စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ

04/08/2025 15:30 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ကမ္ဘာတစ်ဝှမ်းတွင် အမျိုးမျိုးသော ဘာသာဓလေ့စရိုက်၊ ယဉ်ကျေးမှုများ မတူညီကြ သော်လည်း ငါးဥ (Fish Roe) ကို အရသာရှိသော အစားအစာအဖြစ် လူတိုင်းနီးပါး စားသုံးကြသည်။ ငါးဥတွင် အဆီဓာတ်တစ်မျိုးဖြစ်သော Omega – 3 Fatty Acid (EPA, DHA) နှင့် Vitamins D & B12 စသည်ဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဓာတ်များ  ပါဝင်သည်။ အရသာလည်း ပြည့်ဝသဖြင့် လူကြီးလူငယ်၊ ကျား/မ မရွေး စားသုံးကြပါသည်။

ငါးဥစားသုံးခြင်းယဉ်ကျေးမှု

အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မြန်မာစသည့် နိုင်ငံများတွင် ငါးဥကို အလွန်နှစ်ခြိုက်စွာ စားသုံးကြသည်။ ဆူရှီ (Sushi), စွပ်ပြုတ်ငါးဥ၊ ဒင်ဆမ်း စသည့် ငါးဥပါသော စားသောက်ဖွယ်မျိုးစုံဖြင့် ထင်ရှားသည်။ မြန်မာနိုင်ငံတွင်လည်း ငါးဥကို ဟင်းချက်၍ တမျိုး၊ ကြော်၍ တမျိုးထမင်းဝိုင်းတွင် အဓိကဟင်းလျာအဖြစ် စားသုံးကြသည်။ မုန့်ဟင်းခါးဟင်းရည်တွင် ငါးဥထည့်ချက်၍လည်း အလွန်အရသာရှိသည့် သရေစာအဖြစ် စားကြသည်။ ငါးသလောက်ဥသည် အရသာအရှိဆုံးနှင့် တန်ဖိုးအကြီးဆုံးအဖြစ် ထင်ရှားသည်။

ဥရောပနိုင်ငံများဖြစ်သည့် ရုရှား၊ နော်ဝေ၊ ဆွီဒင် စသည့် နိုင်ငံများတွင် ငါးဥကို ကြိုက်နှစ်သက်ကြသည်။ အထူးသဖြင့် စတာဂျီရွန်ငါးမှ ရသည့် ငါးဥ (Sturgeon Roe) သည် အလွန် တန်ဖိုးကြီးသည်။ အဆိုပါနိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ Import တင်သွင်းပြီး Super Market များနှင့် စားသောက်ဆိုင်ကြီးများတွင် ပြန်လည်ရောင်းချ စားသုံးကြသည်။

အမေရိကန်နှင့် လက်တင်အမေရိက အချို့ နိုင်ငံများတွင် ဆူရှီ (Sushi) နှင့် Roe – based Dishes စသည့် ငါးဥနှင့် ပြုလုပ်ထားသည့် စွတ်ပြုတ်ဟင်းလျာများကို ကြိုက်နှစ်သက်ကြသည်။

နိုင်ငံတကာငါးဥစားသုံးမှု အခြေအနေ

ကာဗီရာ (Caviar) ဆိုသည်မှာ အအေးပိုင်းဒေသ ငါးဖြစ်သော စတာဂျီရွန် (Sturgeon) ငါးမှ ရသော ငါးဥ (Fish Roe) ကို သန့်စင်ပြီး ဆားနယ်ခြင်း (Salting) ပြုလုပ်၍ ထိန်းသိမ်းထားသည့် အရသာကောင်းသော အစားအစာတမျိုးဖြစ်သည်။

ဂျပန်သည် Roe ထုတ်လုပ်မှုနှင့် စားသုံးမှုကြီးမားသော နိုင်ငံဖြစ်ပြီး Roe Sushi, Tarako, Mentaiko စသည်ဖြင့် ငါးဥကို အမျိုးမျိုး အသုံးပြု စားသုံးကြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် Caviar နှင့် Roe အမျိုးမျိုး သည် အလွန်အရသာကောင်းပြီး ရှားပါးသောကြောင့် တန်ဖိုးကြီးသဖြင့် ချမ်းသာသူများသာ မကြာခဏ စားသုံးနိုင်တဲ့ အစားအစာ (Luxury Delicacy) အဖြစ် သတ်မှတ်သည်။ ပြည်ပမှ တင်သွင်းမှုကန့်သတ်ချက်များကြောင့် တန်ဖိုးမြင့်သော်လည်း စားသုံးသူများ ရှိသည်။

စားသုံးမှုအများဆုံးနှင့် စျေးအကြီးဆုံး ငါးဥအမျိုးအစားများ

စားသုံးမှုအများဆုံးနှင့် စျေးအကြီးဆုံး ငါးဥအမျိုးအစားအလိုက် ငါးဥတစ်ကီလိုဂရမ် တွင်ရှိသည့် အမေရိန်ကန်ဒေါ်လာတန်ဖိုးတို့အား အောက်တွင် ဖော်ပြထားပါသည်။

Beluga Caviar (Sturgeon Roe) - $ 5,000

Luxury Caviar salmon Roe (Ikura) - $ 50 - $ 150

{ကာရစ်ဘီယန်ပင်လယ် (ရုရှား၊ အီရန်)]

Sushi, Rice Bowls, Flying Fish Roe (Tobiko) - $ 30 - $ 70

(ဂျပန်၊ အမေရိက)

Sushi Decoration Capelin Roe (Masago) - $ 20 - $ 50

(ဂျပန်)

Sushi Mullet Roe (Karasumi) - $ 200 - $ 500

(အိုက်စလန်၊ ဂျပန်)

Beluga Caviar သည် ကမ္ဘာတစ်ဝှမ်းတွင် စျေးနှုန်းအကြီးဆုံးသော ငါးဥဖြစ်ပြီး ယနေ့ အထိ Luxury Food Symbol တစ်ခုအဖြစ် မှတ်ယူကြသည်။

ငါးဥတိုင်းစားသုံး၍ရပါသလား?

ပင်လယ်မြစ်ချောင်းအင်းအိုင် စသည့် သဘာဝအရင်းအမြစ်များနှင့် မွေးမြူရေးမှ ရရှိ သည့် ရေချိုရေငန်ငါးများအနက် အထူးသဖြင့် သဘာဝပင်လယ်မှ ရေငန်ငါးမျိုးစိတ်အချို့တွင် သဘာအဆိပ်အတောက်များ (Natural Toxins) တွေ့ရှိနိုင်သဖြင့် အဆိုပါ ငါးမျိုးစိတ်မှ ရရှိ သည့် ငါးဥများတွင် အဆိပ်အတောက်များ ပါတတ်သည်။သဘာဝနှင့် မွေးမြူရေးမှရသော ရေချိုငါးများသည် များသောအားဖြင့် အဆိပ်အတောက်ပါဝင်မှု မရှိသလောက် ဖြစ်သည်။

အဆိပ်အတောက်ဖြစ်စေနိုင်သော ငါးမျိုးစိတ်များ

အဆိုပါငါးများသည် သဘာဝအရ အဆိပ်အတောက်ပါဝင်နိုင်သော မျိုးစိတ်များဖြစ်ပြီး၊ စားသုံးခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်။

(၁) ငါးပူတင်းငါး (Puffer Fish)

တက်ထရိုဒိုတောက်စင် (Tetrodotoxin) ခေါ် ငါးပူတင်အဆိပ် ပါဝင်သည်။ အလွန် ပြင်းထန်သော အဆိပ်ဖြစ်သည်။ အဆိပ်ပမာဏများစွာ စားသုံးမိပါက သေဆုံးတတ်သည်။

(၂) ပင်လယ်ငါးရှဉ့် (Moray Eel)

အထူးသဖြင့် အချို့မျိုးစိတ်များတွင် စီဂွာတာရာအဆိပ် (Ciguatera Toxin) ပါရှိနိုင် သည်။ အဆိပ်သင့်စေနိုင်သည်။

(၃) သန္တာကျောက်တန်းငါးများ (Coral Reef Fish)

ဥပမာ Barracuda, ငါးပါးနီ (Snapper), ကျောက်ငါး (Grouper) တို့ဖြစ်သည်။ အဆိပ်ရှိသော ရေညှိမှတဆင့် အစာကွင်းဆက်အရ အဆိုပါ ငါးများတွင် စီဂွာတာရာအဆိပ်သင့်ခြင်း (Ciguatera Fish Poisoning) ဖြစ်စေနိုင်သည်။

(၄) အခွံမာရေသတ္တဝါများ (Shellfish)

အထူးသဖြင့် အခွံနှစ်ထပ်ရှိသော Bivalve Mollusks အုပ်စုဝင် ဂုံး (Mussels), ကမာ (Clam), ယောက်သွား (Oysters) များတွင် အဆိပ်ရှိသော ရေညှိမှတဆင့် အစာကွင်းဆက် အရ အဆိပ်များ ရောက်ရှိလာပြီး စားသုံးမိသူကို အာရုံကြောဆိုင်ရာ အဆိပ်၊ လေဖြတ်စေသည့် အဆိပ်၊ ဝမ်းသွားစေသည့် အဆိပ်များ ဖြစ်စေသည်။

အဆိပ်အတောက်မဖြစ်နိုင်သော၊ အန္တရာယ်နည်းသော ငါးမျိုးစိတ်များ

စားသုံးရာတွင် အဆိပ်အတောက်မပါရှိသော လူတို့စားသုံးရန် စိတ်ချလုံခြုံသော ငါးမျိုး စိတ်များမှာ -

(၁) ရေချိုမွေးမြူရေးငါးများ

ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ တီလားပီးယား၊ ငါးတန်၊ ငါးခုံးမ စသည့် ရေချိုမွေးမြူရေးငါးများတွင် အဆိပ်အတောက် မပါဝင်ပါ။

(၂) ရေချိုသဘာဝမြစ်ချောင်းအုင်းအိုင်မှ ရသော ငါးများ

စျေးများတွင် တွေ့နေရသည့် မြစ်ချောင်းအင်းအိုင်များမှ ရသော ရေချိုငါးများသည် လူများ စားသုံးရန်အတွက် ယေဘူယျအားဖြင့် စိတ်ချလုံခြုံသည်။ (ရေချိုငါး ပူတင်းမှ လွဲ၍)

(၃) ပင်လယ်ရေငန်ငါးများ

ငါးမဲလုံး၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာ၊ ပလာတူး၊ ပလာလမ်း၊ ငါးသလောက်၊ ကကူရံ၊ ကသပေါင်း စသည်ဖြင့် အဆိပ်ရှိသော ပင်လယ်ငါးများမှ လွဲ၍ စားသုံးရန် လုံခြုံမှု ရှိသည်။

(၄) မွေးမြူရေးပင်လယ်ငါးများ

ဆော်လမွန် (Salmon), စတာဂျီရွန် (Sturgeon) စသည့် မွေးမြူရေးမှ ထုတ်လုပ်သော ငါးမျိုးစိတ်များတွင် အဆိပ်အတောက် မပါဝင်ပါ။

အဆိပ်ဖြစ်နိုင်သော ငါးဥ (Toxic Fish Roe) မျိုးစိတ်များ

ငါးဥတွင် အဆိပ် ပါ/မပါ ဆိုသည်မှာ သက်ဆိုင်ရာ ငါးမျိုးစိတ်အပေါ် မူတည်သည်။ အဆိပ်ဖြစ်စေနိုင်သည့် ငါးမှ ငါးဥသည် အဆိပ်ဖြစ်နိုင်ချေ ရှိသည်။

(၁) ငါးပူတင်း ငါးဥ (Puffer Fish Roe)

အလွင်ပြင်းထန်သော တက်ထရိုဒိုတောက်ဆင်အဆိပ် ပါဝင်သည်။ ငါးဥတွင် အဆိပ်ပါ ဝင်မှုနှင့် ပတ်သက်၍ အန္တရာယ်ကြီးမားသည်။ လုံးဝမစားသင့်သော ငါးဥဖြစ်သည်။ ဤငါးမျိုး ကို သတ်မှတ်လက်မှတ်ရရှိထားသော စားဖိုမှူးများမှသာ ချက်ပြုတ်ခွင့်ရှိသည်။

(၂) ပင်လယ်ငါးရှဉ့် (Moray  Eel), Mullet, Garfish, Barbel

ဥ (Roe) များတွင် အဆိပ်ပါနိုင်သည်။ အချို့ငါးဥမျာတွင် အစ်တီယိုတောက်ဆင် (Ictiotoxin), စီဂွာတိုတောက်ဆင် (Ciguatoxin) စသည်ဖြင့် ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်သော ဓာတုအဆိပ်များရှိနိုင်သည်။

(၃) Goatfish, Cabezon (Pacific Northwest Fish)

ငါးဥများတွင်အဆိပ် ပါရှိနိုင်ပြီး ဆဲလ်ပျက်ဆီးမှုဖြစ်စေနိုင်သည်။

အဆိပ်အတောက်မဖြစ်နိုင်သော ဘေးကင်းသည့် ငါးဥမျိုးစိတ်များ

(၁) ဆော်လမွန်ငါးဥ (Salmon Roe), ထရော့ငါးဥ (Trout Roe), ကာဗီရာငါးဥ (Sturgeon Roe) များသည် စားသုံးရန် ဘေးကင်းလုံခြုံမှု ရှိသည်။

(၂) ငါးကြင်းငါးဥ (ငါးမြစ်ချင်း၊ ငါးကြင်၊ ငါးခေါင်းပွ)၊ တီလားပီးယားငါးဥ၊ ငါးတန်ငါးဥ စသည့် ရေချိုငါးမွေးမြူရေးမှ ရသော ငါးဥများတွင် သဘာဝအဆိပ်မပါသဖြင့် စားသုံး ရန်သင့်တော်သည်။

(၃) Cod Roe, Pollock Roe (Korean Myeongran, Japanese Tarako) စသည့် ပင်လယ်ငါးဥများသည်လည်း လူစားသုံးရန် စနစ်တကျ ပြုပြင်ထုတ်လုပ်ထားသဖြင့် ဘေးကင်းလုံခြုံမှုရှိသည်။

အဆိပ်ပါသော ငါးဥစားသုံးမှုကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးထိခိုက်မှုများ

(၁) အစာအိမ်နှင့် အူလမ်းကြောင်းထိခိုက်မှု

ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာ၊ အစာမကြေ၊ ဝမ်းလျှောခြင်းတို့ ဖြစ်စေသည်။

(၂) အာရုံကြောထိခိုက်မှုစနစ်

ဦးခေါင်းမူးခြင်း၊ အမြင်အာရုံထိခိုက်ခြင်း၊ သွေးဖိအားကျခြင်း၊ အသက်ရှုခက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်စေသည်။

(၃) အဆိပ်တက်ခြင်းနှင့် အသက်အန္တရာယ်ရှိခြင်း

အဆိပ်ဝင်ရောက်မှုပြင်းထန်လျှင် ရက်အနည်းငယ်အတွင်း အသက်သေဆုံးစေနိုင်သည်။ အချို့သော ငါးဥအဆိပ်များသည် ချက်ပြုတ်ခြင်းဖြင့် မပျက်ပြယ်သွားပါ။  ငါးပူတင်းငါးဥ စားသုံးခြင်းကြောင့် ခန္ဓာကိုယ်အနှံ့ထိခိုက်နိုင်ပြီး အသက်ပါသေဆုံး စေနိုင်သည်။

အဆိပ်မပါသော ငါးဥစားသုံးခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

(၁) အိုမီဂါ ၃ ဖက်တီးအက်ဆစ် (Omega – 3 Fatty Acid) ကြွယ်ဝခြင်း

နှလုံးရောဂါကင်း ရှင်းစေခြင်း၊ သွေးပိတ်ခြင်းဖြစ်နိုင်ချေ လျော့ချပေးခြင်း၊ ဦးနှောက် ဖွံ့ဖြိုးမှုကို တိုးတက် စေခြင်း နှင့် စိတ်ဖိစီးမှုလျော့ချရန် အထောက်အကူဖြစ်စေသည်။

(၂) အသားဓာတ် (Protein) ကြွယ်ဝခြင်း

ကြွက်သားဖွံ့ဖြိုးခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်စေခြင်း၊ အာဟာရဖြည့်တင်းမှု ကောင်းမွန်ခြင်းတို့ ဖြစ်စေသည်။

(၃) ဗီတာမင်ဒီနှင့် အေ (Vitamin D & A) ပါဝင်မှု

အရိုးကိုသန်မာအားကောင်းစေခြင်း၊ မျက်စိကျန်းမာရေးကောင်းစေခြင်း၊ အသည်း ကျန်းမာရေးကောင်းစေခြင်းတို့ ပံ့ပိုးပေးပါသည်။

(၄) ဗီတာမင်ဘီ - ၁၂ (Vitamin B12) ကြွယ်ဝခြင်း

ဦးနှောက်အာရုံကြောအတွက် အထောက်အကူပြုခြင်း၊ သွေးနီဥများ ပြန်လည်ထုတ် ပေးခြင်း၊ ပင်ပန်းနွမ်းနွယ်မှုကို လျော့ချပေးခြင်းတို့ ဖြစ်စေသည်။

(၅) ဆီလီနီယမ်၊ အိုင်အိုဒင်း၊ ဇင့် (Selenium, Iodine, Zin) သတ္တုဓာတ်များ

ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ သိုင်းရွိက်ကျန်းမာရေးကောင်းစေခြင်းတို့ ရရှိစေသည်။

(၆) အင် (န်) တီအောက်ဆီဒန့် (Antioxidants) ပါဝင်မှု

ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သဖြင့် ကိုယ်တွင်းရှိ နာတာရှည်ရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်။

အချုပ်အားဖြင့် ဆိုရလျှင် အသွားမတော်တလှမ်း၊ အစားမတော်တလုတ်ဆိုသကဲ့သို့ အသက်ကို ဉာဏ်စောင့်ပါသဖြင့် အဆိပ်အတောက်ပါဝင်မှု မရှိသော စိတ်ချဘေးကင်းသည့် ငါးဥများကိုသာ ချက်ပြုတ်ကျော်လှော်၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးရန် လိုပါသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း အာဟာရဖြည့်စွက်စာအဖြစ် စားသုံးနိုင် ပါသည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် (၁ - ၂) ကြိမ် စားသုံးခြင်းဖြင့် အကျိုးရှိနိုင်ပါကြောင်း ရေးသားအပ်ပါသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်