ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းပညာ (အပိုင်း - ၁)

24/07/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (82) Precision Agriculture (or) Digital Agriculture (Part – 1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၂) ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းပညာ (အပိုင်း - ၁)

စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို သမားရိုးကျနည်းမှ ခေတ်မီနည်းပညာများသို့တဆင့်ခြင်း ကူးပြောင်းရာတွင် နည်းစနစ်ကျကျ ပြောင်းလဲကျင့်သုံးရန် လိုအပ်ပါသည်။ 

ဒစ်ဂျစ်တယ် စိုက်ပျိုး၊ မွေးမြူရေးဆိုသည်မှာ အဆင့်မြင့်နည်းစနစ်ဆိုင်ရာ နည်းပညာများကို စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဆက်စပ်လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ 

(Digital agriculture is the integration of digital technology into livestock and crop management and other processes related to cultivating and managing food resources.)

ပုံ ၁ - ခေတ်မီလယ်ယာစိုက်ပျိုးမွေးမြူရေး

တစ်ချို့သည် တိကျသောစိုက်ပျိုးရေး (Precision Agriculture) ဟူ၍လည်း အဓိပ္ပာယ်ဖွင့်၍ စနစ်တကျ လယ်ယာလုပ်ငန်း စီမံခန့်ခွဲမှု သဘောတရား (Systematic Farm Management Concept) လည်း ဖြစ်ပါသည်။ 

စက်မှုလုပ်ငန်း (Industry 1 - 5)၊ ပညာရေး (Education 1 - 5) စသည်တို့ အဆင့်ဆင့် ပြောင်းလဲလာသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု (Agricultural Development) အဆင့်ဆင့်ပြောင်းလဲလာပုံကို ကြည့်ရအောင်ပါ။

(က) စိုက်ပျိုးမွေးမြူရေးဖြစ်စဉ် (၁) (Agriculture 1.0)  သမားရိုးကျစိုက်နည်းစနစ် (သို့) ရှေးရိုးစွဲစိုက်စနစ် (Traditional or Primitive Agriculture) ဖြစ်ပြီး လူတိရစ္ဆာန်လုပ်အားများကိုအသုံးပြုကာ ဝမ်းစာရရှိရေးအတွက်သာ စိုက်ပျိုး၊ မွေးမြူသောနည်းစနစ် (Subsistence Farming) သာလျှင် ဖြစ်ပါသည်။ အထွက်နှုန်းနည်းပြီး ထိရောက်မှုနည်းသောစနစ် (Low Productivity and Low Efficiency) ဖြစ်ပါသည်။

(ခ) စိုက်ပျိုးမွေးမြူရေးဖြစ်စဉ် (၂) (Agriculture 2.0) စက်မှုတော်လှန်ရေးဆိုင်ရာ စိုက်ပျိုးမွေးမြူရေး (Industrial Agriculture) ဖြစ်ပြီး စက်မှုလယ်ယာ (Mechanization of Farming)၊ ဓာတ်မြေဩဇာ (Chemical Fertilizers) နှင့် ပိုးသတ်ဆေးများ၊ ဓာတုဆေးများ  (Pesticides) အသုံးပြုလာခြင်း၊ ရေသွင်းနည်းစနစ်ဖွံ့ဖြိုးတိုးတက်လာခြင်း (The Development of Irrigation Systems) တို့ဖြစ်ပေါ်လာသည်။ 

(ဂ) စိုက်ပျိုးမွေးမြူရေးဖြစ်စဉ် (၃) (Agriculture 3.0) ကို အစိမ်းရောင်စိုက်ပျိုး မွေးမြူရေး (Green Agriculture) ဟုခေါ်ဆိုပြီး ဇီဝနည်းပညာ (Biotechnology)၊ ဗီဇအင်ဂျင်နီယာ (Genetic Engineering)၊ အော်ဂဲနစ်စိုက်ပျိုး မွေးမြူနည်းစနစ် (Organic Farming) တို့ စတင်ပေါ်ပေါက်လာခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးမွေးမြူရေးနည်းစနစ် (Sustainable Agriculture System) တစ်ခုလည်း ဖြစ်လာခဲ့သည်။

 (ဃ) စိုက်ပျိုးမွေးမြူရေးဖြစ်စဉ် (၄) (Agriculture 4.0) ဤအချိန်တွင် ခေတ်ဆန်သော စိုက်ပျိုးမွေးမြူရေးစနစ် (Smart Agriculture) သည် သတင်းအချက်အလက်ဆက်သွယ်မှုနည်းပညာ (Information and Communication Technology) နှင့်အတူ ပေါ်ပေါက်လာသည်။ ဂြိုလ်တုစလောင်း (Satellite)၊ အာရုံခံကရိယာ (Sensor)၊ မောင်းသူမဲ့ယာဉ် (Drone)၊ စက်ရုပ် (Robot)၊ ဉာဏ်ရည်တု (Artificial Intelligence)၊ အင်တာနက်ပညာ (Internet of Things - IoT) စသည့် ခေတ်မီနည်းပညာများကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးစနစ် တစ်ခုပြောင်းလဲသွားသည်။

(င) စိုက်ပျိုးမွေးမြူရေးဖြစ်စဉ် (၅) (Agriculture 5.0) နောက်ဆုံးပေါ် စိုက်ပျိုးမွေးမြူရေး နည်းပညာသည် လူသားတွေးခေါ်မျှော်မြင်မှု (Human Intelligence) အပေါ်အခြေခံ၍ နောက်ဆုံးပေါ်နည်းပညာများဖြစ်သော ဘလော့ချိန်း (Blockchain)၊ နာနိုနည်းပညာ (Nanotechnology)၊ ကွမ်တန်တွက်ချက်နည်းပညာ (Quantum Computing)၊ နှင့် ပကတိနီးပါးနည်းပညာ (Virtual Reality Technology) စသည်တို့ဖြင့်  စိုက်ပျိုးမွေးမြူရေးတို့ကို ဖန်တီးလာပါသည်။ 

ပုံ - ၂   ကွန်ပျူတာနည်းပညာသုံး ခေတ်မီစိုက်ပျိုးမွေးမြူရေး

စနစ်တကျစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ (Precision Agriculture or Precision Farming) သည် အမေရိကန်နိုင်ငံတွင် ၁၉၈၀-ခု နှစ်များစွာကတည်းက အစပျိုးခဲ့ပါသည်။ ထိုအချိန်က တောင်သူများ၏သဘောထား (Farmer Attitude) ၊ နည်းပညာဆက်လက် ဆောင်ရွက်ရန် စီးပွားရေးအခက်အခဲများ (Economic Constraint in Acquiring Technology) အပြင် နည်းပညာကိုယ်တိုင်က လိုအပ်ချက်များရှိနေသေးခြင်း (Technology itself need some requirements) တို့ကြောင့် တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိသေးပါ။ 

ခေတ်မီစိုက်ပျိုးမွေးမြူရေး (Digital or Precision Agriculture) တွင် နည်းလမ်းမျိုးစုံရှိပါသည်။ နိုင်ငံများစွာ၌ အောက်ပါ နည်းပညာများကို အသုံးချ၍ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နေပါသည်။ 

(၁) ပထဝီဝင် သတင်းအချက်အလက်နည်းပညာ (Geographic Information System - GIS)

(၂) ဂြိုလ်တုအခြေခံနေရာခန့်မှန်းသောနည်းပညာ (Global Positioning System - GPS)

(၃) ကြိုးမဲ့ဆက်သွယ်သောနည်းစနစ်များ (Wireless Sensor Networks)

(၄) စိုက်ပျိုးရေးတွင် မောင်းသူမဲ့လေယာဉ်နှင့် စက်ရုပ်များအသုံးပြုခြင်း (Agricultural Drones and Robots) 

(၅) ဂြိုလ်တုများကိုအသုံးပြုခြင်း (Use of Satellites)

(၆) တိကျသောရေသွင်းနည်းစနစ်များ (Precision Irrigation System)

(၇) ကွန်ပျူတာပရိုဂရမ် ညွှန်ကြားချက်များကိုအသုံးပြုခြင်း (Use of Software)

(၈) သီးနှံအထွက်နှုန်းကြိုတင်တွက်ချက်ခြင်း၊ စောင့်ကြည့်မှတ်သား၊ စစ်ဆေးခြင်း (Yield Monitoring)

(၉) အဝေးမှသင်တန်းပေးသော နည်းစနစ်များ (Online Platforms)

(၁၀) အဝေးမှအာရုံခံမှတ်သား၍ အသုံးချခြင်း (Remote Sensing)

(၁၁) သီးနှံအကွက်လိုက်တိကျစွာစီမံခန့်ခွဲခြင်း (Site-Specific Crop Management - SSCM) စသည်တို့ရှိပါသည်။ 

 ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများသည် ထုတ်လုပ်မှုအမြင့်ဆုံး (Maximizing Production) ရရှိအောင် သွင်းအားစုအနည်းငယ် (Least amount of Resources) ဖြင့် အသုံးပြုခြင်းနည်း စနစ်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှု (Minimum impact on Environment)  လျော့နည်းအောင်လည်း ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ (Chemical Fertilizer and pesticides) ကို စနစ်တကျအသုံးပြုပါသည်။ ဤနည်းစနစ်သည် စိုက်ပျိုးမွေးမြူရေးနည်းပညာများသာမက အချက်အလက် (Information)၊ နည်းပညာ (ICT Technology) နှင့် စီမံခန့်ခွဲမှု (Management) တို့အပေါ်တွင်လည်း မူတည် နေပါသည်။

အင်္ဂလိပ်အက္ခရာ အာ (Five Rs) ၅ လုံး နှင့်လည်း အဓိပ္ပာယ်ဖော်ပါသည်။

• (Right Input) မှန်ကန်သော သွင်းအားစု ဥပမာ - မြေဩဇာ၊ ပိုးသတ်ဆေး

• (Right Time) မှန်ကန်သောအချိန် 

• (Right Place) မှန်ကန်တိကျသောနေရာ - အပင်အနီးတိကျစွာ

• (Right Amount) မှန်ကန်သောအချိုးအစား၊ ပမာဏ

• (Right Manner) မှန်ကန်သောနည်းစနစ်၊ ပုံစံတို့ကို အသုံးပြုခြင်းဖြင့် အမြင့်မား ဆုံးအထွက်ကို ရရှိပါလိမ့်မည်။

အရေးကြီး မရှိမဖြစ်လိုအပ်သောအချက်အလက်များ (Vital Information) မှာ - 

သီးနှံပင်၏လက္ခဏာများ (Crop Characteristics)၊ မြေဆီလွှာဂုဏ်သတ္တိများ (Soil properties) မြေအနိမ့်အမြင့်၊ မြေဆီဩဇာရှိနေမှုအခြေအနေ၊ မြေဆီလွှာဖွဲ့စည်းပုံ အနေအထား (Soil Texture)၊ အစိုဓာတ်ရရှိမှု (Moisture Content)၊ ထယ်ရေး ထွန်ရေး အခြေအနေ (Tillage needs)၊ ဆားပေါက် (Salinity)၊ ရေဝပ်ခြင်း (Water-logging) ရှိမှု/မရှိမှု၊ ပိုးမွှားရောဂါနှင့် ပေါင်းကျရောက်မှု အခြေအနေများ (Incidence of Pests – Insect, Disease, Weed)၊ ရာသီဥတုအခြေအနေ (Weather/Climatic Condition) စသည်တို့ကို တော့ စုဆောင်းတွက်ချက် အဖြေထုတ်ရပါမည်။

ဤစနစ်၏ ကောင်းသောအချက်များမှာ -

(က) ကုန်ကျစရိတ်သက်သာသွားပါသည်။ (Reduction in Costs)

(ခ) အကောင်းဆုံးအထွက်နှုန်းနှင့် အရည်အသွေးကိုပေးနိုင်ပါသည်။ (Optimization of Yields and Quality in Relation to the Productive Capacity of each Site) 

(ဂ) အရင်းအမြစ်ကိုအခြေခံ၍ စီမံခန့်ခွဲမှု အကောင်းဆုံးလုပ်ဆောင်နိုင်ပါသည်။ (Better Management of the Resource Base)

(ဃ) ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းပေးပါသည်။ (Protection of the Environment)

ပုံ ၃ - ခေတ်မီစိုက်ပျိုးရေးစနစ်၏ အကျိုးကျေးဇူးများ

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်များ (Reference Books)

Lal, R. and Stewart, B.A. (2016) Soil-Specific Farming: Precision Agriculture. CRC Press. 417p.

Srinivasan, A. (2006) Handbook of Precision Agriculture: Principles and Applications. Food Products Press. 683p.

Whelan, B. and Taylor, J. (2013) Precision Agriculture for Grain production Systems. 199p.

Zhang, Q. (2016) Precision Agriculture Technology for Crop Farming. CRC Press. 360p.

(ဒေါက်တာမျိုးကြွယ်)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်