စပါးစိုက်လယ်မြေအလိုက် ဆိုးဝါးသည့်ပေါင်းမြက်

19/11/2018 15:32 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 စပါးက ထူးခြားသောသီးနှံတစ်မျိုးဖြစ်သည်။ နေရာမရွေးစိုက်နိုင်သည်။ မိုးရေသောက်၊ ရေတော်မိုးတော်နှင့် ဆည်ရေသောက် လယ်မြေတွေမှာစိုက်သည်။ မိုးများလို့ရေလွှမ်းဒေသမှာလည်း လက်မလွှတ်တမ်းစိုက်သည်။ မိုးရေသောက်ဒေသဖြစ်ပေမယ့် မိုးလည်းနည်းသေး သွင်းရေလည်း မရနိုင်သော ယာမြေမျိုးမှာလည်း ကန်သင်းကန့်စရာမလိုဘဲ စပါးကိုစိုက်သည်။ အာရှဒေသ တစ်ခွင် ဒီလိုပဲတောင်ပေါ်မြေပြန့် စပါးကိုစိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။

ယာစပါးနှင့် ပေါင်းမြက်

ယာစပါးဆိုတာ လယ်မြေမဟုတ်သော ယာမြေတွင်စိုက်တာကိုခေါ်နိုင်သည်။ ယာမြေဆိုသည်မှာ မြေလတ်ဒေသကုန်းမြေ၊ တောင်ပေါ်ဒေသကုန်းမြင့်မြေ၊ တောင်ကုန်းတောင်စောင်းမြေအားလုံးပါဝင်မည်။ ခြုံ၍ပြောရလျှင် ကန်သင်းမကန့်ဘဲ စိုက်သော စပါးတွေကို ယာစပါးလို့ခေါ်နိုင်မည်။ စိုက်နည်းစနစ်မှာ ကြဲပက်၊ အတန်းလိုက်၊ စူးထိုးစသည်ဖြင့် အားလုံး တိုက်ရိုက် မျိုးစေ့ချတာချည့်ဖြစ်သည်။

ပေါက်ရောက်လာသောပေါင်းမြက်ပင်တွေကို လက်ဖြင့်နှုတ်ပစ်သည်။ ပေါက်ပြားဖြင့် ပေါက်ပစ်သည်။ တစ်ခြားစပါး စိုက်နည်းစနစ်တွေနှင့်နှိုင်းယှဉ်လျင် ယာစပါးမှာ ပေါင်းမြက်ပြဿနာအဆိုးဆုံးလို့ ပြောချင်ပါသည်။

ယာစပါးခင်းတွေမှာ အများဆုံးပေါက်ရောက်လေ့ရှိတဲ့ ပေါင်းပင်တွေကတော့ မြက်မျိုးအုပ်စုဝင်ပေါင်းပင်များ (Grasses)နှင့် ရွက်ပြန့်အုပ်စုဝင်ပေါင်းပင်များ (Broadleaves) ဖြစ်ပါတယ်”

တစ်ခါက အပြည်ပြည်ဆိုင်ရာ စပါးပေါင်းမြက်သုတေသနပညာရှင်တစ်ဦးပြောတာ မှတ်မိနေပါသေးသည်။

လယ်စပါးနှင့် ပေါင်းမြက်

လယ်စပါးက လယ်မြေမှာရေရှိသောအခြေအနေတွင်စိုက်တာဖြစ်သည်။ လယ်မှာကန်သင်းရှိသည်။ မိုးပဲရွာရွာ သွင်းရေပဲရရ စပါးခင်းမှာ ရေကိုထိန်းထားနိုင်အောင်ကန်သင်းကန့်ထားသည်။ တမန်းပြင်သည်။ ကြမ်းရိုက်သည်။ စပါးစိုက်သည်။

စိုက်နည်းစနစ်နှစ်မျိုးလုံးကိုအသုံးပြုသည်။ ပျိုးထောင်ကောက်စိုက်တာရှိသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်တာလည်းရှိသည်။ တိုက်ရိုက်မျိုးစေ့ချစိုက်လျင်တော့ စပါးပင်နှင့် ပေါင်းမြက်ပင်တစ်ပြိုင်တည်း ပေါက်လာဖို့အခွင့်အလမ်း ဖြစ်သွားတော့သည်။

လယ်မှာ ရေရှိတာကောင်းသည်။ ရေရှိလျှင် ပေါင်းမြက်မျိုးနွယ်တော်တော်များများ အပင်ပေါက် မလာနိုင်ပါ။ တမန်းပြင်တာ မကောင်း၊ ကြမ်းရိုက်မြေညှိတာလည်း မကောင်းလျှင်တော့ မိုးရေသောက် လယ်မြေပဲဖြစ်ဖြစ်၊ ဆည်ရေသောက်လယ်မြေပဲ ဖြစ်ဖြစ် ပေါင်းမြက်ပေါက်ရောက်ကြီးထွားလာနိုင်သည်။

သုတေသနပညာရှင်တစ်ဦးက လယ်စပါးနှင့်ပတ်သက်၍ ပေါက်ရောက်လေ့ရှိသော ပေါင်းမြက် တို့ကို ပြောပြဖူးသည်။

လယ်စပါးကို ပေါင်းမြက်အုပ်စုသုံးမျိုးလုံးက ဖျက်ဆီးတာပါ။ မြက်မျိုးအုပ်စု(Grasses)၊ မုံညင်းမျိုးအုပ်စု(Sedges)နဲ့ ရွက်ပြန့်မျိုးအုပ်စု(Broadleaves)တို့ဖြစ်ပါတယ်”

ပေါင်းမြက်ကြောင့်ဆုံးရှုံးမှု

လယ်စပါးနှင့်ယာစပါးနှစ်မျိုးအနက် ပေါင်းမြက်ကြောင့်ဆုံးရှုံးမှုအများဆုံးက ယာစပါးမှာဖြစ်သည်။ လယ်စပါးပေမယ့် တိုက်ရိုက်မျိုးစေ့ချလျှင် ပျိုးထောင်စိုက်ထက် ပိုမိုဆုံးရှုံးနိုင်သည်။ တံဇဉ်တောင်လွတ်နိုင်သည်လို့ သိထားသည်။

နိုင်ငံတကာစာအုပ်စာတမ်းများကို ဖတ်ဖူးသည်။ ယာစပါးမှာ စပါးအထွက် ၉၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသည်လို့ အိန္ဒိယနိုင်ငံက ဆိုသည်။ အာဖရိကနိုင်ငံများမှာတော့ လယ်စပါးနှင့် ယာစပါးနှစ်မျိုးလုံး အနေဖြင့် ၂၈ မှ ၁၀၀ ရာခိုင်နှုန်းဆုံးရှုံးသည်။ အာရှတွင် တိုက်ရိုက်မျိုးစေ့ချလယ်စပါးမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်းနှင့် ပျိုးထောင်စိုက်လယ်စပါးမှာ ၅၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသည်ဟု သိရသည်။

မြန်မာ့သုတေသနပညာရှင်များ၏ ဖေါ်ပြချက်ကိုလည်းပြောပြလိုသည်။ မြန်မာနိုင်ငံမှာ စပါးကို မိုးနှင့် နွေနှစ်ရာသီတို့တွင် စိုက်သည်။ မိုးရာသီစိုက်သောစပါးမှာ ၁၇ ရာခိုင်နှုန်းနှင့် နွေရာသီစိုက်သော စပါးမှာ ၃၂ ရာခိုင်နှုန်းဆုံးရှုံးသည်။

စပါးမျိုးအလိုက်ကွာခြားသေးသည်။ စပါးမျိုးတစ်မျိုးနှင့်တစ်မျိုးသည် အပင်သက်တမ်း၊ အပင် သန်စွမ်းမှု၊ အပင်ပုံစံ၊ အပင်အမြင့်၊ အပင်ပွားထွက်နိုင်မှုစွမ်းရည်၊ အရွက်ထွက်ပုံအနေအထား ကွာခြားကြ သည်။ ထို့ကြောင့်ပေါင်းမြက်ကြောင့် ဆုံးရှုံးနိုင်မှုသည်လည်း ကွာခြားကြသည်။

ခြုံငုံပြောရလျင် ပေါင်းမြက်ကြောင့် စပါးအထွက် အနည်းဆုံး ၂ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ပျမ်းမျှအားဖြင့် ၁၉ ရာခိုင်နှုန်းဖြစ်သည်ဟုဆိုပါသည်။

စပါးခင်းကို ကျွေးပေးသည့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာသုံးစွဲမှု အနည်းအများအပေါ်မူတည်၍ လည်း ပေါင်းမြက်ကြောင့် စပါးအထွက်ဆုံးရှုံးမှုကွာခြားနိုင်သည်။ အထူးသဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက် သည့် စပါးတွင်ဖြစ်သည်။ ယူရီးယား ဓာတ်မြေသြဇာကျွေးလေ စပါးအထွက်ဆုံးရှုံးမှုများလေဖြစ်ကြောင်း မှတ်သားဖူးသည်။

စပါးစိုက်ပြီးနောက် ပေါင်းမြက်ကို နှိမ်နင်းပေးသည့်အချိန်ကာလအပေါ်လည်း မူတည်သည်။ စောစောနှိမ်နင်းလေ ဆုံးရှုံးမှုနည်းလေ ဖြစ်သည်။ ပုံသေမှတ်ထားသင့်သည်။ ပေါင်းမြက်မနှိမ်နင်းနိုင်သည့် ကာလအပေါ်မူတည်ပြီးတော့လည်း စပါးအထွက်ဆုံးရှုံးနိုင်ပါသည်။ တစ်ခုတော့ပြောပါရစေ။

ဘာသီးနှံကိုပဲစိုက်စိုက် သီးနှံပင်သက်တမ်းရဲ့ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက် ကင်းစင်အောင်နှိမ်နင်းပါ”

ကာကွယ်နှိမ်နင်းနည်း

ပေါက်လာမည့်ပေါင်းမြက်ပင်တွေဦးရေနည်းအောင် ကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေရှိသည်။ သွယ်ဝိုက်သောနည်းဖြစ်သည်။ စိတ်ဝင်စားသူနည်းသည်။ ထွန်ရေးပြုပြင်တာ၊ တမန်းကောင်းအောင်လုပ် တာ၊ စပါးမစိုက်မီ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည်တစ်မျိုးမျိုးကိုစိုက်တာ။ တစ်နည်းစပါးပြီးစပါးမစိုက်တာတို့ ဖြစ်သည်။

စပါးစိုက်ခင်းမှာတော့ တိုက်ရိုက်ကာကွယ်နှိမ်နင်းနည်းကိုသုံးရတော့မည်။ လက်ဖြင့်နှုတ်တာ၊ ကြားပေါင်းလိုက်ကရိယာကို သုံးတာ၊ ယာစပါးမှာ ပေါက်ပြားဖြင့်ပေါက်တာတို့ဖြစ်သည်။ တနည်းရှိသေး သည်။ လူသုံးများလာပြီ။ ထိရောက်အကျိုး ရှိအောင် အသုံးပြုနိုင်မှုမရှိသေးသည်ကို တွေ့မြင်ရသည်။ ၎င်း မှာ ဓာတုပေါင်းသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းတာ ဖြစ်သည်။

သိထားသင့်သည်ကိုပြောလိုပါသည်။

ပေါင်းသတ်ဆေးကိုချည့်အားကိုးလို့မရပါ။ တစ်နည်းတည်းဖြင့် မလုံလောက်ပါ။ ဘက်စုံပေါင်းမြက် ကာကွယ်နှိမ်နင်းနည်းကို သုံးဖို့ တိုက်တွန်းလိုပါတယ်”

ဆင်းသီဟ

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်