စပါးစိုက်ခင်းရှိ မြက်အမျိုးအစားပေါင်းကို ထိရောက်စွာကာကွယ်နှိမ်နင်းနည်း

28/08/2025 12:03 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စပါးစိုက်ခင်းများတွင် ပေါင်းပင်များသည် အဓိကပြဿနာတစ်ခုဖြစ်ပြီး အထွက်နှုန်းကို များစွာထိခိုက်စေနိုင်ပါသည်။ မြက်၊ မုံညှင်း၊ ရွက်ပြန့်ဟူ၍ ပေါင်းအမျိုးအစားအုပ်စုသုံးခုရှိသည့်အနက် မြက်အမျိုးအစားသည် ပို၍ကာကွယ်နှိမ်နင်းရန် ခက်ခဲကြောင်း သိရှိရပါသည်။ 

အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် တိုက်ရိုက်ကာကွယ်နှိမ်နင်းနည်းတစ်မျိုးဖြစ်သော ပေါင်းသတ်ဆေးအသုံးပြုနှိမ်နင်းခြင်းသည် အရေးပါသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ပေါင်းသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မှန်ကန်သော ဆေးအမျိုးအစားရွေးချယ်မှုနှင့် အသုံးပြုခြင်းဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြလိုပါသည်။

မြက်အမျိုးအစားပေါင်းအတွက် အကောင်းဆုံးပေါင်းသတ်ဆေးများ

  • Butachlor (ဘူတာကလို)- နှစ်စဉ်ပေါက်ရောက်သော မြက်များနှင့် အချို့သော ရွက်ပြန့်ပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်သော အပင်မပေါက်မီ အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • Pretilachlor (ပရက်တီလာကလို)- ဤပေါင်းသတ်ဆေးသည်လည်း အပင်မပေါက်မီ အသုံးပြုရသော ဆေးအမျိုးအစားဖြစ်ပြီး ပိုမိုထိရောက်မှုရှိစေရန် Fenclorim (ဖန်ကလိုရင်း) နှင့် ရောစပ်အသုံးပြုလေ့ရှိပါသည်။
  • Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း)- မြက်အမျိုးအစားပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်သော အပင်ပေါက်ပြီးမှ အသုံးပြုရသည့် ပေါင်းသတ်ဆေး ဖြစ်ပါသည်။
  • Sethoxydim (စက်သိုဇီဒင်)- ဤဆေးသည် သီးနှံမျိုးစုံတွင် ပေါက်ရောက်သော မြက်အမျိုးအစားပေါင်းများကို နှိမ်နင်းရန်အတွက် ရွေးချယ်အသုံးပြုနိုင်သော ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • Cyhalofop-butyl (ဆိုင်ဟာလိုဖော့ပ်-ဘူတိုင်း)- မြက်အမျိုးအစားပေါင်းများကို နှိမ်နင်းရန်အတွက် အပင်ပေါက်ပြီးမှ အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။

ယခုဖော်ပြသော ပေါင်းသတ်ဆေးအမည်များသည် မူရင်းဓာတုပစ္စည်းအမည်များသာ ဖြစ်ပါသည်။ ဈေးကွက်ထဲတွင် ကုန်သွယ်မှုအမည်များဖြင့် ထုတ်လုပ်ရောင်းချနိုင်သည် ဖြစ်သည့်အတွက် ပါဝင်သည့်ဓာတုပစ္စည်းအမည်များကို ကြည့်ရှုဝယ်ယူသုံးစွဲရမည်။

ပေါင်းသတ်ဆေးအသုံးပြုနည်းများ

  • အပင်မပေါက်မီ အသုံးပြုခြင်း (Pre-emergence Application)- Butachlor (ဘူတာကလို) သို့မဟုတ် Pretilachlor (ပရက်တီလာကလို) ကဲ့သို့သော ပေါင်းသတ်ဆေးများကို ပုံမှန်အားဖြင့် မျိုးစေ့ချပြီးနောက် ၁ - ၃ ရက်အတွင်း မြက်ပင်များ မပေါက်မီ အသုံးပြုပါ။
  • အပင်ပေါက်ပြီးမှ အသုံးပြုခြင်း (Post-emergence Application)- Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း) သို့မဟုတ် Cyhalofop-butyl (ဆိုင်ဟာလိုဖော့ပ်-ဘူတိုင်း) ကဲ့သို့သော ပေါင်းသတ်ဆေးများကို မြက်ပင်များ ၃ - ၄ ရွက်အရွယ်သို့ ရောက်ရှိချိန်တွင် အသုံးပြုပါ။
  • စိုက်ခင်းရေထိန်းသိမ်းမှု(Water Management)- ပေါင်းသတ်ဆေးများ၏ အာနိသင်ကို ပိုမိုကောင်းမွန်စေရန်အတွက် စပါးစိုက်ခင်းကို ရေအလွှာ ၂ - ၃ လက်မဖြင့် ဖုံးအုပ် ထားပါ။
  • ကြိုတင်ပက်ဖျန်းတွက်ချက်ခြင်း (Calibration)- ပေါင်းသတ်ဆေးကို စိုက်ခင်းထဲ ကျရောက်စေလိုသောပမာဏကိုက်ညီစေရန်နှင့် ပြန့်နှံ့စွာ ပက်ဖျန်းနိုင်ရန်အတွက် ဆေးဖျန်းပုံး(သို့မဟုတ်) ဆေးဖျန်းစက်ကို ဆေးမပါသေးဘဲ အစမ်းပက်ဖျန်း တွက်ချက်စနစ်တကျ ချိန်ညှိပါ။
  • သန့်ရှင်းသောရေ အသုံးပြုခြင်း (Clean Water)- ပေါင်းသတ်ဆေး၏ အာနိသင်မကျဆင်းစေရန်အတွက် ဆေးဖျော်ရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုပါ။
  • ဆေးဖျန်းခြင်း(Spraying)-ဆေးဖျန်းခေါင်းသည် ဆေးထွက်အားညီညာရန်လိုပြီး စိုက်ခင်းအထက် လက်မ ၂၀ အမြင့်မှထားရှိ၍ လမ်းလျှောက်နှုန်းမှန်မှန်နှင့် စိုက်ခင်းအနှံ့ တစ်ပြေးညီပြန့်နှံ့အောင် ဖျန်းပါ။
  • အကာကွယ်အသုံးပြုရေး(Protective Equipment)- ပေါင်းသတ်ဆေးဖျန်းသည့် အခါတိုင်း လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်နှင့် ကိုယ်ခန္ဓာကို ဖုံးအုပ်နိုင်သော အဝတ်အစားများကို အမြဲဝတ်ဆင်ပါ။

ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် တောင်သူများအားလုံး စပါးစိုက်ခင်းရှိ မြက်အမျိုးအစားပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်