မိုးခေါင်ဒဏ်ခံ ပဲစင်းငုံသီးနှံမျိုးများ

19/05/2020 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ပဲမျိုးစုံသီးနှံသည် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည်။ ပြည်ထောင်စုချုပ်အနေဖြင့် စပါးသီးနှံကို ဧကတစ်ဆယ့်ရှစ်သန်းခန့်စိုက်သည်။ ပဲမျိုးစုံကို ဧကဆယ်သန်းကျော် စိုက်သည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်များအနက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် ဦးဆောင်နိုင်ငံအဖြစ် ၁၉၉၉ ခုနှစ်မှစတင်၍ တာဝန်ယူထားကြောင်း သိရသည်။ 

    ပဲမျိုးစုံသီးနှံများသည် တောင်သူအတွက် စိုက်ရလွယ်ကူသည်။ ဝင်ငွေရသီးနှံ(Cash Crop)ဟု လူသိများသည်။ ရင်းနှီးကုန်ကျစရိတ်သက်သာသည်။ မြေဆီလွှာဖွံ့ဖြိုးမှုကို အကျိုးပြုသည်။ တောင်သူလယ်သမားအကျိုးစီးပွားနှင့် နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက် ပဲမျိုးစုံသီးနှံသည် လစ်လျှူရှု့မရသည့်သီးနှံ ဖြစ်ပါသည်။

မိုးခေါင်ခံသီးနှံ

   အယ်လ်နီညိုအသံကိုကြားရလျှင် မြန်မာနိုင်ငံအလယ်ပိုင်းအကြောင်း ခေါင်းထဲပေါ်လာ သည်။ တိုင်းဒေသကြီးအနေနှင့်ပြောရလျှင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ဖြစ်သည်။ မူလကပင် မိုးခေါင် ရေရှားသည်။ ဘယ်လိုသီးနှံတွေစိုက်ပြီး၊ ဘယ်လိုသီးနှံပုံစံတွေကို ကျင့်သုံးလျှင် တောင်သူလယ်သမားများအတွက် အကျိုးရှိပါမည်နည်း။ စဉ်းစားမိသည်။

    မိုးခေါင်ခံသည့် သီးနှံတစ်မျိုးမျိုးကိုစဉ်းစားလျှင် ပဲစင်းငုံသီးနှံက ရှေ့တန်းကဖြစ်သည်။ တစ်သီးမဟုတ်တစ်သီး သေချာအောင်စိုက်ဖို့၊ တစ်နှစ်ပင်ပန်းခဲ့ရသမျှတွေ မဆုံးရှုံးစေဖို့၊ စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးကို ပြောပါဆိုလျှင်လည်း ပဲစင်းငုံသီးနှံသည် ပြစ်မလွဲပင် ဖြစ်ပါသည်။

    ပဲစင်းငုံက ရေသောက်မြစ်နက်စွာထိုးဝင်သည့် သီးနှံပင်ဖြစ်သည်။ ဒါကြောင့် မိုးခေါင်ခံတာ ဖြစ်သည်။ ထို့ပြင် ရေရယူမှုမှာ အခြားအပင်တွေကိုလည်း အနှောင့်အယှက်မပြုပါ။ ထို့ကြောင့် သီးညှပ်စိုက်ဖို့ အသင့်တော်ဆုံးသီးနှံအဖြစ် ထင်ရှားရခြင်း ဖြစ်ပါသည်။

ပဲစင်းငုံမျိုးများ

    တောင်သူကြီးများ အစဉ်တစ်စိုက် စိုက်ပျိုးလာသည်က သက်ကြီးမျိုးများဖြစ်သည်။ မိုးခေါင်ခံသည်။ ဒေသအလိုက်ဖြစ်ထွန်းသည်။ ရာသီဥတုဖေါက်ပြန် ပြောင်းလဲသည့် အခြေအနေ အတွက် အသုံးဝင်ဆဲဖြစ်သည်။

    ယခုအခါ သက်လျင်၊ သက်လတ်မျိုးများလည်းရှိလာသည်။ အထွက်ကောင်းဖို့အတွက် သုတေသနပြု ထုတ်ဝေထားသည့်မျိုးများအနက် ဒေသအလိုက် သင့်တော်သောမျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ-၃ : အပင်ပုံသဏ္ဍာန်မှာ ပင်ထောင်ဖြစ်သည်။ အသက်ရက် ၁၁၀ မှ ၁၂၀ ရှိသည်။ တစ်ပင်ပါသီးတောင့်အရေအတွက်၂၀၀ မှ ၃၀၀ ဖြစ်ပြီး တစ်တောင့်ပါအစေ့အရေ အတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ရှိသည်။ အလင်းရောင်တုန့်ပြန်မှု မရှိသောမျိုး ဖြစ်သည်။ မိုးလယ်ရာသီတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ပြီး ညှိုးသေရောဂါနှင့် ပင်ဖိုရောဂါဒဏ် ခံနိုင်ရည်ရှိသည့် သက်လျင်အထွက်ကောင်းမျိုးဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ-၅: အသက်ရက် ၁၉၀ မှ ၂၀၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင်ဖြစ်သည်။ တစ်ပင်ပါသီးတောင့်အရေအတွက် ၃၅၀ မှ ၄၀၀ သီးသည်။ တစ်တောင့်ပါ အစေ့အရေအတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်သည်။ ညှိုးသေရောဂါနှင့် ပင်ဖိုရောဂါဒဏ် ခံနိုင်ရည်ရှိသည့် သက်လတ်မျိုးဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ-၆ : အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင်ဖြစ်သည်။ သက်တမ်းအားဖြင့် ၂၁၀ ရက်မှ ရက် ၂၂၀ ရှိသည်။ တစ်ပင်ပါသီးတောင့်အရေအတွက် ၃၂၀ မှ ၄၀၀ သီးသည်။ တစ်တောင့်ပါအစေ့အရေအတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင် ဖြစ်သည်။ မိုးခေါင်ဒဏ်ခံနိုင်သည်။ ဖိုးလမင်းနှင့် ခြပိုးဒဏ်ခံနိုင်သည်။ ထို့ပြင် ညှိုးသေရောဂါနှင့် ပင်ဖိုရောဂါဒဏ်ခံနိုင်ရည်ရှိသော သက်ကြီးမျိုးဖြစ်သည်။ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွက် သင့်တော်သည်ဟု သိရပါသည်။

ရေဆင်းပဲစင်းငုံ-၇ : အသက်ရက် ၁၈၀ မှ ၁၉၀ ရှိသည်။ အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင် ဖြစ်သည်။ တစ်ပင်ပါသီးတောင့်အရေအတွက် ၃၅၀ မှ ၄၀၀ သီးသည်။ တစ်တောင့်ပါအစေ့ အရေအတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်သည်။ တောင်ပေါ်မြေပြန့် ဒေသမရွေး စိုက်ပျိုးနိုင်သည့် သက်လတ်အထွက်ကောင်းမျိုးဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ-၉ : အသက်ရက် ၁၈၀ မှ ၁၉၀ ဖြစ်သည်။ အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင် ဖြစ်သည်။ တစ်ပင်ပါသီးတောင့်အရေအတွက် ၃၅၀ မှ ၄၅၀ သီးသည်။ တစ်တောင့်ပါ အစေ့အရေအတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင် ဖြစ်သည်။ တောင်ပေါ် မြေပြန့် ဒေသမရွေး စိုက်ပျိုးနိုင်သည့် သက်လတ်မျိုးဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ-၁၀ : အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင်ဖြစ်သည်။ လင်းတာတုန့်ပြန်မှု မရှိ၍ ရာသီမရွေးစိုက်ပျိုးနိုင်သည်။ စိုက်ချိန်ကိုလိုက်၍ သက်တမ်းပြောင်းလဲနိုင်သည်။ ပျမ်းမျှအားဖြင့် ရက် ၉၀ မှ ၁၂၀ ရှိသည်။ တစ်ပင်ပါသီးတောင့်အရေအတွက် ၂၀၀ မှ ၂၅၀ သီးသည်။ တစ်တောင့်ပါအစေ့အရေအတွက် ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင် ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများနှင့် ရှမ်းပြည်နယ်အတွက် သင့်တော်သည့် သက်လျင်အထွက်ကောင်းမျိုး ဖြစ်သည်။ မိုးရာသီ ပထမသီးနှံအဖြစ်အခြေအနေမပေးသော ရာသီဥတုအခြေအနေတွင် ဒုတိယသီးနှံအဖြစ် စိုက်ပျိုးနိုင်ပါသည်။

မုံရွာရွှေဒင်္ဂါး : အပင်ပုံသဏ္ဍာန်မှာ ပင်ထောင်ဖြစ်သည်။ သက်တမ်း ရက် ၁၆၀ မှ ၁၈၀ ရှိသည်။ တစ်ပင်ပါသီးတောင့် ၂၀၀ မှ ၃၀၀ သီးပြီး တစ်တောင့်ပါအစေ့ ၃ မှ ၄ စေ့ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများအတွက် သင့်တော်ပြီး ညှိုးသေနှင့် ပင်ဖိုရောဂါဒဏ် ခံနိုင်ရည်ရှိသည့် သက်လျင်အထွက်ကောင်းမျိုး ဖြစ်ပါသည်။

ညောင်ဦးရွှေဒင်္ဂါး : အပင်ပုံသဏ္ဍာန်မှာ ပင်ပြန့်ယောင်ဖြစ်သည်။ အသက်ရက် ၁၉၀ မှ ၂၀၀ ရှိသည်။ တစ်ပင်ပါသီးတောင့် ၃၅၀ မှ ၄၀၀ သီးပြီး တစ်တောင့်ပါအစေ့ ၃ မှ ၄ စေ့ဖြစ်သည်။ အစေ့အရောင်မှာ နီဝါရောင်ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများအတွက် သင့်တော်ပြီး စျေးကွက်ဝင် အစေ့အရည်အသွေးရှိကြောင်း သိရသည်။

သီးညှပ်သီးနှံ

    ပဲစင်းငုံအပင်၏ ထူးခြားချက်ကို ပြောပြချင်သေးသည်။ တခြားပဲမျိုးနွယ်ပင်တွေလို မဟုတ်ပါ။ အမြစ်နက်နက်ထိုးဝင်တတ်သော အပင်မျိုးဖြစ်သည်။ သာမန်အပင်တွေက အမြစ်တိမ်တိမ်သာ ဆင်းလေ့ရှိသည်။ ပဲစင်းငုံပင်က သူ့အတွက် ရေအစိုဓာတ်ရရှိရေး တခြားအပင်တွေနှင့် ယှဉ်ပြိုင်စရာမလိုပေ။ မြေတွင်းမှ ရေအစိုဓာတ်ကို လွတ်လွတ်လပ်လပ် ရယူနိုင်သည့်အစွမ်းရှိသည်။

    အပင်ပေါက်ပြီး တော်တော်နှင့် မကြီးထွားပါ။ အထနှေးသည်။ သက်တမ်းကရှည်သည်။ နောက်ပိုင်းကျတော့မှ အပင်ကြီး ဖြစ်သွားသည်။ လူ့တစ်ရပ် မကတော့ပေ။ စိုက်တုံးက အပင်ဦးရေနည်းနည်းဖြင့် ခပ်ကြဲကြဲစိုက်ရသည်။ တစ်တန်းနှင့်တစ်တန်း ထွန်တစ်ပြန်ခန့်ဖြစ်သည်။ အပင်သဘာဝကလည်း စောစောပိုင်းတွင် မကြီးထွားပေ။ မြေကွက်က ဟာနေတော့သည်။ ဒါ့ကြောင့် တစ်ခြားသီးနှံတစ်ခုခုကို အတန်းကြားမှာစိုက်ဖို့ အခြေအနေပေးနေတော့သည်။ 

    တခြားသီးနှံတစ်မျိုးမျိုးကို စိုက်ရာတွင် အသက်လျင်ဖို့လိုသည်။ အသက်ကြီးသည့် သီးနှံပင်မျိုးကိုစိုက်လျှင် ပဲစင်းငုံပင်ကြီးထွားလာချိန် ထိပ်တိုက်တွေ့နိုင်သည်။ နှမ်းလျင်နှင့် ပဲတီစိမ်းသီးနှံ အသက်လျင်မျိုးတွေအတွက် အခွင့်အလမ်းဖြစ်ပါသည်။

    ပဲစဉ်းငုံ+နှမ်းလျင်၊ ပဲစင်းငုံ+ပဲတီစိမ်း၊ ပဲစင်းငုံ+မြေပဲ သီးညှပ်ပုံစံတွေစိုက်ကာ ပဲစင်းငုံအခြေခံ သီးညှပ်သီးနှံပုံစံကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် အဓိကသီးနှံ ပဲစင်းငုံ၏ မြင့်မားသောအထွက်ကို မျှော်မှန်းနိုင်ပြီး အခြားသီးညှပ်သီးနှံမှလည်း အပိုဝင်ငွေ ရရှိစေမည် ဖြစ်ပါသည်။

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်