ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်လာတာနဲ့အမျှ မိမိတို့ပတ်ဝန်းကျင်မှာလည်း ကူးစက်ခံရသူများစွာရှိလာကြပါတယ်။
ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ကုသတဲ့အခါမျိုးမှာ အဖျားအနာအကိုက်အခဲ သက်သာစေရန်အတွက် ပါရာစီတမောနှင့် အခြေအနေဆိုးဝါးမှသာလျှင် အသုံးပြုရသော ပြင်းထန်ဆေးဝါးအချို့သာရှိပါတယ်။ (ဒီကိုဂျင်၊ ဘိုင်အိုဂျက်စစ်တို့ဟာလည်း ပါရာစီတမောပါဝင်သည့် ဆေးများသာဖြစ်ပါတယ်)
ကိုဗစ်ရောဂါပိုးကို တိုက်ရိုက်ပျောက်ကင်းစေနိုင်သောဆေး မရှိသေးတာကြောင့် မိမိကိုယ်ခံအားကိုသာ မြှင့်တင်ပြီး ရောဂါကိုခုခံကြရပါတယ်။
ယခုအချိန်မှာတော့ ကိုဗစ်ဖြစ်သောအခါသောက်သုံးရမည့် ဗီတာမင်စီ (vitamin C), ဗီတာမင်ဒီ (vitamin D), ဇင့် (zinc), immueboost ဆေးဝါးများရေပန်းစားလျက်ရှိပါတယ်။ ထိုဆေးဝါးများဟာ ခန္ဓာကိုယ်ခုခံအားအတွက် လိုအပ်သော ဓာတ်အချို့ဖြစ်ပါတယ်။
ထိုဆေးဝါးများဟာ အစားအသောက်မစားနိုင် အာဟာရချို့တဲ့သူများအတွက်သာ ပိုမိုလိုအပ်ပြီး ရောဂါရှိသော်လည်း သာမန်အတိုင်း စားသောက်နေနိုင်သူများအတွက်တော့ မရှိမဖြစ်မလိုအပ်ပါဘူး။ ထိုဆေးဝါးများကိုသောက်သုံးသောအခါ သိထားသင့်သည်များ၊ အစားအသောက်မှရရှိနိုင်ကြောင်းနှင့် သတိပြုသောက်သုံးသင့်ကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ထိုဖြည့်စွက်ဆေးဝါးအာနိသင်များမှာ နေ့စဉ်စားသုံးနေကြသော အစားအစာထဲတွင် များစွာပါဝင်ပြီးသားဖြစ်ပါတယ်။
ဗီတာမင်စီ Vitamin C (C vit၊ Enervon C၊ Vicee စသည်ဆေးဝါးများ)
ဗီတာမင်စီဟာ ရောင်ရမ်းနာကျင်မှုတွေကိုလျော့ကျစေပြီး ကိုယ်ခံအားကို အထောက်အကူပြုသောကြောင့် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုကို ကာကွယ်ရာတွင်နှင့် ကုသရာတွင် အသုံးပြုကြလေ့ရှိသော်လည်း တိကျမှုအတွက် သိပ္ပံနည်းကျလေ့လာမှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဗီတာမင်စီသည် ယေဘုယျအားဖြင့် သံပုရာသီး၊ လိမ္မော်သီးကဲ့သို့ အရည်ရွှမ်းသော ချဉ်သော အသီးအနှံများတွင် ပမာဏပေါများစွာပါဝင်လေ့ရှိပါတယ်။
မာလကာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ငရုတ်ပွသီး၊ ငရုတ်သီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ အာလူး၊ ပဲသီး စသည့် နေ့စဉ်စားသောက်နေကြသည့် အစားအစာများထဲတွင် ကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ကြောင့် အာဟာရပြည့်စုံစွာ စားသောက်နေနိုင်သူအဖို့ အစားအသောက်ကနေ လိုအပ်တဲ့ဗီတာမင်စီ အပြည့်အဝရရှိပြီးဖြစ်ပါတယ်။
ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်မှအသုံးမပြုနိုင်ဘဲ ပိုလျှံနေလျှင် ဆီးထဲမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပါတယ်။ ထို့ကြောင့် ဗီတာမင်စီဖြည့်စွက်ဆေးဝါးများ သောက်သုံးပါက ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ထိုမှသာ ပိုလျှံနေသည်များ ခန္ဓာကိုယ်မှ လွယ်ကူစွာစွန့်ထုတ်နိုင်မည်ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့တာအတွက် ဗီတာမင်စီ 2000 mg ပမာဏထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဗီတာမင်စီဆေးဝါးများ လွန်ကျူးစွာသောက်သုံးမိပါက မူးဝေ အော့အန်တာ၊ ဝမ်းလျှောတာ၊ ရင်ပူတာ၊ ဗိုက်နာတာ၊ ခေါင်းကိုက်တာ အစရှိတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ နေ့စဉ် 2000 mg ထက်ပို၍ လွန်ကျူးစွာ ရေရှည်သုံးစွဲပါက ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီဆေးဝါးများသောက်သုံးသောအခါ ဘေးထွက်ဆိုးကျိုးများကို လျှော့ချဖို့အတွက် ရေပမာဏများများ မမေ့မလျော့သောက်သုံးဖို့လိုအပ်ပါတယ်။
ဗီတာမင်ဒီ Vitamin D
ဗီတာမင်ဒီဟာ အရိုးနှင့်သွားကျန်းမာရေး၊ အဆုတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ခုခံအားအတွက် အထောက်အပံ့ပေးပါတယ်။ ကိုဗစ်ရောဂါကုသရာမှာ တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိပေမယ့် လေ့လာစမ်းသပ်မှုများ ပြုလုပ်ကြဆဲဖြစ်ပါတယ်။ ဗီတာမင်ဒီသည် နို့နှင့် နို့ထွက်ပစ္စည်းများတွင် ပမာဏများစွာပါဝင်ပြီး အဆီပါသောငါးများ၊ အနီရောင်ရှိသောအသားများ၊ ကောက်ပဲသီးနှံများ၊ အသည်း၊ မှို၊ ကြက်ဥ စသည့်အစားအစာများတွင်လည်း တွေ့ရှိရပါတယ်။ သာမန်လူတစ်ယောက်ဟာ နေရောင်ခြည်ထိတွေ့ရုံမျှဖြင့် လိုအပ်သောဗီတာမင်ဒီပမာဏ ပြည့်ဝပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် ဗီတာမင်ဒီကို ခန္ဓာကိုယ်အတွက် ပမာဏအနည်းငယ်သာလိုအပ်ပါတယ်။ ဗီတာမင်ဒီဖြည့်စွက်ဆေးဝါးများကို ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသောအခါ မသောက်မဖြစ်မလိုအပ်ပါ။
ဗီတာမင်ဒီသည် အဆီတွင်ပျော်ဝင်သောဗီတာမင်ဖြစ်ပြီး လူ၏ခန္ဓာကိုယ်သည် ပိုလျှံသော ဗီတာမင်ဒီများကို အဆီများထဲတွင် သိုလှောင်သိမ်းဆည်းပါတယ်။ ထို့ကြောင့် ဗီတာမင်ဒီဟာ မိမိခန္ဓာကိုယ်ထဲသို့ အဝင်သာရှိပြီး ဗီတာမင်စီကဲ့သို့ ပိုလျှံသည်များကို ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်သည့်နည်း မရှိပါ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက် တစ်နေ့တာလျှင် ဗီတာမင်ဒီ 2000 iu အထိ သောက်သုံးနိုင်ပြီး ထိုပမာဏမှာ နေရောင်ခြည်ထိတွေ့မှုမရနိုင်သော အခြေအနေရှိသူများအတွက်သာ သင့်တော်ပါတယ်။ ကိုဗစ်အတွက် ဖြည့်စွက်သောက်သုံးချင်ပါကလည်း 1000 iuသာ ရက်ခြားသောက်သုံးဖို့ အကြံပြုလိုပါတယ်။ ခန္ဓာကိုယ်တွင် ဗီတာမင်ဒီများ ပိုလျှံလာသောအခါ သွေးတွင်းကယ်စီယမ်ဓာတ်များ မြင့်တက်လာပြီး မူးဝေအော့အန်ခြင်း၊ ပင်ပန်းနှုန်းချိခြင်း၊ အစာစားချင်စိတ်ပျောက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရေငတ်ခြင်း၊ ဆီမကြာခဏသွားခြင်းများအပြင် ကာလရှည်ကြာစွာ သောက်သုံးမိပါက အရိုးများထိခိုက်ဆုံးရှုံးခြင်းနှင့် ကျောက်တည်ခြင်းကဲ့သို့ ကျောက်ကပ်ပြဿနာများ ဖြစ်စေနိုင်ပါတယ်။ ကိုဗစ်ကြောင့် မသေဆုံးဘဲ ဗီတာမင်ဒီလွန်ကဲခြင်းကြောင့် ကျောက်ကပ်ပျက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။
ဇင့်ဓာတ်
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဇင့်ဓာတ်ဟာ ခုခံအားစနစ်ကို အထောက်အကူပြုပြီး အနာကျက်စေတဲ့ အာနိသင်ရှိပါတယ်။ ပင်လယ်စာများ၊ အနီရောင်ရှိသောအသားများ၊ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံများ၊ နို့ထွက်ပစ္စည်းများ၊ ဥများ၊ ငရုတ်သီးနှင့် သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ နေကြာစေ့တို့ကဲ့သို့ အစေ့အဆံများတွင် ဇင့်ဓာတ်ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ဦးဟာ တစ်နေ့တာအတွက် ဇင့် 10 mg ဝန်းကျင်သာ လိုအပ်ပြီး အများဆုံးပမာဏ 40 mgထိ ခွင့်ပြုနိုင်ပါတယ်။ ထို 40 mgဆိုသည်မှာတောင် အလွန်များသောပမာဏဖြစ်နေပါပြီ။ ဇင့်ဓာတ်လွန်ကဲပါက ဗိုက်အောင့်ဗိုက်နာ၊ မူးဝေအော့အန်၊ အစာစားချင်စိတ်ပျောက်ခြင်း၊ ခေါင်းကိုက်ခြင်းများခံစားရနိုင်ပြီး လွန်ကျူးစွာရေရှည်သုံးစွဲမိပါက ခန္ဓာကိုယ်မှ အခြားသတ္တုဓာတ်များကိုဆုံးရှုံးခြင်း၊ ခုခံအားကျဆင်းခြင်း၊ ခန္ဓာကိုယ်မှ အကျိုးပြုအဆီဓာတ်များဆုံးရှုံးခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်တတ်ပါတယ်။
ဗီတာမင်ဒီနှင့် ဇင့်ဟာ ခန္ဓာကိုယ်အတွက် ပမာဏနည်းပါးစွာသာလိုအပ်ပြီး ထိုဓာတ်များချို့တဲ့သောဖြစ်စဉ်မှာ အလွန်ရှားပါးလှပါတယ်။ ထို့ကြောင့် ဖြစ်နိုင်ပါက ဖြည့်စွက်ဆေးဝါးများမသောက်သုံးမှီ သွေးတွင်းဓာတ်ပမာဏများကို စစ်ဆေးကြည့်သင့်ပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရသောအခါ ဖြည့်စွက်ဆေးဝါးများသောက်သုံးရန် ရေပန်းစားလျက်ရှိသောကြောင့် သတိချပ်စေရန်အလို့ငှါ ရေးသားလိုက်ရပါတယ်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်