို့ ပြောလိုပါသည်။

လက်ရှိမျိုးနှင့် မျိုးသစ် 

မိမိစိုက်ပျိုးနေကျ လက်ရှိမျိုးအကြောင်းကို မိမိသိပြီးသားဖြစ်သည်။ အားနည်းချက် ကိုသိပြီး အဆိုပါအားနည်းချက်မျိုး ကင်းလိုသည်။ ထို့ကြောင့် အဆိုပါအားနည်းချက်ကို ဖြေရှင်းနိုင်သော မျိုးသစ်တစ်မျိုးမျိုးကို ရှာချင်သည်။ 

မိမိလက်ရှိမျိုးထက်သာလွန်သောမျိုးကို တွေ့ရှိပါက လက်ရှိမျိုးနေရာမှာ အစားထိုး ပြောင်းလဲစိုက်လိုသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ မိမိလက်ရှိမျိုးထက် သာလွန်ကောင်းမွန်ခြင်းရှိမရှိကို သိလိုခြင်းဖြစ်သဖြင့် မိမိ၏လက်ရှိမျိုးနှင့် ယှဥ်ပြိုင်စိုက်ပြီး အကဲခတ်ရန် ဖြစ်ပါသည်။

မျိုးယှဥ်ပြိုင်စိုက်ကွက်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကို ပြောပြပါမည်။

မျိုးသစ်စိုက်ကွက်ဖန်တီးခြင်း

မျိုးသစ်ကို အကွက်ငယ်တွင် စိုက်ပျိုးရန်ဖြစ်သည်။ အကွက်ငယ်အရွယ်အစားမှာ    ( ၁၅ ပေ X ၃၀ ပေ) ခန့် ရှိသင့်ပါသည်။ တစ်ဧက၏ ၁၀၀ ပုံ ပုံလျှင် တစ်ပုံဖြစ်သည်။ ထိုအကွက်ငယ်သည် မိမိစိုက်နေကျ လက်ရှိမျိုးကိုစိုက်ပျိုးထားသော စိုက်ကွက်ကြီးအတွင်း တွင်ပင် ရှိနေရန် ဖြစ်ပါသည်။

အကယ်၍ မျိုးသစ်စိုက်ပျိုးထားသောအကွက်ငယ်သည် တစ်ခြားစိုက်ကွက်တွင် သီးခြားထားရှိစမ်းသပ်ပါက မိမိတွေ့ရှိသုံးသပ်ချက် မှားနိုင်သည်။ အကြောင်းမှာ စိုက်ကွင်းအတွင်း စိုက်ကွက်တစ်ကွက်နှင့် တစ်ကွက်သည် မတူနိုင်သည့် သဘာဝအခြေ အနေ များစွာ ရှိခြင်းကြောင့် ဖြစ်ပါသည်။ 

သတိပြုရမည့်အချက်

အကွက်ငယ်အတွင်းရှိမျိုးသစ်နှင့် အကွက်ကြီးအတွင်းရှိသော လက်ရှိမျိုးတို့ကို  တစ်ချိန်တည်းတစ်ရက်တည်း စိုက်ချိန်တူညီစွာ စိုက်ပျိုးရန် ဖြစ်သည်။

ထို့ပြင် မြေသြဇာကျွေးခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း-စသည့် လုပ်ငန်းအဆင့်ဆင့်သည် တစ်ပြိုင်တည်း တူညီသောအချိန်၊ တူညီသောပြုစုဂရုစိုက်မှု ဖြစ်ရန်လိုပါသည်။

လေ့လာအကဲခတ်ခြင်း

လက်ရှိမျိုးနှင့် မျိုးသစ်တို့ကို စတင်စိုက်ပျိုးပြီးသည်မှ ရိတ်သိမ်းသည်ထိ အပင်ဖြစ်ထွန်းကြီးထွားမှု၊ ပန်းပွင့်မှု၊ အသီးသီးမှု- စသည် တို့ကို အမြဲ နှိုင်းယှဥ်အကဲခတ်ရန် ဖြစ်သည်။ ဥပမာ-စပါးသီးနှံဖြစ်ပါက အပင်ကြီးထွားမှု၊ အပင်ပွားမှု၊ အနှံအရေ အတွက်၊ တစ်နှံရှိအစေ့၊ တစ်နှံရှိအောင်စေ့၊ ပိုးမွှားရောဂါကျရောက်ခြင်း ရှိမရှိ၊ အပင်အရပ် - စသည်တို့ ဖြစ်သည်။

ဆုံးဖြတ်ရွေးချယ်ခြင်း

အပင်အရပ်၊ ကြီးထွားဖွံ့ဖြိုးမှုအပင်ပုံစံစသည့် မျက်မြင်အခြေအနေအရ လည်းကောင်း၊ အသက်ရက်အရ လည်းကောင်း၊ အထွက်မိတ်ဖက်လက္ခဏာများကို စိစစ် ကြည့်မှုအရလည်းကောင်း မျိုးသစ်အား မိမိလက်ရှိမျိုးထက် ကြိုက်နှစ်သက်မှုကို ကနဦးဆုံးဖြတ်ရန် ဖြစ်ပါသည်။

ထို့နောက် တစ်ဧကထွက်ရှိနိုင်မှုကို ခန့်မှန်းရန် ဖြစ်သည်။ တစ်ဧကအထွက်ကို သိလိုပါက မျိုးသစ်၏အထွက်အား ၁၀၀ နှင့်မြှောက်ကြည့်ခြင်းဖြင့် သိရှိနိုင်မည် ဖြစ် ပါသည်။

ဆက်လက်ပြီး လက်ရှိမျိုး၏တစ်ဧကအထွက်ကို ခန့်မှန်းကာ မျိုးသစ်သည် လက်ရှိ မျိုးထက် ရာခိုင်နှုန်းမည်မျှသာလွန်သည်ကို တွက်ချက်ကြည့်သင့်သည်။ ရာခိုင်နှုန်း မည်မျှသာလျှင် မိမိလက်ခံနိုင်မည်လဲ၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ချက် ထားရှိသင့်သည်။ မိမိသတ်မှတ်ချက်အတိုင်း သာလွန်ထွက်ရှိလျှင် အဆိုပါမျိုးကို လက်ခံ ရွေးချယ်သင့်သည်ဟု မြင်ပါသည်။

ဤသို့ဖြင့် ကိုယ်တိုင်လုပ်ကိုင်သည့် လယ်သမားမျိုးယှဥ်ပြိုင်စိုက်ကွက်များ ဆောင်ရွက်၍ မိမိရေမြေဒေသ၊ မိမိလယ်ယာမြေနှင့်ကိုက်ညီသည့် မိမိအကြိုက် မျိုးသစ်များကို ရွေးချယ် စိုက်ပျိုးနိုင်စေရန် အသိပေးရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်